(ယခုဖော်ပြမည့်စာစုမှာ ဖေဖော်ဝါရီလအတွင်းက မြန်မာပြည်ကိုစီးပွားရေးအကြံပေးရန်သွားရောက်ခဲ့သည့် နိုဘယ်ဆုရ စီးပွားရေးပညာရှင်ဂျိုးဇက်စတစ်ဂလစ်၏ မြန်မာပြည်ကအပြောင်းအလဲများအပေါ် အမြင်သဘောထား ဖြစ်ပါသည်) ရေးသူက (နေသွင်)(ယူတာကဒီနေရာကပါ) http://www.maukkha.org/index.php/feature-article/1928-maukkha-joshph-stiglitz-myanmart-turn
ရာစုနှစ်ဝက်လောက် နိုင်ငံရေးအပြောင်းအလဲတွေမရှိဘဲ ရပ်တည်နေတဲ့မြန်မာပြည်မှာ အစိုးရကအသွင်ကူးပြောင်းရေးကာလတခုကို သူတို့အတွင်းထဲကနေ လက်ခံယုံကြည်ပြီး ဆောင်ရွက်ဖို့ကြိုးစားနေကြပါတယ်။ အစိုးရက နိုင်ငံရေးအကျဉ်းသားတွေကိုလွှတ်ပေးလိုက်ပြီး ရွေးကောက်ပွဲတွေကျင်းပခဲ့ပါတယ်။ (နောက်ထပ်ကျင်းပဖို့လည်း ရှိနေပါတယ်)။ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေကို စတင်လုပ်ဆောင်လာပြီး၊ နိုင်ငံခြားကရင်းနှီးမြှုပ်နှံမှုတွေကိုလည်း အလုံးအရင်းနဲ့ရဖို့ကြိုးစားနေပါတယ်။
ကာလအတန်ကြာအောင် မြန်မာပြည်က အာဏာပြအုပ်ချုပ်တဲ့အစိုးရကို ဒဏ်ခတ်ပိတ်ဆို့မှုတွေလုပ်ခဲ့တဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းကတော့ ဒီအပေါ်မှာ သတိရှိတုန်းဆိုတာကတော့နားလည်နိုင်ပါတယ်။ ဒါပေမယ့် အပြောင်းအလဲတွေကတော့မြန်လွန်းအားကြီးလို့ မြန်မာ့အရေးနဲ့ပတ်သက်လို့ ကျွမ်းကျင်သူတွေလို့ လူရိုသေရှင်ရိုသေပုဂ္ဂိုလ်တွေတောင် ဒီအပြောင်းအလဲတွေကို ဘယ်လိုလုပ်ရပါ့လို့ ဇဝေဇ၀ါဖြစ်နေကြပါတယ်။
ကျနော့်အတွက်ကတော့ မြန်မာပြည်က အခုလက်ရှိသမိုင်းဝင်အချိန်ကာလတခုဟာ ခိုင်မာတဲ့အပြောင်းအလဲတခုအတွက် စစ်မှန်တဲ့အခွင့်အလမ်းတရပ်လို့ပဲ ရှင်းရှင်းလင်းလင်းမြင်ပါတယ်။ ဒီအခွင့်အလမ်းကို နိုင်ငံတကာအသိုင်းအ၀ိုင်းကလက်လွှတ်လိုက်ဖို့ဆိုတာ ဖြစ်ကိုမဖြစ်သင့်တဲ့ကိစ္စပါ။ မြန်မာပြည်အရေးနဲ့ပတ်သက်လို့ ကမ္ဘာကြီးအနေနဲ့ရှေ့တိုးဆောင်ရွက်ရမယ့်အချိန်ပါပဲ။ ဒီနေရာမှာ အကူအညီပေးတာလောက်နဲ့ရပ်မနေဘဲ၊ ဒဏ်ခတ်ပိတ်ဆို့ထားတာတွေကိုလည်း ဖယ်ရှားပေးရပါတော့မယ်။ လောလောဆယ်မှာတော့ ဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ တိုင်းပြည်ရဲ့အကူအပြောင်းကာလမှာ ခလုတ်ကန်သင်းတွေဖြစ်နေပါတယ်။
၂၀၁၀ နိုဝင်ဘာလ ပါလီမန်ရွေးကောက်ပွဲပြီးတဲ့နောက်ပိုင်း အခုအချိန်အထိ အပြောင်းအလဲတွေကတော့ အံ့သြစရာပါပဲ။ ၁၉၆၂ ခုနှစ်က တိုင်းပြည်အာဏာတစုံလုံးကိုကိုင်ထားတဲ့စစ်အစိုးရဟာ အခုအချိန်မှာလည်း ပါလီမန်မှာ ၂၅ ရာခိုင်နှုန်း ထိန်းချုပ်ထားဆဲဖြစ်တာကြောင့် ရွေးကောက်ပွဲဟာဟန်ပြအတုအယောင်ဆိုတဲ့ စိုးရိမ်သောကတွေရှိခဲ့ပါတယ်၊ ဒါပေမယ့် ရွေးကောက်ပွဲအပြီးတက်လာတဲ့အစိုးရဟာ တိုင်းသူပြည်သားတွေရဲ့ အခြေခံလိုအပ်ချက်တွေကို အရေးတယူဆောင်ရွက်လာတာဟာ တွက်ဆထားကြတာထက် အများကြီးပိုနေပါတယ်။
သမ္မတဦးသိန်းစိန်ခေါင်းဆောင်တဲ့အစိုးရဟာ နိုင်ငံရေးနဲ့စီးပွားရေးမှာဖွင့်ပေးဖို့လိုတယ်ဆိုတဲ့ တောင်းဆိုချက်တွေကို တုံ့ပြန်ဆောင်ရွက်လာပါတယ်၊ တိုင်းရင်းသားလက်နက်ကိုင်သူပုန်တပ်တွေနဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်တွေမှာ တိုးတက်မှုတွေရှိလာပါတယ်။
ဒီပြသနာက ကိုလိုနီခေတ်ကသွေးခွဲအုပ်ချုပ်ရေးကနေအမြစ်တွယ်ခဲ့ပြီး လွတ်လပ်ရေးရပြီးနောက် တက်လာတဲ့အစိုးရတွေလည်း နှစ်ပေါင်း ၆၀ ကျော်ကြာအောင်မဖြေရှင်းနိုင်ခဲ့ပါဘူး။ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ကနေ ပြန်လွှတ်ပေးလိုက်ရုံမက၊ အခုဆိုရင် ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆွယ်တာတွေကို အကြီးအကျယ်လုပ်ဆောင်နေပါတယ်။
စီးပွားရေးမျက်နှာစာမှာလည်း ဘဏ္ဍာရေးကဏ္ဍမှာ မကြုံစဖူးတဲ့ပွင့်လင်းမြင်သာမှုတွေကို စတင်လုပ်ဆောင်လာပါတယ်။ အခြေခံအားဖြင့် နည်းသေးတယ်ဆိုပေမယ့် ကျန်းမာရေးနဲ့ပညာရေးအသုံး စရိတ်တွေကို နှစ်ဆတိုးလိုက်ပါတယ်။ တိုင်းပြည်က ရှုပ်ထွေးပွေလီလှတဲ့ငွေလဲလှယ်ရေးစနစ်ကိုလည်း တသမတ်တည်းဖြစ်သွားအောင် လုပ်ဆောင်ဖို့ကိုတောင် အစိုးရကသံဓိဌာန်ချထားလိုက်ပါသေးတယ်။
တိုင်းပြည်မှာ မျှော်လင့်ချက်တွေကတော့ ထင်သာမြင်သာရှိပါတယ်၊ ရှေ့မီနောက်မီတွေကတော့ အရင်တုန်းက အခုလိုပဲ အပြင်ပမ်းဖြေလျှော့မှုတွေကို အာဏာပိုင်အစိုးရကလုပ်ပြီး၊ နောက်တော့ ပြန်ပျောက်သွားတာတွေကို ကြုံခဲ့ဖူးသူတွေဆိုတော့ မယုံတ၀က်ဖြစ်နေကြပါတယ်။
ဒီလိုဖြစ်ခဲ့ဖူးတာကြောင့်လည်း နိုင်ငံတကာအသိုင်းအ၀ိုင်းက မြန်မာပြည်ကိုအထီးကျန်ထားတာကို လျှော့ပေးဖို့ကိစ္စမှာ ချီတုံချတုံဖြစ်နေပုံရပါတယ်။ ဒါပေမယ့် မြန်မာပြည်သားအများစုကတော့ ဒီအပြောင်းအလဲတွေကို သေသေချာချာစီမံခန့်ခွဲတတ်မယ်ဆိုရင် တိုင်းပြည်ဟာနောက်ပြန်မလှည့်နိုင်မယ့် လမ်းကြောင်းပေါ်ကိုရေက်သွားမယ်ဆိုတာကို ဆင်ခြင်မိနေကြပါတယ်။
ဖေဖော်ဝါရီလတုန်းက ရန်ကုန်နဲ့ မြို့တော်သစ်နေပြည်တော်မှာကျင်းပတဲ့နှီနှောဖလှယ်ပွဲကို ကျနော်လည်း တက်ရောက်ခဲ့ပါတယ်၊ မြန်မာပြည်က ထိပ်တန်းစီးပွားရေးပညာရှင် ဦးမြင့်က စီစဉ်တာပါ။ နှီးနှောဖလှယ်ပွဲတွေဟာ လေးလေးနက်နက်ရှိပါတယ်။ ပရိသတ်များတာ၊ တက်တက်ကြွကြွဆွေးနွေးကြ တာတွေကိုရောဆိုလိုတာပါ။
ရန်ကုန်မှာဆိုရင် လူတထောင်ကျော်တက်ရောက်ပြီး ကမ္ဘာသိ မြန်မာပညာရှင်နှစ်ယောက်ရဲ့ တင်ပြဆွေးနွေးချက်တွေကလည်း အသက်ဝင်ပြီးစဉ်းစားဆင်ခြင်စရာတွေအပြည့်နဲ့ပါ။ သူတို့ နှစ်ယောက်ဟာ ၁၉၆၀ ပြည့်လွန်နှစ်တွေကတည်းကနေ မြန်မာပြည်ကိုစွန့်ခွာခဲ့ရာကနေ နှစ်ပေါင်း ၄၀ ကျော်ကြာမှ ပထမဆုံးအကြိမ် ပြန်ရောက်လာကြတာပါ။
ကိုလံဘီယာတက္ကသိုလ်က ကျနော့်ရဲ့လုပ်ဖော်ကိုင်ဖက်လည်းဖြစ် မြန်မာပညာရှင်နှစ်ဦးထဲက တဦးဖြစ်တဲ့ Ronald Findlay ကဆိုရင် “အသက် ၉၁ နှစ်အရွယ် ဒေါက်တာလှမြင့်ဟာ London School of Economics မှာ ပါမောက္ခလုပ်ခဲ့သလို၊ အောင်မြင်မှုအရဆုံးဖွံ့ဖြိုးရေးစီမံကိန်းဖြစ်တဲ့ စီးပွားရေးကိုဖွင့်၊ ပို့ကုန်ကိုတိုးမြှင့်ဆိုတဲ့ မဟာဗျူဟာရဲ့ခေါင်းကိုင်ဖခင်ကြီးဖြစ်တယ်” ဆိုတဲ့အချက်ကို ထောက်ပြပါတယ်။
အဲဒီ ဒေါက်တာလှမြင့်ရဲ့မဟာဗျူဟာကို လတ်တလောဆယ်စုနှစ်တွေမှာ အာရှနိုင်ငံတွေကအသုံးချသလို၊ အထူးသဖြင့် တရုတ်ပြည်ဆိုရင် အတော်အလေးထားဆောင်ရွက်နေပါတယ်။ မြန်မာပြည်သားကမ္ဘာကျော် ပညာရှင်ကြီးရဲ့အယူအဆက နောက်ဆုံးကျတော့မှပဲ မြန်မာပြည်ရောက်လာတယ်လို့ ပြောရတော့မယ် ထင်ပါရဲ့ဗျာ။
တကယ်တော့ ၂၀၀၉ ခုနှစ် ဒီဇင်ဘာတုန်းကလည်း မြန်မာပြည်ကို ကျနော် လက်ချာပေးဖို့သွားခဲ့ပါတယ်။ အဲဒီအချိန်တုန်းက အစိုးရအနေအထားက တိုင်းပြည်ကပြဿနာတွေကိုပြောဆိုတဲ့နေရာမှာတောင် သတိထားရပါတယ်။ ဥပမာ ဆင်းရဲမွဲတေမှု၊ ကျေးလက်ကုန်ထုတ်လုပ်မှုမရှိတာ၊ ကျွမ်းကျင်လုပ်သားမရှိတာ ဆိုတဲ့ကိစ္စတွေကို သတိထားပြီးပြောရပါတယ်။
ဒီတခေါက်မှာတော့ အရင်က သတိထားစရာကိစ္စတွေရော၊ တခြားရှိနေတဲ့စိန်ခေါ်မှုတွေအပေါ်မှာ အရေးပေါ်ကိုင်တွယ်ဖြေရှင်းရမယ့်ဆိုတဲ့ အမြင်၊ နည်းပညာနဲ့ တခြားပုံသဏ္ဍာန်မျိုးစုံအကူအညီတွေ လိုအပ်တယ်ဆိုတဲ့အသိက အစားထိုးလိုက်ပါပြီ။ ( လူဦးရေ၊ ၀င်ငွေအချိုးတို့နဲ့ နှိုင်းယှဉ်ချက်အရ နိုင်ငံတကာအကူအညီတွေရတဲ့နေရာမှာ မြန်မာပြည်ဟာ ကမ္ဘာမှာအနည်းဆုံးနိုင်ငံတခု ဖြစ်နေပါတယ်)။
မြန်မာပြည်ကလက်ရှိအပြောင်းအလဲတွေ လျင်လျင်မြန်မြန်ဖြစ်နေတဲ့အပေါ်မှာ အကြောင်းရင်းကို ငြင်းခုံနေတာတွေရှိပါတယ်။ တချိန်တုန်းက နိုင်ငံခြားကိုဆန်စပါးအများဆုံးတင်ပို့တဲ့နိုင်ငံဟာ အခုကျတော့ အိမ်နီးချင်းနိုင်ငံတွေထက် နောက်ကောက်ကျနေတာကို ခေါင်းဆောင်တွေက အသိအမှတ်ပြုသွားတာကြောင့်ဖြစ်မယ်။
အာရပ်နွေဦးကပေးတဲ့သတင်းစကားကို သူတို့တွေ ကြားသွားလို့ဖြစ်မယ်။ ဒီလိုမဟုတ်လည်း မြန်မာပြည်က လူပေါင်း ၃ သန်းကျော်တောင် နိုင်ငံခြားမှာနေထိုင်နေတာဆိုတော့ မြန်မာပြည်ကို ကမ္ဘာကြီးနဲ့အဆက်ဖြတ်ထားလို့မဖြစ်နိုင်၊ အိမ်နီးချင်းနိုင်ငံတွေက အိုက်ဒီယာတွေစိမ့်ဝင်တာတွေကိုလည်း တားဆီးလို့ မရစကောင်းဆိုတာကို နားလည်သွားတာဖြစ်မယ် - စသဖြင့် ။ ဒါပေမယ့် ဘယ်လိုအကြောင်းရင်း ခံကြောင့်ဖြစ်ဖြစ် အပြောင်းအလဲကဖြစ်နေတယ်၊ အခွင့်အလမ်းတွေရှိနေတယ်ဆိုတာကတော့ ငြင်းမရတဲ့ ကိစ္စပါ။
ဒါပေမယ့်လည်း နိုင်ငံတကာကပိတ်ဆို့မှုတွေ။ အတိတ်တုန်းက ဘယ်လိုအခန်းကဏ္ဍက အသုံးတော်ခံခဲ့သည်ဖြစ်စေ၊ လောလောဆယ်မှာတော့ ပြောင်းပြန်ဆိုးကျိုးတွေပေးနေပုံပါပဲ။ ဥပမာ ဘဏ္ဍာရေးပိတ်ဆို့မှုကြောင့် ခေတ်မှီပွင့်လင်းတဲ့ဘဏ္ဍာရေးစနစ်ဖွံ့ဖြိုးတိုးတက်ရေးမှာ၊ ကမ္ဘာကြီးနဲ့ပေါင်းစည်းနိုင်ရေးမှာ အဟန့်အတားဖြစ်စေပါတယ်။
ထို့အတူပဲ ခေတ်မှီစက်မှုနိုင်ငံတွေမှာအခြေစိုက်တဲ့ လူမှုရေးအရတာဝန်ခံမှုရှိတဲ့ကုမ္မဏီတွေအတွက် စီးပွားရေးလုပ်ကိုင်ရေးမှာ အကန့်အသတ်တွေဖြစ်စေပြီး၊ ရိုးသားမှုအားနည်းတဲ့ကုမ္မဏီတွေအတွက် လုပ်ကွင်းလုပ်ကွက်တွေပဲ ပွင့်ကျန်နေရစ်တဲ့အဖြစ်မျိုးပါ။
ဒါကြောင့် ကျနော်တို့အနေနဲ့ မြန်မာအစိုးရဘက်ကနေ နိုင်ငံတကာငွေကြေးအဖွဲ့အစည်းတွေ၊ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ်တို့ဆီကနေလမ်းညွန်မှုတွေနဲ့ အကြံဥာဏ်တွေကိုလက်ခံဖို့ဆန္ဒရှိနေတာကို လက်ကမ်းကြိုသင့်ပါတယ်။ ဒါပေမယ့် ကျနော်တို့ အပြင်ဘက်က မြန်မာပြည်အသွင်ကူးပြောင်းရေးဖြစ်စဉ်မှာ ဒီလို အင်စတီကျူးရှင်းတွေလုပ်နိုင်တဲ့ အခန်းကဏ္ဍကိုကန့်သတ်ထားတုန်းပါပဲ။
ကျနော်တို့ဘက်က အကူအညီပေးနိုင်တာတွေကို ထိမ်ချန်ထားသည်ဖြစ်စေ၊ ပိတ်ဆို့ထားလျှင်ဖြစ်စေ၊ ကျနော်တို့ဖြစ်စေချင်နေတဲ့အပြောင်းအလဲကို ဘယ်သူတွေကတာဝန်ယူပြီးဆောင်ရွက်ပေးမလဲဆိုတဲ့ကိစ္စကို အလေးအနက်စဉ်းစားဖို့တော့လိုပါတယ်။ စိုက်ပျိုးရေးထုတ်ကုန်နဲ့အထည်တွေကို ကုန်သွယ်ခွင့်ဖွင့်ပေး လိုက်တာမျိုး (တကယ်တမ်းကျတော့ ဒါမျိုးတွေက တခြားဆင်းရဲတဲ့နိုင်ငံတွေကို အထူးအခွင့်အရေး အနေနဲ့တောင် ပေးနေတဲ့ကိစ္စပါ) က မြန်မာပြည်လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းဖြစ်တဲ့ ဆင်းရဲသားလယ်သမားတွေအတွက် တိုက်ရိုက်အကျိုးခံစားရမှာဖြစ်သလို၊ အလုပ်အကိုင်သစ်တွေကိုလည်း ဖန်တီးပေးနိုင်ပါတယ်။
သူဌေးတွေနဲ့အာဏာရှိသူတွေကတော့ ဘဏ္ဍာရေးပိတ်ဆို့မှုတွေကို တနည်းနည်းနဲ့ရှောင်ရှားနိုင်ပေမယ့်၊ သာမန်လူတွေကတော့ နိုင်ငံတကာက မြန်မာပြည်ကိုအထီးကျန်ထားတဲ့အခြေအနေကဖြစ်ပေါ်လာတဲ့ သက်ရောက်မှုတွေကို အလွယ်တကူနဲ့မလွတ်မြောက်နိုင်ပါဘူး။
အာရပ်နွေဦးရဲ့အသီးအပွင့်တွေ တချို့နိုင်ငံတွေမှာပဲကွက်တိကွက်ကြားတွေ့ရပါတယ်။ မရေမရာ နိုင်ငံတွေလည်းရှိနေတုန်းပါပဲ။ မြန်မာပြည်က အသွင်ကူးပြောင်းရေးကတော့ Twitter တို့။ Facebook တို့ပေါ်မှာမြိုင်မြိုင်ဆိုင်ဆိုင်မဟုတ်လို့ တိုးတိုးတိတ်တိတ်ဖြစ်ကောင်းဖြစ်မယ်။ ဒါပေမယ့် တန်ဖိုးကတော့ မသေးသလို၊ ၀ိုင်းဝန်းထောက်ခံတာမျိုးနဲ့ မထိုက်တန်တာမျိုးလည်း မဟုတ်ပါဘူး။
ရည်ညွန်း၊ ၊ Burma’s Turn by Joseph E. Stiglitz
နေသွင်
မတ်လ ၇၊ ၂၀၁၂
0 comments:
Post a Comment