Tuesday, February 28, 2012

Air Force One မန္တလေးနှင့် Dayton တက္ကသိုလ် (၃) (မျိုးမြင့်ချို)

0 comments

Air Force One မန္တလေးနှင့် Dayton တက္ကသိုလ် (၃) ကျနော်တို့ လေယဉ်ရုံပြခန်းကြီးတွေထဲလျှောက်ကြည့်ရင်း တနေရာရောက်တော့ ဟိုက်ဒရိုဂျင်ဗုံးကြီးတလုံး ချပြထားတာတွေ့ရ၏။ ထိုဗုံးအမျိုးအစားသည် အနုမြူဗုံးထက် ပိုအဖျက်စွမ်းအားကြီးကြောင်း၊ ထိုဗုံးကြီးအား 
ဘယ်တုန်းက ဘယ်အရပ်တွင်စမ်းသပ်ဖေါက်ခွဲကြည့်ခဲ့ကြောင်း၊
ပြင်းအား ဘယ်လောက်ရှိကြောင်းတွေရေးပြထားသည့်အပြင်  
ထိုဗုံးကြီးခွဲချိန်ကဓါတ်ပုံကိုလည်း ပုံကြီးချဲ့ကာနောက်ခံကားအဖြစ် ပြထားသေး၏။  အနုမြူဗုံးတွေက လက်မတထောင်ထောင်နှင့်ဂုဏ်မာန်ဝင့်နေသလောက် ထိုဗုံးကြီးကတော့ကိုယ်စွမ်းကိုယ်စမပြရသေးသဖြင့် အံတကြိတ်ကြိတ်နှင့်သိမ်ငယ်နေပုံပေါ်နေ၏။ သူ့ကို ကြော်ညာထိုးပြီးတာမှန်သော်လည်း တကယ့်လက်တွေ့စစ်ပွဲတွေမှာချမသုံးရသေး။ လက်နက်ဆန်းဆိုတာမျိုးက ထုတ်ထား၊ စမ်းသပ်ပြီးသားဖြစ်ရုံနှင့်မရ။ လက်တွေ့ပြဖို့လို၏။ လက်တွေ့ပြနိုင်မှလည်း ဝယ်သူကြိုက်၏။ ကြိုက်မှလည်း အဝယ်လိုက်မည်။ အဝယ်လိုက်မှလည်း စီးပွားဖြစ်မည်မဟုတ်လား။ လူသတ်လက်နက်ဆိုသည်က တချက်တည်းနှင့်လူများများသတ်နိုင်လေလေ ဂုဏ်ရှိရှိလေဖြစ်ရသည်မှာ ဓမ္မတာ။ ဤတွင်ကြော်ညာလိုလာ၏။ သို့သော် လူ့အသုံးအဆောင်နှင့်ဆေးဝါး စသည်တို့ ကြော်ညာသလိုလုပ်လို့မရ။ မဖြစ်။ သူက ကိုယ်ဟန်ပြမယ်လေးတွေမလို၊ ရှူခင်းလှလှနှင့် သီချင်းကောင်းကောင်းတွေမလို။ လိုသည်က စစ်။ စစ်မြေပြင်နှင့်လူသတ်ကွင်းဖြစ်၏။ သည်တွင် စစ်အကြီးစားတွေမဟုတ်ပဲ အကန့်အသတ်နှင့်စစ်အသေးစားလေးတွေ၊ ဒေသိယဆန်သည့်စစ်ပွဲလေးတွေ ပေါ်လာကြ၏။ ဤစစ်ပွဲလေးတွေကား လက်နက်အစစ်တွေအတွက် ပြပွဲအစစ်တွေဖြစ်ရ၏။ လက်နက်သစ်များ လက်တွေ့စမ်းသပ်ပြရင်း အပြိုင်အဆိုင်ကြော်ညာကြတော့၏။ ကမ္ဘာပေါ်တွင် လက်နက်ရောင်းပြီး စီးပွားအဖြစ်ဆုံးနိုင်ငံများတွင် အမေရိကန်ကထိပ်ဆုံးမှာရှိ၏။ ရုရှားတို့၊ ပြင်သစ်တို့၊ အင်္ဂလန်တို့၊ တရုပ်တို့ကလည်းအားကျမခံ။ လက်နက်တွေထုတ်၏။ ကြော်ညာ၏။ ဈေးကွက်တင်၏။ ရောင်း၏။ ပြီးတော့ သူတို့တတွေကပဲ ကမ္ဘာ့ငြိမ်းချမ်းရေးဆိုပြီး အသံအကျယ်ဆုံးကြွေးကြော်ကြပြန်၏။ ဘယ်လိုနားလည်ရမှန်းပင် မပြောချင်တော့။ ဒါ့အပြင် အရေးကြီးတာတခုလည်းရှိသေး၏။ အခြေအနေတချို့နှင့် နိုင်ငံတကာအခင်းအကျင်းတချို့တွင် နိုင်ငံတို့၏စစ်အင်အားနှင့်နည်းပညာပါဝါကိုပြပြီးမှ နိုင်ငံရေးသမားတို့ အသာစီးကအပြီးချည်ကာ ဖိကစားနိုင်မည်မဟုတ်လား။ သည်တော့ လက်နက်ဆန်းတွေအပြိုင်အဆိုင်ထုတ်ကြ၊ စမ်းသပ်ကြ၊ ကြော်ညာကြ၊ ရောင်းဝယ်ဖေါက်ကားကြနှင့် ကမ္ဘာမြေသည်မည်သည့်အခါမျှ မုဆိုးရာသီလည်းမကုန်၊ လေးနှင့်မြားလည်းဘေးချလို့မရတော့။ ထိုအခြေအနေတွေကြည့်ပြီး ဟိုက်ဒရိုဂျင်ဗုံးကြီးက "ငါ့အလှည့်ကျရင် မိုးကြိုးပါပစ်ချလိုက်ဦးမည်" ဟုတွေးကာ "နေသေးသပခြုံထဲက ချိုသွေးတမြမြ"ဖြစ်နေတာလည်းဖြစ်နိုင်၏။

         နောက်တနေရာရောက်တော့ ရန်သူ့ရေဒါစက်ကွင်းတွေကလွတ်အောင်ရှောင်တိမ်းကာ ပစ်မှတ်တွေအပေါ်ဗုံးကြဲချနိုင်သည့် Stealth လေယဉ်ကြီးတစင်းချပြထား၏။ လေယဉ်ကြီးကိုသေချာကြည့်မှ ငါးလိပ်ကျောက်လိုလို ငါးလိပ်စွန်လိုလို။ တန်ဖိုးသိတ်ကြီးလွန်းသဖြင့် လေတပ်တွင်အမြဲတမ်းမသုံးကြသေးဟု တယောက်ကရှင်းပြ၏။ ကုန်တင်လေယဉ်ကြီးတွေကလည်း ဧရာမအကောင်ကြီးတွေဖြစ်၏။ တင့်ကားအကြီးစား (၁) ဒါဇင်လောက်သယ်နိုင်မည့် အရွယ်တွေလားမှတ်ရ၏။ နောက်တော့ ဟိုကြည့်ဒီကြည့်၊ ဟိုမေးဒီမေး၊ ဟိုနားဓါတ်ပုံရိုက် ဒီနားဓါတ်ပုံရိုက်နှင့် ဧည့်ကြိုကောင်တာတခုသို့ရောက်၏။ တာဝန်ရှိသူက သူ့ကိုယ်သူမိတ်ဆက်ပြီး စကားနည်းနည်းပါးပါးပြော၊ ကျနော့်ကိုလည်း မေးခွန်းနည်းနည်းမေး၏။ သူမေးသည်က ဗမာ့တပ်မတော်(လေတပ်)အကြောင်း။ ကျနော်က ဘာမှများများစားစားသိသူမဟုတ်။ ကျနော်သိသလောက်ကလေးပြောပြတာကိုပဲ တလေးတစားနားထောင်တာမြင်တော့ "ငါ့နှယ်နော် ဒီမလာခင်က ဗမာ့လေတပ်အကြောင်း နည်းနည်းပါးပါးကြိုလေ့လာခဲ့ရကောင်းသား"ဟုတွေးမိကာ အားနာသလိုဖြစ်ရ၏။ သူကပဲကျနော့်ကို ဒုတိယကမ္ဘာစစ်အတွင်းက ဗမာ-တရုပ်-အိန္ဒိယ စသည့်နိုင်ငံများရှိ အမေရိကန်နှင့်မဟာမိတ်များ၏ လေတပ်စုဖွဲ့မှုများအကြောင်း၊ သုံးစွဲခဲ့သည့်လေယဉ်အမျိုးအစားများနှင့် လေယဉ်အုပ်များအကြောင်း ရှင်းပြပေးသေး၏။ ထိုသို့ရှင်းပြနေရင်းမှ  အမေရိကန်သမ္မတများစီးနင်းသည့်အထူးလေယဉ်ကြီးများ ထားရာပြခန်းကိုသွားဖို့အစီအစဉ်ရှိသလားဟုမေးကာ ကျနော်တို့ကရှိကြောင်းဆိုတော့ မှတ်ပုံတင်ရန်နှင့်လက်မှတ်ယူရန်နေရာအထိ လိုက်ပို့ပေး၏။

         သို့နှင့်သွားပြီး မှတ်ပုံတင်ကာလက်မှတ်လည်းဖြတ်ရ၏။ အခမဲ့ပင်။ Wright-Patterson Air Force Base ရှိ ထိုပြခန်းသို့ ဘစ်ကားကြီးဖြင့်ပို့ပေးမည်ဖြစ်ကြောင်း၊ ကားပေါ်မတက်ခင် အခန်းတခုတွင်လူအရင်စုပြီး ပြခန်းအကြောင်းနောက်ခံနှင့် ပြခန်းစည်းကမ်းတွေအကြောင်း ရှင်းပြပေးကြ၏။ သိလိုတာရှိကမေးရန်ဆိုတော့ ခတ်ငယ်ငယ်အမေရိကန်စုံတွဲတတွဲက "ဘယ်အချိန်ဘယ်နေရာမှာ ဆေးလိပ်သောက်လို့ရမလဲ"ဟုမေးတော့ ရှင်းပြသူက ရယ်ရယ်မောမောဖြင့် ပြခန်းအပြင်ဘက်၊ ဘစ်ကားအပြင်ဘက်၊ အဆောက်အဦးတိုင်းနှင့် ပေ၂၀ အကွာ မည်သည့်နေရာမှာမဆို သောက်နိုင်ကြောင်းပြန်ရှင်းပြ၏။ ထို့နောက် ကျနော်တို့နှင့်အတူသွားမည့်သူ ၃၀ ခန့်ဘစ်ကားကြီး တွေပေါ်တက်ကာ မောင်းထွက်သွား၏။ ၁၀ မိနစ်မရှိတတ်ရှိတတ်တွင် ပြခန်းကြီးသို့ရောက်၏။ သိတ်ထွေလီကာလီ မေးမြန်းစစ်ဆေးနေတာမရှိပဲ ကျနော့်အတွက် ဘီးတပ်ကုလားထိုင်စီစဉ်ပေး၏။ ကျနော်ဝတ်ထားသည့် စစ်ဂျာကင်ကိုကြည့်ပြီး အမေရိကန်လေတပ်ကတပ်ထွက်ဟုမှတ်ပြီး "မင်းလက်မောင်းပေါ်ကအရစ်တွေနဲ့ တိုင်းပြည်အတွက်ပေးဆပ်ခဲ့မှုတွေအတွက် အလွန်လေးစားပါကြောင်း၊ ပြခန်းအတွင်း သိလိုသမျှမေးမြန်းဖို့အားမနားရန်" တယောက်က လာပြောပြန်၏။ ကျနော်က US Air Force မှမဟုတ်ကြောင်းပြန်ရှင်းပြတော့ သူကအားတုံ့အားနာဟန်ဖြင့် ကျနော့်အကြောင်းပြောပြနိုင်ရင်ပြောပြ ပါလားဆို၏။ ကျနော် သူ့ကိုရှင်းပြနေတုန်း ပြတိုက်တာဝန်ရှိသူအချို့လည်း လာနားထောင်ကာ 
တချို့လည်းခေါင်းတငြိမ်ငြိမ့်၊ တချို့လည်း စုပ်တသတ်သတ် ရင်ဘတ်တွင်လေတပ်တံဆိပ်တွေနှင့် အမျိုးသမီးကြီး ၂ဦးက ကျနော်တို့နှင့်အတူလမ်းလျှောက်လိုက်ပါပြီး ပြခန်းနောက်ခံသမိုင်းနှင့် အမေရိကန်သမ္မတတွေစီးသည့်လေယဉ်ကြီးတွေအကြောင်း အသေးစိတ်တွေရှင်းပြ၏။ ကျနော့်ကိုလည်း "လေယဉ်ကြီးတွေထဲဝင်ကြည့်တဲ့အခါ အဆင်မပြေဖြစ်ရင်ပြောပါ"ဟု ထပ်တလဲလဲမှာပြန်၏။ "ဘာ့ကြောင့် ဒီပြခန်းကိုလာကြည့်ချင်တာလဲ"ဆိုတော့ ကျနော်က "ဒါရိုက်တာ Wolfgang Petersen ရိုက်ကူးပြီး မင်းသား Harrison Ford ပါဝင်သရုပ်ဆောင်ထားသည့် Air Force One လေယဉ်ကြီးကို အပြင်မှာမြင်ချင်လို့" ဟုပြန်ဖြေတော့ ရုပ်ရှင်ထဲကအဲဒီလေယဉ်ကြီးတော့မရှိကြောင်း သို့သော် အမေရိကန်သမ္မတတွေစီးသည့် အခြား Air Force One လေယဉ်တွေတော့ရှိကြောင်း၊ သမ္မတ ဂျွန်အက်ဖ်ကနေဒီ၊ ဒွိုင်က်အိုက်စင်ဟောင်ဝါ၊ ဖရန်ကလင် ဒီ ရုစဗဲ့လ်နှင့်ဟယ်ရီထရူးမင်န်းတို့ အသုံးပြုခဲ့သည့်  Air Force Ones တွေရှိကြောင်း၊ လေယဉ်ထဲဝင်ကြည့်လို့ရကြောင်း၊ အတွင်းအပြင်နေရာများတွင် ဓါတ်ပုံရိုက်ယူနိုင်ကြောင်းတွေပြောပြ၏။

         သို့ဖြင့် ကျနော်အပြင်မှာတကယ်မြင်ချင်သည့် ရုပ်ရှင်ထဲက Air Force One ကြီးတော့ မတွေ့ခဲ့ရ။ အခြား Air Force Ones တွေတော့ တွေ့ခဲ့၊ မြင်ခဲ့၊ ဝင်ခဲ့၊ ကြည့်ခဲ့ဖြစ်၏။ သမ္မတွေစီးသည့်လေယဉ်တွေမှာက သမ္မတတံဆိပ်တုံးကို လေယဉ်ကိုယ်ထည်အပြင်ဘက် ဘယ်ညာတွင်ပုံကြီးဖော်ကာ ခပ်နှိပ်ထား၏။ လေယဉ်တံခါးပေါက်အဝင်တွင်လည်း ပုံသေးဖော်ကာခပ်နှိပ်ထားသေး၏။ သမ္မတတံဆိပ်တုံးကိုကြည့်ရင်း စိတ်က စာအုပ်ထဲတွင်သာတွေ့ဖူးသည့်  "မင်းတုန်းမင်းတံဆိပ်တော်" ဆီသို့ရောက်ပြန်၏။ မင်းဧရာဇ်တို့၏ တန်ခိုးအာဏာကို သင်္ကေတပြုသည့်အရာများတွင် တံဆိပ်တော်ဆိုသည်က အလွန်အရေးပါသလောက် အရာလည်းရောက်၏။ မင်းတို့ ဘုန်းမီးနေလတောက်ပလျှင်တောက်ပသလောက် ယင်းတို့၏ တံဆိပ်တော်နှင့်မင်းချင်းတို့လည်းအရာရောက်ကြပြန်သေး၏။ မင်း၏တံဆိပ်တော်သည် တိုင်းပြည်၏ဓန၊ စစ်အင်အားနှင့်တန်ခိုးအာဏာကို ကိုယ်စားပြုသည်မဟုတ်လား။ စက်ကြီး ၁၁ စက်တွင် "မင်းတို့လက်နက် အာဏာစက်" ဟုဆိုထားပြန်ရာ အာဏာစက်ပြင်းသည့်မင်းက ပိုတန်ခိုးထွားသည်ဟုပဲမှတ်ရမည်လားဟု တွေးမိလိုက်သေး၏။ အမေရိကန်တွေ အာဏာစက်ပြင်းနေသေးသည်ကတော့ ဘယ်သူ့မှငြင်းလို့မရကြသေး။ ဆိုဗီယက်ယူနီယံကြီးပြိုအပြီးတွင် တကိုယ်တော်မဟာအင်အားကြီးနိုင်ငံအဖြစ် ရွှေထီးဆောင်းနေတုန်းမှာပဲ ဝုန်းကနဲ အမွှာမျော်စင်ကြီးပြိုကျသွား၏။ အီရတ်၊ အာဖဂန်၊ တာလီဘန်၊ အိုစမာဘင်လာဒင်နှင့် အကြမ်းဖက်မှုအပေါ်ဆင်သည့်စစ် စတာတွေနှင့်လုံးလည်ချာလည်လိုက်ပြီး စီးပွားရေးတွေ ခရိုခယိုင်ဖြစ်၊ ငွေကြေးဈေးကွက်တွေပြိုကျ၊ အလုပ်လက်မဲ့ပြဿတွေထောင်ထ၊ ဝေါစထရိလမ်းမကြီးသိမ်းပိုက်ရေး လှုပ်ရှားမှုတွေပေါ်လာကာ ကသောင်းကနင်းတွေလည်းဖြစ်လာ၏။ တခါတခါလည်း ဦးနင်းပဲ့ထောင်တွေ။ လွှတ်တော် ၂ ရပ်နှင့် သမ္မတလည်း ခွန်းကြီးခွန်းငယ်တွေခဏခဏ။
အမေရိကန်၏ဓနအင်အား၊ စစ်အင်အား၊ နည်းပညာနှင့်နယ်ပယ်အတော်များများတွင် တွင်ကျယ် လွှမ်းမိုးနိုင်စွမ်းကိုကြည့်ကာ တချို့က အမေရိကန်သမ္မတတွေကို စကြာဝတေးမင်းအလား ထင်တတ်သေး၏။ အမေရိကန်သမ္မတသည် စေတလုံးပိုင်ရှင်မဟုတ်။ ဘွဲဖြူလက်နက်ပိုင်ဆိုင်သူမဟုတ်။ အကြွင်းမဲ့အာဏာရှင် မဟုတ်။ လွှတ်တော်နှင့်ပြည်သူကို နာခံရ၏။ "ငါသမ္မတ"ဆိုကာ နေရာတကာစွာလို့မရ။ အမေရိကန်တန်ဖိုးနှုန်းစံနှင့် ပေတံတွေအတိုင်းသာသွားရ၏။ ထိုတန်ဖိုးနှုန်းစံတို့တွင်ကား ပြောမည်ဆိုပြောစရာတွေတော့ ရှိလိမ့်မည်ထင်၏။

         အလျားလိုက် အနီအဖြူအစင်းများနှင့် ထောင့်ကအပြာခံပေါ်တွင် အဖြူရောင်ကြယ် အလုံး ၅၀ နှင့်အလံကိုမြင်တာနှင့် ဒါ အမေရိကန်အလံ ဆိုပြီးတန်းသိကြသလို၊ ခြေတဘက်တွင်မြား၊ အခြားတဘက်တွင် သံလွင် ခက်၊ ဦးခေါင်းထက်ကကြယ် ၁၃ ပွင့်နှင့် တောင်ပံကြီးတွေဖြန့်ကားထား သည့် လင်းယုန်ငှက်တံဆိပ်ကိုတွေ့လျှင်လည်း ဒါ အမေရိကန်နိုင်ငံတော် တံဆိပ်မှန်း တန်းပြောနိုင်သူများ၏။ သမ္မတတံဆိပ်တော်ကိုကား သိသူ သိတ်မများလှဟုထင်၏။ သို့နှင့် လေယဉ်ကိုယ်ထည်ပေါ်က သမ္မတ တံဆိပ်တော်ကို အနီးကပ်ဓါတ်ပုံရိုက်ယူဖြစ်၏။ နောက်တော့ အတွင်းထဲဝင်ကာကြည့်၏။ လေယဉ်ဦးခန်း၊ လေယဉ်ဝမ်းတွင်းခန်းနှင့် အမြီးပိုင်းတွေအထိလိုက်ကြည့်ဖြစ်၏။ အတွင်းခန်းဖွဲ့စည်းပုံတွေက သာမန် ခရီးသည်တင်လေယဉ်တွေလိုမဟုတ်။ တချို့နေရာတွေမှာ အခန်းငယ်လေးတွေကန့်ကန့်ထားပြီး တချို့ အခန်းကျယ်တွေကျတော့ ရုံးခန်းဆန်ဆန်။ အခန်းတိုင်းတွင် တယ်လီဖုံးတွေ၊ အင်တာကွန်းတွေလည်း တပ်ထား၏။ ခေတ်မီဆက်သွယ်ရေးကိရိယာတွေနှင့် ဘာမှန်းမသိသည့်ကိရိယာတွေကလည်း တပုံတခေါင်း။ ရုစဗဲ့လ်နှင့်ထရူးမင်းတို့၏ လေယဉ်အတွင်းပိုင်းတွင်တော့ သူတို့ပုံတူ လူ့အရွယ်အစားရုပ်တုကြီးတွေက ခုံပေါ်မှာထိုင်လျှက်သား။ ရုစဗဲ့လ်စီးသည့်လေယဉ်ကြီးတွင် ဝမ်းဗိုက်မှအပေါက်ဖေါက်ကာ ဓါတ်လှေကား အငယ်စားလေးတခုတော့ ထူးထူးခြားခြားမြင်၏။ သူက ပိုလီယိုရောဂါကြောင့် လမ်းကောင်းကောင်း လျှောက်လို့ရသူမဟုတ်။ ခြေ ၂ဘက်စလုံးတွင် လမ်းလျှောက်အားပြုကိရိယာတွေ 
တပ်ထားရတာမှန်သော်လည်း သွားလေရာရာမှာ ဘီးတပ်ကုလားထိုင်ယူသွားရ၏။ လေယဉ်အတက်အဆင်း ဘီးတပ်ကုလားထိုင်ဖြင့် အသွားရလွယ်အောင်စီစဉ်ပေးထားခြင်းပင်။ ကျနော်တို့လည်း ဓါတ်ပုံလေးဘာလေး ရိုက်၊ ဟိုကိုင်ကြည့် ဒီကိုင်ကြည့်တွေလုပ်ပြီး ထို ပြခန်းမှပြန်ထွက်ခဲ့၏။

         ပြန်ထွက်တော့ ပြတိုက်ကြီးလည်းပိတ်ချိန်ရောက်ပြီ။ အပြင်ဘက်တွင်လည်း အိုဟိုင်းယိုး၏ ဇန်နဝါရီနှင်းနှင့်မိုးစက်တို့ကတဖွဲဖွဲ။ အေးလိုက်သည်မှာ ပြောစရာမရှိ။ လေကလည်း တဟူးဟူးနှင့်မို့ ဆေးလိပ်သောက်ချင်ရက်နှင့် ကားပေါ်ပြန်တက်ခဲ့ရ၏။ မသောက်ဖြစ်တော့။ ဘာပဲဖြစ်ဖြစ် စီးကရက်တလိပ်စာကျန်းမာရေးတော့ ကောင်းမှာအမှန်။


         ပြောစရာတွေကျန်သေး၏။ ပြောချင်သေး၏။ အကုန်မပြောဖြစ်သေး။ ထိုက်သလောက်ကြည့်ပြီး မြင်သလောက်တော့ ပြောဖြစ်သွား၏။ ဘာပဲဖြစ်ဖြစ် မကြည့်ရမမြင်ရ မပြောရသည်ထက်စာလျှင် ဆောင်းပါး ၃ ပုဒ်စာတော့ အသားတင်ပြောဖြစ်သွား၏။ စိတ်အဆာတော့ ပြေမှာအမှန်။
မျိုးမြင့်ချို။
ဖေဖေါ်ဝါရီ၊ ၂၈၊ ၂၀၁၂။

0 comments:

Post a Comment