Thursday, March 15, 2012

စစ်မြေပြင်မှပုံရိပ်များ (အပိုင်း ၅၄) (မျိုးမြင့်ချို)

0 comments

စစ်မြေပြင်မှပုံရိပ်များ (အပိုင်း ၅၄) မတ်ခ်ျလ ၁၅ ရက် ၂၀၁၂ နေ့က အာရ်အက်ဖ်အေမှထုတ်လွှင့်ပြီးဖြစ်ပါတယ်။
            ဆိုင်ကအထွက် ဆိုင်တံခါးကိုလျော့တိလျော့ရဲလေးမှီပြီး တွေတွေငေးငေးမျက်လုံးတွေနဲ့ ကျနော့်ကိုကြည့်နေတဲ့အမေ့ကိုမြင်တော့ စိတ်ထဲခံစားမှုတမျိုး ဖျတ်ကနဲတချက်ဖြစ်လိုက်မိပါတယ်။ အဲဒီအချိန်မှာပဲ ဆိုင်ရှေ့မုန်းဟင်းခါးဆိုင်က ကောင်မလေးတယောက်က "ဟယ်.. ဦးမျိုးမြင့်ကြီးကို လာဖမ်းတာတော့" လို့ အော်လိုက်တော့မှပဲ ဆိုင်းနီးနားချင်းတွေနဲ့အနားကလူတချို့ သိသွားကြတာပါ။ ကျနော့်စိတ်ထဲမတော့ "ငါ့ကို လာဖမ်းတာတော့ လူတွေသိကုန်ကြပြီ၊ တော်ပါသေးရဲ့" လို့တွေးမိလိုက်ပါတယ်။ ဘာပဲပြောပြော လူမသိသူမသိဖမ်းခေါ်သွားတာထက်စာရင် လူတွေသိထားတာက ပိုကောင်းမယ်လို့ထင်မိတာကြောင့်ပါပဲ။ ဆိုင်ကနေရဲစခန်းကိုအသွား လမ်းတလျှောက်မှာလည်း ကျနော် အဖမ်းခံရပြီဆိုတာသိသူတချို့က အားပေးနှုတ်ဆက်ကြတော့ စစ်ထောက်လှမ်းရေးက "မင်း.. ရုတ်ရုတ်.. ရုတ်ရုတ်တော့မလုပ်နဲ့နော်၊ အေးဆေးလိုက်ခဲ့..မင်းကိုဘာမှမလုပ်ဘူး..အေး..အဲသလိုမဟုတ်လို့ကတော့ ဟိုရောက်ရင်တွေ့မယ်" တဲ့။ အသံအုပ်အုပ်နဲ့ ကြိမ်းပါသေးတယ်။

        ရဲစခန်းထဲရောက်တော့ ကျနော့်ကိုစခန်းမှူးစားပွဲနောက်ကအခန်းကျဉ်းလေးတခုထဲသွင်းလိုက်ပါတယ်။ နောက်တော့ ကျနော့်ကိုအခန်းပြင်ထုတ်ပြီး စခန်းမှူးစားပွဲမှာထိုင်ခိုင်း၊ အသင့်ဖြည့်ထားတဲ့စာရွက်တွေပေါ်မှာ လက်မှတ်ထိုးခိုင်းတာတွေလုပ်ပါတယ်။ စားပွဲရှေ့မျက်နှာချင်းဆိုင်ကုလားထိုင်မှာ ထိုင်နေတဲ့စခန်းမှူးက ကျနော့်ကိုတချက်ကလေးတောင်မျက်လုံးချင်းဆိုင်ပြီး မကြည့်ပါဘူး။ သူ့မျက်နှာမှာ အားနာတာလိုလို စိတ်မကောင်းတာလိုလို အရိပ်တချို့ပေါ်နေတာတော့ ထင်ရှားပါတယ်။ အနားမှာဘယ်သူမှမရှိတာနဲ့ ကျနော်က စခန်းမှူးကို "ကျနော့်ကိုဖမ်းတာလားဗျ၊ ဖမ်းတာဆိုလည်း ဘာကြောင့် ဘာပုဒ်မနဲ့ဖမ်းတာလဲ"လို့ မေးတော့ သူက "မျိုးမြင့်ရာ..လက်မှတ်ထိုးမှာသာ ထိုးလိုက်စမ်းပါကွာ၊ ငါတို့နဲ့မဆိုင်ပါဘူး၊ ငါတို့ဖမ်းတာလည်းမဟုတ်ပါဘူး"လို့ မျက်နှာပျက်ပျက်နဲ့ပြောတော့ ကျနော်က "ဒါဆို သူတို့ဖမ်းတာလား၊ သူတို့က ဘယ်သူတွေလဲ"လို့ထပ်မေးမိပါတယ်။ "ထောက်လှမ်းရေးကပါကွာ၊ ဟိုကျတော့မင်းသိမှာပါ၊ ငါတို့နဲ့မဆိုင်ပါဘူး"လို့ မျက်နှာချင်းမဆိုင်ပဲဖြေပါတယ်။ ကျနော်လည်း သူဖြေရခက်နေတာကိုတွေးမိပြီး မေးမိတာကိုတောင် အားနာသလိုဖြစ်မိပြန်ပါတယ်။
          ဒီစခန်းမှူးက ၈၈ တုန်းက ကျနော်တို့နဲ့အတူ ရပ်ရွာလုံခြုံရေးကိစ္စတွေမှာပါခဲ့ဖူးသူ၊ မဆလတပါတီစနစ်ကိုဆန့်ကျင်ခဲ့ဖူးသူ၊ ခဏတဖြုတ် လူထုဘက်သားဖြစ်ခဲ့ဖူးသူဆိုတော့ ခုနေခါမှာအနေရ အထိုင်ရကြပ်နေပုံပါပဲ၊ နောက်တခုကလည်း သူက ကျနော့်အကိုကြီးနဲ့အတော်ရင်းနှီးတဲ့ မိတ်ဆွေဖြစ်နေတာလည်း ပါမယ်ထင်ပါတယ်။ ကျနော်လည်းဘာမှဆက်မေးမနေတော့ပဲ သူပြတဲ့နေရာတွေမှာ လက်မှတ်တွေထိုးပေးလိုက်ပါတယ်။ ပြီးတော့မှ စခန်းမှူးကို ဆေးလိပ်သောက်ချင်ကြောင်း၊ ရေဆာကြောင်းပြောတော့သူက ဆေးလိပ်ဗူးထိုးပေးပြီး အခန်းထောင့်ကရေအိုးစင်ကို လက်ညှိုးထိုးပြပါတယ်။ ကျနော်က အိပ်ထဲကဆေးလိပ်ဗူးကိုပုတ်ပြပြီး ရေအိုးစင်ဆီလျှောက်သွားရင်း အပြင်ကိုမသိမသာအကဲခတ်ကြည့်တော့မှ အပြင်ဘက်ဆူးလိမ်ကြီုးနားမှာ မိုးတိုးမတ်တပ်နဲ့ စခန်းဝင်းထဲကိုကြည့်နေကြတဲ့ လူ ၃-၄ ဆယ်လောက်ကို မြင်လိုက်ပါတယ်။ သိသူတချို့ပါပေမယ့် အများစုကိုတော့လူလုံးမကွဲတာနဲ့ ဆေးလိပ်မီးညှိတော့မလိုလုပ်ပြီး စခန်းလှေကားထစ်တွေအောက်ကို ဆင်းချလိုက်ပါတယ်။ ကျနော့်ကိုမြင်တော့ လက်ညှိုးထိုးပြသူထိုးပြနဲ့ လူအုပ်လည်း နည်းနည်းလှုပ်လှုပ်ရှားရှားဖြစ်သွားပါတယ်။

            ကျနော်လည်း ပြန်လက်ပြနှုတ်ရင်း ဆက်ဆင်းချလိုက်ပါတယ်။ ဒီတော့မှ လူအုပ်အစွန်းနားလေးက ရပ်ထားတဲ့ဆိုက္ကားပေါ်မှာ ကျနော့်ကိုမျက်နှာလွှဲပြီး တင်ပလွှဲထိုင်နေတဲ့ လူငယ်တာဝန်ခံ (၃)ကို မြင်လိုက်ရပါတယ်။ သူများတွေနှုတ်ဆက်နေချိန်မှာ သူက ဘာလို့မျက်နှာလွှဲပြီးထိုင်နေတာပါလိမ့်လို့ စိတ်ထဲအတွေးတချက်ပေါ်လိုက်တုန်းမှာပဲ ကျနော့်နောက်က "ကဲ..ဟေ့ကောင်၊ သွားမယ်၊ မင်းဆေးလိပ်က နောက်မှသောက်၊ အချိန်မရှိဘူး၊ လာ..ကားပေါ်တက်"ဆိုတဲ့အသံထွက်လာပါတယ်။ စခန်းရှေ့မှာရပ်ထားတဲ့ E-2000 ကားလေးပေါ်ကျနော့်ကို အရင်တက်ခိုင်းပါတယ်။ ကားက အတွင်းပိုင်းအလယ်လောက်ကနေစပြီး ဘေးဘက်တွေအကုန်လုံးကို အလုံပိတ်ကာထားပြီး ကြမ်းပြင်ပေါ်မှာလည်း သစ်သားခေါက်တံခါးလေးတချပ် ချထားပါတယ်။ ဂျိုင်းထောက်ကို့ရို့ကားယားနဲ့ တက်ရခက်နေတုန်းမှာပဲ နောက်ကနေဆွဲမပြီး
ဆောင့်တွန်းလိုက်လို့ ကားဝမ်းထဲ ကျနော်ဒလိမ့်ခေါက်ကွေးကျသွားပါတယ်။ ဒူးနဲ့တတောင်ဆစ်တွေလည်း ကားကြမ်းနဲ့ဆောင့်မိပြီး ကျင်ထွက်သွားပါတယ်။ ပြန်ထဖို့ကုန်းကုန်းကွကွနဲ့အားယူနေတုန်းမှာပဲ "ဟေ့ကောင် ရှေ့တိုး ရှေ့တိုးဆိုပြီး"နောက်ကနေဆောင့်ကန်တာ ခံလိုက်ရပြန်ပါတယ်။ မေးစေ့နဲ့ကြမ်းပေါ်က သစ်သားတံခါးလေးဆောင့်မိပြီး မျက်လုံးတွေပြာကုန်ပါတယ်။

            ကျနော် အလုံပိတ်အတွင်းခန်းလေးထဲရောက်သွားတော့မှ နောက်လှည့်ထိုင်ခိုင်းပြီး ခေါင်းကို မာခေါက်ခေါက်အဝတ်စကြီးတခုနဲ့ အုပ်ချလိုက်ပါတယ်။ အဲဒါကြီးဟာ ခေါင်းစွပ်ဖြစ်မှန်း အဲဒီတုန်းက မသိခဲ့ပေမယ့် ညှီနံ့လိုလို၊ သွေးနံ့လိုလို၊ ကြမ်းပိုးနံ့လိုလို ဘာမှန်းမသိတဲ့အနံ့ဆိုးတွေနဲ့ တော်တော့ကို မသတီချင်စရာကောင်းမှန်းတော့ အသေအချာ့ကိုသိမှတ်မိလိုက်ပါတယ်။ အဲဒီအနံ့ဆိုးကြီးဟာ နောင်နှစ်ပေါင်းများစွာကြာတဲ့အထိ ကျနော့် မသိစိတ်မှာရော သိစိတ်မှာပါစွဲထင်နေပြီး ပြန်တွေးမိတိုင်း အော့နှလုံးနာရတဲ့အဖြစ်ပါပဲ။

            တယောက်က"ဟေ့ကောင်..ငြိမ်ငြိမ်ဆိမ်ဆိမ်လိုက်ခဲ့၊ အော်မယ်ဟစ်မယ်တော့မကြံနဲ့၊ မသာပေါ်သွားမယ်ဘာမှတ်လဲ၊ မင်းအခု တို့လက်ထဲမှာ၊ ကောင်းကောင်းမွန်မွန်နေ၊ မနေလို့ကတော့ ဟိုရောက်ရင်တွေ့မယ်၊ ကိုယ့်ဘဝကိုယ်တွေးထား"ဆိုပြီး အံကြိတ်သံနဲ့ ခြိမ်းခြောက်ပြန်ပါတယ်။ ကျနော်လည်း ဘာမှပြန်ပြောမနေတော့ပဲ ဒူးနဲ့တံတောင်ဆစ်ကို ပွတ်ပြီးစမ်းကြည့်မိပါတယ်။ တံတောင်ဆစ် ရောဒူးမှာပါစေးထန်းထန်းနဲ့ သွေးတွေစို့နေပါရော့လား။ အသာပြန်ထိုင်နေတုန်း ကားက မောင်းထွက်လာပါတယ်။ အပြင်ကိုလည်းဘာမှမမြင်ရ။ မှောင်မဲပြီးတိတ်ဆိတ်နေတာဆိုတော့ စိတ်ထဲခြောက်ခြားမိသလိုဖြစ်ရပါတယ်။

            ပိုဆိုးတာက ကျနော့်အတွေးတွေပါ။ စဖမ်းချိန်ကနေ ခုချိန်ထိ "ဟိုကျရင် တွေ့မယ်၊ ဟိုရောက်ရင်သိမယ်"ဆိုပြီး ၃ ကြိမ်တိုင် သူတို့ ကျနော့်ကို ကြိမ်းမောင်းခဲ့ကြပြီးပါပြီ။ သူတို့ပြောတဲ့ “ဟို“ ရောက်ရင်ဆိုတာဘာလဲ၊ “ဟို“ ဆိုတာ ဘယ်နေရာလဲ၊ အဲဒီ "ဟို"ကို ရောက်ရင် ကျနော့်ကို ဘာများလုပ်ကြဦးမှာလဲ၊ ခု "ဟို" တောင် မရောက်သေးဘူး၊ တွေ့တွေ့ချင်းဆောက်နဲ့ထွင်းတာနဲ့တင် မသက်လှပါလား"ဆိုပြီး ကြောက်စိတ်တွေ ဝင်စပြုလာပါတော့တယ်။
နောက်တပတ်ဆက်ပါဦးမယ်။
ကျနော်မျိုးမြင့်ပါခင်ဗျား။
မျိုးမြင့်။

0 comments:

Post a Comment