Friday, March 23, 2012

လေဒီချက်တာလေ၏ချစ်သူ (မြသန်းတင့်)(၅ အပြီးသတ်)

0 comments

လေဒီချက်တာလေ၏ချစ်သူ (မြသန်းတင့်)(၅ အပြီးသတ်)
မြသန်းတင့်၏ (ကြာညိုနံ့သင်းသော ရေဝတီမ) စာအုပ်မှ။
        တရားခံရှေ့နေကြီး နိဂုံးချုပ်ပြီးလျှင် တရားလိုအစိုးရရှေ့နေကြီးက ပြန်ချေပ၏။ အစိုးရရှေ့နေက ဝတ္ထုစာအုပ်ထဲမှစာပိုဒ်များကို ရွေးနှုတ်၍ ဖတ်ပြသွားပြီး စာအုပ်တွင် စာပေတန်ဖိုးမရှိ၊ ပညာရေးရ၍ထောင့်မှ လည်းကောင်း၊ လူမှုဆက်ဆံရေးရ၍ထောင့်မှလည်းကောင်း ဘာတန်ဖိုးမှ မရှိ။ ထို့ကြောင့်အများပြည်သူ၏အကျိုးနှင့် ကိုက်ညီခြင်းမရှိကြောင်းဖြင့် ထုချေသွားသည်။ ထို့နောက်တွင်တရားသူကြီးက သူ၏ ကောက်နှုတ်ချက်ကိုဖတ်ပြသည်။ တရားသူကြီး၏ ကောက်ချက်တွင် သက်သေထွက်ချက်များ၊ နှစ်ဘက်ရှေ့နေများ၏လျှောက်လဲချက်၊ ချေပချက်များကို ကိုးကားပြီးနောက် အမှုနှင့်စပ်လျဉ်း၍ အရေးကြီးသောအစိတ်အပိုင်းနှစ်ချက်ကို တင်ပြသွား၏။ တချက်မှာ အကယ်၍ စာအုပ်သည် စွဲချက်နှင့်ကိုက်ညီခြင်းမရှိဟု သံယသရှိဖွယ်ရှိလျှင် လွှတ်ပစ်ရန်(လွှတ်ပေးရန်)ဖြစ်ပြီး၊ စွဲချက်နှင့်သံသယ မရှိပါက မရှိသည့်အလျှောက် ထင်မြင်ချက်ပေးရန်ဖြစ်သည်။ နောက်တချက်မှာ ဤဝတ္ထုသည် ညစ်ညမ်းမှုကိုဖုံးလွှမ်းသွားနိုင်လောက်အောင် စာပေအရည်အသွေးအဆင့်အတန်းမြင့်သလော-ဆိုသည့်အချက်ကို တရားခံများက ထင်ရှားပြနိုင် မပြနိုင်စဉ်းစားရန်၊ သို့ ပြနိုင်ခြင်းဖြင့် အများပြည်သူကောင်းကျိုးအတွက် ဤစာအုပ်ကိုပုံနှိပ်ရသည်ဆို သည့်အချက်သည် ခိုင်လုံခြင်းရှိ မရှိကိုစဉ်းစားရန်ဖြစ်သည်။ တရားသူကြီး၏ဝတ္တရားမှာ ဥပဒေအချက်အလက်များကို တင်ပြရန်ဖြစ်၍ ဂျူရီ၏ဝတ္တရားမှာ ဖြစ်ပျက်သောအကြောင်းခြင်းရာများသည် ဥပဒေနှင့်ညီ မညီစဉ်းစား၍ အဆုံးအဖြတ်ပေးရန်ဖြစ်သည်ဟုဆိုကာ ရှည်လျားစွာတင်ပြသွား၏။
         ဂျူရီလူကြီးများကစဉ်းစားခန်းဝင်ကြသည်။ ထို့နောက် စီရင်ချက်ချမှတ်သည်။ ဂျူရီ၏စီရင်ချက်ကား “အပြစ်မရှိ”ဟူ၍ဖြစ်သည်။ သို့ရာတွင် စီရင်ချက်၌ စာအုပ်သည် “ညစ်ညမ်းခြင်းမရှိ”ဟူ၍လည်းကောင်း၊ “ညစ်ညမ်းသော်လည်း အကျိုးအကြောင်းနှင့်ညီမျှသည်”ဟူ၍လည်းကောင်း တစုံတရာဖော်ပြထားခြင်း မရှိချေ။
         တရားခံ၏ရှေ့နေကြီးက အမှုအတွက်တရားခံများ၏ကုန်ကျစရိတ်မှာ ပေါင်စလာပေါင်း ၁၃၀၀၀ ကုန်ကျသဖြင့် စရိတ်နှင့်တကွအနိုင်ပေးပါရန် လျှောက်ထားသည်။ စရိတ်ပေးလျော်ရန်လျှောက်ထားချက် ကိုမူ ရုံးတော်မှပယ်ချလိုက်လေသည်။
         သို့ဖြင့် ကမ္ဘာ့စာပေနှင့် တရားဥပဒေလောကကစိတ်ဝင်စားသောအမှုကြီးမှာ ပြီးဆုံးသွားလေသည်။ အမှုအတွင်း သက်သေများ၏ထွက်ချက်များကား များစွာစိတ်ဝင်စားဖွယ်ကောင်းလှသည်။ ရှေ့နေနှင့် သက်သေများ၏အမေးအဖြေများမှာ ဥပဒေကြောင်းအရလည်းကောင်း၊ စာပေအယူအဆအရလည်းကောင်း များစွာတန်ဖိုးရှိပေသည်။ အမှုတွင်ထွက်ဆိုကြသော သက်သေများ၏ထင်မြင်ချက်များမှာ လောရင့်၏ ဝတ္ထုနှင့်စပ်လျဉ်း၍ အရှည်လျားဆုံး၊ အကျယ်ပြန့်ဆုံးသော စာပေနှီးနှောဖလှယ်ပွဲကြီးဖြစ်ကြောင်းဖြင့် စာပေဝေဖန်ရေးဆရာတို့ကဆိုကြ၏။
         သို့ရာတွင် တရားခံရှေ့နေကြီးမစ္စတာဂါဒီနား၏စကားတခွန်းကား စိတ်ဝင်စားဖွယ်အကောင်းဆုံးဖြစ်၏။ ထိုစကားရပ်ကို မစ္စတာဂါဒီနားသည် ရုံးခန်းထဲတွင်ပြောခွင့်မရှိ၍ အမ၍စီရင်ချက်ချအပြီးရုံးအပြင်ရောက်မှ ပင်ဂွင်းပုံနှိပ်သူများကိုပြောပြခြင်းဖြစ်၏။ သူ့စကားရပ်မှာ....
         “လောရင့်လိုစာရေးဆရာက ဒီဝတ္ထုထဲမှာ ဒီရည်ရွယ်ချက်နဲ့ ဒီစကားလုံးတွေကိုသုံးစွဲထားတာဟာ ဥပဒေနဲ့မငြိစွန်းဘူးလို့ ကျနော်လျှောက်လဲခဲ့တာပဲ။ ဒါပေမယ့် လောရင့်ကိုတုပြီး လိုက်ရေးကြလို့တော့မဖြစ် ဘူးဗျ။ ဒီစကားလုံးတွေကို တခြားပေါက်တတ်ကရစာရေးဆရာတွေက သူတို့ဝတ္ထုတွေထဲမှာထည့်သုံး ရင်တော့ အဓိပ္ဗါယ်တမျိုးဖြစ်လိမ့်မယ်” ဟူသတည်း။
(ပြီးပါပြီခင်ဗျား)
မတ်ချ ၂၃ ရက် ၂၀၁၂

0 comments:

Post a Comment