Sunday, February 19, 2012

Air Force One၊ မန္တလေးနှင့် Dayton တက္ကသိုလ်(၂) မျိုးမြင့်ချို

0 comments

Air Force One၊ မန္တလေးနှင့် Dayton တက္ကသိုလ် (ဆောင်းပါး ၂) မျိုးမြင့်ချို
       ချက်ခြင်းပင် ဒီ (The Mandalay Banquet and Catering, Co) အကြောင်း 
အွန်လိုင်းတွင်ရှာကြည့်မိ၏။ သူတို့ ဝက်ဘ်ဆိုက် http://www.mandalaycatering.com/ တွင် ရှာကြည့်တော့လည်း ထိုကုမ္ဗဏီနှင့်စပ်၍နောက်ခံ အကြောင်းအရာ များများစားစားမတွေ့ရ။ ကျနော်သိချင်တာတွေက ဒီကုမ္ဗဏီကို ဘယ်သူက၊ ဘယ်တုန်းကဘယ်လိုစ၊ ဘာလို့ မန္တလေးဆိုသည့်အမည်ကိုမှ တခုတ်တရရွေးခဲ့ရ စတာမျိုးတွေဖြစ်၏။ သို့သော်မတွေ့။ အခြားကြော်ညာဝန်ဆောင်မှု ဝက်ဘ်ဆိုက်များတွင်လည်း မတွေ့ရပြန်။ တွေ့ရသည်က နေရာညွှန်းလိပ်စာ၊ ပေးသည့်ဝန်ဆောင်မှု၊ ယူမည့်ငွေပမာဏ၊ နံမည်ကြီးတချို့၏ ဝန်ဆောင်မှုကောင်းကြောင်းပေးထားသည့်မှတ်ချက်တချို့ စသည်တို့သာ။ ကုမ္ဗဏီ၏ လုပ်ငန်းသဘောကိုပြောရလျင် စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ သာရေး(မင်္ဂလာဆောင်၊ စေ့စပ်ပွဲ) စသည့် လူကုံတန်တည်ခင်းဧည့်ခံပွဲကြီးများအား အခမ်းအနားအလိုက် ကိုက်ညီမည့်အနေအထားဖြင့် ဝှဲချီးကျင်းပပေးရန်သာဖြစ်၏။ ဤတွင် သည်မန္တလေးနှင့်စပ်၍သိလိုစိတ်ကို ဘေးချထားလိုက်ရတော့၏။ သို့သော် မန္တလေးအမည်ကို အမေရိကန်ရနံ့နှင့်တွဲပြီးရသည်ကတော့ ထူးခြားသည်ထင်၏။ 
အင်္ဂလန်မှာဆိုလျှင်တောင် ဒီလောက်ထူးခြားမှာမဟုတ်ဟုလည်း တွေးမိပြန်၏။ အမေရိကန်တွေထက် ဗြိတိသျှတွေက မြန်မာ့အကြောင်းကိုပိုပြီး စီးစီးပိုးပိုးနှင့်လက်ပွန်းတတည်းရှိခဲ့ဖူး၏။ ဒါတင်မက အင်္ဂလန်ကပြတိုက်ကြီးတွေမှာက မြန်မာ့သမိုင်းဝင်ပစ္စည်းများ၊ အနုပညာလက်ရာများ၊ ထီးသုံးနန်းသုံးထည်များလည်းရှိသေး၏။ သီပေါမင်းဖင်နွေးအောင်ပင်မထိုင်လိုက်ရသည့် သီဟာသနပလ္လင်တောင် မနည်းပြန်တောင်းမှရခဲ့သည် မဟုတ်လား။ စုလစ်မွန်းချွန်၊ ကျုံး၊  ပြဿဒ်၊ မြို့ရိုးနှင့် ထီးကျိုးစည်ပေါက်ခဲ့သည့် မန္တလေး၊ အချုပ်တန်း ဆရာဖေ၊ နန်းရှေ့တင်၊ မြို့မငြိမ်းနှင့်ငွေငန်းဖြူ၊ ရွှေခြေကျဉ်း၊ ဈေးချိုတော်နှင့် ကျနော်ကျနော်နဲ့ပြောတဲ့မြိ့သူတွေရဲ့ မန္တလေး၊ ယခင်က နန်းဆန်ဆန် နန်းဟန်နှင့်မူပိုခဲ့ရာ မန္တလေး။ ခုတော့ ဂန္ဓာလရာဇ်တို့၏ ဘုံရိပ်သာဆန်ဆန် မန္တလေး။ အတွေးတွေက မန္တလေးမှ အဝေးပြေးအမြန်လမ်းမကြီး I-75 ပေါ်ပြန်ရောက်လာ၏။
       သည်လိုနှင့် နာရီဝက်သာသာမောင်းလာခဲ့ကြပြီးနောက် Ohio လေတပ်အခြေစိုက်စခန်း ပင်မဂိတ်ကြီးသို့ရောက်လာ၏။ လုံခြုံရေးတာဝန်ရှိသူတွေက မှတ်ပုံတင်တို့ဘာတို့ တောင်းယူကြည့်ပြီးနောက် ပြတိုက်ကြီးရှိရာလမ်းညွှန်ပေးလိုက်သဖြင့် ဆက်မောင်းလာရင်း (National Museum of United States Air Force) ကိုရောက်လာ၏။ ပြတိုက်ဝင်းကြီး၏အဝင်ဂိတ်က ဖွင့်ရက်သား။ လုံခြုံရေးဝန်ထမ်းမရှိ။ ဝင်ကြေးမရှိ။ အစစ်အဆေးမရှိ။ တံခါးမရှိ ဓါးမရှိဟုဆိုရမည်လားမပြောတတ်။ ကားပေါ်ကဆင်းဆင်းခြင်း 
ရှေ့တည့်တည့်ပလက်ဖေါင်းပေါ်က ကျောက်သားထိုင်ခုံလေးတွင် ထွင်းထားသည့်စာများဆီသို့ မျက်စေ့ရောက်သွား၏။ စာသားက (20 TH TAC RECON SQDN 1942-  CHINA - BURMA - INDIA 1992)ဆိုပါလား။ ဘာပါလိမ့်ဆိုပြီး သိချင်လာပြန်၏။ အထဲရောက်ရင်တော့ မေးမြန်းကြည့်ဦးမှဟု တွေးမိသော်လည်း မေးမလာဖြစ်ခဲ့။ ကြည့်စရာနှင့်သိစရာတွေများပြီး မေ့သွားခြင်းပင်။ ပြတိုက်ဧည့်ကြိုနေရာရောက်တော့ မှတ်ပုံတင်ပြ၊ ဧည့်မှတ်တမ်းလက်မှတ်ထိုးနေတုန်း အနောက်တိုင်းဝတ်စုံသပ်သပ်ရပ်ရပ်နှင့် ရင်ဘတ်တွင်လေတပ်တံဆိပ်များတပ်ထားသည့် အသက် ၆၀ ခန့်ပုဂ္ဂိုလ်တဦးကအနားလာကာ ဖော်ဖော်ရွေရွေဖြင့် "Sir, how are you doing?" "You are welcome." တွေဘာတွေနှင့်နှုတ်ဆက်ရင်း ကျနော့်ရင်ဘတ်ကိုလည်းကြည့်၏။ ဒီတော့မှ ကိုယ့်ကိုယ်ကိုယ်ပြန်သတိထားမိ၏။ ကျနော် ထိုနေ့က အပေါ်ဝတ်အနွေးထည်သဘော ဝတ်သွားသည်က U.S Air Force ပျောက်ကြား စစ်ဂျက်ကက်။ လက်မောင်းမှာက အရစ် ၃ ရစ်နှင့်။ သူက ကျနော့်ကို အမေရိကန်လေတပ်မှ တပ်ထွက်ဟုထင်ပြီး တရင်းတနှီးနှုတ်ဆက်ခြင်းပင်။ ချက်ခြင်းပြန်၍ "ကျနော်အမေရိကန်လေတပ်က တပ်ထွက်မဟုတ်ကြောင်း၊ သည်ဂျက်ကက်ကို အမှတ်မထင်ဝတ်လာဖြစ်ခဲ့ကြောင်း၊ ဗမာ့တပ်မတော်စစ်အင်္ဂျင်နီယာတပ်မှ တပ်ထွက်ဖြစ်ကြောင်း၊ ရှေ့တန်းတွင် ဒဏ်ရာရခဲ့တာဖြစ်ကြောင်း၊ အမေရိကားသို့ နိုင်ငံရေးဒုက္ခသည်အဖြစ် လွန်ခဲ့သည့် ၄ နှစ် ခန့်ကရောက်လာသူဖြစ်ကြောင်း" တွေ တသီကြီးရှင်းပြရ၏။ စိတ်ထဲတွင်လည်း သည်ဂျက်ကက်ဝတ်လာမိတာကို ရှက်ကို့ရှက်ကန်းဖြစ်မိ၏။ ကျနော် ကမန်းကတမ်း ပြန်ရှင်းပြနေတာတွေနားထောင်ရင်း ဇနီးသည်က ပြုံးစေ့စေ့လုပ်နေ၏။ ထိုပုဂ္ဂိုလ်က "ဘာပဲဖြစ်ဖြစ် ဘယ်နိုင်ငံကစစ်သားဖြစ်ဖြစ်ပါ၊ စစ်သားဟောင်းချင်း ခုလို မထင်မှတ်ပဲတွေ့ဆုံရလို့ဝမ်းသာ" ကြောင်း ဖက်လှဲတကင်းဆို၏။ နောက်တော့ ပြတိုက်ထဲလှည့်ပတ်ကြည့်ရန် လျှပ်စစ်ဘီးတပ်ကုလားထိုင်လိုမလား ဟုမေး၏။ ဒီကပြတိုက်တိုင်းတွင် မသန်မစွမ်းသူတွေအတွက် ထိုအတိုင်းစီစဉ်ထားကြသည်ချည်းသာဖြစ်၏။ ဇနီးက ကိုယ်လက်လေ့ကျင့်ခန်း အညောင်းပြောအညာပြေသဘောမို့ လက်တွန်းဘီးတပ်ကုလားထိုင်သာ ယူမည်ဖြစ်ကြောင်းပြောတော့ သူတို့ကပြုံးကြပြန်၏။ သို့ဖြင့် ကျနော်တို့ လှည့်ပတ်ကြည့်ကြ၏။ပြတိုက်ဆိုသော်လည်း ဒီပြတိုက်ကထူးခြား၏။ နေရာတကာမှန်တွေဘာတွေကာထား၊ ဖုံးထားတာမရှိ။ နေရာ အချို့လောက်ကိုသာ "မထိရ၊ မကိုင်ရ" ရေးထားသော်လည်း အများစုကိုကိုင်ကြည့် ထိကြည့်လို့ရ၏။ ဓါတ်ပုံမရိုက်ရနေရာ မရှိ။ နေရာတိုင်းတွင် ဓါတ်ပုံရိုက်လို့ရ၏။ အခြားပြတိုက်ကြီးတွေလို အထပ်အမြင့်ကြီးတွေနှင့် ဓါတ်လှေကားတွေဖြင့်တက်ရ ဆင်းရတာမရှိ။ ပေါင်မုန့်ရှည်ကြီးတွေလိုခတ်ခုံးခုံး မြေစိုက်လေယဉ်ရုံအကြီးစားကြီးတွေသာဖြစ်၏။ အဆောက်အဦးတွေက အတော့်ကိုကြီး၏။ ကြမ်းပြင်ပေါ်တွင် ဧရာမဗုံးကြဲလေယဉ်အစစ်ကြီးတွေ ဆယ့်လေးငါးစင်းချပြထားရုံမက ခေါင်မိုးမှနေ၍ သံမဏိကြိုးတွေနှင့် လေယဉ်အကြီးအသေးတွေ တို့လို့တွဲလောင်းချိတ်ထားသေး၏။ ခေါင်းပေါ်က တယောက်စီး နှစ်ယောက်စီး ကင်းထောက်၊ ဗုံးကြဲ၊ စက်သေနတ်တင်လေယဉ်လေးတွေအပြင်၊ အခြားဘာမှန်းမသိသည့် လေယဉ်လေးတွေကိုမြင်တော့ ခုနေများပြုတ်ကျလို့ကတော့ပြဿနာဆိုပြီး ကြံဖန်တွေးမိသေး၏။ အောက်က လေယဉ်ကြီးတွေနှင့်ယှဉ်တော့ အဲဒါလေးတွေက အရုပ်ကလေးတွေလိုပင် ချစ်စရာကောင်းနေသေးသလို။ နေရာတိုင်းတွင် လေတပ်စစ်သည်ဟောင်းတွေက မေးလာလျှင်ရှင်းပြရန်အသင့်ရှိနေ၏။ ရှင်းပြပေးဖို့လိုမလားဟုလည်း ပြုံးပြုံးရွှင်ရွှင်ဖြင့်မေး၏။ လိုသည့်အခါ ကျနော်တို့လည်းမေး၏။ စိတ်ရှည်လက်ရှည်ရှင်းပြပေး၏။

ဤပြတိုက်တွင် ကျနော် အဓိကထားကြည့်ချင်သည်များတွင်  နာဂါဆားကီးပေါ်အနုမြူဗုံးကြဲချခဲ့သည့် B-29 လေယဉ်ကြီးလည်းပါ၏။ တနေရာရောက်တော့ တွေ့ရ၏။ လေယဉ်အစစ်ကြီးသာမက ကြဲချခဲ့သည့် Fat Man Atomic ဗုံး (အရွယ်အစားအတိအကျအတိုင်း သရုပ်ပြဗုံး) ပါ ချပြထားသေး၏။ ဓါတ်ပုံရိုက်ယူ၊ ကပ်ထားသည့်စာတွေ လိုက်ဖတ်ရင်း စိတ်က အနုမြူဗုံးဒဏ်ခံဂျပန်ပြည်သူတွေရောက်ကာ စိတ်ထိခိုက်မိ၏။ ဖက်ဆစ်စနစ်ကျင့်သုံးပြီး ကမ္ဘာမြေကိုဗိုလ်ကျကြ၊ ဝေစုခွဲကြသူချင်းအတူတူ သည်ဗုံးတွေက ဂျာမနီပေါ်မကျပဲ၊ ဂျပန်ပေါ်မှရွေးကျခဲ့၏။ ဒီဗုံးတွေကြောင့် ဂျပန်ဖက်ဆစ်ဘယ်နှယောက် ဘာဖြစ်ခဲ့သလဲတော့မသိ ဂျပန်ပြည်သူတွေကတော့ ကျောကော့အောင် ခံလိုက်ရ၏။ မချိမဆန့်။ သေသူတွေသေခဲ့သလို၊ ရှင်ကျန်သူတွေထဲမှာ အနုမြူဆိပ်သင့်သည့်ဒဏ်က ယခုတိုင် အကင်းမသေနိုင်သေး။ ဒုတိယကမ္ဘာစစ်ကြီးအပြီး ဗမာပြည်အပါအဝင်ကမ္ဘာတလွှားက 
အနုမြူဗုံးဆန့်ကျင်ရေးလှုပ်ရှားမှုတွေကိုလည်း ပြန်ကြားယောင်မိ၏။ ဆန့်ကျင်သူကဆန့်ကျင်နေသည့်တိုင် သူ့ထက်ငါ အပြိုင်အဆိုင်အလုအယက် အနုမြူလက်နက်တွေ တိုးထုတ်သူကထုတ်၏။ ပိုင်ပြီးသူကလည်း မပိုင်သေးသည့်သူတွေ ပိုင်မလာအောင် နည်းမျိုးစုံ၊ ခေါင်းစဉ်မျိုးစုံသုံးကာနှိပ်ကွပ်၏။ နှိပ်ကွပ်လို့မရသည့် အဆုံး ပိုင်လာရင်တော့ အိုးစားတူက အနုမြူလက်နက်မပြန့်ပွားရေးစာချုပ်နှင့် ဆွဲစေ့ရ၏။ စေ့မရလျှင် ရန်ရှာ၏။ မပိုင်စေလိုသူတို့အား ပိုင်မရအောင်လုပ်သည့်ကြားက ပိုင်သူတို့ပိုင်သွားကြ၏။ သည်တော့ ချော့လိုက်ခြောက်လိုက်တွေ လုပ်ကြပြန်၏။ ကိုယ်နှင့်အလွမ်းသင့်သူကျတော့ ထိုလက်နက်တွေကို 
လက်သိပ်ထိုးပင် ပေးထားလိုက်သေး၏။ တခါ ဆိုဗီယက်ယူနီယံကြီးပြိုကျသွားတော့ အနုမြူပစ္စည်းနှင့် နည်းပညာတွေပြန့်ကျဲကုန်၏။ ထိန်းလို့ရသလောက် ထိန်းနိုင်သော်လည်း စုပ်စမြုတ်စပျောက်သွား တာတွေကလည်းမနည်းလှ။ ဘယ်သူတွေလက်ထဲရောက်လို့ ဘာတွေဖြစ်လာဦးမည်ကလဲ ဘယ်သူမှမပြောနိုင်။ လက်ဆွဲအိပ်ထဲထည့်သယ်နိုင်သည့်အရွယ် ဗုံးလေးတွေတောင် ပေါ်နေသလိုလိုတွေ လည်းကြားရ၏။ ၉ /၁၁ အရေးအခင်းကြီးအပြီး အမေရိကန်တွေဘဝက နေရာတကာမှာကင်မရာတွေ၊ လျှပ်စစ်ထောက်လှမ်းရေးကိရိယာတွေနှင့်မို့ အရင်လိုမလွတ်လပ်တော့။ တဦးချင်းဆိုင်ရာနိုင်ငံသားလွတ်လပ်ခွင့်အဖွဲ့အစည်းတွေကလည်း ဒါတွေလုပ်လို့ အစိုးရကိုမကြေနပ်။ ပူညံပူညံတွေ လုပ်ကြ၏။ အစိုးရကလည်း တိုင်းပြည်လုံခြုံရေးအကြောင်းပြချက်ဖြင့် တစ်စက်မှမလျှော့။ တခါတခါ လှန့်လုံးတွေများထွက်လာပလားဆိုရင် လူတွေဘဝက ကျီးလန့်စာစား။ မီဒီယာတွေမှာလည်း အကြမ်းဖက်မှု၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ တန်ပြန်အကြမ်းဖက်မှု၊ နိုင်ငံတော်အကြမ်းဖက်မှုဆိုသည့် အသံတွေ မကြားချင်တဆုံး။ အနုမြူလက်နက်နှင့် အကြမ်းဖက်မှုသံသရာသည် နိုင်ငံများအဖို့ ကိုယ်မွေးသည့်မျောက် ကိုယ့်ပြန်ချောက်တာလိုလို သရဲမွေးမိတာလိုလိုတွေ ဖြစ်နေသလားဟုတောင် ထင်ချင်စရာဖြစ်လာ၏။ 
မျိုးမြင့်ချို ဖေဖေါ်ဝါရီ ၁၉ ၊ ၂၀၁၂
ဒီဆောင်းပါးကို ဒီနေရာတွေမှာလည်းဖတ်လို့ရပါတယ်
http://burmatoday.net/articles.php?articles_ID=8&authors_ID=3
http://www.naytthit.net/?p=24379

0 comments:

Post a Comment