Friday, February 17, 2012

ဒို့ဗမာ (ဘိုဘိုလန်းစင်) ဆောင်းပါး(၄)

0 comments

(ဒို့ဗမာ ၄)
My Burma by ဘိုဘိုလန်းစင်
(မူရင်းသတ်ပုံနှင့်ဝါကျအတိုင်း)
သာတရှင်များခင်ဗျာ အရင်တပတ်က ပတ်ဝန်းကျင်အရှေ့တောင်အာရှမှာ အမျိုးသားနိုင်ငံသစ်တွေ စစ်ပီးခေတ်လွတ်လပ်ရေးရချိန်မှာ အလျှိုအလျှိုပေါ်လာတာကို ပြောခဲ့ပါတယ်။ ဖိလစ်ပိုင်ဆိုရင် ရိုးရာကျေးလက်အုပ်ချုပ်ရေးအဆင့်ကနေ စပိန်ယဉ်ကျေးမှုနဲ့အမေရိကန်ပုံစံ သမ္မတနိုင်ငံဖြစ်လာခဲ့ပီး ခုချိန်ထိ အမေရိကန်နဲ့ဆက်ဆံရေး နီးကပ်ဆဲဖြစ်ပါတယ်။ တရုတ်ပြည်ကြီးကကော မန်ချူးအုပ်ချုပ်ရေးပျက်တဲ့ချိန်မှာ တပြည်လုံးမှာအစိတ်စိတ်ကွဲနေတဲ့ စစ်မင်းတွေ၊ ဘုရင်ခံတွေက ယူနိုက်တက်စတိတ်စ်အော့ဖ်ချိုင်းနား တရုတ်ပြည်ထောင်စုထောင်ပီး လွတ်လွတ်လပ်လပ်ဖက်ဒရယ်ပုံစံအုပ်ချုပ်ဖို့ ကြံခဲ့သေးတယ်လို့ တရုတ်သမိုင်းဆရာတယောက်ပြောသွားတာကို ကြားလိုက်ပါသေးတယ်။ နောက်ပိုင်း ချန်ကေရှိတ်၊ ဂျာမန်၊ ရပ်ရှားစတဲ့ နိုင်ငံကြီးတွေအကူအညီနဲ့တိုက်ခိုက်သိမ်းသွင်းပီး သမ္မတအာဏာရှင်စနစ်ကိုထူထောင်ခဲ့တာပါ။ အိန္ဒိယကရော မဂိုအုပ်ချုပ်ရေးနောက်ပိုင်းမှာ ဗြိတိသျှပိုင်အိန္ဒိယအင်ပါယာထဲက စော်ဘွားနယ်တွေ တိုက်ရိုက်အုပ်ချုပ်ရာနယ်တွေ နောက် အင်္ဂလိပ်သိမ်းယူထားတဲ့ အာသံမဏိပူရလိုနယ်တွေပါထပ်ပေါင်းပီး ပေါ်ထွန်းလာတဲ့နိုင်ငံကြီးပါ။ စစ်ပီးမှာတော့ ဘာသာရေး၊ လူမျိုးရေးတွေကြောင့် ပိုင်းကွဲသွားခဲ့ပါတယ်။ အာရှတလွှားမှာ ဂျပန်လို သီးသန့်ဝိသေသရှိတဲ့တိုင်းပြည်မျိုးတောင်မှ ဆာမူရိုင်းပဒေသရာဇ်တွေလက်က ဘုရင်အာဏာပြန်ယူပီး တိုင်းပြည်ကိုတံခါးဖွင့်ခဲ့ရပါသေးတယ်။
အခြေတကျလူနေမှုမရှိခဲ့တဲ့ အာရပ်နယ်တွေနဲ့ လူမျိုးစုံရောပြွမ်းနေတဲ့အာဖရိကမှာတော့ နိုင်ငံတွေ ပေါင်းလိုက်ခွဲလိုက် နာမည်ပြောင်းလိုက်နဲ့ လွတ်လပ်ရေးရပီးထဲက မတည်ငြိမ်သေးတာကို သတိပြုမိကြမှာပါ။ နယ်နိမိတ်မျဉ်းတွေဟာလည်း ကိုလိုနီရှင်တွေနယ်လုစဉ်က လတ္တီတွဒ် လောင်ဂျီတွဒ်တွေအတိုင်း ခွဲထားကြ လို့ ပေါင်မုန့်ကိတ်မုန့်တုံးများလို တုံးတိတိကြီးတွေနဲ့ပါ။ ပါလက်စတိုင်းအစ္စရေးပြဿနာလို အိမ်ကြီးပေါ် အိမ်ငယ်တင်တဲ့ကိစ္စတွေကတော့ ကိုလိုနီသမားရဲ့ကျားကွက်တွေပါ။ ဒုတိယကမ္ဘာစစ်မဖြစ်ခင်က ဂျူးလူမျိုးတွေကို ရှမ်းပြည်ကလူနေကျဲတဲ့ဒေသတွေမှာ နေရာချဘို့စီစဉ်ခဲ့ဘူးတယ်လို့ ဖတ်ဖူးပါတယ်။ ဒါကြောင့် ကိုလိုနီဘဝကလွတ်လာတဲ့နိုင်ငံတွေမှာ ဆုပ်ကိုင်ထားစရာဆိုလို့ အမျိုးသားရေးစိတ်ပဲရှိတယ်လို့ ပညာရှင်တယောက်ရေးတာကို ဖတ်ရပါတယ်။ အမျိုးသားစိတ်တွေမွှန်ထူကုန်တော့ ၁၆၊ ၁၇ ရာစုများက ဥရောပနိုင်ငံတွေလိုပဲ အချင်းချင်းစစ်ခင်း ဗိုလ်လုပ်လာချင်ကြပါတယ်။ ဘုရင်ခေတ်ထက်ပိုတာက စီးပွားရေး အရ အသာစီးကအမြတ်ထုတ်ချင်တဲ့စိတ် နယ်ချဲ့ဆီကယူလိုက်ကြတာပါ။
ကိုယ့်တိုင်းပြည်ကို ကိုယ်ပြန်ကြည့်တဲ့အခါကျတော့ အိမ်နီးချင်းနိုင်ငံတွေလိုပဲ ၂၀ ရာစုဦး ဘာသာရေးအခြေခံ လှုပ်ရှားမှုတွေကတဆင့် ဗုဒ္ဓဘာသာမြန်မာလူမျိုးဆိုတဲ့ အမျိုးသားလက္ခဏာတည်ဆောက်လာရတဲ့ ကျနော်တို့ရဲ့ ပထမဆုံးနိုင်ငံအဆင့် အမျိုးသားရေးလှုပ်ရှားမှုက ၁၉၂၀ မှာ တည်ထောင်တဲ့ ဂျီစီဘီအေ မြန်မာအသင်းချုပ်ကြီးပါ။ ဂျီစီဘီအေဝံသာနုခေတ်မှာ ကျနော်တို့ မွန်မြန်မာအမျိုးသားများဆိုပီး ကျနော်တို့ ဘိုးဘေးတွေ ဦးတည်တောင်းဆိုစာတွေရေးခဲ့ကြပါတယ်။ ဒါပေမဲ့ ခေတ်ပြိုင်မြန်မာစာနယ်ဇင်းတွေမှာတော့ ချင်း၊ ကချင်လူရိုင်းများ၊ ရှမ်းလူဆိုးများစတဲ့အခေါ်အဝေါ်တွေက ကိုလိုနီအုပ်စိုးသူတွေအမြင်အတိုင်း အုပ်စိုးခံမြေပြန့်သားတွေကလည်း လိုက်ခံယူကြတာကိုတွ့ရပါတယ်။ ဒါကိုကြည့်ရင် ယဉ်ကျေးမှုမြင့်တယ် နိမ့်တယ် ကိုယ်လက်ခံတဲ့ပေတံအတိုင်း မျိုးနွယ်စုတွေကိုမြင်တဲ့အမြင်မျိုး ပြည်မသားတွေမှာရှိတာ ထင်ရှားပါတယ်။ တရုတ်ကုလားဥရောပသား ကပြားစသူတွေပေါ်မှာရော မြန်မာတွေက ဘယ်လိုရှုမြင်လက်ခံ ပါသလဲ။
စီးပွားရေး၊ ယဉ်ကျေးမှုကိစ္စတွေမှာ မြန်မာလူနေမှုကိုလာရောက်ထိပါးတဲ့သူတွေလို့မြင်တဲ့ မျိုးချစ်တွေ ပေါ်လာပါတယ်။ ပဒေသရာဇ်ခေတ်တုန်းက နိုင်ငံခြားသားတွေပေါ် သည်းခံဆက်ဆံ ဧည့်ဝတ်ကျေတယ်လို့ ထင်ရှားတဲ့မြန်မာတွေဟာ အရင်းရှင်ကိုလိုနီဘဝမှာတော့ နိုင်ငံခြားသားပေါင်းစုံအဆင့်ဆင့် အမြတ်ထုတ်ချယ်လှယ်မှုအောက်မှာ အရင်းအနှီးမဲ့ပီးဆင်းရဲတဲ့လူမျိုးဖြစ်လာပါတယ်။ နောက်ဝင်လာတဲ့သူတွေကလည်း အရင်ဗမာဘုရင်ခေတ်ကလို ဘုရင့်သစ္စာခံ အသုံးတော်ခံမင်းမှုထမ်းတွေမဟုတ်တော့ပဲ နယ်ချဲ့လက်ဝေခံ စစ်ပါရီ၊ ရုံးဝန်ထမ်း၊ သင်္ဘောအမှုထမ်း၊ ငွေချေးတဲ့ချစ်တီးနဲ့ အမြတ်ယူဈေးရောင်းတဲ့ကုန်စုံဆိုင်ရှင် ဘိန်းခန်းထောင်ဆိုတာတွေပါ။ လူဝင်အများဆုံး အိန္ဒိယတိုင်းသားတွေပေါ်မှာဆက်ဆံရေးက ရန်လိုတဲ့သဘောအများကြီး ပါလာပါတယ်။ ဥပမာ ၁၉၀၀ ကျော်လောက်က မြန်မာသင်္ကြန်အခါတွင်းမှာ လူမျိုးခြားတွေပါ ပါဝင်ကစားလာတာဟာ ခိုက်ရန်ဖြစ်စေတယ်၊ မြန်မာတွေ ရှေးပုံစံအတိုင်း ကိုယ့်လူမျိုးချင်းပဲ သိမ်သိမ်မွေ့မွေ့ကစားသင့်တယ်ဆိုတဲ့ သတင်းစာဆောင်းပါးမျိုးတွေ ပေါ်လာပါတယ်။ ဒါကြောင့် ကိုလိုနီခေတ်လူမျိုးရေးတင်းမာမှု အဓိကရုဏ်းတွေနဲ့ပတ်သက်ရင် အခုခေတ် နယ်စပ်ကဝင်လာတဲ့ အာဏာပိုင်တွေနဲ့နီးစပ်တဲ့ တရုတ်လူမျိုးစီးပွားရေးသမားတွေရဲ့တွင်ကျယ်မှုကို မြန်မာတွေရဲ့မနှစ်မြို့တဲ့အမြင်နဲ့ နှိုင်းယှဉ်ကြည့်သင့် ပါတယ်။
ရှေ့တပတ်ဆက်ပါမယ်။
(ရေးတာက) ဘိုဘိုလန်းစင်
(လွှင့်တာက) လွတ်လပ်သောအာရှအသံက
(ယူတာက) http://bobolansin.wordpress.com/2011/11/18/my-burma-1/

0 comments:

Post a Comment