စစ်မြေပြင်မှပုံရိပ်များ (အပိုင်း ၅၂) မျိုးမြင့်ချို မတ်ခ်ျလ ၁ ရက် ၂၀၁၂ နေ့မှာ အာရ်အက်ဖ်အေက ထုတ်လွှင့်ပြီးဖြစ်ပါတယ်။
ဇွန်လ ၂၁ရက် မြေနီကုန်းနှစ်ပတ်လည်နေ့နောက်ပိုင်းမှာ ကျနော်တို့မြို့ကလေးရဲ့ အန်အယ်လ်ဒီလှုပ်ရှားမှုဟာ တဟုန်ထိုး တက်လာပါတယ်။ တပြိုင်ထဲမှာ အာဏာဖီဆန်ရေးလှုပ်ရှားမှုကလည်း ရန်ကုန်ကိုဗဟိုပြုပြီးကြီးထွားလာပါပြီ။ ကျနော်တို့လူငယ်အလုပ် အဖွဲ့လည်း အင်အားဖြည့်တိုးချဲ့ပြီးပြီ။ အစောပိုင်းက ခတ်ငြိမ်ငြိမ်ဖြစ်နေတဲ့ လူကြီးပိုင်းကတချို့လည်း ကျနော်တို့နဲ့အတူ ထက်ထက်သန်သန် ဖြစ်လာနေပြီ။ တကယ်လို့ တယောက်ယောက်အဖမ်းခံခဲ့ရရင် ဘယ်သူက၊ ဘာတာဝန်ယူပြီး၊ ဘယ်လိုဆက်လုပ်ကြမယ်ဆိုတဲ့ ဆွေးနွေးထား ချက်တွေလည်းရှိထားပြီဆိုတော့ အတော်အားရစရာကောင်းတယ်လို့ဆိုရ မှာပါပဲ။
တဘက်မှာ အင်တိုက်အားတိုက်နဲ့ ကျနော်လုပ်နေပေမယ့် တဘက်မှာ အမေ့မျက်နှာတနေ့တခြား ညှိုးညှိုးလာတာကိုလည်း သတိတော့ပြုမိပါတယ်။ "မပူပါနဲ့အမေရာ၊ အဖမ်းတော့မခံရလောက်ပါဘူး။ တကယ်လို့ ဖမ်းဦးတောင် ခဏပဲနေမှာပါ၊ နောက်ပြီး ဒေါ်အောင် ဆန်းစုကြည်ကိုယ်တိုင်တောင် ခေါင်းဆောင်လုပ်နေတာပဲ အမေရာ၊ ဖမ်းစရာရှိ သူ့အရင်ဖမ်းမှာပေါ့၊ သူတောင် အဖမ်းခံရဲသေးတာ၊ ကျနော် တို့က ဘာလို့ အဖမ်းမခံရဲရမှာလဲ" ဆိုပြီး မတင်မကျအားပေးစကားနဲ့ အမေ့ကိုနှစ်သိမ့်နေရပေမယ့် ကိုယ်တိုင်လည်းအဖမ်းခံရမှာကိုတော့ ထိတ်တော့ထိတ်နေခဲ့မိပါတယ်။
ဒီလိုနဲ့ နောက်ဆုံးတော့ အမေတကယ့်ကို စိတ်နှလုံးပူပန်ခဲ့ရတဲ့နေ့ကိုရောက်လာပါပြီ။ အဲဒီနေ့မတိုင်ခင် တပတ်လောက်ကပဲ ကျနော် ဒေါ်အောင်ဆန်းစုကြည်နဲ့ တကြိမ်ထပ်တွေ့ဖြစ်ပါတယ်။ သူလည်း အလုပ်တွေများပြီး အတော်လေး ပင်ပန်းနွမ်းနယ်နေပုံပါပဲ။ ကျနော်လည်း မြို့နယ်နဲ့၊ မြို့ကလေးရဲ့ လူကြီး/လူငယ်အနေအထား၊ အာဏာဖီဆန်ရေးလှုပ်ရှားမှုနဲ့ ပတ်သက်လို့ကျနော်တို့ လုပ်ကိုင်ပြင်ဆင်ထားမှု စတာ တွေလောက်ကိုသာ အကျဉ်းချုပ်တင်ပြခဲ့ပြီး ပြန်ခဲ့ပါတယ်။ ပြန်ခါနီးမှာ ဒေါ်အောင်ဆန်းစုကြည်က "သား..အဖမ်းအဆီးတွေတော့ ရှိလာနိုင် တယ်နော်၊ ဂရုတော့စိုက်ပါ၊ လုပ်စရာရှိတော့ လုပ်ပါ" ဆိုတာလောက်ပဲ ပြန်ပြောခဲ့ပါတယ်။
အဖမ်းခံနိုင်ငံရေး၊ အကြမ်းမဖက်အာဏာဖီဆန်ရေးကို တွန်းထိုးလုပ်နေရတာမို့ ကျနော်ကိုယ်တိုင်က စိုးရိမ်စိတ်၊ ကြောက်စိတ်တွေပြ မိလို့ နောက်ကလူငယ်တွေပါ လန့်ကုန်ရင်ခက်မယ်ဆိုပြီး ဟန်ကိုယ့်ဖို့နဲ့ မာန်တင်းလုပ်နေရတာဖြစ်ပါတယ်။ တကယ်က ကျနော်လည်း အဖမ်း မခံချင်ပါဘူး။ ထောင်ထဲလည်း သွားမနေချင်ပါဘူး။ တခါတလေ လူငယ်တွေနဲ့စကားဝိုင်းမှာ လွတ်လပ်ရေးခေတ်ဦး တို့ဗမာအစည်းအရုံးကြီး က သခင်လူငယ်တွေပြောခဲ့ကြတဲ့ သခင်ပေါက်စ ထောင်ခြောက်လဆိုတာကို ရဲဆေးတင်တဲ့အနေနဲ့ ထောင်ကျမှာကိုထီမထင်လေဟန်သာ ပြောပြရပေမယ့် ဒီခေတ်မှာ ထောင်ဟာ ခြောက်လမဖြစ်နိုင်ဘူးဆိုတာလည်း တွက်မိခဲ့ပါတယ်။
အဲဒီညက အိပ်မပျော်တာနဲ့ ဟိုတွေးဒီတွေးတွေးရင်း ကျနော် အဖမ်းခံရမှာ တကယ်ကြောက်နေတာလား။ ဘာကိုကြောက်တာလဲ။ ဘာလို့ကြောက်ရတာလဲ စတာတွေ တသီတတန်းကြီး စဉ်းစားမိခဲ့ပါတယ်။ ဒီတော့မှရေးရေးမြင်မိတာက "ကျနော် အဖမ်းခံရမှာ ကြောက်နေတယ်ဆိုတာ ဟုတ်ပါတယ်။ ဒါပေမယ့် ကိုယ့်အတွက်ကိုယ်စိုးရိမ်စိတ်တော့ တစက်မှမရှိပါဘူး။ ကျနော် တကယ်စိုးရိမ်နေတာက အမေ့နဲ့ မိသားစုအတွက်ပါပဲ။ ကျနော် တကယ်လို့အဖမ်းခံရရင် အမေဘယ်လိုနေရှာမလဲ။ ကျန်တဲ့သားသမီးတွေ သူ့အနားမှာရှိနေသေးတယ် ဆိုပေမယ့် ဒုက္ခိတဖြစ်နေတဲ့၊ ထောင်ထဲရောက်သွားမယ့်ကျနော့်အတွက် အမေ ပိုပူရပန်ရမှာပါလား။ နောက်ပြီး စစ်တပ်ထဲမှာရှိနေတဲ့ ကျနော့် အထက်က အကို။ သူက ရိုးရိုးအေးအေးနေတတ်သလို တခုခုဆို အလွန်အမင်းကြောင့်ကြ ပူပန်တတ်သူပါပဲ။ ၈၈ မတိုင်မီအချိန်တုန်းကများ ဆိုညီအကိုမောင်နှမ မိသားစုအပေါ်သံယောဇဉ်ကြီးပုံကလည်း သူ့သူငယ်ချင်းတွေက သူ့ကို ဦးအိမ်သတိရလို့ပြောရလောက်အောင်ကို နံမည် တွင်ခဲ့သူဖြစ်ပါတယ်။ သူ့တပ်က မြို့ထဲမှာဆိုပေမယ့် ဂျူတီချိန်ကုန်တာနဲ့ ယူနီဖေါင်းလဲပြီး တနာရီအချိန်ရရင်တနာရီ အိမ်ပြန်ပြန်လာတတ် သူပါ။ နိုင်ငံရေးဆိုတာကိုလည်း ဝေရာမဏိ ဝေးဝေးကရှောင်ကြဉ်သူပါ။ ကျနော့်ကြောင့် သူများတခုခုဖြစ်သွားရင်ဆိုတာလည်း ပါပါတယ်။ နောက် တခုက အစ်မလတ်ပါ။ အစ်မလတ်က အဲဒီတုန်းက အလယ်တန်းပြဆရာမ ဖြစ်ပါတယ်။ ဆရာမဘဝနဲ့ဆရာမအလုပ်ကိုလည်း တကယ့်ကို မြတ်မြတ်နိုးနိုးတန်ဖိုးထားတဲ့သူဖြစ်ပါတယ်။ အစိုးရဝန်ထမ်းတွေကို နိုင်ငံရေးကင်းရှင်းကြောင်း လက်မှတ်ခေါ်ထိုးခိုင်းတုန်း ကများဆို သူ့ခမျာ ကြောက်လို့ကတုန်ကယင်တွေတောင် ဖြစ်ခဲ့ရရှာပါတယ်။ ကျနော်လုပ်နေတာတွေကို တားမရလို့မပြောပေမယ့် သူ့ စိတ်ထဲတော့ အမြဲလိုလို တထင့်ထင့်ဖြစ်နေမှာတော့ သေချာပါတယ်။ နောက်တချက်ကတော့ အကိုအကြီးဆုံးကြောင့်ပါပဲ။ အဖေမရှိ တော့တဲ့နောက် အကိုကြီးဟာ အငယ်တွေအားလုံးအပေါ် ဖခင်တယောက်လို စောင့်ရှောက်အုပ်ထိမ်းခဲ့ပါတယ်။ ကိုယ်ပိုင်အင်္ဂလိပ်စာ နည်းပြသင်တန်းလေးကရတဲ့ သူ့ဝင်ငွေဟာ မိသားစုအတွက် တက်တက်ပြောင်ရတာချည်းဖြစ်ပါတယ်။ ကျနော်ကြောင့် အမေစိတ်ပူရ၊ အကိုတွေ အစ်မတွေအလုပ်ပြုတ်ရ၊ အကိုကြီး ကျူရှင်လေးအပိတ်ခံရဆိုရင်တော့ ပြဿနာပဲ။ အိမ်ရဲ့စားဝတ်နေရေးပါ အကုန်ထိခိုက် ကုန်တော့မှာလားလို့တွေးမိပြီး အဲဒီည တညလုံးအိပ်မပျော်ပဲ မိုးစင်စင်လင်းခဲ့ရပါတော့တယ်။
နောက်တပတ်ဆက်ပါဦးမယ်။
ကျနော် မျိုးမြင့်ပါခင်ဗျား
မျိုးမြင့်
0 comments:
Post a Comment