Saturday, February 4, 2012

ပျော်ရွှင်ဖွယ်တနင်္ဂနွေ(မိုးဃ်းဇော်)

0 comments

သရုပ်ဖော်ပန်းချီအောင်လတ်
ဆန်အိုးထဲမှာ ဆန်ကုန်တော့မယ်ဟေ့၊ ဒီနေ့တစ်ရက်စာပဲ ကျန်တော့တယ်။
ထိုတနင်္ဂနွေနေ့က မီးဖိုချောင်ထဲရှိ ဆန်အိုးကိုဖွင့်ရင်း လှမ်းအော်ပြောလိုက်သည့် ဇနီးသည် “စေးဖော၏ သတိပေးသံကြောင့် ရွှင်လန်းတက်ကြွနေသော မိုးဇက်၏အပျော်စိတ် ကလေးမှာ ဘယ်ပျောက်သွားမှန်းပင်မသိ။ စောစောစီးစီး မင်္ဂလာရှိတဲ့စကားပြောစမ်းပါ မိန်းမရာ ဟု မိုးဇက်စိတ်ထဲက တီးတိုးရေရွတ်လိုက်မိသည်။
               သြော် …. ကနေ့ တနင်္ဂနွေနေ့ပါလား …။ မိုးဇက်အတွက်မူ တနင်္ဂနွေနေ့၏ သာယာနာပျော်ဖွယ် ခေါင်းလောင်းသံများ ကင်းဆိတ်ခဲ့သည်မှာ ကြာခဲ့ပြီ။ တကယ်တမ်းတော့ တနင်္ဂနွေနေ့ဆိုသည်မှာ အပြည်ပြည်ဆိုင်ရာ တရားဝင်ရုံးပိတ်ရက် တစ်ရက်ဖြစ်သလို ရုပ်ရှင်ရုံနှင့် စားသောက်ဆိုင်များတွင် လူစည်ကားတတ်သော နေ့တစ်နေ့လည်း ဖြစ်ပါ၏။ ဘုရားကျောင်းမှ ဓမ္မတေးသံများ ဝေစည်ပျံ့လွင့်နေတတ်သော နေ့တစ်နေ့ဖြစ်သလို မိသားစုများ ပျော်ပွဲစား ထွက်နေကျ နေ့တစ်နေ့လည်း ဖြစ်ပါ၏။ တနင်္လာမှသည် တနင်္ဂနွေနေ့အထိ နေ့တစ်နေ့စီအားတစ်စုံတစ်ရာနှင့် တည်ဆောက်ထားခဲ့မည်ဆိုပါက တနင်္ဂနွေနေ့ကိုတော့ အနမ်းများ၊ မိုးပျံပူဖောင်းများ၊ အိုက်စ်ကရင်မ်များ၊ ၀ိုင်များ၊ ပန်းသီးများ၊ တေးသီချင်းများ၊ ရယ်မောသံများဖြင့် တည်ဆောက်ထားလိမ့်မည် ထင်သည်။

 စိတ်မောလူမောဖြင့် ပက်လက်ကုလားထိုင်ပေါ်တွင် မိုးဇက် ခဏထိုင်နေမိလိုက်သည်။ နံနက်ခင်းမိုးကောင်းကင်သည် ပြာလဲ့ကြည်စင် လျက်။ နံနက်ခင်း၏ ကျက်သရေရှိမှုကို သာယာသောရာသီဥတုက အထောက်အကူပြုနေသလို ကျယ်ပြန့်သောကောင်းကင်ကြီးအား ငေးကြည့် ရင်း မိုးဇက်၏ ထိုင်းမှိုင်းနောက်ကျိနေသောစိတ်မှာ အတန်ငယ်သက်သာသွားခဲ့၏။ စောစောတုန်းက ဂျီတိုက်နေခဲ့သောသားလေးဖိုးခွားလည်း ပုခက်ထဲတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေရှာပြီ။ ပူပူလောင်လောင်ကမ္ဘာကြီးမှ အလင်း နှစ်သန်းပေါင်းများစွာ ကွာဝေးသောနေရာတွင် အိပ်မက်များနှင့် ဆော့ကစားရင်း သားလေးမြူးပျော်နိုင်ပါစေဟု ဘုရားသခင်ထံတွင် မိုးဇက်ဆုတောင်းနေမိသည်။

 နွားနို့မြစ်တစ်စင်းသည် ဖိုးခွားလေး၏ ပါးမို့နီရဲအပေါ်တွင် ဖြတ်သန်းစီးဆင်းနေ၏။ ဖိုးခွားလေးကို ထွေးပွေ့ပိုက်ငင်ထားသည့် စောင်ပုခက်လေး လွှဲယမ်းနေပုံမှာ အနန္တ၀တ်ကျောင်းတော်မှ နာရီချိန်သီးတစ်ခုလှုပ်ယမ်းနေသည်နှင့်ပင် ဆင်တူနေသေးတော့သည်။ လွန်ခဲ့သော နှစ်နှစ်တာ အချိန်ကာလ ဖိုးခွားလေးကိုကိုယ်ဝန်ဆောင်စအချိန်မှာပင် ကံကြမ္မာ၏ထိုးနှက်ချက်တစ်ခုအလား  စေးဖော လခစားအဖြစ်လုပ်ကိုင်နေခဲ့သော အထည်ချုပ်စက်ရုံကြီးမှာ ရုတ်တရက် ပိတ်သိမ်းသည်နှင့် ကြုံကြိုက်ခဲ့ရ၏။ ထိုအချိန်ကစပြီး မိသားစု စားဝတ်နေရေးတာဝန်မှာ မိုးဇက်ပခုံးပေါ်သို့ လုံးလုံးလျားလျား ကျရောက်လာခဲ့သည်။ ထမ်းပိုး ၂ ခုရှိလျှင် ထမ်းပိုး ၂ ခု၊ ထမ်းပိုး ၄ ခုရှိလျှင် ထမ်းပိုး ၄ ခု မနုဿ ကုပ်သားပေါ်တင်ပြီး ရုန်းကန် ထွန်ရက်နေကြရသောခေတ်ဝယ် ဖိုးခွားလေး လူစဖြစ်ခဲ့ရသည်မှာ ၀မ်းနည်းဖွယ်ရာပင်။ အိမ်ထောင်ကျခါစလင်မယားနှစ်ယောက် ၀င်ငွေဖြင့်တောင် လောက်ငရုံရှိခဲ့သောသူတို့မိသားစုမှာ တစ်ယောက်တည်း ၀င်ငွေအပေါ် မှီခိုအားထားခဲ့သည့်ကာလမှစ၍ ယိမ်းယိုင်လာခဲ့သည်။ တဖြည်းဖြည်း တရွေ့ရွေ့နှင့် ဒီရေမြင့်မားလာသည့်အခါ ကြွက်တက်မတတ်ခွန်အားနှင့် လက်ပန်းကျနေသည့်စိတ်ဓာတ်သည်သာ သူတို့ရင်ထဲ အဖတ်တင် ကျန်ရစ်ခဲ့တော့သည်။

 ပုခက်တွင်းမှ ကလေးငိုသံသဲ့သဲ့ကြောင့် မိုးဇက်မှာ ဆက်လက်ထိုင်မနေအားတော့ဘဲ ပုခက်လေးကို ထပြီးလွှဲယမ်းပေးနေရင်း ဒီနေ့ ရိက္ခာဖြည့်တင်းရမည့်အရေးကို စဉ်းစားနေမိ၏။ ထိုစဉ် ယေရှုခရစ်တော်ပုံကားချပ်အောက်ရှိ စားပွဲပေါ်တင်ထားသော တိုရှီဘာ ကက်ဆက် ကလေးဆီ မိုးဇက်အကြည့်ရောက်သွား၏။ ဒီကက်ဆက်ကလေးကို မနှစ်ကမှရရှိခဲ့သည့်ဆုကြေးဖြင့် ၀ယ်ယူနိုင်ခဲ့တာဖြစ်သည်။ ဂျွန်လင်နွန်မှသည် ဆုန်သင်းပါရ်အထိ ဖျော်ဖြေတင်ဆက်ပေးခဲ့သော ကက်ဆက်ကလေးနှင့် ဆန်အိုးထဲကဆန်ကို ဖလှယ်ပစ်ရတော့မည်ဟု မိုးဇက် ဆုံးဖြတ် ချက်ချလိုက်သည်။ နောက်ဖေး မီးဖိုချောင်တွင် တံမြက်စည်းတစ်ချောင်းနှင့်အလုပ်ရှုပ်နေသော စေးဖောကို အထွေအထူးဘာမှပြောဆိုမနေ တော့ဘဲ ကက်ဆက်ကလေးကို ကျောပိုးအိတ်ထဲထည့်ပြီး မိုးဇက် အိမ်မှထွက်လာခဲ့သည်။
 ပြင်ပကမ္ဘာရှိ လူ့အဖွဲ့အစည်းသည် လမ်းများပေါ်တွင် စတင်လှုပ်ရှားပေပြီ။ နေရောင်ခြည်သည် ကတ္တရာလမ်းမပေါ် ဖြာကျနေ၏။ တနင်္ဂနွေအားလပ်ရက်ဆိုသော်လည်း မအားလပ်နိုင်ရှာသည့်လူများဖြင့် ကားများမှာပြွတ်သိပ်ကြပ်ခဲနေ၏။ သူနေထိုင်ရာဆင်ခြေဖုံးမှ မြို့ထဲအထိ ကားပေါ်တွင် တစ်နာရီလောက် အချိန်ဖြုန်းရဦးမည်။ စပယ်ယာ၏အော်သံများ၊ မှတ်တိုင်များ၊ မီးပွိုင့်များ၊ လုံးထွေးတွန်းကန်မှုများနှင့်အတူ မင်္ဂလာဈေးသို့ မိုးဇက်ရောက်ရှိလာခဲ့သည်။ မင်္ဂလာဈေးကြီးသည် ရှုပ်ထွေးဆူညံနေပြီ။ ဒီဈေးကြီးမှာ ဒီနေရာတွင်စွဲမြဲသည်အထိ ၃ နေရာလောက် ပြောင်းရွှေ့ခဲ့ရသည်။ ပြောင်းရွှေ့ခဲ့ရသော ၃ နေရာတွင် သချိုင်္င်းဟောင်းတစ်ခုလည်း ပါဝင်၏။ သချိုင်္င်းဟောင်းပေါ် ဈေးကြီးယာယီတည်ဆောက် ထားခါစက ဦးခေါင်းခွံများကို ဟိုနေရာသည်နေရာတွင် တွေ့ရတတ်သေးသည်။ ယခုတော့မူ ဈေးကြီးသည် ခန့်ညားထည်ဝါနေသလို ကက်ဆက် ၀ယ်သည့်ဆိုင်ကလေးသို့ မိုးဇက်တက်လာခဲ့သည်။ ကက်ဆက်ဆိုင်ပိုင်ရှင်က မိုးဇက် ကက်ဆက်ကလေးကို တစ်သောင်းခွဲပေး၏။ မိုးဇက်မှာ အိုက်တင်မခံနိုင်၊ ငြင်းဆန်နိုင်စွမ်းမရှိ။ ကက်ဆက်ရောင်းရငွေတစ်သောင်းခွဲကို လက်ထဲကျစ်ကျစ်ပါအောင်ဆုပ်ပြီး အောင်ပွဲရစစ်သူကြီးလို အိမ်သို့ တန်းပြန်လာခဲ့သည်။ အိမ်ရောက်လျှင် စေးဖောကိုဆန်ဝယ်ခိုင်းမည်။ ကလေးနို့မှုန့်ဝယ်ခိုင်းမည်။ အိမ်ရောက်သောအခါ အိမ်ပေါက်ဝတွင် အဆင်သင့်ရပ်စောင့်နေသောစေးဖောကို ဖိုးခွားလေးနှင့်အတူ တွေ့လိုက်ရ၏။


မိုးဇက်၊ ငါ့ကိုကြည့်စမ်း၊ ငါ ဘာထူးခြားနေလဲ … ကြည့်စမ်း

စေးဖော၏စကားကြောင့် မိုးဇက်မှာ ရုတ်တရက်ကြောင်သွားသော်လည်း စေးဖောပြောသလို သေချာကြည့်လိုက်မိ၏။ တစ်ခုခုတော့ တစ်ခုခုပဲ။


ဟင် … မင်းဆံပင်တွေ …”
စေးဖော၏ ရှည်လျားထူထဲသောဆံပင်နေရာတွင် ဆံပင်ကုပ်ဝဲကလေးက နေရာယူထားပါပကော။
ဆံပင်ဝယ်တဲ့သူလာလို့ ဆံပင်တွေဖြတ် ရောင်းလိုက်တယ်။ တစ်ဆယ်သား ၃ သောင်း ရတယ်။ 
ဆန်လည်းဝယ်ပြီးပြီ။ နို့မှုန့်လည်း ၀ယ်ပြီးပြီ
ထိုတနင်္ဂနွေသည် ဓမ္မတေးသံများတိတ်ဆိတ်ကောင်း တိတ်ဆိတ်နေမည်ဖြစ်သော်လည်း စေးဖောနှင့်မိုးဇက်တို့၏စကားသံသည် လေထုထဲတွင် ပဲ့တင်ရိုက်ခတ်နေ၏။
ဆံပင်တွေမရှိလို့ ဘာမှမဖြစ်ပါဘူး
ကက်ဆက်မရှိလို့လည်း ဘာမှမဖြစ်ပါ ဘူး
ဆံပင်ဆိုတာ နေ့တိုင်းရှည်ထွက်နေတာ
ကက်ဆက်ဆိုတာလည်း ပိုက်ဆံရှိရင် သူ့ထက်ကောင်းတာ ၀ယ်လို့ရတာပဲ


ထိုတနင်္ဂနွေနေ့မျိုးသည် သူတို့ဘ၀တွင် ရှည်လျားလွန်းပေစွ။


မိုဃ်းဇော်
(ဒီနေရာကယူပါတယ်)http://www.kaungkin.com/index.php?option=com_content&view=article&id=714:2012-02-04-18-35-03&catid=36:2009-04-17-01-30-11&Itemid=67

0 comments:

Post a Comment