Sunday, February 12, 2012

မြန်မာအစိုးရရဲ့လျှို့ဝှက်စီမံကိန်း(ဘာ့တေးလ်လင့်တနာ)

0 comments
မြန်မာနိုင်ငံရဲ့ လက်ရှိအစိုးရနဲ့အရင်အစိုးရတို့ရဲ့အလွန်ဆိုးဝါးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုမှတ်တမ်းတွေအပေါ်မှာ နိုင်ငံတကာက ဝေဖန်ပြစ်တင်တာတွေရပ် တန့်သွားပြီး ခုချိန်မှာ မြန်မာအစိုးရအတွက် နိုင်ငံတကာမိတ်ဆွေတွေ တိုးပွားနေ ပါတယ်။ အမေရိကန်အစိုးရနဲ့ ဥရောပသမဂ္ဂအတွင်းက ရန်သူဟောင်းတွေက လည်း အခုအခါ စီးပွားရေးပိတ်ဆို့မှုတွေရုပ်သိမ်းသူက ရုပ်သိမ်းကြသလို၊ တချို့ ကလည်း ရုပ်သိမ်းဖို့ ပြင်နေကြပြီ။ နိုင်ငံပေါင်းစုံ ဖြန့်ကျက်လုပ်ကိုင်နေကြတဲ့ ကုမ္ပဏီကြီးတွေကလည်း အာရှမှာ နောက်ဆုံးရင်းနှီးမြုပ်နှံရာ မြန်မာစားကျက်မြေ ကြီးထဲကို ခြေစုံပစ်ဝင်လိုက်ဖို့ရာ ခြေလှမ်းတပြင်ပြင်ဖြစ်နေပြီ။
သမ္မတသိန်းစိန်ရဲ့ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ခြေလှမ်းတွေဆိုတာနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာကို အနောက်ကမ္ဘာတခုလုံးက ကန့်ကွက်သူမရှိသလောက်နီးနီး ချီးမွမ်းသြဘာပေးနေကြတယ်။ ဒါပေမယ့် တကယ်တမ်း ဘာတွေ ပြောင်းပါသလဲ။ အဲဒီအပြောင်းအလဲဆိုတဲ့ အပြောတွေရဲ့ နောက်ကွယ်မှာဘာတွေရှိနေသလဲ။
- ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေဦးဆောင်တဲ့ ၂၀၀၇ ခုနှစ် ဆန္ဒပြပွဲတွေအပေါ်မှာ ရက်ရက်စက်စက် နှိမ်နင်းဖြိုခွဲခဲ့တာတွေ၊
- ၂၀၀၈ ခုနှစ် အစောပိုင်းတုန်းကဖြစ်ပွားခဲ့တဲ့ နာဂစ်ဘေးဆိုးကာလကြီးရဲ့အစပိုင်းမှာ အကြင်နာကင်းမဲ့ ရက်စက်တဲ့တုံ့ပြန်ပုံတွေ၊
- ဒီလူသတ်မုန်တိုင်းကြီးဖြစ်ပြီးကာစမှာပဲ အခြေခံဥပဒေသစ်နဲ့ပတ်သက်တဲ့ အတုအယောင်ဆန္ဒခံယူပွဲကြီး ကျင်းပခဲ့လို့ အများက ဝိုင်းဝန်းရှုတ်ချပြစ်တင်ခံရတာတွေ၊
- ၂၀၁၀ နိုဝင်ဘာမှာလုပ်တဲ့ အထွေထွေရွေးကောက်ပွဲမှာ ပြောင်ပြောင်တင်းတင်း မဲခိုးမဲညစ်ပြီး စစ်တပ်ကျောထောက်နောက်ခံ ကြံ့ဖွံ့တွေက မဲတွေသိမ်းကျုံးလုယူသွားတာတွေကို မကြာသေးခင် ကာလကလေးမှာပဲ နိုင်ငံတကာအသိုင်းအဝိုင်းက ဝိုင်းဝန်းရှုတ်ချအပြစ်တင်ခဲ့ကြပါသေးတယ်။
အခုခေတ်စားနေတဲ့ သီအိုရီတခုအရ အစိုးရအဖွဲ့အတွင်းမှာ ခေါင်းမာသူတွေနဲ့ ပြုပြင်ပြောင်းလဲလိုသူတွေ အာဏာလွန်ဆွဲနေကြတယ်လို့ ဆိုပါတယ်။ ခုလောလောဆယ်အထိတော့ ပြုပြင်လိုသူတွေက အသာစီး ရနေသေးတယ်လို့လည်း ဆိုကြလေရဲ့။
“ဖက်ဒရယ်မူကို အစိုးရဘက်က ထည့်တောင်မစဉ်းစားဘဲ တောက်လျှောက်တသမတ်တည်း ငြင်းဆန်နေတဲ့ အချက်ဟာလည်း လက်နက်ကိုင်အဖွဲ့တွေနဲ့ သဘောတူညီချက်ကို တာရှည်တည်တံ့ဖို့မဖြစ်နိုင်တဲ့အချက် ဖြစ်ပါတယ်။ ၂၀၀၈ အခြေခံဥပဒေဟာလည်း စစ်တပ်ကိုအဓိကထားပြီး ဗဟိုကချုပ်ကိုင်တဲ့ အစိုးရပုံသဏ္ဍာန် ကို အခြေခံရေးသားထားပါတယ်။ ဒါ့ကြောင့် လတ်တလောပြောနေကြတဲ့ “ပြုပြင်ပြောင်းလဲရေး” ဆိုတာနဲ့ ပတ်သက်ပြီးအပျော်လွန်နေတဲ့ကာလဟာ သိပ်ရှည်ကြာမယ်မထင်ပါဘူး။ စစ်တပ်ကို လွှတ်တော်ထဲမှာ တရားမဝင် ဗီတိုအာဏာတွေအလွန်အကျွံပေးထားတဲ့ လက်ရှိအခြေခံဥပဒေကို ဖျက်ရင်ဖျက်၊ ဒါမှမဟုတ် အများအပြားကို ပြင်ရင်ပြင်၊ အဲသလိုမှမဟုတ်ရင် တိုင်းရင်းသားပြဿနာဟာ ဖြေရှင်းလို့ရမှာမဟုတ်ပါဘူး။”
အနောက်နိုင်ငံ တော်တော်များများက ဘာပဲလုပ်လုပ် သူတို့လုပ်တဲ့အလုပ်တိုင်းဟာ ပြုပြင်လိုသူတွေကို ထောက်ခံအားပေးရာရောက်ဖို့နဲ့ လောလောဆယ်ဖြစ်ပေါ်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေ နောက်ပြန်ဆုတ် မသွားဖို့ဆိုတဲ့အချက်အပေါ်မှာ ပေါ်လစီချဆောင်ရွက်နေကြတာကလည်း အထင်အရှားပါပဲ။ ဥရောပသမဂ္ဂနဲ့ အမေရိကန်ပြည်ထောင်စုတို့ဟာ ဒီသဘောထားကို လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
အီးယူ ဥရောပသမဂ္ဂဥက္ကဌ ဟားမန်းဗန်ရွန်းပါက ဘရပ်ဆဲလ်ထိပ်သီးအစည်းအဝေးမှာ ကြေညာပြောဆိုခဲ့ ရာမှာ “မြန်မာအစိုးရရဲ့အရေးပါတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ကြိုဆိုပါတယ်။ အစိုးရအနေနဲ့ ပြုပြင်ပြောင်း လဲရေးလမ်းကြောင်းအတိုင်းဆက်သွားမယ်ဆိုတဲ့ သန္နိဌာန်ထားရှိဖို့ကိုလည်း တိုက်တွန်းအားပေးပါတယ်” လို့ ပြောခဲ့ပါတယ်။
အဲသလို သူမပြောခင်တရက်အကြိုမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း လာမယ့် ရွေးကောက်ပွဲ မှာ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုပါခွင့်ပေးတာအပါအဝင် မြန်မာနိုင်ငံရဲ့ လောလော ဆယ်လုပ်တဲ့အပြောင်းအလဲတွေကို “အားပေး” ပါတယ်လို့ ပြောခဲ့ပါတယ်။
တချို့လူတွေကတော့ အစိုးရခေါင်းဆောင်တွေကြားက အကွဲအပြဲဆိုတာတွေဟာ ပြည်တွင်းအတိုက်အခံတွေ ငြိမ်နေအောင်၊ အနောက်နိုင်ငံတွေဆီက အရင်ဝေဖန်သူဟောင်းတွေရဲ့ အသံတွေတိတ်ပြီး နိုင်ငံခြား မိတ်ဆွေတွေတိုးလာအောင် သူတို့ စစ်ဗိုလ်အချင်းချင်းကြားမှာ လူဆိုးလူကောင်းအုပ်စုခွဲပြီး ဇာတ်တိုက် ကပြနေကြတာလို့ သံသယဝင်ကြပါတယ်။
တချို့ကတော့လည်း သိန်းစိန်အစိုးရဟာ သူတို့ စစ်အာဏာရှင်အသိုင်းအဝိုင်းအတွင်းမှာတောင် သူ့ခြေလှမ်း ကို ကြိုမခန့်မှန်းနိုင်လောက်အောင် ဝှက်ဖဲတွေကို ခုချိန်အထိ ပါးပါးနပ်နပ်ကိုင်တွယ်ပြီး ကစားနေတယ်လို့ မြင်ကြပါတယ်။ မြန်မာ့နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုကို ဆယ်စုနှစ်တွေနဲ့ချီပြီးလေ့လာသူ မြန်မာတယောက် ကတော့ “တကယ်တမ်း အာဏာရှိတာက စစ်တပ်ဗျ။ ဒီမိုကရေစီအစိုးရ ကိုယ်စားလှယ်တွေမှာ ဘာအာဏာ မှရှိတာမဟုတ်ဘူး” လို့ ပြောပါတယ်။

စနစ်တကျ အကွက်ချထားတဲ့ အစီအမံ 
မြန်မာအစိုးရရဲ့ပေါ်လစီအပြောင်းအလဲနဲ့ ဘာ့ကြောင့် အနောက်နိုင်ငံတွေက ဒီလောက် ထောက်ခံနေကြ သလဲဆိုတာကို နားလည်နိုင်ဖို့ဆိုရင် ၂၀၀၀ ခုလွန် အစောပိုင်းကာလတွေကို ပြန်ပြောင်းကြည့်ရှုဖို့လိုပါ လိမ့်မယ်။ အဲဒီအချိန်တုန်းက နိုင်ငံတကာရဲ့အပြစ်တင်မှု၊ ဖိအားပေးမှုတွေရှိနေပြီး အုပ်စိုးသူစစ်အစိုးရဟာ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီသို့ ချီတက်ရာလမ်းပြမြေပုံ ၇ ချက် ဆိုတာကို ၂၀၀၃ ခု သြဂုတ်လမှာ ကြေညာခဲ့ပါတယ်။ အဲဒီ လမ်းပြမြေပုံအရ အခြေခံဥပဒေသစ် ရေးဆွဲ၊ ရွေးကောက်ပွဲကျင်းပ၊ ပြီးရင် လွှတ်တော်ခေါ်ယူပြီး ခေတ်မီဖွံ့ဖြိုးသော ဒီမိုကရေစီနိုင်ငံတော်ကြီး တည်ဆောက်မယ်လို့ဆိုပါတယ်။
လမ်းပြမြေပုံကို ပြည်သူသိအောင် ကြေညာခဲ့ပါတယ်။ တချိန်တည်းမှာပဲ လျှို့ဝှက်မဟာစီမံကိန်းတရပ်ကို တပြိုင်တည်းရေးဆွဲခဲ့ပါတယ်။ အဲဒီစီမံကိန်းမှာ အမေရိကန်အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းကို ဘယ်လို ဆက်ဆံမယ်ဆိုတဲ့နည်းလမ်းတွေနဲ့ အတိုက်အခံကို ဘယ်လို ဟန့်တားမယ်ဆိုတာတွေ ထည့်သွင်းရေးဆွဲ ထားပါတယ်။ ဒီအက်စ်အေရဲ့ သုတေသနအရာရှိတယောက်ဖြစ်တဲ့ ဗိုလ်မှူးအောင်ကျော်လှ ရေးသားတယ် ဆိုတဲ့ အဲဒီလျှို့ဝှက်စီမံကိန်းကို ၂၀၀၄ ခုနှစ်မှာ ရေးသားပြီးစီးခဲ့ပါတယ်။ ဗိုလ်မှူးအောင်ကျော်လှ ဆိုတာ ဘယ်သူလဲဆိုတာတော့ သေသေချာချာမသိရပါဘူး။
မြန်မာဘာသာနဲ့ရေးတဲ့ အဲဒီစာတမ်းမှာ မဟာစီမံကိန်းရဲ့နောက်ကွယ်က သေနင်္ဂဗျူဟာကို သုံးသပ် ဖော်ပြထားပါတယ်။ အောင်ကျော်လှဆိုတာဟာ တကယ်ရှိတဲ့လူတယောက်လား၊ နာမည်ဝှက်လားဆိုတာ သေသေချာချာမသိရပေမယ့် နာမည်ဝှက်လို့ ယူဆစရာရှိပါတယ်။
စာမျက်နှာ ၃၄၆ မျက်နှာရှိပြီး မြန်မာ-အမေရိကန်ဆက်ဆံရေးလေ့လာချက်လို့ နာမည်ပေးထားတဲ့ အဲဒီစာတမ်းမှာ အဓိကဆွေးနွေးထားတာကတော့ မြန်မာရဲ့ တရုတ်နဲ့သံတမန်ရေးရာမဟာမိတ်ဖွဲ့ထားတဲ့ အနေအထားနဲ့ စီးပွားရေးမှီခိုအားထားနေရတဲ့အခြေအနေဟာ တိုင်းပြည်ရဲ့လွတ်လပ်ရေးကို ခြိမ်းခြောက် ခံနေရတဲ့ အရေးပေါ်အခြေအနေကို ဖြစ်ပေါ်စေတယ်လို့ဆိုပါတယ်။
ဒီစာတမ်းရဲ့အကြံပြုချက်အရ၊ လမ်းပြမြေပုံ ၇ ချက်ကို အကောင်အထည်ဖော်၊ အစိုးရတရပ်ကို ရွေးကောက် တင်မြှောက်ခြင်းအားဖြင့် ပြင်ပကမ္ဘာကလက်ခံနိုင်လောက်တဲ့ ပုံစံဖြစ်လာအောင်လုပ်တဲ့နည်းလမ်း ကျင့်သုံး ပြီး အနောက်အုပ်စုနဲ့ မြန်မာရဲ့ဆက်ဆံရေးကိုပုံမှန်ပြန်ဖြစ်အောင်လုပ်ရမယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံကို စစ်အစိုးရပုံစံနဲ့အုပ်ချုပ်နေသေးသမျှမှာ အနောက်ကမ္ဘာနဲ့ဆက်ဆံရေး ပုံမှန်မဖြစ်နိုင်ဘူးလို့ သူတို့အတွင်း စည်းမှာ တွေးခေါ်ယူဆတာကတော့ ထင်ရှားလှပါတယ်။
ဒါ့အပြင် မဟာစီမံကိန်းစာတမ်းမှာ အောင်ကျော်လှ အကြံပေးထားတာက လူ့အခွင့်အရေးပြဿနာကို အနောက်နိုင်ငံတွေကစိုးရိမ်ပူပန်တာမှန်ပေမယ့် အမေရိကန်ဟာ သူတို့ရဲ့သေနင်္ဂဗျူဟာအတွက်အရေးပါတဲ့ အကျိုးစီးပွားတွေကြောင့် သူတို့မူကို ပြင်ဖို့ဆန္ဒရှိလိမ့်မယ်လို့ ဆိုထားပါတယ်။ သေနင်္ဂဗျူဟာကျတဲ့ အကျိုး စီးပွားဆိုတာ ဘာတွေလဲဆိုတဲ့အချက်ကိုတော့ အတိအကျပြောပြမထားပါဘူး။
ဒါပေမယ့် သူတွေးခေါ်ပုံဟာ အမေရိကန်-တရုတ်အားပြိုင်မှုကိုအခြေခံပြီး အမေရိကန်နဲ့ဘုံအကျိုးတူ အခြေခံ ကို ရှာဖွေတွေ့ရှိနိုင်မယ်လို့ တွေးတာထင်ရှားပါတယ်။ အမေရိကန်ဟာ သေနင်္ဂဗျူဟာအရအရေးပါတဲ့ အကျိုးစီးပွားတွေနဲ့သက်ဆိုင်လာရင် ဒီမိုကရေစီနဲ့ဆန့်ကျင်နေသော်ငြားလည်း သူ့မူဝါဒကို ပြုပြင် အလျှော့ပေးတတ်ကြောင်းကို အောင်ကျော်လှက ဗီယက်နမ်နဲ့ အာဏာရှင်ဆူဟာတိုလက်ထက် အင်ဒိုနီးရှား ဥပမာတွေနဲ့ ထောက်ပြပြောဆိုပါတယ်။
တကယ်လို့ အမေရိကန်နဲ့ဆက်ဆံရေး ကောင်းမွန်အောင်လုပ်နိုင်ရင် မြန်မာအနေနဲ့သေလုမျောပါး လိုအပ်နေတဲ့ ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF နဲ့ နိုင်ငံတကာဘဏ္ဍာရေး အဖွဲ့အစည်းတွေ ဆီက ငွေကြေးအကူအညီကိုရနိုင်မယ်လို့ အဲဒီမဟာစီမံကိန်းက ဖော်ပြပါတယ်။ ဒါဆိုရင် မြန်မာဟာ တရုတ် အပါအဝင်အိမ်နီးချင်းနိုင်ငံတွေရဲ့စေတနာနဲ့ကုန်သွယ်ရေးအပေါ်မှာမှီခိုနေရတဲ့ ဒေသတွင်း နိုင်ငံတနိုင်ငံ အဆင့်ကနေကျော်လွန်ပြီး ဂလိုဘယ်လိုက်ဇေးရှင်းခေတ်ထဲကို ဝင်ရောက်နိုင်လိမ့်မယ်လို့ အကြံပြုထားပါ တယ်။ မြန်မာဟာ အနောက်နိုင်ငံတွေရဲ့ယုံကြည်မှုရအောင် တရုတ်နဲ့မဟာမိတ်ဖွဲ့ထားတဲ့ ဆက်ဆံရေးကို မလျှော့ချခင်မှာ ပေါ်ပေါက်လာနိုင်တဲ့ပြဿနာတွေကိုလည်း မဟာစီမံကိန်းမှာ ပြည့်ပြည့်စုံစုံ ဖော်ပြထားပါ တယ်။
အဲဒီစီမံကိန်းကို ရေးဆွဲနေစဉ်ကာလဟာ ဒေါ်အောင်ဆန်းစုကြည်ကိုဖမ်းဆီးထားတဲ့ကာလဖြစ်ပြီး အဲဒီ စာတမ်းထဲမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ သော့ချက်ဖြစ်တယ်လို့ရေးထားပါတယ်။ သူ့ကို ဖမ်းထားတဲ့ အချိန်တွေမှာ နိုင်ငံရေးဖိအားတွေပိုမိုလာပြီး သူ့ကို လွှတ်ပေးထားရင် ဖိအားတွေလျော့သွားတယ်လို့လည်း သုံးသပ်ထားပါတယ်။ စုကြည်ကိုလွှတ်ပေးခြင်းဟာ အနောက်နိုင်ငံတွေနဲ့ဆက်ဆံရေးကို တိုးတက်စေလိမ့် မယ်လို့ အစီရင်ခံစာမှာရေးထားသလို သူ့ရဲ့အဆုံးစွန်ရည်မှန်းချက်အဖြစ် ရှင်းရှင်းလင်းလင်း ရေးသားထား တာကတော့ အတိုက်အခံအင်အားစုကိုဖြိုခွဲရေးပဲ ဖြစ်ပါတယ်။
တချိန်တည်းမှာပဲ အနောက်နိုင်ငံတွေရဲ့ပိတ်ဆို့ရေးကိုဆန့်ကျင်တဲ့ အနောက်တိုင်းပညာရှင်တွေကိုလည်း နာမည်နဲ့တကွဖော်ပြပါတယ်။ စိတ်ဝင်စားစရာကောင်းတဲ့ အကြံပြုချက်ကတော့ သြဇာရှိတဲ့အမေရိကန် ကွန်ဂရက်စ်အမတ်တွေရဲ့ နောက်ခံအချက်အလက်တွေနဲ့ပတ်သက်ပြီး ခင်မင်ရင်းနှီးသော အိန္ဒိယသံတမန် များက အကူအညီပေးပါလိမ့်မယ်လို့ ဆိုထားတဲ့အချက်ဖြစ်ပါတယ်။
စာတမ်းမှာ အဆုံးသတ်ကောက်ချက်ချထားတာကတော့ အစိုးရဟာ မီဒီယာတွေနဲ့ ပြည်ပရောက်အတိုက် အခံတွေဖွဲ့ထားတဲ့ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေကို ယှဉ်နိုင်မှာမဟုတ်ပေမယ့် အမေရိကန် နိုင်ငံရေး သမားတွေနဲ့ လွှတ်တော်အမတ်တွေကို မြန်မာနိုင်ငံလာဖို့ဖိတ်ကြားလိုက်ရင် နိုင်ငံတကာရဲ့အမြင်ကို အစိုးရဘက်ပါလာအောင် တဖြည်းဖြည်းပြောင်းလဲနိုင်ပါလိမ့်မယ်လို့ ဆိုထားပါတယ်။
ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ အမေရိကန်အများအပြားဟာ မြန်မာနိုင်ငံထဲကိုရောက်လာကြပြီး ပြန်သွားတဲ့အခါ အရင်ကထက် ဝေဖန်တဲ့အသံတွေ တဖြည်းဖြည်းပျော့လာခဲ့ပါတယ်။ နောက်ဆုံးမှာတော့ မြန်မာအစိုးရဟာ အမေရိကန်နဲ့ ထိတွေ့ဆက်ဆံရေးမှာ အပေးအယူ အပြန်အလှန်ဆိုတဲ့အခြေအနေမဟုတ်ဘဲ အသာစီးရတဲ့ အခြေအနေဖြစ်အောင် အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။

တရုတ်ကြောက်ရောဂါ
အောင်ကျော်လှရဲ့ဒီစာတမ်းဟာ တရုတ်နဲ့ နီးနီးစပ်စပ်ဆက်ဆံနေရတဲ့အပေါ် စစ်အစိုးရရဲ့မနှစ်သက်မှုကို ပထမဆုံး ရှင်းရှင်းလင်းလင်းဖော်ပြတဲ့ လက္ခဏာရပ်ဖြစ်ပါတယ်။ တရုတ်နဲ့နီးစပ်လာတာဟာ ၁၉၈၈ ခုနှစ် ဒီမိုကရေစီတောင်းဆိုတဲ့ လူထုလှုပ်ရှားမှုကြီးကိုသတ်ဖြတ်နှိမ်နင်းမှုနဲ့ တခြားလူ့အခွင့်အရေးချိုးဖောက်မှု တွေကြောင့် အနောက်နိုင်ငံတွေက မြန်မာနဲ့ဆက်ဆံရေးကို လျော့ချလိုက်တာကလည်း အကြောင်း တကြောင်းအနေနဲ့ တစိတ်တဒေသအားဖြင့် ပါဝင်ပါတယ်။ တရုတ်နဲ့ဆက်ဆံရေး ပိုပြီးဆိုးလာတာကိုတော့ ၂၀၁၀ ခုနှစ်အတွင်း စစ်တပ်အတွင်းမှာပဲဖြန့်ဝေဖတ်ရှုတဲ့အစီရင်ခံစာတွေကို ဖတ်ကြည့်ရင် ပိုပေါ်လွင်လာ ပါတယ်။
အဲဒီကာလအထိ တရုတ်ကို အားကိုးထိုက်တဲ့မိတ်ဆွေလို့ ချီးမွမ်းပြောဆိုမှုတွေ ဆက်ရှိနေသေးပေမယ့် သစ်တောသယံဇာတတွေကို မတော်မတရားရယူမှု၊ မူးယစ်မှောင်ခိုကုန်သွယ်ရေးကိုဆိုးဝါးစေမှု အပါအဝင် မြန်မာနိုင်ငံမှာဖြစ်နေတဲ့ ဆိုးဆိုးဝါးဝါးကိစ္စအများစုမှာ တရုတ်ဟာ ဇစ်မြစ်အကြောင်းတရား ဖြစ်သလားဆို တာကို တဖြည်းဖြည်းသုံးသပ်စပြုလာတယ်။ မြန်မာနိုင်ငံမှာ အဓိက မူးယစ်ဆေးဝါးကုန်သွယ်ရေးလုပ်တဲ့ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နဲ့တရုတ်ကြား ရင်းရင်းနှီးနှီး ဆက်သွယ်ပတ်သက်နေတာကိုလည်း နေပြည်တော်အစိုးရအာဏာပိုင်တွေအနေနဲ့ သတိမပြုမိစရာ အကြောင်းမရှိဘူး။
အဲဒီ့နောက် ၂၀၁၁ ခုနှစ် စက်တင်ဘာလမှာတော့ မြန်မာနိုင်ငံမြောက်ပိုင်းမှာ ဆောင်ရွက်နေတဲ့ ဒေါ်လာ သန်း ၃,၆၀၀ တန် တရုတ်ဖက်စပ် မြစ်ဆုံစီမံကိန်းကို သိန်းစိန်အစိုးရကဆိုင်းငံ့လိုက်ကြောင်း ဆုံးဖြတ်ချက် ထွက်ပေါ်လာပါတော့တယ်။ အမေရိကန်ပြည်ထောင်စုဘက်ကကြည့်တော့လည်း နေပြည်တော်အစိုးရက အမေရိကန်ပြည်ထောင်စုနဲ့ ထိတွေ့ပူးပေါင်းလိုကြောင်းပြသတဲ့အချိန်မှာ မြန်မာကို တရုတ်နဲ့ခွဲခွာအောင် အားပေးအားမြှောက် ပြုလုပ်ပေးရေးဟာ အဓိက ဦးစားပေးဖြစ်လာတယ်။
ဒါ့အပြင် သူတို့အတွက် စိတ်အနှောက်အယှက်ဖြစ်စေတဲ့ မြောက်ကိုရီးယားနဲ့မြန်မာအကြား စစ်ရေးဆက် စပ်မှုကို ပျက်ပြယ်အောင်လုပ်ဖို့လည်း အမေရိကန်အစိုးရအနေနဲ့ စိတ်အားထက်သန်တယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် မြန်မာနိုင်ငံကိုလာတော့ အမေရိကန်ရဲ့အဓိက လုပ်ငန်းစဉ်တွေထဲမှာ မြောက်ကိုရီးယားအရေးဟာ ထိပ်ပိုင်းကပါလာတာဟာ ဘာမှအံ့သြစရာမရှိဘူး။
ပြုပြင်ပြောင်းလဲရေးလိုလားပါတယ်ဆိုတဲ့သိန်းစိန် သမ္မတဖြစ်လာပြီးနောက် အစိုးရအရာရှိတွေက သူတို့နဲ့ မြောက်ကိုရီးယားအကြား စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုမရှိပါဘူးလို့ ကြေညာပြီးနောက်၊ ၂၀၁၁ ခုနှစ် မေလ၊ ဇွန်လတွေမှာတောင် မြောက်ကိုရီးယားကနေ မြန်မာနိုင်ငံကို သင်္ဘောနဲ့လက်နက်တင်ပို့ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့တဲ့ မှတ်တမ်းတွေရှိခဲ့ပါတယ်။
မေလ ၂၆ ရက်မှာ မြန်မာနိုင်ငံအတွက် မြောက်ကိုရီးယားက မစ်ဇိုင်းလက်နက်အစိတ်အပိုင်းတွေနဲ့ စစ်လက် နက်တွေသယ်ဆောင်လာတယ်လို့ သံသယရှိဖွယ်ဖြစ်တဲ့ M/V Light မြောက်ကိုရီးယား ကုန်တင်သင်္ဘောကို အမေရိကန်ရေတပ်ပိုင် USS McCampbell လေယာဉ်တင်သင်္ဘောက တွေ့ခဲ့တယ်။ အမေရိကန်သင်္ဘောက မြောက်ကိုရီးယားသင်္ဘောဆီချဉ်းကပ်ပြီး သင်္ဘောပေါ်တက်ရောက် စစ်ဆေးခွင့်တောင်းပေမယ့် မြောက်ကိုရီးယားဘက်က ငြင်းခဲ့တယ်။
နောက်ထပ် ရက်အနည်းအငယ်အကြာ စင်္ကာပူနိုင်ငံအနီး ရှန်ဟိုင်းတောင်ဘက် ပင်လယ်ပြင်ထဲမှာတော့ နှစ်ဘက် ရင်ဆိုင်အချင်းများခဲ့ကြတယ်။ နောက်ဆုံးမှာတော့ အမေရိကန် ကင်းထောက်လေယာဉ်တွေနဲ့ ဆက်သွယ်ရေးဂြိုလ်တုက လမ်းတလျှောက် တောက်လျှောက်စောင့်ကြပ်လိုက်ပါလာတဲ့အတွက် မြောက်ကိုရီးယားသင်္ဘော မြောက်ကိုရီးယားကို ပြန်လှည့်သွားခဲ့တယ်။
အဲဒီအဖြစ်အပျက်နောက်ပိုင်း နေပြည်တော်မြန်မာအစိုးရအနေနဲ့ နိုင်ငံတကာဘဏ္ဍာရေး အဖွဲ့အစည်းတွေဆီ ကနေ ငွေကြေးအကူအညီရယူနိုင်အောင် အမေရိကန်ဘက်ကပိတ်ဆို့အရေးယူမှုတချို့ကို လျှော့ပေါ့ပေးဖို့ မက်လုံးပေးခဲ့ပြီး မြောက်ကိုရီးယားလက်နက်သင်္ဘော မြန်မာနိုင်ငံကိုလာရောက်ဖို့ နောက်ထပ်ကြိုးစားတာ မျိုးလည်း မကြားရတော့ပါဘူး။
မြန်မာအစိုးရအနေနဲ့ တရုတ်ကနေခွဲခွာချင်တဲ့ဆန္ဒကို အမေရိကန်က ကောင်းကောင်းအမြတ်ထုတ် အသုံးချ ခဲ့တယ်ဆိုတာ သံသယဝင်စရာမရှိပါဘူး။ “အမေရိကန်ပြည်ထောင်စုဘက်က ကြိုးစားဆောင်ရွက်နေတာ ကတော့ မြန်မာနိုင်ငံကို လစ်ဘရယ်အသွင်ပြောင်းချင်တဲ့အင်အားစုတွေကို ထောက်ခံအားပေးကြောင်း ပြသဖို့ပါပဲ” လို့ ထိုင်းနိုင်ငံ ချူလာလောင်ကွန်းတက္ကသိုလ်မှာ အခုအခါ အလုပ်လုပ်နေတဲ့ အမေရိကန် သံတမန်ဟောင်း ရောဘတ်ဖစ်က ပြောပါတယ်။
မကြာခင်မှာ မြန်မာနဲ့သံတမန်ဆက်သွယ်ရေးမြှင့်တင်တဲ့အနေနဲ့ အမေရိကန်အစိုးရဟာ မြန်မာနိုင်ငံကို သံအမတ်ခန့်အပ်ပါတော့မယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၇ ရက်ထုတ် အမေရိကန် နယူးယောက်တိုင်းသတင်း စာမှာ အမေရိကန်ဗဟိုထောက်လှမ်းရေးအဖွဲ့ စီအိုင်အေရဲ့ညွှန်ကြားရေးမှူး ဒေးဗစ်ပက်ထရီးရပ်စ် ဒီနှစ်ထဲမှာ မြန်မာနိုင်ငံကိုသွားမယ်လို့ အမေရိကန်အစိုးရအရာရှိတွေကို ကိုးကားပြီးရေးသားခဲ့ပါတယ်။
စီအိုင်အေဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ လစ်ဘရယ်တန်ဖိုးတွေကို မြှင့်တင်ပေးသူ ထောက်ခံအားပေးသူအနေနဲ့ လူသိများတဲ့အဖွဲ့အစည်းမျိုး လုံးဝမဟုတ်ပါဘူး။ စီအိုင်အေရဲ့ဦးစားပေးလုပ်ငန်းဟာ အမေရိကန်အတွက် မြန်မာရဲ့သေနင်္ဂဗျူဟာအရအရေးပါတဲ့ ကိစ္စလိုဟာမျိုးကိုဆောင်ရွက်ဖို့ပါ။
ဒီနေရာမှာ အန္တရာယ်ရှိလာနိုင်တဲ့အချက်ကို လွန်ခဲ့တဲ့ ၇ နှစ်ကတည်းက အောင်ကျော်လှက ရေးခဲ့ပါတယ်။ မြန်မာဟာ အမေရိကန်နဲ့အပြန်အလှန်ဆက်ဆံရေးတိုးမြှင့်လာရင် တရုတ်ဟာ မြန်မာရဲ့သွေးစည်းခိုင်မာမှုနဲ့ လွတ်လပ်ရေးကို တနည်းနည်းနဲ့ခြိမ်းခြောက်လာနိုင်တယ် ဆိုတာပါပဲ။ ဒါ့ကြောင့် အားမျှအောင် ချင့်ချိန်ဆောင်ရွက်ဖို့လိုအပ်တယ်လို့ အောင်ကျော်လှက ပြောပါတယ်။ ဒါပေမယ့် ဘယ်လို အားမျှအောင် လုပ်မလဲဆိုတာကိုတော့ သူ့ရဲ့မဟာစီမံကိန်းမှာ ထည့်သွင်းရေးသားမထားပါဘူး။



ကောင်းကောင်းပြင်ဆင်ထားတဲ့ လမ်းကြောင်း
မြန်မာရဲ့ပေါ်လစီသစ်တွေဟာ ရေရှည်အလုပ်ဖြစ်ပါ့မလားဆိုတာတော့ သံသယဝင်စရာအကြောင်းတွေ ရှိပါတယ်။ မြန်မာနိုင်ငံက စစ်အစိုးရဝင်စားတဲ့အရပ်သားအစိုးရထဲမှာ လူကောင်း၊ လူဆိုးအုပ်စု ကွဲပြားနေ တယ်ဆိုတဲ့ ဝတ်စုံပြည့်ကပြနေတဲ့ဇာတ်လမ်းကို နိုင်ငံတကာကယုံကြည်ပုံရပေမယ့် ပြည်တွင်းပြည်ပက အဓိက အတိုက်အခံအင်အားစုတွေကတော့ ဒီလောက် အညှာလွယ်လွယ်နဲ့ ယုံကြည်ကြပုံမရပါဘူး။
မြန်မာနိုင်ငံမှာ လောလောဆယ် အရပ်သားအသွင်ပြောင်းထားတဲ့ လူကောင်းတွေထဲက တယောက်ပါဆိုတဲ့ မီးရထားဝန်ကြီး ဗိုလ်ချုပ်ဟောင်းအောင်မင်းဟာ မြန်မာနိုင်ငံနဲ့ထိုင်းနိုင်ငံကြား ခေါက်တုံ့ခေါက်ပြန်သွားပြီး ထင်ရှားတဲ့ အဝေးရောက်အတိုက်အခံတွေနဲ့ တွေ့ဆုံနေပါတယ်။ သူနဲ့ လတ်တလော တွေ့ဆုံကြရသူတွေ ကတော့ သူ့ရဲ့ရည်ရွယ်ချက်တွေ၊ စစ်အစိုးရ တင်းမာအုပ်စုလူဆိုးတွေဆီကပြောကြတယ်လို့ သူဆိုတဲ့ ညှိနှိုင်းလိုစိတ်မရှိတဲ့လက္ခဏာတွေဆိုတာနဲ့ပတ်သက်ပြီး သံသယကြီးကြီးဝင်နေကြပါတယ်။
အောင်မင်းဟာ ၁၉၈၃ ခုနှစ်တုန်းက ရာထူးဖြုတ်ချခံခဲ့ရတဲ့ စစ်ထောက်လှမ်းရေးမျက်မှန်တင်ဦးရဲ့တပည့် ဆိုတာကို သူတို့သတိပြုမိကြပါတယ်။ မျက်မှန်တင်ဦးကို အကျင့်ပျက်ခြစားမှုတွေအကြောင်းပြပြီး ရာထူးက ဖယ်ရှားခဲ့ပေမယ့် သူဟာ အရင် စစ်အာဏာရှင်ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ခေါင်းဆောင်မှုကို ခြိမ်းခြောက်တဲ့ စင်ပြိုင်ထောင်တဲ့လုပ်ရပ်တွေကြောင့်သာ ဖယ်ရှားခံခဲ့ရတာက ပိုဖြစ်ဖို့များပါတယ်။
၁၉၈၃ ခုနှစ်တုန်းက Far Eastern Economic Review မှာ အင်္ဂလိပ်သတင်းစာဆရာ ရော့ဒ်နီတပ်စကာက တင်ဦးနဲ့ သူ့ထောက်လှမ်းရေးတွေအကြောင်းကို အခုလို ရေးသားခဲ့ဖူးပါတယ်။
“သူတို့ဟာ တခြားအမြင်ကျဉ်းတဲ့၊ တရားသေဆန်တဲ့ မြန်မာခေါင်းဆောင်တွေထက် နိုင်ငံတကာအကြောင်း ပိုသိသူတွေ ဖြစ်ပါတယ်။ သူတို့ဟာ လက်ရှိစစ်အစိုးရရဲ့တင်းကျပ်တဲ့ ကန့်သတ်ချက်တွေအောက်မှာ ရှိနေပုံရပေမယ့် သူတို့ကို နိုင်ငံခြားသွားခွင့်ပေးထားတယ်။ နိုင်ငံခြားသားတွေနဲ့ လွတ်လွတ်လပ်လပ် စကားပြောခွင့်ပေးထားတယ်” လို့ ဆိုပါတယ်။
ဒါပေမယ့် သူတို့ဟာလည်း သူတို့ရဲ့ရန်သူတွေ၊ ပြိုင်ဘက်တွေအပေါ်မှာ အင်မတန် အညှာတာကင်း ရက်စက်ပြီး အလွန်ပါးနပ်လိမ္မာသူတွေအဖြစ် လူသိများပါတယ်။ မျက်မှန်တင်ဦးကိုယ်တိုင်ဟာ စပိန်နိုင်ငံ ပစိဖိတ်ကျွန်းစုတွေထဲကကျွန်းတကျွန်းမှာ အမေရိကန်စီအိုင်အေသင်တန်းကို တက်ရောက်ခဲ့သူတယောက် ဖြစ်ပါတယ်။
အောင်မင်းဟာ ၁၉၈၃ ရှင်းလင်းပွဲမှာ တနည်းတဖုံကျန်ရစ်ခဲ့ပြီး ၁၉၉၂ ခုနှစ်မှာ မြန်မာစစ်ထောက်လှမ်းရေး ၂၁ တပ်ဖွဲ့ကိုရွှေ့ပြောင်းခဲ့ပါတယ်။ ၂၀၀၀ ခုနှစ်မှာ အမှတ် ၆၆ ခြေမြန်တပ်ရင်းကိုရောက်ခဲ့ပြီး ၂၀၀၁ ခုနှစ်မှာ မြန်မာစစ်တပ်ရဲ့တောင်ပိုင်းတိုင်းမှူးအဖြစ် ရာထူးတိုးမြှင့်ခံရပါတယ်။ ၂၀၀၃ ခုနှစ်မှာတော့ အရင် ဗိုလ်ချုပ် သန်းရွှေစစ်အစိုးရလက်ထက်မှာ မီးရထားဝန်ကြီး ဖြစ်လာပါတယ်။
ဒီနေ့ အဖြစ်အပျက်တွေကို ဆက်စပ်ကြည့်ရင် မဟာစီမံကိန်းမှာ ရေးသားထားတဲ့ စစ်အာဏာသက်ဆိုး ရှည်ရေးအစီအစဉ်မှာ ကာလရှည်ကြာပြဿနာဖြစ်ခဲ့တဲ့တိုင်းရင်းသားအရေးဟာ အဓိကပြဿနာ ဖြစ်ပါလိမ့်မယ်။

စစ်အစိုးရ လက်ရှိ အာဏာလွန်ဆွဲပွဲ
ဒီနှစ်ထဲမှာ တရုတ်နိုင်ငံအနောက်တောင်ပိုင်းကရွှေလီမြို့မှာ ကချင်သူပုန်နဲ့တွေ့ဆုံဆွေးနွေးခဲ့သူပါ။ သူဟာ အရင် စက်မှုဝန်ကြီးဟောင်းဖြစ်ပြီး ၂၀၀၃ ခုနှစ်မှာ စုကြည်နဲ့အပေါင်းအပါတွေကို အုပ်စုဖွဲ့တိုက်ခိုက်ခဲ့လို့ စုကြည်ထောက်ခံသူအများအပြား သေဆုံးဒဏ်ရာရခဲ့ကြတဲ့ ဒီပဲယင်းအရေးအခင်းကို နောက်ကွယ်က စီစဉ်ခဲ့သူတွေထဲကတယောက်လို့ ထင်မြင်ယူဆခံရသူ ဖြစ်ပါတယ်။
လူကောင်း အောင်မင်းဟာ ရွှေလီဆွေးနွေးပွဲကိုမတက်ခဲ့ပါဘူး။ ဒါပေမယ့် သုံးသပ်သူတချို့ကတော့ နောက်ပိုင်းမှာ ဆွေးနွေးပွဲပျက်ပြားမယ့်အခြေအနေရောက်လာရင် အပျော့လိုင်းချဉ်းကပ်ပုံစံနဲ့ အောင်မင်းက ဝင်ရောက်ကယ်တင်လိမ့်မယ်လို့ ထင်မြင်နေကြပါတယ်။ အခုလို လူသိများထင်ရှားတဲ့ပုဂ္ဂိုလ်တွေက အသေအချာပြင်ဆင်ထားတဲ့ ဆွေးနွေးရေးနည်းလမ်းတွေနဲ့ ဆောင်ရွက်နေတာတွေကို ပုန်ကန်သူ တိုင်းရင်းသားတွေဘက်က လက်ခံလက်မခံဆိုတာကတော့ စောင့်ကြည့်ရဦးမှာပါ။
ဖက်ဒရယ်မူကို အစိုးရဘက်က ထည့်တောင်မစဉ်းစားဘဲ တောက်လျှောက် တသမတ်တည်း ငြင်းဆန်နေတဲ့ အချက်ဟာလည်း လက်နက်ကိုင်အဖွဲ့တွေနဲ့သဘောတူညီချက်ကို တာရှည်တည်တံ့ဖို့မဖြစ်နိုင်တဲ့အချက် ဖြစ်ပါတယ်။ ၂၀၀၈ အခြေခံဥပဒေဟာလည်း စစ်တပ်ကိုအဓိကထားပြီး ဗဟိုကချုပ်ကိုင်တဲ့ အစိုးရပုံသဏ္ဍာန် ကို အခြေခံရေးသားထားပါတယ်။ ဒါ့ကြောင့် လတ်တလောပြောနေကြတဲ့ “ပြုပြင်ပြောင်းလဲရေး” ဆိုတာနဲ့ ပတ်သက်ပြီးအပျော်လွန်နေတဲ့ကာလဟာ သိပ်ရှည်ကြာမယ်မထင်ပါဘူး။ စစ်တပ်ကို လွှတ်တော်ထဲမှာ တရားမဝင် ဗီတိုအာဏာတွေအလွန်အကျွံပေးထားတဲ့ လက်ရှိအခြေခံဥပဒေကို ဖျက်ရင်ဖျက်၊ ဒါမှမဟုတ် အများအပြားကို ပြင်ရင်ပြင်၊ အဲသလိုမှမဟုတ်ရင် တိုင်းရင်းသားပြဿနာဟာ ဖြေရှင်းလို့ရမှာမဟုတ်ပါဘူး။
ဒါ့အပြင် မြန်မာနိုင်ငံဟာ အမေရိကန်နဲ့တရုတ်တို့ ယှဉ်ပြိုင်ကြရာနယ်မြေတခုသာဖြစ်လာခဲ့ရင်တော့ မြန်မာနိုင်ငံဟာ ရှေ့လျှောက် သေချာပေါက်ပိုပြီး ဒုက္ခရောက်မှာပါ။ မဟာစီမံကိန်းမှာ အောင်ကျော်လှ သတိပေးခဲ့တဲ့ တရုတ်-အမေရိကန်ပြဿနာဟာ အခုလက်တွေ့ ပေါ်ပေါက်နေပါပြီ။ 
ဘာတေးလ် လစ်တနာ(အေးရှတိုင်းမှာ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့က ဖော်ပြခဲ့တဲ့ ဆောင်းပါးကို ဘာသာပြန်ထားတာဖြစ်ပါတယ်။)မူရင်းဆောင်းပါးကို ဖတ်ရှုရန် ...http://www.atimes.com/atimes/Southeast_Asia/NB10Ae01.html 
မျှဝေပေးပို့သူ - ကိုဂျွန်
(ဒီနေရာကယူပါတယ်)http://drlunswe.blogspot.com/

0 comments:

Post a Comment