Thursday, March 8, 2012

စစ်မြေပြင်မှပုံရိပ်များ (အပိုင်း ၅၃) မျိုးမြင့်ချို

0 comments

စစ်မြေပြင်မှပုံရိပ်များ (အပိုင်း ၅၃) မတ်ခ်ျ ၈ ရက် ၂၀၁၂ နေ့က အာရ်အက်ဖ်အေကနေထုတ်လွှင့်ပြီးဆောင်းပါးဖြစ်ပါတယ်။
အမေစိတ်ပူတဲ့နေ့၊ ကျနော်စိုးရိမ်နေတဲ့နေ့ကတော့ရောက်လာပါပြီ။ အဲဒီနေ့ကတော့ ၁၉၈၉  ခုနှစ် ဇူလိုင်လ ၇ ရက်နေ့ပဲဖြစ်ပါတယ်။ အာဏာဖီဆန်ရေးလှုပ်ရှားမှုနဲ့အတူ  ဆဲဗင်န်းဂျူလိုင်အထိမ်းအမှတ်ဟောပြော ပွဲကို ကျနော်တို့ဆီမှာလုပ်မယ်ဆိုတော့ လူငယ်တာဝန်ခံဖြစ်တဲ့ကျနော်က ဦးဆောင်ရပါတယ်။
အဲဒီနေ့မနက် ကျနော်ဆိုင်ကနေထွက်ခါနီး အမေ့ကိုကြည့်တော့ မျက်နှာမသာ ပါဘူး။ ကျနော့်ကို တခုခုလှမ်းပြောတော့မလိုလုပ်ပြီးမှ ဟိုဘက်ကို အမေလှည့်လိုက်ပါတယ်။ ကျနော်လည်း ဘာမှမေးမနေတော့ပဲ အခမ်းအနားလုပ်မယ့်ဆီထွက်ချလာခဲ့ပါတယ်။ လမ်းမှာ လူငယ်တာဝန် ခံ (၃)နဲ့တွေ့ပြီး သူနင်းလာတဲ့ဆိုက္ကားနဲ့ပဲ လမ်းကြုံလိုက်ခဲ့ပါတယ်။ လမ်းမှာ သူက "အကိုရေ သတိတော့ထားဗျ၊ ငထောက် တွေမှ မနည်းဘူး၊ ဟိုမှာတွေ့လား" ဆိုပြီး ရုံးလေးနဲ့မျက်စောင်းထိုးက လက်ဘက်ရည်ဆိုင်ထဲကို မျက်စပစ်ပြပါတယ်။ ကျနော်က "ဘာလဲ မင်းကလန့်နေလို့လား"လို့ဆိုတော့ "လန့်တော့မလန့်ပါဘူးအကိုရာ၊ ဒါပေမယ့် ပူတော့ပူတယ်။ သူတို့က အကို့ကိုပဲမဲနေကြတာလေ၊ ကျနော်တို့က ကိစ္စမရှိပါဘူး၊ အကိုက ဒုက္ခိတဆိုတော့စိုးရိမ်လို့ပါ" တဲ့။ ဒါနဲ့ကျနော်က  "ငါ့ကိုပဲ မဲနေကြတယ်လို့ မင်းကဘာကြောင့်ထင်တာလဲ" လို့ မေးကြည့်လိုက်တော့  "ဘာမှမဟုတ်ပါဘူး အကိုရာ၊ သူများတွေပြောသံကြားလို့ပါ"ဆိုပြီး စကားကိုလျှောချပြီးဖြတ်ချလိုက်ပါတယ်။ ကျနော်က "ဒီကိစ္စက ငါ တယောက်တည်းလုပ်တာမှမဟုတ်တာ၊ လူငယ်အလုပ်အဖွဲ့တဖွဲ့လုံး ဆုံးဖြတ်လိုက်တာပဲဟာ၊ ဖမ်းရင်းဖမ်း အလုပ်အဖွဲ့တခုလုံးဖမ်းခံရမှာပေါ့ကွ၊ မင်းလည်းပါမှာပဲဟာ၊ မင်းလည်း တာဝန်ခံတယောက်ပဲလေ" လို့ ပြောတော့ သူဘာမှပြန်မပြောတော့ပဲ ငြိမ်သွားပါတယ်။
ရုံးရှေ့ရောက်လို့ကျနော် ဆိုက္ကားပေါ်ကဆင်းလိုက်ပေမယ့် သူကဆင်းမလာပဲ ဆက်နင်းသွားဖို့ပြင်နေတာနဲ့ ကျနော်က "ဘယ်သွားမလို့တုန်း"ဆိုတော့ "ဒီနားလေးပါ၊ ကျနော် အခုပြန်လာခဲ့မယ်"ဆိုပြီး ဆိုက္ကားနင်းထွက် သွားပါတယ်။ ကျနော့်စိတ်ထဲ ထင့်ကနဲတချက်ဖြစ်လိုက်ပေမယ့် ချက်ခြင်းပြန်မေ့သွားပါတယ်။  ရုံးထဲရောက်တော့ လူအတော်စုံနေပါပြီ။ လူငယ်တယောက်ကအနားလာပြီး အခမ်းအနားအစီအစဉ်ပြောရင်း တာဝန်ခံ (၃) အိမ်မှာ မနေ့ညနေက စစ်ထောက်လှမ်းရေးတချို့မြင်ခဲ့တဲ့ကြောင်း၊ ဒီနေ့မနက်လည်း ဆိုက္ကားဂိတ်မှာလူစိမ်းတယောက်နဲ့  မသင်္ကာစရာတွေ့ခဲ့ကြောင်းပြောပြပါတယ်။ ကျနော်က ထားလိုက်ပါကွာ ဆိုတဲ့သဘောအမူအရာပြပြီး အခမ်းအနားစကြပါတယ်။
အခမ်းအနားမှာ ဆဲဗင်းဇူလိုင်နောက်ခံသမိုင်းနဲ့အတူ ဗမာပြည်လွတ်မြောက်ရေးတိုက်ပွဲအဆက်ဆက်မှာ ကျောင်းသားတွေနဲ့ ကျောင်းသားသမဂ္ဂလှုပ်ရှားမှုတွေအကြောင်းပြောရင်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ ဒီမိုကရေစီရေးအပြင် ပြည်တွင်းစစ်ရပ်စဲရေး ပြည်တွင်းငြိမ်းချမ်းရေးကိစ္စတွေပါ ကျွဲကူးရေပါ ကျနော်ထည့်ပြောခဲ့ပါတယ်။ အခမ်းအနားတက်သူသိပ်မများပေမယ့် စစ်အစိုးရကအရင်ကထက် ပိုပြီးသတိထားစောင့်ကြည့်နေပြီဆိုတာကိုတော့ သေချာပေါက်ပြောနိုင်ပါပြီ။ ဘာလို့လည်းဆိုတော့ တာဝန်ခံ (၃)ပြောသလို အရပ်ဝတ်၊ လွယ်အိပ်ကိုယ်စီနဲ့မျက်နှာစိမ်းတချို့ ရုံးနားတဝိုက်မယောင်မလည်လုပ်နေတာ၊ ယူနီဖေါင်းဝတ်ရဲတချို့စောင့်နေတာတွေ လှမ်းမြင်နေရလို့ပါပဲ။
အခြေအနေမကောင်းဘူးဆိုတာကို ကျနော် ရိပ်စားမိလိုက်ပါပြီ။ ကျနော်ပြောပြီးနောက်မှာ အလှည့်ကျပြောရ မယ့်သူတွေ ပြောကြပါတယ်။ လူငယ်တာဝန်ခံ(၃) ပြောရမယ့်အလှည့်ရောက်လို့ဖိတ်ခေါ်တော့ သူမရှိပါဘူး။ ဒီလိုနဲ့ အခမ်းအနားအစီအစဉ်တခုလုံးသာ အေးအေးချမ်းချမ်းနဲ့ပြီးသွားပါတယ်၊ တာဝန်ခံ(၃) ကတော့ ပြန်ရောက်မလာခဲ့ပါဘူး။ ကျနော် သူ ဘာလဲဆိုတာ သေချာပေါက်ပြောနိုင်သွားပေမယ့် စိတ်ထဲသိတ်ထားမနေတော့ပါဘူး။ သိမ်းစရာရှိတာတွေကူသိမ်း၊ မှာစရာရှိတာလေးတွေမှာပြီး ဆိုင်ဘက်ပြန်ဖို့ထွက်လာခဲ့ပါတယ်။
           
            ကျနော်ရုံးခန်းကထွက်လိုက်ပြီး ဆိုက္ကားဂိတ်ရောက်ကတည်းက ကျနော့်နောက်မှာ လူစိမ်း ၂ ယောက် ကပ်လိုက်လာတာကိုသတိထားမိလိုက်ပါတယ်။ ပထမတော့ သူတို့ ကျနော့်နား ကပ်မလိုလုပ်လိုက်ပြီးမှ အသာပြန်ကိုယ်ရှိန်သတ်လိုက်ကြပါတယ်။ ဆိုက္ကားဂိတ်မှာကလူတွေများတော့ သူတို့လည်း တခုခုလုပ်ဖို့ခက်နေပုံပါပဲ။ ကျနော်လည်း ဟန်ကိုယ့်ဖို့ဆိုတဲ့အနေနဲ့ ခတ်တည်တည်ပဲ ဆိုက္ကားတစီးပေါ် တက်ထိုင်လိုက်ပြီး ဆိုင်ဘက်ပြန်လာခဲ့ပါတယ်။ သူတို့လည်း ဆိုက္ကားတစီးနဲ့ကပ်ရပ်သား လိုက်ချလာပါတယ်။  ဆိုက္ကားနင်းသူက "အကို.. နောက်က ကောင်တွေ ငထောက်တွေဗျ၊ အကိုတို့အဖွဲ့က ကောင်တကောင်နဲ့စကားပြောနေတာ ကျနော် မနက်ကမြင်တယ်၊ ခုလည်း အကို့နောက် လိုက်လာတာနဲ့ တူတယ်" လို့ပြောပါတယ်။ "အင်း" လို့ပဲ တခွန်းပြန်ပြောဖြစ်ပါတယ်။
ဒီလိုနဲ့ ဆိုင်ရှေ့အရောက်၊ ဆိုက္ကားပေါ်ကအဆင်း ဆိုင်ထဲလှမ်းကြည့်တော့ အမေ့ကိုတွေ့ရပါတယ်။ ကျနော်က အမေ့ကိုပြုံးပြတော့ အမေပြန်ပြုံးမပြတာနဲ့ ဘာလို့ပါလိမ့်ဆိုပြီး အမေ့မျက်လုံးတွေတူရှူရာကို ကြည့်လိုက်တော့မှ အမေကျနော့်ကိုကြည့်နေတာမဟုတ်ပဲ ကျနော့် နောက်ကလိုက်လာသူတွေကို ကြည့်နေတာပါလားဆိုတာ သဘောပေါက်လိုက်ပါတယ်။ အမေ တခုခုကိုနားလည်သွားပါပြီ။ အမေ့မျက်လုံး တွေမှာ သောကရိပ်တွေမြင်နေရပါပြီ။ ဆိုင်းနီးနားချင်းတွေကတော့ ဘာမှ ရိပ်မိသေးပုံမပေါ်ပါဘူး။ ကျနော်လည်း ဆိုင်ထဲဝင်၊ လွယ်အိပ်ကိုဖြုတ်၊ ခုံပေါ်ထိုင်လိုက်ချိန်မှာပဲ နောက်က ၂ ယောက်လည်း ဆိုင်ထဲဝင်ချလာပါတယ်။ အမေကတော့ ကျနော်တို့ကို တယောက်တလှည့်စီကြည့်ရင်း သူ့ရှေ့က ရှိုးကေ့စ်ပေါ်မှာရှိနေတဲ့ ဂက်စ်မီးချစ်တွေကို မလိုအပ်ပဲဟိုရွှေ့ဒီရွှေ့တွေလုပ်နေပါတယ်။ အဲဒီအချိန်မှာပဲ တယောက်က ကျနော့်လက်ကို ဖမ်းကိုင်လိုက်ပြီး"ကျနော်တို့နဲ့ ခဏလိုက်ခဲ့ပါ၊ မေးစရာလေး နည်းနည်းရှိလို့"ဆိုပြီး ပြောလာပါတယ်။ ဒီတော့မှ အမေ့ဆီက "မင်းတို့သူ့ကို လာဖမ်းတာလား"လို့ မေးတာလိုလို ရေရွတ်တာလိုလိုအသံတသံ ထွက်လာပါတယ်။ တယောက်က "ခနလေးပါ အန်တီ။ ကျနော်တို့မေးစရာလေး ရှိလို့ပါ၊ မကြာပါဘူး၊ ပြန်ပို့ပေးပါ့မယ်" လို့ပြောပါတယ်။ အမေက ဘာမှပြန်မပြောတော့ပဲ ကျနော့်အိပ်ထဲကို ဆေးလိပ်ဗူးနဲ့မီးခြစ်တလုံးကိုထိုးထည့်ရင်း "အဝတ်အစားအပိုလေး ဘာလေးယူသွား..."ဆိုတဲ့ အမေ့စကားတောင် မဆုံးလိုက်ရပါဘူး။ "ခဏလေးပါအန်တီ၊ မလိုပါဘူး"လို့ပြောပြီး ကျနော့်ကိုတချက်ကြည့်ပါတယ်။ ကျနော်က "ခဏလိုက်သွားလိုက်မယ်အမေ၊ သိပ်တော့ကြာမယ်မထင်ပါဘူး၊ မပူပါနဲ့"လို့ပြောပြီး သူတို့နဲ့အတူဆိုင်ထဲကပြန်အထွက်၊  တချက်ပြန်လှည့်ကြည့်တော့ စိုးရိမ်ရိပ်မျက်လုံးအစုံနဲ့ ဆိုင်တံခါးပေါက်ကို ခပ်လျော့လျော့လေးမှီရင်း တွေတွေငေးငေးလေးကျန်ရစ်ခဲ့တဲ့အမေ့ကို တွေ့လိုက်ရပါတော့တယ်။
နောက်တပတ်ဆက်ပါဦးမယ်။
ကျနော်မျိုးမြင့်ပါခင်ဗျား။
မျိုးမြင့်။

0 comments:

Post a Comment