မတ် ၂၉ ရက် ၂၀၁၂ နေ့ကအာရ်အက်ဖ်အေမှလွှင့်ထုတ်ပြီးဆောင်းပါးဖြစ်ပါတယ်။
ကျနော် ရေငတ်ငတ်နဲ့မို့ အငမ်းမရခပ်သောက်လိုက်ချိန်မှာ အနံ့တမျိုးလိုရလိုက်တာနဲ့ သောက်လက်စကိုရပ်ပြီး ခွက်ထဲကြည့်တော့လည်း ရေကသန့်ပြီးကြည်နေတာပါပဲ။ နှာခေါင်းနားတေ့ပြီး နမ်းကြည့်တော့လည်း ဘာအနံ့မှထွက်မနေပါဘူး။ ဒါနဲ့ ခွက်ထဲကလက်ကျန်ရေကို အကုန်မော့ချပြစ် လိုက်ပါတယ်။ "စစ်ကြောရေးက အစားအသောက်တွေမှာ ဆေးခပ်ထားတတ်တယ်၊ အဲဒါတွေ ဗိုက်ထဲဝင်သွားတာနဲ့ လူကသိစိတ်ပျောက်သွားပြီး သူတို့မေးသမျှ ဟုတ်ဟုတ်/မဟုတ်ဟုတ် ဟုတ်ပါတယ်ဆိုပြီးဝန်ခံတော့တာပဲ"လို့ ဆိုတဲ့စကားကို ပြန်အမှတ်ရမိပြီး လန့်တောင်လန့်သွားပါတယ်။ တကယ်က ဒီရေထဲမှာဆေးခတ် ထားတာ ဟုတ်ချင်မှဟုတ်မှာပါ။ ကျနော့်စိတ်ကတွေးပြီး လန့်နေတာလည်း ဖြစ်ချင်ဖြစ်မှာပါပဲ။
ကျနော်လည်း မောမောနဲ့ကွပ်ပြစ်ပေါ် လှဲချမလို့လုပ်နေတုန်းမှာပဲ တံခါးဖွင့်သံကြားတာနဲ့ ကမန်းကတမ်းထထိုင်ပြီး နောက်လှည့်ပေးထားလိုက်ရပါတယ်။ စစ်ဆွယ်တာနဲ့ဘောင်းဘီဝတ်၊ အသားညိုညို ဂင်တိုတိုလူတယောက် အခန်းထဲဝင်ချလာပြီး သူနဲ့လိုက်ခဲ့ဖို့ပြောပါ တယ်။ သူနဲ့အတူ စားပွဲကုလားထိုင်တွေ အသင့်ချထားတဲ့ အခန်းကျယ်တခုထဲရောက်သွားတော့မှ မင်းကို မေးစရာရှိလို့..ကောင်းကောင်းမွန်မွန်၊ မှန်မှန်ကန်ကန်သာဖြေကွာ မင်းဘာမှမဖြစ်စေရဘူးလို့ ပြောပါတယ်။ ပြီးတော့ ကျနော့်ကိုယ်ရေးအချက် အလက်တွေ ထပ်ခါတလဲလဲမေးပြီးမှ ကျနော်တို့မြို့ကလေးရဲ့ အင်န်အယ်လ်ဒီလှုပ်ရှားမှုတွေအကြောင်း၊ လူကြီး/လူငယ်ဖွဲ့စည်းပုံနဲ့လူအမည်တွေ၊ အာဏာဖီဆန်ရေးလှုပ်ရှားမှုနဲ့ဆိုင်တာတွေ မေးပါတော့တယ်။ ကျနော်လည်း သူတို့မေးသမျှ ဘာမှထိန်ချန်နေစရာမှမရှိတော့ အကုန်အမှန်အတိုင်းတွေပဲ ပြောပါတယ်။
နောက်တော့မှ ကျနော့်အပြင် ဘယ်သူတွေတာဝန်ရှိသေးသလဲဆိုတာကိုပဲ မရမကအတင်းဖိမေး ပါတော့တယ်။ ကျနော်က ဒါဟာ လူငယ်အလုပ်အဖွဲ့က တာဝန်ယူလုပ်တာဖြစ်ပြီး လူကြီးတွေနဲ့မဆိုင်ကြောင်း၊ လူငယ်အလုပ်အဖွဲ့မှာလည်း တာဝန်ခံဖြစ်သူက တာဝန်ခံလုပ်တာဖြစ်ကြောင်း၊ ကျနော်က တာဝန်ခံဖြစ်ကြောင်း၊ တယောက်အဖမ်းခံရရင် အခြားတယောက်ကဆက်ပြီး တာဝန်ခံလုပ်မှာဖြစ်ကြောင်း၊ အခု လုပ်ခဲ့တဲ့ကိစ္စတွေအားလုံးအတွက် ကျနော့်မှာပဲတာဝန်ရှိကြောင်းတွေပြန်ဖြေပါတယ်။ ဒါကိုသူတို့အနေနဲ့ သိတ်လက်ခံချင်ပုံ မပေါ်ပါဘူး။ ဒါပေမယ့် အဲဒီကိစ္စကိုခနဖြတ်ထားပြီး ကျနော်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံခဲ့တာတွေမှာ ကျနော်ဘာတွေပြောပြီး ဒေါ်အောင်ဆန်းစုကြည်က ဘာတွေပြန်ပြောကြောင်းတွေဘက် လှည့်မေးပြန်ပါတယ်။ ဒီတကြိမ်မှာလည်း ကျနော်အမှန်အတိုင်းပဲပြောပါတယ်။ ထိမ်ချန်စရာဘာမှလည်း မရှိတာကိုး။ ဒါကိုလည်း သူတို့ သိတ်ကျေနပ်ပုံမပေါ်ပါဘူး။ ခဏနေတော့ ကျနော့်တယောက်ထဲချန်ထားခဲ့ပြီး သူတို့အကုန် ပြန်ထွက်သွားကြပါတယ်။
တော်လေးကြာတော့ တခါထပ်ဝင်လာပြီး ဆက်မေးပြန်ပါတယ်။ အခုနလူတွေတော့မဟုတ်တော့ ပါဘူး။ လူသစ်တွေဖြစ်နေပါတယ်။ လက်ဘက်ရည်မုန့်၊ စီးကရက်တွေဘာတွေပါချကျွေးလို့၊
ရယ်ရယ်မောမောပြုံးပြုံးရွှင်ရွှင်နဲ့ တကယ့်ကိုမွန်ရည်သူတွေဖြစ်နေပါတယ်။ ကျနော့်ကိုလည်း စစ်သားဟောင်းနဲ့ဒုက္ခိတဖြစ်နေတာကြောင့် စာနာသနားကြောင်း၊ ကျနော် အင်န်အယ်လ်ဒီမှာ လုပ်နေတာကိုလည်းနားလည်တဲ့အကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အင်မတန်တော်ပြီး၊ ထက်မြက်တဲ့ခေါင်းဆောင်ဖြစ်တဲ့အပြင် ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးဖြစ်လို့ သူတို့ကပါ လေးစားနေကြကြောင်းတွေပြောကြပါတယ်။ ကျနော်လည်း သူတို့နဲ့အတူ ပေါ့ပေါ့ပါးပါးအလိုက်သင့်ပြန်ပြော နေခဲ့ပါတယ်။ တယောက်ကထပြီး ဒေါ်အောင်ဆန်းစုကြည် ဒေါက်တာမိုက်ကယ်လ်အဲရစ်ကို အိမ်ထောင်ပြုတာနဲ့ပတ်သက်လို့ မင်းဘယ်လိုထင်သလဲလို့မေးပါတယ်။ ကျနော်က ဒါဟာ လူတယောက်ခြင်းစီရဲ့ ကိုယ်ရေးကိုယ်တာလွတ်လပ်ခွင့်နဲ့သာဆိုင်တဲ့အတွက် ဘာမှတ်ချက်မှ မပေးလိုကြောင်း ပြောလိုက်ပါတယ်။ ဒီလူပါးစပ်ကဘာမှတော့မပြောပေမယ့် သူတို့အရိပ်အကဲကြည့်ရတာမှာ ဒေါတော့နည်းနည်းပွသွားကြတယ်ထင်တာပါပဲ။
နောက်တော့ ပထမမေးပြီးသားမေးခွန်းတွေကိုပဲ ပြန်မေးကြပြန်ပါတယ်။ ကျနော်လည်း ပထမအဖြေတွေပဲပြန်ပေးပါတယ်။ ဒီတင် ဖိုင်လ်တခုကျနော့်ရှေ့ချပြီး မင်းတို့ဘာတွေလုပ်နေတယ်၊ ဘယ်သူတွေပါတယ်ဆိုတာ ငါတို့ အကုန်သိပြီးသားပါကွာ၊ မင်း ဘာပြောမလဲသိချင်လို့ မေးနေတာပါ၊ လိမ်မယ်တော့မကြံနဲ့။ ဒီမှာ ငါတို့အကုန်ရထားပြီးသားဆိုပြီး ဖိုင်လ်တခုကို ဘုတ်ဘုတ် ဘုတ်ဘုတ် အသံမြည်အောင် ပုတ်ပြပါတယ်။ ကျနော်က အင်န်အယ်လ်ဒီဟာ တရားဝင်ပါတီဖြစ်တာရယ်၊ ကျနော်တို့အောက်ခြေအဆင့်အလုပ်အဖွဲ့တွေမှာလည်း ထိပ်တန်းအဆင့်လျှို့ဝှက်မှတ်တမ်းရယ်လို့မှ မရှိတာဆိုတော့ တခုခုကို သူတို့သိထား၊ ရထားဦးတောင် ဘာမှတော့ပြဿနာမရှိပါဘူး။ လူထုနဲ့အောက်ခြေပါတီဝင်ထု သိခွင့်ရှိတဲ့အကြောင်းအရာတွေချည်းပဲဖြစ်မှာမို့လို့ သိတ်တော့ အလေးအနက်မထားမိတာအမှန်ပါပဲ။
ဒီမှာတင် တယောက်က မင်းကို ငါတို့က အေးအေးဆေးဆေးမေးနေတာ မင်းကငါတို့နဲ့ ပူးပေါင်းဆောင်ရွက်မှုမရှိဘူး။ အခုထပ်မေးဦးမယ်။ ဒါမှ မင်းဘက်က ဂဂျီဂဂျောင်လုပ်နေဦးမယ်ဆိုရင်တော့ မင်းထိုက်နဲ့မင်းကံပဲဟေ့ကောင်၊မတတ်နိုင်ဘူး၊ အခု ငါတို့အဖွဲ့က အေးဆေးသမားတွေ၊ မင်း နောက်တွေ့ရမယ့် ဆရာကြီးတွေကတော့ ငါတို့လိုမဟုတ်ဘူးနော်၊ အဲဒါကြိုပြောထားတာ၊ နောက်မှ ငါတို့အဆိုးမဆိုနဲ့ဆိုပြီးပြောတော့ ကျနော် စိတ်ထဲထိတ်ကနဲဖြစ်မိရပါတယ်။ ဒါပေမယ့် ကျနော်ထိန်ချန်ထားတာဘာတခုမှ မရှိတာဆိုတော့ ဘယ်လိုမေးမေး ဒီအဖြေကလွဲလို့ဘာမှ ပေးစရာမှမရှိတာပဲလေဆိုပြီးတော့ တွေးမိပါတယ်။ ပြန်ဆက်ကြတော့လည်း မေးပြီးသားအမေးနဲ့ ဖြေပြီးသားအဖြေတွေချည်းပါပဲ။ ကဲ..ဟေ့ကောင်၊ မတတ်နိုင်တော့ဘူး၊ ငါတို့ဘက်ကတော့ကုန်ပြီ၊ မင်း ကိုယ့်ဘဝသာ ကိုယ်တွေးထားပေ တော့လို့ပြောပြီး အားလုံးပြန်ထွက်သွားကြပါတော့တယ်။
ကျနော်လည်း အခန်းထဲမှာ တယောက်ထဲ စိုးရိမ်စိတ်အားငယ်စိတ်တွေဝင်ပြီး ကျန်နေခဲ့ပါတယ်။ ခေါင်းထဲမှာလည်း အတွေးတွေက ရှုပ်ထွေးပြီး နောက်ကျိနေပါတယ်။ လူလည်းပင်ပမ်းပြီး ခြေကုန်လက်ပမ်း ကျနေသူလိုဖြစ်နေပါတယ်။ ဘာ စားချင်သောက်ချင်စိတ်မှလည်း မရှိတော့ပါဘူး။ နောက်လာမယ့် ဆရာကြီးတွေဆိုတာ ဘယ်လိုလူမျိုးတွေလဲ။ ငါ့ကို ဘာတွေများလုပ်ကြဦးမှာလဲဆိုပြီး တွေးနေမိပါတယ်။
အဲဒီအချိန်မှာပဲ နောက်ဘက်က ဝုန်းကနဲ တံခါးဆောင့်ဖွင့်လိုက်သံနဲ့အတူ လူ၃ယောက် အခန်းထဲကိုဝင်ချလာပါတော့တယ်။ ကျနော် နောက်လှည့်ကြည့်လိုက်တယ်ဆိုရင်ပဲ ကုပ်ပိုးပေါ်ဖျောင်းကနဲ ကျလာတဲ့လက်ဝါးစောင်းနဲ့အတူ ဟေ့ကောင် နောက်ပြန်လှည့်ထားဆိုတဲ့အသံကြီး ဟိန်းထွက်လာပါတော့ တယ်။
နောက်တပတ်ဆက်ပါဦးမယ်။
ကျနော်မျိုးမြင့်ပါခင်ဗျား။
မျိုးမြင့်။
0 comments:
Post a Comment