Wednesday, February 8, 2012

ရတနာနတ်မယ် (သို့မဟုတ်)ကမ္ဘာနှစ်ခုကြားမှမင်းသမီး- ဇာတ်သိမ်း(ထက်မြက်)

0 comments
ရတနာနတ်မယ်
ရတနာနတ်မယ် (သို့မဟုတ်)ကမ္ဘာနှစ်ခုကြားမှမင်းသမီး (ထက်မြက်)ရွှေအမြုတေ ဒီဇင်ဘာ၊ ၂၀၁၁(ယခင်လမှအဆက်...)
 ယခုအခါ၌ ဂျွန်ရို့စ်သည် မီးဖိုဆီသို့လျှောက်သွားပြီး မီးဖိုပေါ်တင် ထားသော အိုးအဖုံးကိုလှန်လိုက်သည်။ အိုးထဲတွင် အသားများကိုချက် ထားပါသည်။ အသားတုံးများ၏ဘေးပတ်လည်တွင် အာလူးများကိုတွေ့ ရ၏။ယုန်က သိပ်ကြီးလှတာမဟုတ်ဘူး။ ဒါပေမယ့် ဒီမှာရှိတဲ့လူတွေ ကောင်းကောင်းစားလို့ရတာပေါ့။ ဒီ အစားအစာကလည်း ဒေသအစာပါ။ ခပ်ငယ်ငယ် ယုန်တစ်ကောင်ကိုချက်ထားတာလည်းဖြစ်တယ်။ ယုန်ကိုခွဲလိုက်ပြီး အထဲမှာအစာသွတ်၊ အစာသွတ်တဲ့အခါ ကြက်ဥ လုံးလည်းပါတယ်။ နောက် ဆီ၊ အမွှေးအကြိုင် စတာတွေထည့်ပြီး ပေါင်းလိုက်တာပါ။ ဒီ ယုန်တစ်ကောင်ကို 
လူ ယောက်ကနေ ၁၀ ယောက် ကောင်းကောင်းစားနိုင်တာပေါ့။ ကျွန်တော်တို့လည်း ယုန်သားပေါင်း ပန်းကန်ကိုအလယ်ထားပြီး စားပွဲကိုဝိုင်းထိုင်ကာ ၀ိုင်ခွက်များကိုမော့လိုက်ကြပါသည်။ 

ဂျွန်ရို့စ်နှင့်မာရီယိုတို့သည် အီတလီ၌ကွာရှင်းပြတ်စဲခဲ့ကြသည်။ သား ယောက်ဖြစ်သော မိုက်ကယ်နှင့်မော ရစ်ကို ဂျွန်ရို့စ်က ထိန်းသိမ်းမွေးမြူခွင့်ရသည်။ သူမ၏ မိခင် မလတ် လေဖြတ်ပြီးအိပ်ရာထဲလဲနေသည်ကို လည်း သူမသိရပါသည်။ ထိုအချိန်၌ မြန်မာနိုင်ငံကို ဗိုလ်ချုပ်ကြီးန၀င်းက ၁၉၆၂ ခုနှစ်တွင် အာဏာသိမ်းယူခဲ့သဖြင့် မြန်မာနိုင်ငံသည် အထီးကျန်ဖြစ်လာရသည်။ ပြည်တွင်းရှိသူပုန်များနှင့်လည်း တိုက်ပွဲများပြင်းပြင်းထန်ထန် ဆက်ဖြစ်နေလေသည်။

 “မြန်မာပြည်သွားဖို့အတွက် ကျွန်မ ဗီဇာမရဘူး။ ဒါကြောင့် ဗိုလ်နေ၀င်းဆီကို ကြေးနန်းရိုက်လိုက်ပါတယ်။ သူ့ကို အရင်ကတည်းက ကျွန်မ သိတာပါ။ သူ့ဇနီး ကစ်တီနဲ့ ကျွန်မက အလွန်ခင်တဲ့မိတ်ဆွေတွေပါပဲ။ အရင်တုန်းကတော့ မကြာခဏ ကျွန်မတို့ တွေ့တတ်ပါ တယ်။ သူ့ဆီကို စာရေးတဲ့အထဲမှာ ကျွန်မအမေရဲ့ကျန်းမာရေးဟာ ဆိုးနေပါတယ်။ ရောမသံရုံးက ကျွန်မကို ဗီဇာထုတ်မပေးပါ။ ကျေးဇူးပြုပြီးကူညီပါလို့ ကြေးနန်း ရိုက်လိုက်တာပါပဲ။ သံရုံးက ကျွန်မကို ခေါ်တွေ့ပါတယ်။ ဒါပေမယ့် ကျွန်မ သူတို့နဲ့သွားမတွေ့ပါဘူး။ ဒါနဲ့ သူတို့က လေဆိပ်မှာဗီဇာလာပို့ပါ့မယ်လို့ ကျွန်မဆီ အကြောင်းကြားတယ်။ ဒီအချိန်မှာပဲ ကျွန်မအမေဆုံးသွားပြီလို့ ကြေးနန်းရတယ်။ ဒါကြောင့် ကျွန်မ ရန်ကုန် မသွားတော့ပါဘူး။ ဗိုလ်နေ၀င်းဆီ ကျေးဇူးတင်ကြောင်း ကျွန်မ စာရေးလိုက်တယ်။ အမေ့အတွက်တော့ ကျွန်မ ဘာမှလုပ်မပေးနိုင်ခဲ့ဘူး။ အမေ့ရဲ့အရိုးပြာကိုတော့ သွားယူမယ်လို့စဉ်းစားခဲ့ပါတယ်။

 “နောက်တစ်နှစ်လောက်အကြာမှာ ဗိုလ်နေ၀င်း ဥရောပကိုရောက်လာတယ်။ ကျွန်မတို့ တွေ့ဖြစ်တာပေါ့။ သူကူညီခဲ့တာကို ကျေးဇူးတင်တဲ့အကြောင်း ကျွန်မက ပြောတယ်။ အဲဒီတော့မှ ကစ်တီ ဆုံးသွားတဲ့အကြောင်း ကိုသိရပါတယ်။ ဒီအချိန်မှာ ကျွန်မတို့ချင်း အဆက်အသွယ်ဖြစ်ကြတာပဲပေါ့။ သူက ကျွန်မဒီမှာ ဘာလုပ်နေလဲ လို့မေးတယ်။ ကျွန်မကလည်း ကလေးတွေအကြောင်း၊ ကျွန်မယောင်္ကျားနဲ့ကွာရှင်းပြတ်စဲခဲ့တဲ့အကြောင်း ပြောပြတယ်။ သူက ကျွန်မကို ရန်ကုန်မှာပြန်နေဖို့ပြောတယ်။ ဘာလုပ်ဖို့လဲ။ ဒီ အဖြစ်ကတော့ ရှေ့တိုး၊ နောက်ဆုတ် အခြေအနေပါပဲ။ နောက်တစ်ကြိမ် သူ ဥရောပရောက်တော့ ကျွန်မကို လက်ထပ်ဖို့ကမ်းလှမ်း ပါတယ်။ ကျွန်မက မြန်မာပြည်ကိုမပြန်ချင်ဘူး။ ဒါပေမယ့် ဒီလိုအခြေအနေကတော့ ဖြစ်လာခဲ့တာပါပဲဤသို့ဖြင့် ဂျွန်ရို့စ်သည် ၁၉၇၈ ခုနှစ်က ရန်ကုန်သို့ပြန်လာပြီးနောက် ဗိုလ်ချုပ်ကြီးနေ၀င်းနှင့် သူမတို့ လက်ထပ်ဖြစ်ခဲ့လေသည်။ဒီအဖြစ်ဟာ အဖြစ်အပျက်အများကြီးထဲက ထူးခြားတဲ့အကြောင်းတော့ မဟုတ်ပါဘူး”
 ဂျွန်ရို့စ်က ထိုအကြောင်းကိုပြောနေစဉ်တွင် ကြည်ကြည်နူးနူးမရှိပေ။ စိတ်ပျက်လက်ပျက်ဖြင့် ပြောနေခြင်းဖြစ်၏။ သူမရှေ့တွင် ဘီယာပုလင်းတစ်လုံးရှိသည်။ ၀ိုင်ကိုမသောက်ဘဲ ဘီယာကိုသာ သောက်နေပါသည်။ နောက်ထိုင်ရာမှထကာ ပန်းကန်များကိုယူပြီး ရေအင်တုံထဲတွင်ဆးကြောနေပါသည်။ ပန်းကန်သံ၊ ခွက်သံများမှာ ဆူညံနေပါတော့သည်။

၁၉၇၀ ခုနှစ် နှောင်းပိုင်းကာလများတွင် ဗိုလ်နေ၀င်းနှင့်သူ၏စစ်အုပ်ချုပ်ရေးအဖွဲ့ကို နိုင်ငံတကာက ရိုသေ လေးစားမှုမရှိပေ။ ယခင်ကမူ ကွန်မြူနစ်ဆန့်ကျင်ရေးဗိုလ်ချုပ်ကြီးကို အနောက်အုပ်စုကအသုံးချခဲ့ပါသည်။ ယခုသူ၏ အထီးကျန်စီးပွားရေးမူဝါဒများနှင့် တစ်ဗိုလ်တစ်မင်း အာဏာရှင်စနစ်ကြောင့် အနောက်နိုင်ငံများက ယခင်လိုမဆက်ဆံတော့ပေ။ ၁၉၇၄ ခုနှစ်တွင် ဂေါ့ရှ်ဝှစ်တလန်က သူ့ကို ကန်ဘာရာသို့ တရားဝင်ဖိတ်ကြား ခဲ့ပါသည်။

 ထိုအချိန်တွင် တရုတ်ပြည်၌ တိန်ရှောင်ပင် အာဏာရလာခဲ့ပါသည်။ အရှေ့တောင်အာရှနိုင်ငံ များနှင့်လည်း အဆက်အသွယ်ပြန်လည်ပြုလုပ်ခဲ့သည်။ ဗိုလ်နေ၀င်း၏ အယူသီးမှုနှင့်အုပ်ချုပ်မှုများသည် မြန်မာနိုင်ငံမှ သင်ခန်းစာများအဖြစ်ရရှိခဲ့ကြသည်။ သွေးစွန်းသောသမိုင်းဖြစ်စဉ်များလည်း ဖြစ်ပေါ်လာခဲ့ သည်။ သို့သော်သူသည် ဆွဲဆောင်မှုရှိသော ယောင်္ကျားတစ်ယောက်ဖြစ်သည်ဟု ပင်မလာဂွတ်မန်းက ရေး ထားပါသည်။ သူမသည် ဆစ်ဒနီတွင်ပါရဂူဘွဲ့ရယူထားပြီး မြန်မာနိုင်ငံဆိုင်ရာ ပညာရှင်တစ်ယောက်လည်း ဖြစ်သည်။ မြန်မာနိုင်ငံ၏ ရခိုင်ပြည်နယ်သမိုင်းကို ရေးခဲ့သူလည်း ဖြစ်၏။ ဂျွန်ရို့စ်က ပင်မလာထံ ဗီဇာပို့ပေး ပါသည်။ ဗိုလ်နေ၀င်း ပိတ်ထားသောတံခါးသို့ လာရောက်ပါရန်ဖိတ်ခေါ်ခဲ့သည်။ ပင်မလာက အုတ်ရိုးကိုကျော် ကြည့်ပြီးနောက် သူမ၏ ဦးတည်ရာလမ်းကြောင်းမှ ချာခနဲလှည့်၍ပြန်လာခဲ့လေသည်။ 

သြစတြေးလျတွင် ဗိုလ်ချုပ်ကြီးနေ၀င်းကို ညစာစားပွဲဖြင့်ဧည့်ခံ၏။ သူက ဂျာမန်ဝိုင်ကို သဘောကျ၏။ သူသည် ကျန်းမာရေး အတွက် ဂျာမနီနှင့်သြစတြေးလျသို့ သွားရောက်လေ့ရှိသည်။ ဥရောပရှိဆရာဝန်ကြီးများဖြင့် သူ့ကို ဆေးစစ်ပြီး ကုသလေ့ရှိပါသည်။ သြစတြေးလျခေါင်းဆောင်များနှင့်ဆွေးနွေးရာတွင် အဆင်ချောခြင်းမရှိပါ။ သို့သော် သြစတြေးလျ-မြန်မာယဉ်ကျေးမှု သဘောတူညီချက်ကိုကား ရရှိခဲ့ကြသည်။ သြစတြေးလျသံအမတ်ကြီးကသူက စကော့ဝီစကီကို တယ်ကြိုက်တာကိုးဗျ။ ကျွန်တော် တစ်သေတ္တာလက်ဆောင်ပေးခဲ့တယ်ဟု ပြောပါ သည်။

 ဂျွန်ရို့စ်နှင့်ဗိုလ်နေ၀င်း လက်ထပ်ခဲ့သည့်အကြောင်းကို ဂွတ်မန်းက-
“ပြည်တွင်းကသူတွေကတော့ ဒါဟာ ကောင်းတယ်လို့ ပြောကြတယ်။ ဘာကြောင့်လဲဆိုတော့ ဂျွန်ရို့စ်က တော်ဝင်မျိုးနွယ်နန်းသွေးပါလို့ပေါ့။ ဒီလို လက်ထပ်လိုက်တဲ့အတွက် သူ့အဖို့လည်း တရားဝင်ခေါင်းဆောင် ဖြစ်သွားတာပေါ့ဟု ပြောပါသည်။ ဂျွန်ရို့စ်ကလည်း ထိုအချက်ကိုသဘောတူသည်။ 

“လူတွေက ဒီလိုလက်ထပ်လိုက်တာကို မဆန့်ကျင်ကြပါဘူး။ ကျွန်မဟာ နိုင်ငံခြားသွေးတစ်ဝက်ပါတဲ့ ကပြား ဖြစ်တာကိုမပြောကြဘဲ ကျွန်မအမေရဲ့နန်းသွေးပါတဲ့ အကြောင်းကိုသာ အလေးထားကြတယ်။ မင်းမျိုးမင်းနွယ်ဆိုတာကို မြန်မာတွေကလေးစားမှုလည်း ရှိပါတယ်။ မြန်မာနိုင်ငံမှာ မဟာဆီ၊ မဟာသွေးပါတာ အလွန်အရေးကြီးတယ်။ တော်ဝင်မျိုးနွယ်ပေါ့။ ကျွန်မဟာ လင်းပင် ရဲ့သွေးပါနေတဲ့အတွက်ကြောင့်ပါပဲ”

 ဂျွန်ရို့စ်၏စိတ်ထဲတွင် တိုင်းပြည်ကိုကောင်းစေချင်သည်။ တိုင်းပြည်တိုး တက်ဖွံ့ဖြိုးဖို့ကိုလိုလားပြီး  ကျဆင်းမနေစေချင်ပေ။ အနေအထိုင်ကိုလည်း မြန်မာပြည်တွင်ဂရုစိုက်ပြီးနေ၏။ အပြင်ထွက်လည်ခြင်းကို ရှောင်သည်။ သူသည် အိမ်တွင်သာ အနေများပါသည်။ သူမ၏အမြင်နှင့် သဘောထားများကိုလည်း သူမ ခင်ပွန်းအားအကြံပေးလေသည်။ 

“ကျွန်မက ဘာလုပ်ပေးနိုင်မလဲ။ တစ်ခုခု လုပ်ပေးဖို့တော့ ရည်ရွယ်ပါတယ်။ အကျိုးရှိမယ့်အလုပ်တစ်ခု လုပ်နိုင်ဖို့လည်းရည်ရွယ်ပါတယ်။ လုပ်စရာ အလုပ်တွေအများကြီးလည်း တွေ့တယ်။ သူကတော့ သူလုပ်ချင်တာတွေ လုပ်နေတာပေါ့။ ကျွန်မတို့ဟာ ကြိုးကိုင်ခြယ်လှယ်တဲ့ဟာကို မပြောဖြစ်ပါဘူး။ သိသလောက်ကတော့ မြန်မာနိုင်ငံလိုနိုင်ငံမျိုးမှာ အာဏာရှင် စနစ်နဲ့အုပ်ချုပ်နေတယ်ဆိုတာကိုတော့ သိပါတယ်။ လူမျိုးစုအားလုံးကိုလည်း အမိန့်ပေးအုပ်ချုပ်မှုတစ်ခု တည်းအောက်မှာထားရှိပြီး ရေမ၀င်အောင်ပိတ်ထားသလို ပိတ်လှောင်ထားတယ်ဆိုတဲ့အဖြစ်မျိုးပါပဲ”

 “ရှင်တို့ သိတဲ့အတိုင်းပါပဲ။ သူကွယ်လွန်ခဲ့တဲ့အချိန်မှာ သူ့ဘေးမှာဘယ်သူမှမရှိဘဲ အထီးကျန်ဘ၀နဲ့ကွယ်လွန်ခဲ့တာ ပါ”  (၂၀၀၂ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးနေ၀င်း ကွယ်လွန်ခဲ့သည်။ ၁၉၈၈ ခုနှစ် အရေးအခင်းဖြစ်ပွားပြီးနောက် တပ်မတော်ကအာဏာသိမ်းကာ သူလည်း အထီးကျန်ဖြစ်ခဲ့ရသည်)
သူကွယ်လွန်စဉ်တွင် သူ့အခြေအနေမှာ စွန့်ပစ်ခံထားရပြီး မည်သူမျှသူ့ကိုအရေးတယူမလုပ်ခဲ့ပေ။ ထိုအဖြစ်မှာ သာမန်ဗုဒ္ဓဘာသာဝင်တစ်ဦး သို့မဟုတ် မြန်မာလူမျိုးတစ်ယောက် ဆက်ဆံခံရသောအဖြစ်မျိုး နှင့်ပင် ခြားနားပါသည်။ သူကွယ်လွန်သည့်နေ့မှာပင် ချက်ချင်းသဂြုင်္ိဟ်လိုက်ကြလေသည်။ ဈာပနတွင် မိတ်ဆွေတစ်ယောက်မှမရှိ။ အသုဘပို့သူမရှိဘဲ အလွန်တိတ်ဆိတ်ခြောက်သွေ့လှသည့် ဈာပနပွဲတစ်ခုဖြစ် လေသည်။ ဗြိတိသျှတို့က သူတို့ မလိုလားသူများကိုပြုမူခဲ့သလို ယခု သူလည်း ထိုကဲ့သို့ပြုမူခံရခြင်းဖြစ်ပါ သည်။ ကျွန်မ အဘိုး၏ဈာပနမှာလည်း ထိုအတိုင်းပင်ဖြစ်သည်။ သူ့သင်္ချိုင်းဂူတွင် သူ့နာမည်ကိုထိုးခွင့်မရှိ။ သူ့ကို လူအများမေ့ပျောက်သွားအောင် ဗြိတိသျှတို့ကအဓမ္မပြုလုပ်ခဲ့ပါသည်။ 

လက်ထပ်ပြီး အကြာတွင် သူတို့ အိမ်ထောင်ရေးမှာ ပြိုကွဲသွားလေသည်။ ဂျွန်ရို့စ်က သဘောထားမတိုက်ဆိုင်ဘဲ အိမ်ထောင်ပြိုကွဲ သွားခြင်းကိုမလိုလားပါ။ သူတို့အိမ်ထောင်ပြိုကွဲခြင်းနှင့်ပတ်သက်၍ ဂွတ်မန်းက- “တစ်နေ့ ဗိုလ်ချုပ်ကြီး နေ၀င်းသည် စစ်ကာလတုန်းက သူ၏ဂျပန်ဆရာများနှင့်တွေ့ဆုံခဲ့သည်။ ထိုဂျပန်များမှာ ယခုအခါ ကုမ္ပဏီ တစ်ခုထောင်၍ ကုန်သွယ်ရေးများပြုလုပ်နေပါသည်။ ဂျွန်ရို့စ်ကလည်း တစ်နေ့တခြားဆိုးရွားနေသော မြန်မာ နိုင်ငံ၏ စီးပွားရေးအခြေအနေကို သိနေသည်။ ထိုတွေ့ဆုံပွဲတွင် ဂျွန်ရို့စ်က ခေတ်စားနေသော ဟာသ တစ်ခုကို အကြောင်းပြု၍ရယ်မောလိုက်သည်။ ထိုအခါ ဗိုလ်နေ၀င်းက ဂျွန်ရို့စ်ကို အနောက်တိုင်းသူလျှိုဟု သံသယ၀င်သွားပါသည်ဟု ရေးသားထားဖူးပါသည်ဟု ဖော်ပြထား၏။

 သို့သော် ဂွတ်မန်းသည် ထိုသို့ ဗိုလ်နေ၀င်း၏သံသယကို အထောက်အထားပြပြီး မရေးခဲ့ပေ။ သူမက ဆက်ရေးထားသည်မှာ ဧည့်သည်များပြန်သွားသောအခါ ဗိုလ်နေ၀င်းက ဂျွန်ရို့စ်ကို ဆေးလိပ်ခွက်ဖြင့်ပစ်ပေါက်လိုက်သည်။ ထိုသို့ ပစ်ပေါက်လိုက်သည်နှင့်ပတ်သက်၍ ဂျွန်ရို့စ်က- “ဒီလို ဒေါသနဲ့တုံ့ပြန်တဲ့အပြုအမူတွေဟာ အရင်ကလည်း ရှိနေခဲ့ဖူးပါတယ်။ ဒေါသတကြီးနဲ့ ဒီလိုလုပ်တာကို ဘာကြောင့်လဲလို့ ကျွန်မသဘောမပေါက်ဘူး။ ဘာကြောင့် ဒီလိုပြုမှုရသလဲဆိုတာ သူ့ကို မေးချင်ပါတယ်။ အခုဆိုရင် ကိုယ်ထိလက်ရောက် ရန်ပြုတာမျိုးအထိ သူလုပ်လာတယ်။ ဒါဟာ ရိုးရိုးသားသား မဟုတ်ဘူး။ ကောင်းပြီ၊ သူက အခုလို သွေးထွက်သံယိုဖြစ်အောင် ဆေးလိပ်ခွက်နဲ့ပေါက်တဲ့ အခြေအနေမျိုးရောက်လာပြီ။ အဲဒီ အချိန်မှာ အိမ်ဖော်တွေလည်းရှိတယ်။ ဒီအဖြစ်ကို သူတို့ မြင်ရတာပေါ့။ ဒီကနေ့အထိ ဒီအကြောင်းကို သူတို့ ပြောနေကြတုန်းပဲ။ အဲဒီ ဆေးလိပ်ပြာ ခွက်ဟာ ကျွန်မနဖူးကိုမမှန်ပါဘူး။ ကျွန်မ အသက်ရှင်နေတုန်းပါပဲ။ ဒီလို ပစ်လိုက်တာက ဆေးလိပ်ပြာခွက် မဟုတ်ဘူး။ ဖန်ခွက်ထဲက ရေတစ်စက်ပဲ။ ကောက်ရိုးတစ်ချောင်းပဲဟု ၀ုဒ်မန်းကို ပြောပြပါသည်။

 နောက်တစ်နေ့တွင် ဂျွန်ရို့စ်သည် မြန်မာနိုင်ငံမှထွက်ခွာသွားလေသည်။ ဗိုလ်ချုပ်ကြီးနေ၀င်း၏ သမီးကြီးဖြစ်သူ စန္ဒာက သူမကိုလိုက်ပို့၏။ (စန္ဒာမှာ ယခုအခါ၌ အကျယ်ချုပ်အဖမ်းခံထားရပါသည်။) ထိုအချိန်က မြန်မာနိုင်ငံတွင်တစ်စီးတည်းသာရှိသော နိုင်ငံတကာလေကြောင်းလိုင်းအတွက်ထားရှိသည့် ခရီးသည်တင်လေယာဉ်ပေါ်သို့ အစောင့်တစ်ယောက်က တင်ပေး၏။ သူတို့အိမ်ထောင်ရေးမှာ ပြိုကွဲသွားလေ သည်။ ထိုသတင်းကို မပြန့်အောင်ကား ထိန်းကြပါသည်။ ထိုသို့ထွက်ခွာလာသည့်အတွက် သူမအဖို့ကံကောင်း သည်ဟု ထင်မှတ်ထားပါသည်။

 “ကျွန်မ မြန်မာပြည်ကထွက်လာတာဟာ ဆုံးရှုံးမှုတစ်ခုလို့ခံစားရပါတယ်။ ဘာလို့လဲဆိုတော့ မြန်မာပြည်သူတွေနဲ့ မတွေ့ရဘဲကင်းကွာသွားလို့ပါ။ မြန်မာပြည်ရောက်တုန်းက ပြည်သူတွေက ကျွန်မကိုယုံကြည်ကြတယ်။ အခုလိုထွက်လာတဲ့အတွက် ကျွန်မအနေနဲ့ ဘာမှလုပ်လို့ မရတော့ဘူးပေါ့။ လူထုနဲ့အဆက်အသွယ်ပြတ်သွားသလို မြန်မာပြည်ကိုအုပ်ချုပ်ထားတဲ့လူတွေနဲ့လည်း အဆက်အသွယ်ပြတ်သွားတာပါပဲ။ အုပ်ချုပ်တဲ့သူတွေထဲမှာ ကျွန်မကိုယုံကြည်တဲ့သူတွေ၊ ခင်မင်တဲ့သူတွေ ရှိပါတယ်ဟု သူမက ပြောပြသည်။ ထိုသို့ အိမ်ထောင်ပျက်ပြီးထွက်လာချိန်မှစ၍ သူမသည် မြန်မာပြည်သူ များ၊ သူမ၏ မိတ်ဆွေအပေါင်းအသင်းများနှင့် အဆက်အသွယ်မရှိတော့ပေ။ နောက် အီတလီသို့ ရောက်လာ ပါသည်။

 ဂျွန်ရို့စ်သည် သူမမိသားစုအကြောင်းကို အက်ဆေးတစ်ပုဒ်ရေးခဲ့ဖူးသည်။ ထိုသို့ရေးရာတွင် မိသားစုနှင့်သူမကြီးပြင်းလာပုံကိုသာရေးသားပြီး သူမခင်ပွန်း အာဏာရှင်အကြောင်းမရေးပါဟုဆိုပါသည်။တစ်ခုခုကို ပြောချင်တယ်။ စာအုပ်တစ်အုပ်အဖြစ်ရေးမယ်ဆိုရင်တော့ ရေးတဲ့သူဟာ မြန်မာ့သမိုင်းကို နားလည်တဲ့သူ၊ ကောင်းကောင်းသိတဲ့ သူဖြစ်ဖို့လိုတယ်။ ယဉ်ကျေးမှုကိုလည်း သိဖို့လိုတယ်။ ပညာ၊ ဗဟုသုတ ကောင်းကောင်းရှိမှပဲ မြန်မာနိုင်ငံအကြောင်းကို ရေးလို့ရမှာပေါ့။ စစ်အာဏာရှင်စနစ် တည်ဆောက်ခဲ့ပုံ အကြောင်းကိုလည်း သမိုင်းအထောက်အထားတွေနဲ့ရေးနိုင်ရမယ်။ မြန်မာပြည်မှာ ဒီလိုရေးမယ်ဆိုရင်တော့ ရေးတဲ့သူဟာမလွယ်လှပါဘူးဟု သူမက ပြောလေသည်။

 ဂွတ်မန်းက ပြောသည်မှာ ဂျွန်ရို့စ် စာအုပ်တစ်အုပ် အမှန်တကယ်ရေးခဲ့ကြောင်း သံတမန်များကပြောသည်ဟုဆိုပါသည်။ ထိုစာအုပ်၏ခေါင်းစဉ်မှာနေ၀င်းနှင့် ရက်ပေါင်း ၁၀၀” 100 Days with Newin ဖြစ်သည်။ သို့သော် ထိုစာအုပ်ကို ပုံနှိပ်ထုတ်ဝေမှုမရှိအောင် သူမကို စည်းရုံးဖျောင်းဖျခဲ့သည်ဟု သံတမန်များကပြောကြောင်း ဂွတ်မန်းက ပြောပြလေသည်။ ယခု ဖလောရင့်တွင်နေရသည်မှာ သက်သောင့်သက်သာရှိ၏။ ချမ်းချမ်းသာသာမရှိသော်လည်း အနေအထိုင်မှာ လွတ်လွတ်လပ်လပ်ရှိပါသည်။ သူမက မြန်မာနှင့်အီတလီအစားအစာ ချက်ပြုတ်နည်းသင်တန်းကို ဖွင့်ထားလေသည်။ အပေါ်ထပ်တွင် သူမ၏အခန်းရှိလေသည်။ ယခုအခါ၌ ဂျွန်ရို့စ်သည် အေးဆေးတည်ငြိမ် ဣရေရှိစွာဖြင့် နေထိုင်လျက်ရှိပါသည်။ ကမ္ဘာလှည့်ခရီးသည်လုပ်ငန်းအတွက်လည်း သူမ၏သင်တန်းက အကူအညီပေးသောကြောင့် လူသိများပါသည်။ ထို့ပြင် ပရဟိတလုပ်ငန်းအပြင် ရန်ကုန်အခြေခံသော ဆရာဝန်များကလည်း ဂျွန်ရို့စ်နှင့်အဆက်အသွယ်ရှိ၏။ နာဂစ်လေမုန်တိုင်းတိုက်ခတ်စဉ်က မြန်မာနိုင်ငံမှ ဒုက္ခသည်များကို အီတလီမှအလှူငွေများကောက်ခံပြီး အကူအညီပေးခဲ့လေသည်။

 ဂျွန်ရို့စ်၏သားငယ်ဖြစ်သူ မောရစ်မှာ လွန်ခဲ့သောနှစ်အနည်းငယ်ကပင် မော်တော်ကားအတိုက်ခံရ၍ သေဆုံးခဲ့သည်။ သားအလတ် အဲလက်စ်မှာ ယခုအခါ အသက် ၂၅ နှစ်ရှိပြီး သူမနှင့်နေပါသည်။ သားအကြီး မိုက်ကယ်မှာလည်း အမေနှင့် ပင်အတူနေလေသည်။ လွန်ခဲ့သော နှစ် က ဂျွန်ရို့စ်နှင့်အဲလက်စ်တို့သည် မြန်မာနိုင်ငံသို့သွားရောက်ပြီး အဘိုးဖြစ်သူလင်းပင်မင်းသား၏ဂူရှိရာ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းသို့ သွားရောက်ဂါရ၀ပြုခဲ့လေ သည်။ မနက်စောစော နာရီတွင် အဘိုးအတွက် ဆွမ်းကပ်သည့်အနေဖြင့် ဆရာတော် ၁၀ ပါးနှင့် ဘုန်းတော်ကြီး ၁၂၀ ကို အရုဏ်ဆွမ်း ကပ်ခဲ့လေသည်။

 အဲလက်စ်မှာ မြန်မာပြည်သို့တစ်ခါမှ မရောက်ဖူးပေ။ အီတလီတွင်တစ်လျှောက်လုံးနေခဲ့သည့်အတွက် အီတလီလူမျိုး လုံးလုံးလျားလျားဖြစ်နေသည်။ ယခု တစ်ကြိမ်သာရောက်ဖူးခြင်း ဖြစ်၏။ဒီကို လာလည်ရတဲ့အတွက် ကျွန်တော် ဘယ်လိုမှမခံစားရဘူး။ အမေရဲ့အိမ်က ဖလောရင့်မှာရှိတာမဟုတ်လား။ အဲဒီမှာက မိတ်ဆွေအပေါင်းအသင်းတွေ ၀ိုင်းဝိုင်းလည်နေ တာ။ ဒီမှာက ကျွန်တော်တို့ ယောက်ပဲရှိတယ်လေဟု အဲလက်စ်က သူ့အမေကိုပြောပြသည်။ ဂျွန်ရို့စ်သည် ယခုအထိ ဗုဒ္ဓဘာသာဝင်တစ်ဦးအဖြစ်ရှိနေပြီး ဗုဒ္ဓဘာသာထုံးတမ်းစဉ်လာအတိုင်း နေထိုင်လေသည်။

 “ကျွန်မ တခြားရက်တွေမှာ ပျော်ပွဲရွှင်ပွဲတွေလည်း သွားတတ်ပါတယ်။ ယခုအချိန်ထိ ကျွန်မ စာကောင်းကောင်းဖတ် လို့ရတယ်။ မျက်စိလည်းကာင်းတယ်။ လမ်းလည်း ကောင်းကောင်းသွားနိုင်တယ်။ သေနတ်ပစ်ရင် ပစ်မှတ် ကိုလည်း မှန်အောင်ပစ်နိုင်ပါတယ်”
 ဟု ကျွန်တော်တို့ကို သူမက ပြောပြ၏။ သူမ တည်ခင်းသောမုန့်များကို ကျွန်တော်တို့ အားပါးတရစားသုံးကြသည်။ မုန့်မှာ အနံ့၊ အရသာကောင်း၍ အလွန်စားကောင်းလှပါသည်။ ထိုကဲ့သို့ ဂျွန်ရို့စ်၏အိမ်တွင် စကားပြောနေရင်း နေ့လယ်ခင်းသို့ ရောက်ရှိလာသည်။ ကျွန်တော်တို့က ဂျွန်ရို့စ်ကိုကြည့်ရင်း မြန်မာနှင့်သြစတြေးလျ နိုင်ငံကြားမှ ဆက်သွယ်ရေးကိုစဉ်းစားနေမိသည်။ သူမသည် ကမ္ဘာ ခုကြားမှ တော်ဝင်မင်းသမီးတစ်ဦးလည်းဖြစ်သည်။ အရှေ့နှင့်အနောက်ပါင်းကူးပေးထားသူလည်း ဖြစ်ပါသည်။ အချိန်ရောက်၍ ကျွန်တော်တို့ပြန်တော့မည့် ချိန်တွင် ဂျွန်ရို့စ်က ကျွန်တော်တို့ကို လက်ပြနှုတ် ဆက်လေသည်။ ကျွန်တော်တို့ ရောက်လာတုန်းက အပြုံးဖြင့်နှုတ်ဆက်သလို ယခု ပြန်ခါနီးတွင်လည်း အပြုံးဖြင့်နှုတ်ဆက်လေတော့သည်။
ထက်မြက်
(ရွှေအမြုတေ မဂ္ဂဇင်း၊ဒီဇင်ဘာလ ၂၀၁၁)


၂၀၁၁ ခုနှစ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလထုတ် အမှတ် ၂၆၄၊ ၂၆၅ ရွှေအမြုတေမဂ္ဂဇင်းများတွင် ဆရာ ထက်မြက်က (သို့မဟုတ်) ကမ္ဘာနှစ်ခုကြားမှမင်းသမီးအမည်ဖြင့် အခန်းဆက်ဆာင်းပါး ရေးခဲ့ပါသည်။ မောင်သန်းဆွေ၊ထားဝယ်၊
(ရွှေအမြုတေ မဂ္ဂဇင်း၊ဖေဖေါ်ဝါရီလ ၂၀၁၂)အမှန်မှာ Hamish Me Donald & Desmond O’ Grady တို့၏ Gviffith Review Edition 27 မှ Between Two Worlds ဆောင်းပါး ကို ဆရာက ဘာသာပြန်ထားခြင်းဖြစ်ပါသည်။ ထိုဆောင်းပါးမှ ကမ္ဘာနှစ်ခုကြားမှမင်းသမီး ရတနာနတ်မယ် ၏မယ်တော် လင်းပင် ထိပ်တင်မလတ်အကြောင်းမှာ အချို့နေရာ၌မှားယွင်းနေပါသည်။ ဆရာထက်မြက်၏ အမှားမဟုတ်ပါ။

 မူရင်း စာရေးဆရာတို့၏အမှားသာ ဖြစ်ပါသည်။ စာရေးသူက လင်းပင်ထိပ်တင်မလတ် မင်းသမီးကြီးကို အခါခါမြင်ဖူးသည်။ မိဘများနှင့်လည်း မကင်းတရားရှိသည်။ လင်းပင်မင်းသားကြီးမိသားစု အကြောင်းကိုလည်း ရေးခဲ့ဖူးသဖြင့် မဂ္ဂဇင်းမှအမှားကို အမှန်ရှင်းပြလိုခြင်းဖြစ်ပါသည်။ မဂ္ဂဇင်းမှ ဆောင်းပါး၌- “လင်းပင်မင်းသား၏သမီးများတွင် မင်းသမီး မလတ် ဆိုသူလည်းရှိ၏။ သူမမှာ ဂျွန်ရို့စ်ဘဲလာမီ၏ မိခင်ဖြစ် ပါသည်။ မင်းသမီး မလတ်ကို ၁၈၉၄ ခုနှစ်က ကာလကတ္တားတွင်ဖွားမြင်ခဲ့၏။ ကျောင်းနေသည့်အရွယ်တွင် အာလာဟတ်ဘတ်၌ ကျောင်းတက်ခဲ့ပြီး အထက်တန်းလွှာမှသားသမီးများနှင့်အတူ ကျောင်းတက်ခဲ့ခြင်း ဖြစ်၏။ 

သူမသည် ဂျာမန်အိမ်ရှေ့မင်းသား နောင်ကိုင်ဇာဝလ်ဟိန်းဖြစ်မည့်သူနှင့် တွေ့ဆုံခဲ့သည်။ မင်းသားက အာရှသို့ ခရီးထွက်လှည့်လှည်ခဲ့ရာတွင် သူမကို တွေ့သောအခါ အလွန်ကိုဆွဲဆောင်မှုရှိသော အမျိုးသမီး တစ်ယောက်ဟု မှတ်ချက်ချခဲ့သည်။ သမီးတော် မလတ်သည် စစ်ကင်းစော်ဘွားလေးနှင့် စေ့စပ်ခဲ့ရ၏။ သို့သော် သူတို့ လက်ထပ်ပွဲမတိုင်ခင် ရက်အလိုတွင် စစ်ကင်းစော်ဘွားလေးမှာ အဆိပ်ခတ်ခံခဲ့ရပြီး ကွယ်လွန်သွားခဲ့သည်။ ထို့ကြောင့် လက်ထပ်ပွဲမှာလည်း ပျက်သွားခဲ့သည်။ သမီးတော် မလတ်မှာ လူပုံပန်း သိမ်မွေ့နူးညံ့ပြီး ကျက်သရေရှိသော်လည်း သူမ၏စိတ်ဓာတ်မှာ သံမဏိလိုမာကျောလှပါသည်။ အတင်း အဓမ္မခိုင်းစေမှုမျိုး၊ ချုပ်ချယ်ခြင်းမျိုးကို မလိုလားပေ။ လူတိုင်းကိုလည်း တွေ့ဆုံခြင်းမရှိဘဲ သူမ တွေ့ချင်သည့် သူမှ တွေ့ခွင့်ရလေသည်ဟူ၍ ရေးသားထားသည်။ အထက်ပါရေးသားချက်များတွင် မလတ်နှင့်စစ်ကင်း စော်ဘွားလေးတို့ စေ့စပ်ခဲ့ကြောင်း၊ လက်မထပ်ခင် စော်ဘွားလေး အဆိပ်ခတ်ခံရကြောင်းဟုပါသည်။ လုံးဝ မဟုတ်ပါ။ အမှန်မှာ မလတ်နှင့် စစ်ကင်းစော်ဘွား၏သားတော် (မဟာရာဇကုမ္မာ) နှင့် ကမ်းလှမ်းခံခဲ့ရခြင်း သာ ဖြစ်သည်။ 

မလတ်နှင့်ချစ်ခဲ့သူမှာ နီပေါလ်အိမ်ရှေ့စံမင်းသားလေးသာဖြစ်၏။ ရှင်းအံ့။ အိန္ဒိယပြည်၊ ဘူတန်ပြည်၊ စစ်ကင်းပြည်၊ နီပေါလ်ပြည်နှင့် မြန်မာပြည်တို့ ဗြိတိသျှလက်အောက်ခံဘ၀၌ရှိနေစဉ် အိန္ဒိယပြည်၊ ဘူတန်ပြည်နှင့်နီပေါလ်ပြည်အကြားရှိ စစ်ကင်းပြည်ကလေး၏ မဟာရာဂျာသားတော် မဟာရာဇ ကုမ္မာအတွက် သတို့သမီးရှာနေချိန်တွင် အိန္ဒိယဘုရင်ခံချုပ်၏ နိုင်ငံခြားရေးအတွင်းဝန် ဆာလူးဝပ်စ်ဒိန်းက ရတနာဂီရိတွင် စံနေတော်မူသောသီပေါမင်း၏ သမီးတော်တစ်ပါးပါးနှင့် စုံဖက်သင့်ကြောင်းတင်ပြသည်။ ဘုရင်ခံချုပ်လော့ဒ်မင်တိုက ဤကိစ္စကို သီပေါမင်းထံတင်ပြရန် ပြောကြားခဲ့သည်။
မြန်မာပြည်ဘုရင်ခံ ဆာအက်ဒင်မ်ဆင်က သီပေါမင်းအပါးတော်မြဲ ဦးစံရွှေအား စစ်ကင်းမဟာရာဇာက မြန်မာ မင်းမျိုးနှင့်လက်ဆက်လိုသည်ဖြစ်၍ စာသွင်းသည်။ သမီးတော်တစ်ပါးပါးနှင့် ထိမ်းမြားပေးရလျှင် ကောင်းလိမ့် မည်ထင်သည်၊ သီပေါမင်းအား တင်လျှောက်ကြည့်ပါဟု မှာကြားလိုက်သည်။ ထိုစကားရပ်ကို ဦးစံရွှေက သီပေါမင်းအားတင်လျှောက်ရာ- 
“ငါ့ရဲ့သမီးတော်များကို အမျိုးကွဲ၊ လူမျိုးခြားနှင့်မပေးစား၊ မထိမ်းမြားစေလို။ ငါမရှိမှ ဘာဖြစ်ဖြစ်၊ ဖြစ်ချင်ရာ ဖြစ်စေတော့။ လူမျိုးခြား နှင့်တော့ သဘောမတူနိုင်ဟု မာဆတ်ဆတ် မိန့်တော်မူသောကြောင့် ဦးစံရွှေမှာ နောက်ထပ်၍ စကားရပ်ကို မတင်ဝံ့တော့ချေ။ (ထိုအချိန်က သီပေါမင်း၏ ပထမသမီးတော်သည် တံခါးစောင့်မှူးနှင့်ချစ်ရည်လူးကြပြီး၊ ကိုယ်ဝန်ရှိ၍ သမီးကလေးမွေးပြီးမှ ခမည်းတော်၊ မယ်တော်များကသိရသည့်အချိန်ဖြစ်သည်။) စစ်ကင်း မဟာရာဇကုမ္မာကလည်း အင်္ဂလိပ် စကား ပြောနိုင်သော ကြင်ရာတော်သာ အလိုရှိသည် ဆိုပါသည်။ 

သီပေါမင်း၏ သမီးတော် ပါးလုံးသည် အင်္ဂလိပ်စာဆရာမ မစ္စစ်အော်လ်ဘုံးနှင့် သင်ကြားနေသော်လည်း စတုတ္တသမီးတော်မှလွဲ၍ ကျန်သမီးတော် များမှာ အင်္ဂလိပ်စကားမပြောတတ်ပေ။ သမီးတော်လးပါးလုံးသည် ဟိန္ဒူစတန်နီ၊ ဂ၀ါနီ၊ မာရသီ၊ အူရဒူ စသော ကုလားစကားလေးမျိုးကို ရေးလည်းရေးတတ်၊ ဖတ်လည်းဖတ်တတ်၊ ပြောလည်းပြောတတ်ကြပါ သည်။ သက်ဆိုင်ရာသမီးတော်လးပါး၏ဓာတ်ပုံကို စစ်ကင်းမဟာရာဇကုမ္မာအားပြသခဲ့ရာ ရုပ်ရည်အားဖြင့် အပြစ် ပြောစရာမရှိသော်လည်း အင်္ဂလိပ်စကားမပြောတတ်သည်တစ်ခုနှင့်ပင် ဤကိစ္စပျက်ပြားခဲ့ရသည်ဟု ဗြိတိသျှတို့ဘက်မှ မှတ်တမ်းများတွင်ရးသားခဲ့သော်လည်း၊ သီပေါမင်း၏သဘောထားအရ ဤကိစ္စမှာ မည်သို့မျှမဖြစ်နိုင်ပါ။ 

ထိုအချိန်က အိမ်ရှေ့စံကနောင်မင်းသား၏သားတော် လင်းပင်မင်းသားမှာ သူ၏ မိသားစုနှင့်အတူ အိန္ဒိယပြည် အာလာဟတ်ဘတ်တွင် ရှိနေပါသည်။ လင်းပင်မင်းသား၏သမီးတော်များသည် ရုပ်ရည်ချောမောလှပသည့်အပြင် အင်္ဂလိပ်စကားလည်း ကောင်းမွန်စွာပြောတတ်သည်။ သို့ဖြစ်၍ အိန္ဒိယ ဘုရင်ခံချုပ်က စစ်ကင်းမဟာရာဇကုမ္မာနှင့် လင်းပင်မင်းသား သမီးတော်များကို စပ်ဟပ်ပေးသော်လည်း မဟာရာဇာကုမ္မာမင်းသားက သာမန်မင်းသား၏သမီးတော်များကို မစုံဖက်နိုင်ကြောင်း ပြောကြားခဲ့သည် ဆိုပါသည်။ ( အကြောင်းများကို ပါမောက္ခဒေဆိုင်းရေးသည့်အိန္ဒိယမှ မြန်မာနန်းကျဘုရင် သီပေါ ၁၈၈၅-၁၉၁၆စာအုပ်တွင်လည်းကောင်း၊ စာရေးသူရေးသည့်ရတနာ ဂီရိနိဒါန်းစာအုပ်တွင်လည်းကောင်း ပါပြီး ဖြစ်ပါသည်။) သို့ဖြစ်၍ လင်းပင်ထိပ်တင် မလတ်သည် စစ်ကင်းမဟာရာဇကုမ္မာမင်းသားနှင့် စေ့စပ် ခဲ့ကြောင်း၊ လက်မထပ်ခင် မင်းသား အဆိပ်ခတ်ခံရကြောင်း စသည့်ရေးသားချက်များမှာ မမှန်ပါ။ စစ်ကင်း မဟာရာဇကုမ္မာမင်းသားနှင့် ကမ်းလှမ်းခံရခြင်းမျှသာဖြစ်သည်။ 

စာရေးဆရာကြီး မော်ရစ်ကောလစ်က လင်းပင် ထိပ်တင် မလတ်နှင့်ပတ်သက်၍သူရေးခဲ့သည့် မြန်မာပြည်မှမှုခင်းများ(Trials in Burma) စာအုပ် တွင်လင်းပင် မင်းသမီးခေါင်းစဉ်ဖြင့် အောက်ပါအတိုင်း မှတ်တမ်းတင်ထားသည်။မလတ် ဆိုသူကို အလျင်က မတွေ့ဖူးခဲ့ပါ။ သို့သော်သူ့ကို ကျွန်တော်သိနေသည်။ သူ့အကြောင်း ကြားဖူးသည်။ လင်းပင် မင်းသား၏ ဒုတိယသမီးတော် ထိပ်တင် မလတ်ဖြစ်သည်။ ၁၈၈၅ ခုနှစ်တွင် မန္တလေးကို အင်္ဂလိပ်တို့က သိမ်းပိုက်ပြီးနောက် သီပေါမင်းကို အိန္ဒိယပြည် ရတနာဂီရိသို့ခေါ်ဆောင်သွားသည်။ လင်းပင်မင်းသားကိုမူ နောက်အခါ အိန္ဒိယပြည် အာလာဟတ်ဘတ်သို့ ပို့ထားသည်။ ပထမကမ္ဘာစစ်မဖြစ်မီက ဂျာမန်အိမ်ရှေ့ မင်းသားသည် အိန္ဒိယပြည်သို့ အလည်အပတ်ရာက်လာသည်တွင် ထိပ်တင် မလတ်နှင့် တွေ့ဆုံသိကျွမ်းကြ သည်။ ထိုစဉ်က မလတ်မှာ အပျိုပေါက်အရွယ်ဖြစ်သည်။ အသက် ၂၀ ပင် မကျော်သေး။ အာလာဟတ်ဘတ် မြို့၏ ကလပ်တစ်ခုတွင် ဂျာမန်အိမ်ရှေ့စံနှင့် ထိပ်တင် မလတ်တို့တွ့ကြသည်ဟု သတင်းကဆိုသည်။ လင်းပင် မင်းသားမှာ ထိုကလပ်၏အသင်းဝင်ဖြစ်သည်။ 

မလတ်မှာ မြင်သူငေးလောက်အောင် ပြေပြစ်ချောမွေ့သူ ဖြစ်လေရာ နောင်အခါ ဂျာမန်အိမ်ရှေ့မင်းသားက အရှေ့တိုင်းတစ်ခွင်ခရီးလှည့်စဉ်က ထိပ်တင် မလတ်သည် အချောဆုံး အရှေ့တိုင်းသူတစ်ယောက်ဖြစ်ကြောင်း မကြာခဏ ပြောလေ့ရှိသည့်ဟု ဆိုသည်။ ထို့နောက် ထိပ်တင် မလတ်သည် နီပေါလ်အိမ်ရှေ့မင်းသားနှင့် ချစ်ကြိုးသွယ်မိလေသည်။ လက်ထပ်တော့မည် အထိ ရင်းနှီးခဲ့ကြသည်။ သို့သော်လည်း နီပေါလ်တို့မှာ ဗြဟ္မဏမျိုးနွယ်ဝင်တို့ဖြစ်လေရာ ဗုဒ္ဓဘာသာဝင် တစ်ယောက်ဖြစ်သည့် မလတ်နှင့် လက်ထပ်ခွင့်မပြုနိုင်ဟု မင်းဆရာတို့က တားမြစ်ကြသည်ဟု အဆိုရှိလေ သည်။ နောင်တွင် ထိုအိမ်ရှေ့စံ နီပေါလ်မင်းသားလေးသည် အဆိပ်သောက်ကာ သူ့ကိုယ်သူအဆုံးစီရင် သွားသည်ဟု ဆိုကြသည်စာရေးသူတို့ ခေတ်တွင်လည်း၊ လွန်ခဲ့သော ဆယ်နှစ်ကျော်ကာလက နီပေါလ်နိုင်ငံ အိမ်ရှေ့စံသည် အိန္ဒိယသူလေးတစ်ယောက်နှင့် ချစ်ကြိုးသွယ်ခဲ့သည်။

 ခမည်းတော်၊ မယ်တော်များက သဘောမတူ၍ မိသားစုတစ်စုလုံးကို သေနတ်ဖြင့်ပစ်သတ်ပြီး သူကိုယ်သူလည်း အဆုံးစီရင်သွားသည်။ ထိုကြောင့် နီပေါလ်ဘုရင်၏ညီတော်က ထီးနန်းဆက်ခံရသည်။ လူထုအုံကြွမှုဖြစ်ပြီး ကွန်မြူနစ်များကြီးစိုးကာ နီပေါလ်ဘုရင် နန်းစွန့်သွားရခြင်းဖြင့် နီပေါလ်၌ ဘုရင်စနစ်ချုပ်ငြိမ်းသွားရလေသည်။ ဤသည်ကို ကြည့်ခြင်းဖြင့် နီပေါလ်အိမ်ရှေ့မင်းသားများကို ချစ်စိတ်ပြင်းထန်သူများဟု ဆိုရပေမည်။ ဤနေရာတွင် "ဂျွန်ရို့စ်ဘဲလာမီ" ဟု ဖခင်ဖြစ်သူက ခရစ်ယာန်အမည်မှည့်စေကာမူ မယ်တော် ထိပ်တင် မလတ်က ထီးဟန် နန်းဟန်နှင့် မင်းဆွေမင်းမျိုးတို့ထုံးစံအတိုင်း အမည်မှည့်သည့်ကိစ္စနှင့်ပတ်သက်၍ စာရေးသူသိသည့် အချက် ကို ဖော်ပြလိုပါသည်။ အိမ်ရှေ့တော် ဆက်ဖြစ်၍တင်တင်နှင့် စ၍ မှည့်ရမည်။ထိပ်တင်ဆိုသည်နှင့်တွဲ၍ မမှည့်ရပါ။

 ထိုသို့ အမည်မျိုးကိုလည်း မှည့်ရိုးမှည့်စဉ်ဖြစ်၍ မမှည့်လိုပါ။ အိန္ဒိယတွင်နေစဉ်က ထိပ်တင် မလတ် မယ်တော်ရေနံ့သာခင်ခင်ကြီး ဖတ်ပြလေ့ရှိသည့်ဝိဇယကာရီနန်းတွင်းဝတ္ထုကြီးထဲမှ ၀ိဇယကာရီမင်းသား ၏သမီးတော်ဖြစ်သောရတနာနတ်မယ်အမည်ကိုသတိရခဲ့သည်။ နှစ်လည်း နှစ်သက်သည်။ တခြား မဟာမျိုးမဟာနွယ်များ ဤအမည်ကို မည်သူမျှမမှည့်ကြသေး။ သို့ဖြစ်၍ ဘိုးတော် အိမ်ရှေ့စံကနောင်မင်း၏ အိမ်ရှေ့မိဖုရား လှိုင်ထိပ်ထားရေးသည့် ၀ိဇယကာရီ နန်းတွင်းဝတ္ထုတော်ကြီးထဲမှ ရတနာနတ်မယ်မင်းသမီး ကလေးအမည်ကိုယူကာ သမီးလေးကိုရတနာနတ်မယ်ဟု မှည့်ခဲ့ကြောင်း (မေမြို့)ပြင်ဦးလွင်တွင် စံနေ စဉ်က စာရေးသူ၏မိဘများကို လင်းပင်ထိပ်တင်မလတ် မင်းသမီးကြီး ပြောခဲ့ဖူးသည်ကို ကြားဖူးပါသည်။ (ရတနာနတ်မယ်မင်းသမီး၏ ၀မ်းကွဲညီမတော်တစ်ယောက်ကို ရတနာနတ်နွယ်ဟု ခေါ်ကြောင်း၊ အိမ်ရှေ့တော် ဆက်စာရင်းတွင် တွေ့ရဖူးသည်။)
ရွှေအမြုတေထဲမှဆောင်းပါးတွင်မလတ်မှာ လူပုံပန်း သိမ်မွေ့နူးညံ့ပြီး ကျက်သရေရှိသော်လည်း သူမ၏ စိတ်ဓာတ်မှာ သံမဏိလိုမာကျောလှပါသည်။ အတင်းအဓမ္မ ခိုင်းစေမှုမျိုး၊ ချုပ်ချယ်ခြင်းမျိုးကို မလိုလားပေဟု ရေးသား ဖော်ပြထားသည်။ ဤကိစ္စနှင့်ပတ်သက်ပြီး လင်းပင်ထိပ်တင် မလတ်၏တူမတော် လင်းပင် တင်တင် မလတ်က ပြောပြဖူးသည်ကို ဤနေရာတွင် အလျဉ်းသင့်၍ဖော်ပြလိုပါသည်။တစ်ခါက ရန်ကုန်မြို့ရှိ ရတနာ သိင်္ဃစံအိမ်တော်ကြီးတွင် လင်းပင်မိသားစုအတူနေကြစဉ် လင်းပင်ထိပ်တင် မလတ် ဦးဆောင်၍ တူမတော် များနှင့် အိမ်တော်မှ မောရစ်မိုင်နာကားကိုစီး၍ လမ်းထွက်ကြသည်။ ထိုအချိန်က မြန်မာအမျိုးသမီးများ အင်္ကျီပါးဝတ်သောခေတ်ဖြစ်၏။ ထိုသို့ အင်္ကျီပါးဝတ်သည်ကို ၀ံသာနုစိတ်ဓာတ်ပြင်းထန်နေသော အမျိုးသား ထုက ကန့်ကွက်နေချိန်ဖြစ်သည်။ 

လင်းပင်ထိပ်တင် မလတ်တို့ တူဝရီးများစီးလာသည့် ကားကလေးသည် လမ်းတွင် လူအုပ်ကြီးတစ်အုပ်ကို ဖြတ်မောင်းရသည့်နေရာသို့ ရောက်လာသည်။ လူအုပ်ကြီးက အနီးကပ် ကားအတွင်းငုံ့ကြည့်လိုက်ရာ လှပသောအမျိုးသမီးကလေးများ အင်္ကျီပါးဝတ်ထားသည်ကို တွေ့ရလေသည်။ လူအုပ်ကြီးသည် ကားကိုဝိုင်းထားပြီး ကားပေါ်ရှိအမျိုးသမီးများအား အင်္ကျီပါးမ၀တ်ရန် တောင်းဆိုသည့်အပြင် ကိုယ်ထိလက်ရောက် ဆုတ်ပစ်မည်ဟုပင် အရေးဆိုလာလေသည်။လင်းပင် ထိပ်တင် မလတ်က ကြောက် ရွံ့ခြင်းကင်းမဲ့စွာဖြင့် သူတို့သည် မြန်မာမင်းဆွေမင်းမျိုးများဖြစ်ကြောင်း၊ လင်းပင်မင်းသားကြီး၏ သမီးတော်နှင့်မြေးတော်များဖြစ်ကြောင်း၊ ယခုကဲ့သို့ ကိုယ်ထိလက်ရောက် ရိုင်းရိုင်းပျပျမပြုလုပ်ရန် ချိုချို သာသာဖြင့် တောင်းပန်ရှာသည်။ 

တောင်းပန်ခါမှ လူအုပ်ကြီးမှ အချို့အမျိုးသားများက ပိုကဲလာကာ အတင်းပင် အင်္ကျီဆုတ်ပစ်မည်ဟု အတင့်ရဲလာကြသည်။ထိပ်တင် မလတ်သည်ကဲ- တောင်းပန်လို့ မရရင်ဖြင့် ငရဲပဲသွားရသွားရ အမှုပဲရင်ဆိုင်ရ ရင်ဆိုင်ရ ကိုယ့်ကိုယ်ကိုကာကွယ်တဲ့သဘောနဲ့ ပစ်မှ ဖြစ်တော့ မယ်ဟုဆိုကာ ပိုက်ဆံအိတ်အတွင်းမှ မိန်းမကိုင်ပစ္စတိုသေနတ်ငယ်လေးကိုထုတ်၍ ချိန်လေတော့သည်။ လင်းပင် တင်တင်မလတ်တို့မှာ ကြောက်ရွံ့လွန်း၍ ကားနောက်တွင်တုန်ယင်နေလေသည်။ တကယ် ပစ်မည်ကိုရိပ်မိသော လူရမ်းကားအုပ်စုသည် ထိုအခါမှ ရှဲသွားကြ၍ ကားကိုလူအုပ်ထဲမှ မောင်းထွက်ခဲ့ရ သည်။ 

လင်းပင်တင်တင် မလတ်ကအရီးလေး ဘုရားရယ် တကယ်ပစ်မှာလားဟုမေးရာပြောမရတဲ့ အဆုံးတော့ ဘာပဲဖြစ်ဖြစ် ပစ်ရမှာပဲဟု ပြန်ပြောခဲ့သည့်အကြောင်းဖြစ်ပါသည်။ ဤသည်ကို ကြည့်ခြင်းဖြင့် လင်းပင်ထိပ်တင် မလတ်၏ စိတ်ဓာတ်ကို အကဲဖြတ် နိုင်ပါသည်။ မကြာသေးမီကပင် ကမ္ဘာနှစ်ခုကြားမှ မင်းသမီး ရတနာနတ်မယ်ထံမှ ဓာတ်ပုံနှင့်အခြားပုံများ ရခဲ့သည်။ အသက် ၇၈နှစ်အရွယ်၏အလှနှင့် ငယ်ရွယ် စဉ်ကအလှကို နှိုင်းယှဉ်ကြည့်နိုင်ပါသည်။ ထို့ကြောင့် ဤဆောင်းပါးတွင် ထည့်သွင်းဖော်ပြလိုက်ပါသည်။                    

မောင်သန်းဆွေ၊ထားဝယ်
(ရွှေအမြုတေ မဂ္ဂဇင်း၊ဖေဖေါ်ဝါရီလ ၂၀၁၂)

0 comments:

Post a Comment