Thursday, February 2, 2012

စစ်မြေပြင်မှပုံရိပ်များ (အပိုင်း၄၈) (မျိုးမြင့်ချို)

0 comments

စစ်မြေပြင်မှပုံရိပ်များ (အပိုင်း၄၈) (မျိုးမြင့်ချို)ဇန်နဝါရီ ၂ ရက် ၂၀၁၂ နေ့က အာရ်အက်ဖ်အေမှ ထုတ်လွှင့်ပြီးဖြစ်ပါတယ်။

            ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ပြီးနောက်မှာ နယ်မြေခံထောက်လှမ်းရေးက ကျနော့်အပေါ် ပိုအာရုံစိုက်လာတာမြင်ရသလို မြို့ကလေးရဲ့ အင်န်အယ်လ်ဒီလူကြီး/လူငယ်တွေကြားမှာ လုပ်ရကိုင်ရတာတွေလည်း ပိုပြီးချောမွေ့သွက်လက်လာခဲ့တယ်ဆိုရင်မမှားပါဘူး။ ကျနော်တို့ မြို့ကလေးက လူကြီးအလုပ်အဖွဲ့ထဲမှာကျနော့်ကိုထည့်ပြီး ဖွဲ့ထားတယ်ဆိုပေမယ့် ကျနော်တကယ်လုပ်နေတာက လူငယ်ကိစ္စတွေပဲဖြစ်ပါ တယ်။ လူကြီးအလုပ်အဖွဲ့ ပုံမှန်အစည်းဝေးတွေတက်ရတာ ကျနော့်အတွက် ငြီးငွေ့စရာလိုဖြစ်နေတာအမှန်ပါပဲ။ တပ်ထွက်တွေများတဲ့အလျှောက် တယောက်ကိုတယောက် အရင်တုန်းကရာထူးတွေအတိုင်း ခေါ်ဝေါ်ကြတာတွေကိုနားလည်နိုင်ပေမယ့် တပ်ထဲကအတိုင်း အဆင့်ဆင့်အမိန့်နာခံမှုပုံစံနဲ့ နိုင်ငံရေးအဖွဲ့အစည်းတခုကို စစ်တပ်ဆန်ဆန်တည်ဆောက်ချင်တာကိုတော့ မနှစ်မမြို့ဖြစ်ရပါတယ်။

နောက်တချက်ကတော့ ကျနော့် ကိုယ်ရေးကိုယ်တာခံစားမှုနဲ့ ဆိုင်ပါတယ်။ လူတယောက်အလုပ်တခုခုကို ပြီးမြောက်အောင်မြင်အောင်လုပ်သွားနိုင်တယ်ဆိုရင် ချီးမွမ်းရမှာဖြစ်တာမှန်ပေမယ့် ချီးမွမ်းပုံချီးမွမ်းနည်းတွေတော့ တူကြမယ်မဟုတ်ပါဘူး။ ချီးမွမ်းနည်းတွေ အနက်တခုကတော့ ချီးမွမ်းခြေကျောက်ဆိုတဲ့နည်းဖြစ်ပါတယ်။ ကျနော်လည်း အဲဒီနည်းနဲ့ အချီးအမွမ်းခံခဲ့ရတာဖြစ်ပါတယ်။ ဒါဟာ ပုဂ္ဂလိကဆန်တယ်လို့မြင်ရပေမယ့် အဖွဲ့အစည်းတိုင်းမှာရှိတတ်တဲ့ အရိုးစွဲဓလေ့တခုပါ။ ကျနော်တို့မြို့ကလေးက အင်န်အယ်လ်ဒီမှာလုပ်နေကြတဲ့ တပ်ထွက်တွေထဲမှာ တပ်သားအဆင့်နဲ့ထွက်လာသူဆိုလို့ ကျနော်တယောက်ပဲရှိပါတယ်။ ကျန်သူတွေကတော့ အနည်းဆုံး အကြပ်ကြီးလောက်တော့ ဖြစ်ခဲ့ကြသူတွေပါပဲ။ ဆိုတော့ တပ်ရဲ့သမားစဉ်အရပြောရရင် ကျနော်က ရာထူးအငယ်ဆုံးသူလိုဖြစ်နေပါတယ်။ တပ်ထဲမှာ ဆိုရင်တော့ ကျန်သူတွေရဲ့အမိန့်ကိုနာခံရမှာဖြစ်ပေမယ့် နိုင်ငံရေးအဖွဲ့အစည်းကျတော့ အဲဒီအတိုင်းတိတိကျကျကျင့်သုံးလို့မှ မဖြစ်နိုင်တော့ တာကိုး။

ကျနော် မြို့ကလေးရဲ့လူငယ်တာဝန်ခံဖြစ်လာချိန်မှာ ကျနော်တို့အလုပ်တွေအများကြီး ပိုလုပ်နိုင်ခဲ့တယ်ဆိုတာဟာ အရှိတရားဖြစ်ပါတယ်။ လူငယ်အလုပ်အဖွဲ့ကို ဦးဆောင်ရသူဖြစ်တော့ အကောင်းအဆိုးမှန်သမျှကို ကျနော်ကပဲတာဝန်ခံရပါတယ်။ အဆိုးထက်အကောင်း တွေ ပိုပိုများလာတဲ့အခါမှာတော့  လူကြီးတွေအနေနဲ့မဖြစ်မနေ အသိအမှတ်ပြု ချီးမွမ်းရမှာလည်းအမှန်ပါပဲ။ ဒါပေမယ့် ခုန ကျနော်ပြောခဲ့သလို တပ်ရာထူးအဆင့်ဆိုတာကြီးကခံနေလေတော့ဆိုတော့ လူငယ်တွေအနေနဲ့တခုခုလုပ်လို့ အောင်မြင်လာပြီဆိုတိုင်း သူတို့ချီးမွမ်းလေ့ ရှိတဲ့စကားက “မောင်မျိုးမြင့်က တပ်သားပေမယ့်” ဆိုတာနဲ့စတတ်ကြပါတယ်။ ကျနော့် စိတ်ထဲမှာ သြော်..ငါကတပ်သားနဲ့ထွက်လာတာ မှန်ပေမယ့် သူတို့ထက်ပိုလုပ်နိုင်တယ်ဆိုတာကို အတိအလင်းဝန်ခံတာပဲလို့တွေးပြီး ကြည်နူးပီတိတောင်မှဖြစ်ရပါတယ်။ တပ်ထဲမှာဆို အဲသလိုအချီးမွမ်းခံရဖို့မပြောနဲ့ သူတို့နဲ့ တခုံတည်းတတန်းတည်းထိုင်ဖို့တောင် လွယ်တာမှမဟုတ်တာကိုး။  ကျနော့်စိတ်ထဲမှာသာ အဲသလိုရှိပေမယ့် လူငယ်တချို့ကတော့ အဲဒီလိုမျိုးအပြောအဆိုကို မနှစ်မြို့ကြပါဘူး။ အဲသလိုပြောတာကို မကြိုက်ကြောင်းလည်း ကျနော့်ကိုပြောကြပါတယ်။ တကယ်လို့သာ ကျနော် လူငယ်တွေအလိုကိုလိုက်ပြီး သူတို့ကို တခုခုပြန်တုံ့ပြန်ခဲ့မယ်ဆိုရင် ပြဿနာကပိုကြီးသွားနိုင်မယ်လို့တွက်မိပြီး ဘာမှပြန်မပြောခဲ့ပဲ လုပ်စရာရှိတာတွေသာ ဇောက်ချပြီးလုပ်ခဲ့ပါတယ်။

 ကျနော်နဲ့သူတို့ကြားမှာ အမြင်အတွေးအသိတွေမတူကြပါဘူး။ မတူတာလည်း အလွန်သဘာဝကျပါတယ်။ ဖြတ်သန်းမှုတွေမှ မတူကြတာကိုး။ အဲဒီမတူတာတွေကြားမှာ အဓိကအကျဆုံးလို့ဆိုရမယ့် မတူညီချက်ကတော့ ပြည်တွင်းစစ်ပြဿနာအပေါ်အမြင်ပါ။ ကျနော်က ပြည်တွင်းစစ်ပြဿနာကို အမျိုးသားစည်းလုံးမှုပြိုကွဲရခြင်းလို့မြင်ပြီး သူတို့က ပြည်တွင်းသောင်းကျန်းမှုလို့ မြင်ကြတာများပါတယ်။ ကျနော်က လက်နက်ကိုင်အင်အားစုများလို့ပြောရင် သူတို့က ရောင်စုံသူပုန်တွေလို့ဆိုပါတယ်။ ကျနော်က လူမျိုးစုတန်းတူရေးလို့တင်ရင် သူတို့က ခွဲထွက်ရေးလို့မြင်ပါတယ်။ ပြောရရင်တော့ အများကြီးပါပဲ။ နောက်ဆုံး ကုန်ကုန်ပြောရရင် ကျနော်ကပြည်တွင်းငြိမ်းချမ်းရေး မဖြစ်မနေတည်ဆောက်ရမယ်လို့ဆိုပြီး ရပ်ခံပြီးပြောလည်းပြောရော ကျနော့်ကို ဗကပ ဆိုပြီး တံဆိပ်တပ်လိုက်တော့တာပါပဲ။ ကျနော် အတော်လည်း အံ့အားသင့်မိပါတယ်။

ကိုယ့်ကိုယ်လည်း  ပြန်တွေးမိပါတယ်။ ကျနော်ကိုယ်တိုင် ကွန်မြူနစ်ဝါကို နှစ်ခြိုက်သူမှမဟုတ်ပေမယ့် ဗမာ့လွတ်လွပ်ရေး ကြိုးပမ်းမှုသမိုင်းကိုပြောကြရင် တဘက်သတ်ဝါဒဖြန့်ချိမှုနဲ့ ကွန်မြူနစ်တွေအပေါ် ပုတ်ခတ်ပြောဆိုတာတွေကိုတော့ မနှစ်သက်ပါဘူး။ မနှစ်သက်တဲ့အလျှောက် တုံ့ပြန်ဆွေးနွေးတာတွေရှိသလို လူငယ်တွေကိုလည်း သမိုင်းနဲ့ဆိုင်တဲ့ရှားပါးစာအုပ်တွေရှာဖွေပေးတာ၊ အချက်အလက်တွေနဲ့ ရှင်းပြပြောဆိုတာတွေရှိခဲ့တယ်ဆိုတာကတော့အမှန်ပါပဲ။ အဲဒီလိုရှင်းပြတဲ့အခါတိုင်းမှာ ပြည်တွင်းစစ်ပြဿနာဆီကိုလည်း ရောက်ရောက်သွားရပါတယ်။ ပြည်တွင်းစစ် ဘာ့ကြောင့်ဖြစ်။ ပြည်တွင်းစစ်ဒီလောက်ရှည်ကြာနေရတာအတွက် ဘယ်သူတွေမှာတာဝန်ရှိ စတာတွေကိုလည်း ပြောပြရပါတယ်။ ပြည်တွင်းစစ်အနိဋ္ဌာရုံတွေချုပ်ငြိမ်းဖို့အတွက် ပြည်တွင်းငြိမ်းချမ်းရေး အရေးကြီးကြောင်းပြောဆို ဆွေးနွေးရပါတယ်။ ဒီတော့မှ သူတို့ဘာ့ကြောင့် ကျနော့်ကို ဗကပလို့ စွပ်စွဲရတယ်ဆိုတာရဲ့ အဖြေကိုသွားတွေ့တာဖြစ်ပါတယ်။

ဒါပေမယ့် ကျနော်က ပြည်တွင်းငြိမ်းချမ်းရေးဆိုတဲ့ ရပ်ခံချက်နဲ့လုပ်နေသူဆိုတော့ သူတို့ဘာပြောပြော ကျနော် အလျှော့ပေးနောက်ဆုတ်လို့တော့ မဖြစ်နိုင်ပါဘူး။ ကျနော့်ယုံကြည်ချက်ကို ကျနော်ပြန်ပြီး သစ္စာဖေါက်ဖို့မဖြစ်နိုင်ပါဘူး။ ဒါနဲ့ ကျနော်လည်း ကိုယ့်ရပ်ခံချက်နဲ့ကိုယ်ပဲ စိုက်လိုက်မတ်တပ် လုပ်နေခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် ကျနော်ပိုပြီး သတိထားပြောဆို လုပ်ကိုင်ရတော့မယ်ဆိုတာတော့ တွက်မိလာပါတယ်။ ကျနော်ကလည်း  ၈၈ မတိုင်မီ ကတည်းက ဗကပနဲ့ အဆက်အသွယ်ကရှိနေပြီကိုး။ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စတွေလည်း ဆွေးနွေးဖူးခဲ့ပြီကိုး။ ၈၈ စစ်တပ်အာဏာသိမ်းအပြီးမှာ ရပ်ကွက်ထဲကတယောက်ကလည်း “၈၈ မှာ ဦးဆောင်လှုပ်ရှားကြသူတွေကို ဗကပ တံဆိပ်ကပ်ပြီး လူဖမ်းပွဲကြီးလုပ်တော့မယ်” ဆိုတဲ့အကြောင်း သတိပေးစာလည်းရခဲ့ဖူးပြီကိုး။ ခုလည်း လုပ်ဖော်ကိုင်ဘက်ချင်းဆိုသူတွေကတောင်  ဗကပလို့ တံဆိပ်ကပ်နေပြီမဟုတ်လား။ ဟုတ်ဟုတ်/မဟုတ်ဟုတ် ဗကပလို့ တံဆိပ်ကပ်လိုက်တာနဲ့ လူထုကြားထဲမှာတော့ ဓမ္မန္တရာယ်၊ ဒီမိုကရေစီ အင်အားစုတွေကြားထဲမှာတော့ အာဏာရှင်စနစ်လိုလားသူ၊ တပ်အမြင်မှာတော့ အရင်ဆုံးချေမှုန်းပစ်ရမယ့်သူ စာရင်းပေါက်သွားတော့တာကိုး။ အဲဒီအချိန်က အင်န်အယ်လ်ဒီဗဟိုမှာလည်း ဗိုလ်မှူးချုပ်ဟောင်းအောင်ကြီးက အင်န်အယ်လ်ဒီထဲမှာ ဗကပတွေရှိနေတယ်။ ဗကပ တွေကိုထုတ်ပေး၊ မထုတ်ပေးရင် သူဥက္ကဋ္ဌကနေထွက်မယ်ဆိုပြီး ခြိမ်းခြောက်အကျပ်ကိုင်နေချိန်လည်း ဖြစ်ပါတယ်။ တကယ်တော့ အဲဒီကာလရဲ့နိုင်ငံရေးမှာ   ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးလို့ပြောလိုက်ရင်ကိုပဲ ဗကပလို့ တံဆိပ်ကပ်မယ့်သူအလွန်များတဲ့ရာသီချိန် ဖြစ်လို့များလားတောင် ထင်ချင်စရာကောင်းနေပါတော့တယ်။
နောက်တပတ်ဆက်ပါဦးမယ်။
ကျနော်မျိုးမြင့်ပါခင်ဗျား။


0 comments:

Post a Comment