လေဒီချက်တာလေ၏ချစ်သူ (မြသန်းတင့်)(၃)
မြသန်းတင့်၏ (ကြာညိုနံ့သင်းသော ရေဝတီမ) စာအုပ်မှ။
“ဒီကိစ္စနဲ့ပတ်သက်ပြီး အမြင်နှစ်မျိုးရှိတယ်လို့ ကျနော်ထင်ပါတယ်၊ အမြင်တမျိုးကတော့ ဖိုမဆက်ဆံရေးကိစ္စဟာ စက်ဆုပ်ရွံ့ရှာစရာကောင်းတယ် ညစ်ညမ်းတယ်......၊ ဒုစရိုက်အလုပ်ဖြစ်တယ်ဆိုတဲ့အမြင်ဖြစ်ပါတယ်။ စာရေးဆရာရဲ့အမြင်ကတော့ ဒီလိုမဟုတ်ပါဘူး။ လောရင့်ဟာ စာရိတ္တပြုပြင်ရေးသမားပီပီ....အချစ်မပါတဲ့ဖိုမဆက်ဆံရေး၊ အကွပ်အကဲမရှိ ဖောက်ပြားတဲ့ဖိုမဆက်ဆံရေး....၊ တွေ့ရကြုံရာမှာနှီးနှောတဲ့ဖိုမဆက်ဆံရေးကို ပြင်းပြင်းထန်ထန်ဆန့်ကျင်ပါတယ်။ သူဟာ ချစ်မေတ္တာသက်ဝင်နေတဲ့မိန်းမနဲ့ယောင်္ကျားရဲ့ ခန္ဓာကိုယ်ပေါင်းစပ်ဖွဲ့စည်းမှုနဲ့ သူတို့နှစ်ဦး တဦးနဲ့တဦးသေတပန်သက်တဆုံးခိုင်မြဲမယ့် မှန်ကန်တဲ့အိမ်ထောင်ရေးကို လိုလားပါတယ်။ ဒီလိုအိမ်ထောင်ရေးမျိုးကိုသာလျှင် သန့်ရှင်းတယ်၊ အဓိကကျတယ်၊ ပုံမှန်ဖြစ်တယ်၊ အားပေးသင့်တဲ့အရာဖြစ်တယ်လို့ ယူဆသူဖြစ်ပါတယ်”
“ဤနေရာတွင် တရားခံ၏ရှေ့နေကြီးက စီရင်ထုံးများကို ကိုးကားပြသွားသည်။ ပြီးမှ.....“ဒါ့ကြောင့်မို့ တရားခံကိုယ်စားလျှောက်ထားလိုတဲ့အချက်ကတော့ တစ်တချက်- ဒီစာအုပ်ဟာ မညစ်ညမ်းဘူးဆိုတဲ့ အချက်ဖြစ်ပါတယ်။ ဒီစာအုပ်ဟာ မည်သူတဦးတယောက်ကိုမျှ အကျင့်ပျက်ပြားစေရန်သော်လည်းကောင်း၊ ဟီရိသြတ္တပ္ဗတရားကင်းမဲ့စေရန်သော်လည်းကောင်း ရည်ရွယ်ချက်မရှိပါဘူး။ ဒီစာအုပ်ဟာ ဥပဒေပုဒ်မ(၄)မှာ ဖွင့်ဆိုထားတဲ့အတိုင်း အများပြည်သူ၏အကျိုးစီးပွားအတွက်ပုံနှိပ်ထုတ်ဝေခြင်းသာဖြစ်ပါတယ်။ နှစ်အချက်-...စာရေးဆရာတယောက်အနေနဲ့ လောရင့်ရဲ့အဆင့်အတန်းနဲ့တကွ အင်္ဂလိပ်စာပေမှာ သူ့ရဲ့နေရာကိုထည့်သွင်းစဉ်းစားဖို့ဖြစ်ပါတယ်။ သောမတ်စ်ဟာဒီမရှိတဲ့နောက် လောရင့်ဟာ ရှေ့တန်းအကျဆုံး၊ အကြီးကျယ်ဆုံးသောဝတ္ထုရေးဆရာဖြစ်ပါတယ်။ ဒါကိုတော့ ဘယ်သူမှ ငြင်းနိုင်မယ် မထင်ပါဘူး....။ သူသေပြီးနှစ်ပေါင်း(၃၀)အတွင်းမှာ သူ့စာပေကို ဋီကာဖွင့်တဲ့စာအုပ်ပေါင်း (၈၀၀)ကျော်လောက်ထွက်ခဲ့ကြပြီး ကမ္ဘာအနှံ့အပြားမှာ တွင်ကျယ်စွာရောင်းခဲ့ရတာကိုကြည့်ခြင်းအားဖြင့် စာရေးဆရာရဲ့အဆင့်အတန်းကို အကဲခတ်နိုင်လိမ့်မယ်လို့ထင်ပါတယ်။ သုံးအချက်- ကျနော်တင်ပြမယ့် သက်သေထွက်ချက်များဟာ ဝတ္ထုရဲ့သဘာဝဦးတည်ချက်ကို ဖော်ပြပါလိမ့်မယ်။ သက်သေတဦးစီရဲ့ထွက်ချက် ဟာလည်း စာအုပ်ရဲ့စာပေအရည်အသွေးနဲ့ပတ်သက်တဲ့ ထင်မြင်ချက်တွေပါဝင်လာပါလိမ့်မယ်။ စာပေအရည်အသွေးလို့ဆိုတဲ့နေရာမှာ ရေးဟန်၊ အဖွဲ့အနွဲ့စသည်တို့တင်မကပါဘူး။ စာရေးဆရာပြောပြ လိုတဲ့ရည်ရွယ်ချက်ပါ အကျုံးဝင်နေပါတယ်။ လူကြီးမင်းများသိတော်မူကြတဲ့အတိုင်း အဲဒီစာအုပ်မှာ လောရင့်တင်ပြလိုတဲ့ရည်ရွယ်ချက်ကတော့ တခြားမဟုတ်ပါဘူး...။ သူ့ခေတ်အင်္ဂလန်ပြည် လူမှုအဖွဲ့အစည်းဟာဖြင့် “စက်ကိရိယာခေတ်ကြီး”ကြောင့် မသန့်ရှင်းတော့ဘူး၊ လူတွေဟာ ငွေကိုသာအဓိကထားနေကြပြီ၊ ဒါ့ကြောင့်မို့ လူတွေဟာ စိတ်ချင်းသဇာတဖြစ်အောင်လုပ်သင့်ကြပြီ။ အထူးသဖြင့် ချစ်မေတ္တာသက်ဝင်နေတဲ့မိန်းမနဲ့ယောင်္ကျားရဲ့ဆက်ဆံရေးကို ပြုပြင်သင့်ပြီ၊ မိန်းမနဲ့ယောင်္ကျားရဲ့ ဆက်ဆံရေးဟာ ရှက်စရာကောင်းတဲ့ကိစ္စမဟုတ်ဘူး၊ မသန့်ရှင်းတဲ့ကိစ္စမဟုတ်ဘူး၊ မမှန်ကန်တဲ့ကိစ္စ မဟုတ်ဘူး၊ မပြောသင့်မဆိုသင့်တဲ့ကိစ္စမဟုတ်ဘူး.....ဆိုတဲ့ရည်ရွယ်ချက်ဖြစ်ပါတယ်။ လေးအချက်- အဲဒီဝတ္ထုထဲမှာ မိန်းမနဲ့ယောင်္ကျားရဲ့ခန္ဓာကိုယ်ပေါင်းစပ်ဖွဲ့စည်းမှုကိုဖော်ပြထားတဲ့ကိစ္စဟာ လိုအပ်တဲ့ကိစ္စဖြစ်ပါတယ်။ ဒီလိုဖော်ပြမှလည်း သူဆိုလိုချင်တဲ့အဓိပ္ဗါယ်ကိုရောက်ပါလိမ့်မယ်။ လောရင့်ဟာ အကြောင်းအရာတခုခုကို ထပ်တလဲလဲရေးသားတတ်တဲ့စာရေးဆရာဖြစ်ပါတယ်။ အဲဒီစာအုပ်ထဲမှာ ညစ်ညမ်းတယ်လို့ဆိုတဲ့စကားလုံးများကို မကြခဏသုံးစွဲသွားတာတွေ့ရပါလိမ့်မယ်...။ သူဟာ စကားလုံးတလုံးကို စာတမျက်နှာထဲတွင် ဆယ်ခါထက်မနည်းသုံးလေ့ရှိပါတယ်။ အဲဒီဝတ္ထုထဲမှာ ညစ်ညမ်းတယ်ဆိုတဲ့စကားများကိုသုံးတဲ့ဇာတ်ဆောင်ဟာ တကယ့်ဘဝနဲ့ကိုက်ညီပါတယ်။ ဒီလိုအတန်း အစား၊ ဒီလိုလူမျိုးဟာ အပြင်မှာလည်း အဲဒီလိုသုံးစွဲလေ့ရှိပါတယ်...။ စာရေးဆရာဟာ ဒီစကားလုံးတွေကို ညစ်ညမ်းတယ်ဆိုတဲ့အဘိဓာန်ထဲကနေဆွဲထုတ်ပြီး သန့်ရှင်းစင်ကြယ်မယ့်သာမန်စကားလုံးတလုံးအဖြစ် ရောက်အောင်ကြိုးပမ်းခြင်းမျှသာဖြစ်တယ်ဆိုတာထင်ရှားပါတယ်။ ဒီစကားလုံးတွေဟာ ရှက်စရာကောင်းတယ်ဆိုတဲ့ပညတ်ကြီးဖုံးနေတဲ့အတွက် စာရေးဆရာဟာ ဒီပညတ်ကြီးကိုဖယ်ရှားပြီး အမှန်ကိုဖော်ထုတ်ခြင်းဖြစ်ပါတယ်။ ပထမတကြိမ်ဖတ်လိုက်ရတုန်းကတော့ ဒီစာလုံးကိုဖတ်လိုက်ရတာ ဟာ...တုန်လှုပ်ချောက်ချားစရာ ဖြစ်ချင်ဖြစ်နေပါလိမ့်မယ်။ ဒါပေမယ့် ဖတ်သားကျလာတဲ့အခါကျတော့ စာလုံးတလုံး၊ အက္ခရာတလုံးအဖြစ်နဲ့ဘာမှာရှက်စရာမတွေ့ရဘူးဆိုတာ သိလာမှာပဲလို့ စာရေး ဆရာကယူဆခဲ့ပါတယ်။ အမှန်တော့ စာလုံးတလုံး ညစ်ညမ်းတယ် မညစ်ညမ်းဘူးဆိုတာဟာလည်း စာဖတ်သူရဲ့စိတ်ပေါ်မှာတည်ပါတယ်”
“ပြီးတော့ ဥပဒေပုဒ်မ(၄)ထဲမှာ(အများပြည်သူနှင့်စပ်လျဉ်းသောကိစ္စများတိုးတက်ပြောင်းလဲစေခြင်း အလို့ငှာ) လို့ ဆိုထားပါတယ်။ အနုပညာ၊ စာပေနဲ့သိပ္ဗံပညာတို့ဟာ အများပြည်သူနဲ့စပ်လျဉ်းတဲ့ကိစ္စများဖြစ် ပါတယ်။ ဒါတွင်မကပါဘူး။ ဖိုမဆက်ဆံရေးကိစ္စဟာလည်း အများပြည်သူနဲ့စပ်လျဉ်းတဲ့ကိစ္စတရပ်ဖြစ်ပါတယ်။ တစ်ခါ ဒီစာအုပ်ဟာ လူမမယ်များအတွက် အင်မတန်ကြောက်ဖွယ်ကောင်းတဲ့စာအုပ်လို့ တရားလိုရှေ့နေကြီးက ဆိုကောင်းဆိုပါလိမ့်မယ်။ ကျနော် ရုံးတော်ရှေ့မှောက်ကိုတင်သွင်းမယ့် တရားခံပြသက်သေများထဲမှာ အရွယ်မရောက်တဲ့လူမမယ်များရဲ့ မိဘတွေလည်းပါပါတယ်။ ဒီပြဿနာကို သူတို့ကဖြေကြားပါလိမ့်မယ်။ တစ်ခါ ဒီစာမျက်နှာကို ဘာဖြစ်လို့ထည့်ရသလဲလို့ တရားလိုရှေ့နေကြီးက မေးချင်မေးလာပါလိမ့်ဦးမယ်။ ဒါကတော့ ပုံနှိပ်သူများဟာ သူ့အရှိအတိုင်း ပုံနှိပ်ရခြင်းဖြစ်ပါတယ်။ လောရင့်ရေးတဲ့စာအုပ်ကိုပုံနှိပ်ချင်ရင် လောရင့်ရေးတဲ့အတိုင်းပုံနှိပ်ဖို့ပဲရှိပါတယ်။ ဖြတ်တောက်ထားတဲ့ လောရင့်ရေးတဲ့စာအုပ်ကိုပုံနှိပ်တာဟာ ဖြတ်တောက်ထားတဲ့စာအုပ်ကိုပုံနှိပ်တာဖြစ်မှာပါပဲ၊ လောရင့်ရေးတဲ့စာအုပ်ကိုပုံနှိပ်ခြင်းတော့ မဟုတ်တော့ပါဘူး”
“လူကြီးမင်းများခင်ဗျား၊ လူကြီးမင်းများရဲ့လက်ထဲမှာ ခဲနီပြာတံတချောင်းကိုင်ပြီး ချောက်ဇာရဲ့ ကင်တာဘာရီတေးလ် Geoffrey Chaucer (1342 - 1400)-The Canterbury Tales နဲ့ ရှိတ်စပီးယား (baptized 26 April 1564; died 23 April 1616)-Hamlet ရဲ့ ဟင်းမလက် ပြဇာတ်ကိုဖတ်ပြီး ညစ်ညမ်းတယ်လို့ထင်တဲ့ စာပိုဒ်များကိုဖြုတ်ကြည့်စမ်းပါ။ ဒီစာအုပ်နှစ်အုပ်ကို ကရွမ်းဝဲလ် Oliver Cromwell (25 April 1599 – 3 September 1658) လက်ထက်က ညစ်ညမ်းတယ်လို့ကန့်ကွက်ခဲ့ဖူးပါတယ်။ လူကြီးမင်းများကိုယ်တိုင်ဖြတ်တောက်ပြီး အဲဒီစာအုပ်နှစ်အုပ်ကို ပြန်ဖတ်ကြည့်ပါ။ ဒီအခါမှာ ဟင်းမလက်ပြဇာတ်ဟာ ရှိတ်စပီးယားရေးတဲ့ပြဇာတ်မဟုတ်တော့ပဲ လူကြီးမင်းများဖြတ်တောက်ထားတဲ့ ဟင်းမလက်ပြဇာတ်ဖြစ်နေပါလိမ့်မယ်”
“ခု ဒီအမှုကိုစွဲချက်တင်တဲ့ အစိုးရရှေ့နေကြီးဟာ စာအုပ်ကိုဖတ်ပြီးပါပြီ။ ဒါပေမယ့် အစိုးရရှေ့နေကြီး ဟာ အကျင့်စာရိတ္တပျက်ပြားသွားပြီး၊ ဟီရိသြတ္တပ္ဗတရားကင်းမဲ့နေပြီလား။ မဟုတ်ပါဘူး...။ တရားလိုရှေ့နေ ကြီးဟာ ဒီစာအုပ်ကိုဖတ်ပြီးပါပြီ...။ အကျင့်စာရိတ္တပျက်ပြားမသွားပါဘူး။ သက်သေများဟာလည်း ဒီစာအုပ် ကိုဖတ်ပြီးကြပါပြီ..။ အကျင့်စာရိတ္တပျက်ပြားမသွားပါဘူး။ ဟီရိသြတ္တပ္ဗတရားပျောက်မသွားပါဘူး။ ဒီစာအုပ်ကို ဖတ်ကြမယ့် ရုံးမင်းနဲ့တကွဂျူရီလူကြီးများဟာလည်း အကျင့်စာရိတ္တပျက်ပြားပြီး ဟီရိသြတ္တပ္ဗတရားကင်းမဲ့ သွားလိမ့်မယ်လို့ ဘယ်သူကမှမထင်ကြပါဘူး..”
“ဒီစာအုပ်ကို သက်သေခံအဖြစ်ဖတ်တဲ့နေရာမှာ ဂျူရီလူကြီးများကိုတောင်ပန်းချင်တာရှိပါတယ်။ ပထမတချက်ကတော့ ဒီအမှုဟာ တရားခံအတွက်ရော၊ ပြည်သူနဲ့ စာပေလောကအတွက်ရော
အရေးကြီးတဲ့အမှုဖြစ်တဲ့အတွက် စာအုပ်တအုပ်လုံးကိုဖတ်ကြည့်စေလိုပါတယ်။ ဒုတိယအချက်အားဖြင့် တရားလို ပညာရှိရှေ့နေကြီးတင်ပြသွားတဲ့အချက်တွေနဲ့ ကျနော်တင်ပြတဲ့အချက်တွေကို စွဲမြဲနှိုင်းချိန်နိုင် ဖို့ဖြစ်ပါတယ်။ တတိယအချက်ကတော့ ဒီစာအုပ်ကိုဖတ်ပြီးနောက် အမှုမပြီးခင် ဒီစာအုပ်နဲ့ပတ်သက်လို့ ဇနီး ခင်ပွန်းနဲ့တောင်မှ ဒီစာအုပ်အကြောင်းမဆွေးနွေးမိအောင်ရှောင်ကြဉ်ဖို့ဖြစ်ပါတယ်။ ဂျူရီတယောက်ဟာ အမှုတခုလုံးကိုကြားနာပြီးတဲ့အခါကျမှ ဆုံးဖြတ်ချက်ချဖို့အချိန်ရောက်တယ်ဆိုတာ အတွေ့အကြုံများကပြ ထားပြီုးဖြစ်တဲ့အတွက် ဒီလိုတောင်းပန်ရခြင်းကိုခွင့်လွှတ်ဖို့ မေတ္တာရပ်ခံပါတယ်။ ကျနော့်လျှောက်ထားချက်ကို သည်းခံနားထောင်တဲ့အတွက် များစွာကျေးဇူးတင်ပါတယ်...”
ရုံးဆင်းချိန်ရောက်၍ အမှုကို အောက်တိုဘာ ၂၇ ရက်နေ့သို့ပြန်ချိန်းလိုက်သည်။ အောက်တိုဘာ ၂၇ ရက်နေ့မှစ၍ နိုဝင်ဘာ ၁ ရက်နေ့ထိ သက်သေများကို စစ်ဆေးလေသည်။ တရားခံပြသက်သေများမှာ ၃၆ ယောက်ရှိ၍ သတင်းစာကြီးများမှ အယ်ဒီတာကြီးများ၊ တက္ကသိုလ်ကြီးများမှ အင်္ဂလိပ်စာပါမောက္ခများ၊ စာရေးဆရာကြီးများ၊ စာပေဝေဘန်ရေးသမားများ၊ ကျောင်းဆရာများ စသည်တို့ပါဝင်ပါသည်။ နိုဝင်ဘာ ၁ ရက်နေ့တွင် တရားခံရှေ့နေကြီးက လျှောက်လဲချက်ပေးသည်။ သူ၏လျှောက်လဲချက်တွင် “ခံစစ်ကြောင်း”ကို အောက်ပါအချက်ကြီးများပေါ်တွင်အခြေပြုထားသည်ကိုတွေ့ရ၏။
(အခန်းလိုက် ဆက်တင်ပြပေးပါမယ်)
မျိုးမြင့်ချို မတ် ၂၁ ရက် ၂၀၁၂။
0 comments:
Post a Comment