Thursday, February 23, 2012

စစ်မြေပြင်မှပုံရိပ်များ (အပိုင်း၅၁) (မျိုးမြင့်ချို)

0 comments

စစ်မြေပြင်မှပုံရိပ်များ (အပိုင်း၅၁) (မျိုးမြင့်ချို) ဖေဖေါ်ဝါရီ ၂၃ ရက် ၂၀၁၂ နေ့က အာရ်အက်အေက လွှင့်ထုတ်ပြီးဖြစ်ပါ တယ်။
ဒီလိုနဲ့ ဦးတင်ဦးနဲ့ဒေါ်အောင်ဆန်းစုကြည်ကိုဖိတ်ပြီး ရုံးခန်းဖွင့်ပွဲနဲ့ အတူ ကျနော်တို့အလုပ်အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးလမ်းညွှန်မှု ခံယူ၊ လူထုနဲ့တိုက်ရိုက်ထိတွေ့မှုတွေလုပ်ဖို့ စီစဉ်ကြရပါတယ်။ ခေါင်းဆောင်တွေမြို့ကလေးကိုမလာခင်မှာ ကျနော် ဒေါ်အောင်ဆန်းစုကြည်နဲ့ နောက်တခေါက်ထပ်တွေ့ရပါတယ်။  တွေ့တော့ ကျနော်က မြို့ကလေးရဲ့ လူကြီး/လူငယ်အလုပ်အဖွဲ့ အခြေအနေနဲ့လုပ်နေတာတွေကို ရှင်းလင်းတင်ပြပါတယ်။ တင်ပြတာတွေဆုံးတော့မှ ဒေါ်အောင်ဆန်းစုကြည်က “ကောင်းပါတယ်၊ ဒီအတိုင်းဆက်လုပ်သွားပါ၊ ဗဟိုနဲ့တိုင်းက လူငယ်တွေနဲ့ညှိနှိုင်းပြီးလုပ်ပါ” ဆိုတာလောက်ပဲ တိုတိုတုတ်တုတ်ပြောပြီး ကျနော့်ကို ကျန်းမာရေးဂရုစိုက်ဖို့နဲ့ သတိဝိရိယထားဖို့လည်းမှာပါတယ်။ ဒါနဲ့ ကျနော့်ကို ပေးထားတဲ့စာအုပ် ပြန်ပေး၊ နှုတ်ဆက်အရိုအသေပြုပြီး ပြန်လာခဲ့ပါတယ်။

အခမ်းအနားအတွက် လူရွေးကြတော့ စစ်ဗိုလ်ဟောင်းတယောက်က သဘာပတိလုပ်ပြီး၊ ကျနော်က အခမ်းအနားမှူး လုပ်ဖို့ဖြစ်လာပါတယ်။ ဘယ်နေ့လာမယ်ဆိုတာ သိထားပြီးဖြစ်လို့ လူတွေလည်း မျှော်ရင်းနဲ့ပျော်နေကြပုံပါပဲ။ ဒီမိုကရေစီရေး လှုပ်ရှားမှုမှာပါဝင်ခဲ့ကြတဲ့ ရဟန်းသံဃာတွေကိုလည်း ဖိတ်ကြားရပါတယ်။ ရုံးဖွင့်ပွဲမတိုင်ခင်တရက်လောက်က နယ်မြေခံထောက်လှမ်းရေးက ကျနော့်ကိုရဲစခန်းခေါ်တွေ့ပြီး ရုံးခန်းဖွင့်ပွဲအကြောင်းပြပြီး ဆူဆူပူပူဖြစ်အောင်မလုပ်ဖို့၊ လုပ်လာရင်တော့ သူတို့အနေနဲ့လက်ပိုက်ကြည့်နေမှာမဟုတ်ကြောင်း၊ ရုတ်ရုတ်သဲသဲတွေဖြစ်လို့ ရှင်းကြလင်းကြလို့ လက်လွန်ခြေလွန်တွေဖြစ်ခဲ့ရင်တောင် သူတို့အလွန်မရှိကြောင်း စကားလုံးခတ်ပြင်းပြင်းတွေနဲ့ ခြိမ်းခြောက်သတိပေးပါတယ်။ ကျနော့်ကိုပဲ မဲပြီး အဲသလိုလုပ်တာလို့ထင်ခဲ့မိပေမယ့် တကယ်က   မြို့ကလေးရဲ့လူငယ်လှုပ်ရှားမှုတခုလုံးကို ဗြောင်ခြိမ်းခြောက် တာဖြစ်ပါတယ်။ အရပ်ထဲမှာလည်း အဲဒီပွဲကိုမသွားကြဖို့၊ သွားလို့တခုခုဖြစ်ရင် သွားသူရဲ့တာဝန်သာဖြစ်တယ် စတာမျိုးတွေနဲ့ လူတွေကိုကြိတ်ပြီးလှန့်နေတာတွေလည်း ရှိနေပါတယ်။ ကျနော်တို့လည်း လုပ်မယ့်သာလုပ်နေကြရတာပါ။ သတ်မှတ်တဲ့ရက် ရောက်လို့ ထင်သလောက်များလူမလာရင်တော့ ဒုက္ခပဲ၊ ခေါင်းဆောင်တွေကိုလည်း မျက်နှာပူစရာကြီးဖြစ်ရတော့မှာပဲ။ ကျနော်တို့လည်း သိက္ခာကျမယ်ပေါ့လေ။ အဲသလိုတွေတွေးပြီး စိတ်ထဲတော့တထင့်ထင့်ပါပဲ။

ဒီလိုနဲ့ အဲဒီနေ့ကိုရောက်လာပါပြီ။ ခေါင်းဆောင်တွေရောက်လာပြီး ဧည့်ခံအိမ်ထဲရှိနေတုန်း အပြင်မှာနဲ့ရုံးခမ်းနေရာမှာတော့ လူက ကျဲတိကျဲတောက်နဲ့ပါပဲ။ နောက်တော့ သိတ်မကြာလိုက်ပါဘူး တဆင့်စကားတဆင့်နားနဲ့ လူတွေရောက်ရောက်လာလိုက်ကြ တာမှ ရုံးခန်းဝင်းထဲတင်မကတော့ပဲ အပြင်ကလမ်းတွေပေါ်၊ သစ်ပင်တွေပေါ်၊ ကားခေါင်မိုးတွေပေါ်၊ ကားလမ်းပေါ်တွေမှာပါ ပြည့်လျှံကုန်ပါတော့တယ်။ လူတွေကို ဘယ်လိုပဲခြိမ်းခြောက်ထားပေမယ့် အချိန်တန်တော့လည်း လူတွေဟာလမ်းပေါ်ထွက်လာကြ၊ သူတို့ ခေါင်းဆောင်တွေကို လာအားပေးထောက်ခံကြတာပါပဲ။ ဒီတော့မှ ကျနော်တို့တတွေလည်း သက်ပြင်းချနိုင်ကြရတာပါ။ အခမ်းအနားမှာ ခေါင်းဆောင်တွေအနေနဲ့မှာကြားတာကတော့ ဒီမိုကရေစီရေးအတွက် ညီညွတ်ကြဖို့၊ စည်းကမ်းရှိကြဖို့၊ သတ္တိရှိကြဖို့၊ သွားမယ့်ပန်းတိုင်ကို မျက်ခြေအပြတ်မခံကြဖို့၊ မတူတဲ့သူတွေနဲ့ တူတဲ့အလုပ်တွေကိုတွဲလုပ်နိုင်ဖို့၊ တပ်မတော်သားတွေအနေနဲ့လည်း လူထုနဲ့တိုင်းပြည်အခြေအနေကိုနားလည်ဖို့၊ လူထုနဲ့အတူလက်တွဲလုပ်ဆောင်ဖို့ စတာတွေပဲဖြစ်ပါတယ်။ ပြီးတော့မှ လူထုထဲကနေ မေးလိုရာမေးတာကို ခေါင်းဆောင်တွေက တလှည့်စီပြန်ဖြေကြပါတယ်။ အခမ်းအနားပြီးတော့မှ ရုံးခန်းလေးထဲမှာ လူကြီး/လူငယ် အလုပ်အဖွဲ့ဝင်တွေနဲ့ခေါင်းဆောင်တွေသီးသန့်တွေ့ရပါတယ်။ သူတို့မှာကြားလမ်းညွှန်ချက်တွေနားထောင်၊ အခြေအနေတွေကိုတင်ပြ၊ မရှင်းလင်းတာတွေပြန်မေးကြပြီးတဲ့နောက် ပွဲက အေးအေးချမ်းချမ်းနဲ့ပြီးသွားခဲ့ပါတယ်။ ကျနော်တို့လည်း လုပ်ခဲ့သမျှအမောပြေပြီး စိတ်ထဲလည်းကိုယ်စီကျေနပ်မှုတွေဖြစ်ကြရပါတယ်။ မြို့ကလေးက အင်န်အယ်လ်ဒီတွေရဲ့ ထင်ရှားတဲ့လုပ်ဆောင်မှုတခုအဖြစ်လည်း တင်ကျန်ခဲ့ပါတယ်။ နယ်ခံထောက်လှမ်းရေးတွေအတွက်လည်း ကျနော်တို့အပေါ် ပိုပြီးစောင့်ကြည့်လာပါတော့တယ်။

နောက်တော့ သိတ်မကြာလိုက်ပါဘူး။ မြေနီကုန်းနှစ်ပတ်လည်အခမ်းအနား ဖြစ်လာပါတယ်။ ကျနော်တို့ဆီမှာ အဲဒီနှစ်ပတ်လည်နေ့ကို သတ်သတ်မလုပ်တော့ပဲ မြို့ထဲသွားပြီး ဗဟိုနဲ့တိုင်းနဲ့အတူတွဲလုပ်ကြဖို့ သဘောထားကျပါတယ်။ ဒါနဲ့ ကျနော်အပါအဝင် လူငယ်အလုပ်အဖွဲ့ဝင်တွေအားလုံးလိုလို သွားခဲ့ကြပါတယ်။ သတင်းပေးဖြစ်တဲ့ လူငယ်တာဝန်ခံ(၃)ကတော့ ကိစ္စတခုအကြောင်းပြပြီး ချန်နေရစ်ခဲ့ပါတယ်။ တက္ကသိုလ်ရိပ်သာလမ်းကနေ မြေနီကုန်းဘက်ကို ကျနော်တို့ရောက်တော့ လမ်းဆုံမှာလူတွေအတော့်ကိုစုမိနေပါပြီ။ ခဏလေးနေတော့ ဒေါ်အောင်ဆန်းစုကြည်ရောက်လာပြီး ကားပေါ်ကဆင်းကာ ပန်းခွေချပါတယ်။ လူတွေများပြီး အနားထိတိုးမပေါက်တာနဲ့ ကျနော်လည်း အဘဦးငွေလှိုင်ကား နောက်ခန်းမှာထိုင်ပြီး ကြည့်နေတုန်းမှာပဲ သေနတ်သံလေးငါးချက်လောက် ထွက်ချလာပါတယ်။ လူတွေလည်း ရုတ်ရုတ်သဲသဲဖြစ်ပြီး ခြေဦးတည့်ရာပြေးကြလွှားကြနဲ့ ဝရုန်းသုန်းကားတွေဖြစ်ကုန်ပါတယ်။ အဲဒီအချိန်မှာပဲ ကျနော်တို့ကားကို မောင်းတဲ့မောင်းသူ ပြန်ရောက်လာပြီး “ဒေါ်စုကိုဖမ်းသွားပြီ၊ ဒေါ်စုကိုဖမ်းသွားပြီ”ဆိုပြီး အမောတကောပြောရင်း အနားကလူတွေကိုလည်း ကားပေါ်တက်ခိုင်းပြီး ကားမောင်းထွက်လာပါတယ်။ ကျနော်တို့ ဋ္ဌာနချုပ်ကိုပြန်ရောက်တော့ ကျနော်တို့နဲ့ ရှေ့ဆင့်နောက်ဆင့် ဆိုသလိုပဲ အဘဦးတင်ဦးနဲ့အတူလူကြီးတချို့လည်း ပြန်ရောက်လာကြပါတယ်။ အဘဦးတင်ဦးကြည့်ရတာ ဒူးဂေါင်းမှာတခုခုများဖြစ် သလားတော့မပြောတတ်ပါဘူး။ ထော့နဲ့ထော့နဲ့ဖြစ်နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ခြံဝန်းထဲမှာတော့ ဗကသကကျောင်းသား ခေါင်းဆောင်တချို့နဲ့အတူ နိုင်ငံခြားသတင်းထောက်တချို့ကိုလည်း မြင်နေရပါတယ်။ လူတွေအားလုံးရဲ့မျက်နှာမှာ စိုးရိမ်စိတ်မှုတွေမြင်ကြရသလို ကျယ်ကျယ်လောင်လောင် ပြောဆိုနေသံတွေလည်းကြားနေရပါတယ်။

နောက်တော့ သိတ်မကြာလိုက်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် ပြန်ရောက်ချလာပါတော့တယ်။ ချက်ခြင်းပဲ သတင်းစာရှင်း လင်းပွဲလုပ်ဖို့ စီစဉ်ကြပါတယ်။ ဒီတော့မှ အခုန ပစ်တာခတ်တာမှာ လူတယောက်ထိသွားကြောင်း၊ တစညပါတီကလူဖြစ်ကြောင်း၊ အင်န်အင်လ်ဒီလူငယ်တွေကပဲ ဆွဲယူပွေ့ထူပြီး ဆေးရုံပို့ပေးခဲ့ကြောင်းတွေသိရပါတော့တယ်။
နောက်တပတ်ဆက်ပါဦးမယ်။
ကျနော်မျိုးမြင့်ပါခင်ဗျား။
မျိုးမြင့်။

0 comments:

Post a Comment