Friday, March 2, 2012

Made in China Willis Tower, လေလုံးထွားတဲ့မြို့နှင့် မံမီရုပ်တွေနေတဲ့အရပ်(၁) (မျိုးမြင့်ချို)

0 comments

Made in China Willis Tower, လေလုံးထွားတဲ့မြို့နှင့်မံမီရုပ်တွေနေတဲ့ အရပ်(၁)
          ၂၀၁၁ဒီဇင်ဘာတွင် အီလီနွိုင်းပြည်နယ်၊ ရှီကားဂိုးမြို့ရှေ့နေများအစည်းအရုံး(The Chicago Bar Association) က သူတို့ဆီလာပြီး "ဗမာပြည်လူ့အခွင့်အရေးအခြေအနေအကြောင်း ပြောဆိုဆွေးနွေးပေးနိုင်မလား" ဟုဆိုကတည်းက ခြေလှမ်းတပြင်ပြင်ဖြစ်နေမိ၏။ ကျနော် ထိုမြို့သို့ အနည်းဆုံး ၈ ကြိမ်ခန့်ရောက်ဖူးပြီးသား။ သွားခဲ့သည့်ကိစ္စတွေက အများအားဖြင့်နေ့ချင်းပြီးနှင့် တညအိပ်တွေချည်းသာ။  ထို့ကြောင့် ရောက်ပြန်။ လည်ချိန်ပတ်ချိန် လှည့်ပတ်ကြည့်ရှူချိန်မရခဲ့။ တခေါက်လောက်တော့ အချိန်ယူပြီးသွားဦးမှဟုခဲထားသည့်အားအတွက် ဒီတကြိမ် အခါသင့်၍အခွင့်သာပြီထင်မိ၏။ သို့ဖြင့် ပြောရဆွေးနွေးရမည့်ကိစ္စတွေအပြင် သွားရေးလာရေး၊ နေရေးထိုင်ရေးတွေပါ အပြီးစီစဉ်ရတော့၏။ ဤခရီးက အခြားခရီးတွေထက်စာလျှင် နည်းနည်းပိုလက်ပေါက်စိပ်ကာ အဆာကျယ်သည်ဟုဆိုရမည်ဖြစ်၏။ ဘာ့ကြောင့်ဆိုတော့ စီစဉ်သူနှင့်တက်မည့်သူအများစုက ရှေ့နေများ။ ပြောရမည့်နေရာကလည်း ရှေ့နေများအစည်းအရုံး။ ရှေ့နေအလုပ်ဆိုသည်က အမေရိကားတွင် ငွေအဝင်ဖြောင့်သည့် အသက်မွေးဝမ်းကြောင်း တခုလည်းဖြစ်ပြန်၏။ ဝင်ငွေဖြောင့်တော့ အသုံးအစွဲလည်းသိတ်စစ်စစ်စိစိ လုပ်ဖို့မလို။ ကားကြီးကားကောင်းစီးကာ အိမ်ကြီးရခိုင်နှင့်နေနိုင်သူများ။ သောင်သောင်သာသာနှင့် ဘဝအနေမြင့်သူများဟု ဆိုရမည်ထင်၏။ ရှီကားဂိုးတွင် ကျနော်တို့တည်းရန်အတွက် ဟော်တယ်လ်များတွင်မစီစဉ်ပဲ သူတို့ကိုယ်ပိုင်ဟုဆိုရမည်ထင်သည့် ၂၃ ထပ်မြင့်သော (Union League Club of Chicago) တွင်နေရာချပေး၏။ အဆောက်အဦးကခမ်းနားပြီး ဟော်တယ်လ်ကြီးတွေအတိုင်း အဆောင်အယောင်နှင့်ဝန်ဆောင်မှုတော့ အတူတူပင်ဖြစ်၏။ ထူးခြားသည်က Dress Code ဟုဆိုသည့် ဘယ်နေရာ ဘာအဝတ်အစားဝတ်ရမည်ဆိုခြင်းပင်။ စားသောက်ခန်းတွေထဲဝင် စားသောက်သည့်အခါ အပေါ်ဝတ်ကုတ်အကီင်္ျတွေ ချွတ်ပြီးတနေရာမှာအပ်ရသေး၏။
         သူတို့ဆီကရှေ့နေတွေအကြောင်းပြောရင်း ကိုယ့်ဆီကရှေ့နေတွေဆီလည်း စိတ်ကရောက်ပြန်၏။ "ကမ္ဘာကျော်တရားခွင်လျှောက်လဲချက်များ" "တရားခံဖြစ်သွားသောရှေ့နေ" "ရှေ့နေကြီးပယ်ရီမေဆင်" စသည်ဖြင့် ရှေ့နေဟုတ်သူ/မဟုတ်သူတချို့နှင့် တရားခွင်များအကြောင်းစပ်ကာ နံမည်ကျော်ခဲ့သည့် စာအုပ်တချို့ကိုလည်း ပြန်အမှတ်ရမိသေး၏။ တချို့က ဥပဒေရေးရှေ့နေတွေမဟုတ်ခဲ့သော်လည်း အဖိနှိပ်ခံတွေဘက်ကရပ်ပြီး တရားခွင်ကို တရားဟောစင်မြင့်အဖြစ်ထိထိမိမိပြောင်းကာ စနစ်ဆိုးအား ကျကျနနဖွင့်ချခဲ့သည့် လူထုရှေ့ကနေခဲ့သည့် ရှေ့နေကျော်ကြီးများဖြစ်၏။ ဗမာ့သမိုင်းဝင်အမှုအခင်းတွေအတွက် ရှေ့နေလိုက်ပေးခဲ့ကြသည့် ဗမာ့ရှေ့နေကျော်တွေအကြောင်းပြန်စဉ်းစားမိတော့  ဦးစောမှသည် ကိုဖိုးဖြူအထိ၊ ဂဋ္ဌုန်ဆရာစံမှသည် တိုင်ရီစက်ရုံအလုပ်သမားတွေအထိ ရောက်၏။ ရှေ့နေအစစ်ဖြစ်ရက်က ကိုယ့်အမှုကိုယ်ပြန် လျှောက်လဲချက်ပင်ပေးခွင့်မရခဲ့ကြသော သော့အိမ်စံ၊ နိုင်ငံရေးဝင်္ကပါထဲက ရှေ့နေတွေကိုလည်း ပြန်အမှတ်မိရပြန်၏။ အဘဦးထွန်းတင်၊ မုံရွာတင်ရွှေ၊ မောင်ကိုယု၊ ကိုစန်းအောင်တို့အပါအဝင် ခင်မင်လေးစားရသည့် ရှေ့နေကြီးငယ်များကိုလည်း သတိရမိပြန်၏။
         မြန်မာစကားတွင်ရှေ့နေနှင့်စပ်၍ ဆိုးရိုးများလည်းရှိ၏။ ထိုအထဲမှ "ရှေ့နေဆိုတာ ငိုစားရယ်စား" "ရှေ့နေငှားမှ ထောင်လုံးလုံးကျ" နှင့် "ရှေ့နေသေလို့မီးသဂြိင်္ုဟ်လျှင် လျှာ မီးမလောင်"စသည်တို့မှာ စိတ်ဝင်စားစရာကောင်း၏။ ထိုစကားတို့သည် ရှေ့နေနှင့်စပ်၍ အကောင်းထက် အဆိုးကို၊ အကျိုးထက်အပြစ်ကို၊ အပြုထက် အပျက်ကိုဇောင်းပေး ရည်ညွှန်းနေဟန်ပင်။ တခါ ကျနော်တို့ခေတ်၏ လက်တွေ့အရမြင်ခဲ့ရသည့်ရှေ့နေတချို့မှာ တရားသူကြီးနှင့်အမှုသည်ကြားက အမှုပွဲစားသက်သက်။ အမှုသည်နှင့်တရားခွင်တို့မမြင်ရာ ကန့်လန့်ကာနောက်ကွယ်က ရှေ့နေနှင့်တရားသူကြီးတို့၏ လက်သိပ်ထိုးဇာတ်လမ်းတွေလည်း တပုံတပင်။ ထိုအခြေအနေများအောက်မှလှမ်းကြည့်တော့ 
အပေါ်ကပြောခဲ့သည့် ရှေ့နေနှင့်စပ်သည့်ဆိုရိုးစကားတို့ မှန်သယောင်ယောင်တွေဖြစ်ရပြန်၏။ "ဘယ်သူတရားပျက်ပျက် ငါမပျက်"ဆိုသည့်ရှေ့နေတွေခမျာလည်း ဝါးလုံးရှည်စာမိရပြန်၏။ တရားဥပဒေဆိုသည်ကလည်း ခက်သား။ ဘယ်လောက် မှန်မှန်ကောင်းကောင်း လက်တွေ့ကျင့်သုံးမှုမရှိလျှင် ထိုဥပဒေမျိုး မရှိသည်ကတော်သေး၏ဟုဆိုရမည်ထင်၏။ လူအထက်ကတက်ထိုင်၍ တရားဥပဒေစိုးမိုးရေးတို့၊ ဥပဒေအထက်တွင်မည်သူမျှမရှိတို့ဆိုကာ အသံကောင်းဟစ်ပြီး သူတော်ယောင်ဆောင်ခြင်းက တိုင်းပြည်နှင့်လူထုအတွက် ပိုနစ်နာစရာတွေသာ ဖန်တည်းပေး၏။ ရှေ့နေ အလုပ်ဆိုတာမျိုးက ဥပဒေပြုရန်မဟုတ်။ ပြုထားသည့်ဥပဒေပြဋ္ဌာန်းထားချက်များ၏ အားသာချက်အားနည်းချက်တို့ကိုထုတ်နှုတ်ရှာဖွေပြီး ထိုဥပဒေဘောင်၏အကန့်အသတ်ထဲမှနေ၍ အမှုသည်တို့ကို(တနည်းပြောရလျှင် လူထုကို) ထိုဥပဒေနှင့်အညီ အကာအကွယ်အကူအညီ ရယူခံစားပိုင်ခွင့်ရှိစေရန်၊ ကူညီစောင့်ရှောက်ပေးသူများသာဖြစ်၏။ ထို့ကြောင့် ရှေ့နေတို့ထံမှ တည်ဆဲဥပဒေကိုလွန်သည့် တရားမျှတမှုမျိုး၊ ကူညီကာကွယ်စောင့်ရှောက်ပေးမှုများကို မမျှော်လင့်အပ်။ မျှော်လင့်လို့မရ။ မျှော်လင့်လို့မဖြစ်ဆိုသည်ကိုတော့ အမှုသည်ကိုယ်တိုင်က(လူထုကိုယ်တိုင်က) သိထားမှဖြစ်မည်ထင်၏။ ကျနော်လည်း ထိုသို့အတွေးများ နားလည်သဘောပေါက်ချက်များဖြင့် ရှီကားဂိုးရှေ့နေများအစည်းအရုံး (Chicago Bar Association) သို့ ထွက်ခဲ့၏။
         အခမ်းအနားတက်ပြီး ပရိသတ်ကိုစကားပြောရ အမေးအဖြေလုပ်ရမည့်သူများတွင် တဦးက ဗမာပြည်လူ့အခွင့်အရေးအခြေအနေများအား စောင့်ကြည့်လေ့လာသူ အကြီးတန်းသုတေသီနှင့် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကြီး၏အဖွဲ့ဝင်  (David Scott Mathieson- Senior Researcher on Burma for Human Rights) ဖြစ်၏။  နောက်တဦးက ဂျော့ခ်ျတောင်းဂျာနယ်လ် နိုင်ငံတကာဆက်ဆံရေး (လူမျိုးစု၊ ရွေးကောက်ပွဲများနှင့်ဗမာပြည်ပြုပြင်ပြောင်းလဲရေး) စာအုပ်အပါအဝင် ဗမာ့နိုင်ငံရေးသမိုင်းနောက်ခံဆောင်းပါးများနှင့်စာတမ်းများ ရေးသားဖတ်ကြားတင်သွင်းခဲ့သူ၊ အင်ဒီယားနားပြည်နယ်တက္ကသိုလ် ဥပဒေရေးရာပါမောက္ခ၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဆိုင်ရာ ဒီမိုကရေစီရေးဗဟိုဋ္ဌာနမှ အမှုဆောင်ညွှန်ကြားရေးမှူး (Professor David Clair Williams) ဖြစ်၏။ အခြားတဦးက (U.S Campaign for Burma) မှ တွဲဘက်အမှုဆောင်၊ ကရင်အမျိုးသားများလူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ၊ ဗမာ့စစ်အာဏာရှင်တို့ကြောင့် မိတကွဲဘတကွဲ ဆွေတကွဲမျိုးတကွဲနှင့် ဘဝတလျှောက်လုံး အဆုံးအရှူံးများဖြင့်ကြီးပြင်းလာခဲ့ရသူ (Myra Dahgaypaw) နှင့် ကျနော်တို့ဖြစ်၏။ ကျနော် အမေရိကားရောက်စက David Scott Williams နှင့် အီးမေးလ်ဖြင့် အပြန်အလှန် အဆက်အသွယ်ရှိခဲ့ဖူးသည်မှတပါး လူချင်းမဆုံဖူးသေး။ David Mathieson ကိုတော့ ကျနော့်
မှတ်တမ်းကားဒါရိုက်တာ Nic Dunlop ပြောပြသဖြင့် အမည်ကိုမှတ်မိနေ၏။ လူချင်းမဆုံဖူးသေး။ Myra Dahgaypaw နှင့်ကျတော့ အနည်းဆုံး ၄ ကြိမ်လောက်လူချင်းလည်းဆုံဖူး ဗမာပြည်အရေး အတူလည်းဆွေးနွေးပြောဆိုဖူးသည့်အပြင် တခါတခါ ကျနော်က ယူအက်စ်ကမ်ပိန်းဖေါ်ဘားမားအတွက် လိုအပ်သည့်စာတချို့ပါ ဗမာလိုဘာသာပြန်ပေးဖူးသဖြင့်ရင်းနှီးနေသူ။
         ကျနော်တို့ ရှီကားဂိုးရောက်တော့မှ Professor David Williams က လူကိုယ်တိုင်လာတက်ဖို့အခက်ရှိနေသဖြင့် Skype ပေါ်မှဆွေးနွေးပြီးအမေးအဖြေ လုပ်ပေးမည်အကြောင်းနှင့် David Matheison လည်း အရေးပေါ်ကိစ္စတခုပေါ်လာသဖြင့် မတက်ဖြစ်တော့ကြောင်းများသိရ၏။ ပွဲစီစဉ်သူတွေလည်း ကသိကအောက်တော့ အထိုက်အလျှောက် ဖြစ်ကြရ၏။ သို့သော် ပွဲမစခင်မှာ တက်ရောက်ရန်ဖိတ်ကြားထားသူတွေထဲမှ ဓါတ်ပုံဆရာ၊ ဗမာပြည် အရေးလှုပ်ရှားဆောင်ရွက်နေသူ (Christian Holst) က သူဗမာပြည်ထဲသွားကာ ရိုက်ကူးမှတ်တမ်းတင်လာသည့်ဓါတ်ပုံတွေ ပြပေးမည့်အကြောင်း၊ Field Museum တွင် လုပ်နေသည့် (Blood/Red Stone Burma Rubies) ဗမာ့ပတ္တမြား၊ အနီရောင်/သွေးကျောက်အမည်ရှိ သူ့ဓါတ်ပုံပြပွဲအကြောင်းနှင့် အခမ်းအနားအပြီး လာရောက်ကြည့်ရှုနိုင်ရန် ပြတိုက်လက်မှတ်များပါ အခမဲ့စီစဉ်ပေးမည့်အကြောင်းဆိုကာ၊ သူ၊ Myra Dahgaypaw နှင့် ကျနော်တို့က Panelists တွေ အဖြစ်ထိုင်ဖို့ ဖြစ်သွား၏။ Professor David Williams က အွန်လိုင်းကပါဝင်ဆွေးနွေးဖို့ စီစဉ်၏။ စစခြင်း ကျနော်တို့နှင့်ပရိသတ်ကို မိတ်ဆက်ပေးပြီးနောက် ကျနော့်မှတ်တမ်းကား (Burma Soldier) အင်္ဂလိပ်လို အပိုင်းကို အစအဆုံးပြပေး၏။ တက်ရောက်သူက စုစုပေါင်း ၆၀ ခန့်ရှိမည်။
         မှတ်တမ်းကားပြအပြီး  Myra Dahgaypaw က ဗမာပြည်အရေး အကျဉ်းချုပ်စုစည်းတင်ပြထားသည့် ၁၅ မိနစ်စာ Power Point Slideshow ကိုပြပြီး နှုတ်ဖြင့်တင်ပြပေး၏။ Myra က စကားကို အချိတ် အဆက်မိမိ၊ အကျိုးအကြောင်းရှိရှိ၊ အချက်အလက်ဝေဝေဆာဆာနှင့် တင်ပြတာဖြစ်တော့ ပရိသတ်လည်းနှစ်ခြိုက်၏။ နောက်တော့ ဓါတ်ပုံ ဆရာ (Christian Holst) က သူ ရိုက်ယူလာခဲ့သည့်ဓါတ်ပုံများကိုပြရင်း နောက်ခံလေးတွေလည်းရှင်းပြ၏။ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး တုန်းက သူရိုက်ကူးခဲ့သည့်ပုံများ။ ဗမာပြည်က စစ်ပြေးဒုက္ခသည်တို့၏ရင်နင့်စဖွယ်ပုံများ။ ကိုမင်းကိုနိုင်အား အနီးကပ်ရိုက်ချက်ဖြင့်ရိုက်ထားသည့်ပုံ စသည်တို့ဖြစ်ပြီး အားလုံးကအဖြူအမဲတွေချည်း။ နောက်တော့ ပရိသတ်နှင့်အမေးအဖြေခန်းစ၏။ အရင်ဆုံးအမေးခံရသူက ကျနော်။ အရင်ဆုံးမေးသည့်မေးခွန်းက "ဗမာပြည်မှာ လတ်တလောဖြစ်ပေါ်တိုးတက်မှုတွေအပေါ် ဘယ်လိုသဘောထားသလဲနှင့် စစ်မှန်သည့် အပြောင်းအလဲဖြစ်ဖို့ ဦးသိန်းစိန်အစိုးရက ဘာတွေလုပ်ဖို့လိုသေးသနည်း"ဖြစ်၏။
(ဆက်ပါဦးမယ်)
မျိုးမြင့်ချို။
မတ်လ ၂ ရက် ၂၀၁၂

0 comments:

Post a Comment