Wednesday, February 8, 2012

ရတနာနတ်မယ် (သို့မဟုတ်)ကမ္ဘာနှစ်ခုကြားမှမင်းသမီး-အပိုင်း ၁(ထက်မြက်)

1 comments
ရတနာနတ်မယ်
ရတနာနတ်မယ် (သို့မဟုတ်)ကမ္ဘာနှစ်ခုကြားမှမင်းသမီး 
(ထက်မြက်) ရွှေအမြုတေ နိုဝင်ဘာ၊ ၂၀၁၁
ကနောင်မင်းခေါ် ကနောင်မင်းသားကြီး၏ မြစ်တော်လည်းဖြစ်၊ လင်းပင်မင်းသား၏မြေးတော်လည်းဖြစ်သော မင်းသမီး ရတနာနတ်မယ်သည် ဗိုလ်ချုပ်ကြီးဟောင်းနေ၀င်း၏ ဇနီးဖြစ်ပါသည်။
ရတနာနတ်မယ်၏ ငယ်စဉ်ကဓာတ်ပုံကို ပန်းချီဆရာကြီးဦးအုန်းလွင်ပြ၍ ကျွန်တော် ကြည့်ခဲ့ရသည်။ အလွန်ကျာ်ကြားသော မန္တလေးသင်္ကြန်၌ အလှပြအဖွဲ့တစ်ဖွဲ့၏ကားပေါ်တွင် ကနေသူမိန်းမပျိုတစ်ဦးပုံဖြစ်သည်။ အလွန်ချောမောသည့်၊ ကိုယ်လုံးကိုယ်ပေါက်လှပသော သွယ်လျလျမိန်း မပျိုဖြစ်သည်။ ဦးအုန်းလွင်က သူသိမ်းဆည်းထားသော ဂျာနယ်တစ် စောင်ကိုယူပြီး ထိုပုံကိုပြကာ ရတနာနတ်မယ်ဖြစ်ကြောင်းပြောပြသည်။ ဓာတ်ပုံအောက်ခြေ၌လည်း ကနေသူမှာ ရတနာနတ်မယ်ဟုရေးထားပါသည်။

 နောက် မြန်မာနိုင်ငံ၏သမ္မတ ဖြစ်သော ဦးနေ၀င်းနှင့်လက်ထပ်သောအခါ သတင်းစာထဲ၌ အဖြူရောင်ဝတ်စုံနှင့်ရတနာနတ်မယ်ကို တွေ့ရပြန်ပါသည်။ ထိုကဲ့သို့ ချောမောလှပသော၊ လင်းပင်မြေးတော် ရတနာနတ်မယ်အကြောင်းကို Gviffith Review Edition 27 စာရေးသူများဖြစ်သော Hamish Mc Domald and Desmond O’ Grady တို့က ရေးသားထား သည်ကို မြန်မာပြန်လိုက်ခြင်းဖြစ်ပါသည်။
 (ထက်မြက်

)
         ရောမမှ ပထမဆုံးထွက်လာသောရထားဖြင့် အေးစိမ့်သော ဖလောရင့်သို့ ကျွန်တော်တို့ ရောက်ရှိခဲ့ပါ သည်။ မနက်စာကို ခပ်သုတ်သုတ်စားပြီး တက္ကစီကားတစ်စီးဖြင့် မြစ်ကူးတံတားကိုကျော်ကာ လေတိုက်နေ သော လမ်းကျဉ်းလေးတစ်ခုမှနေ ဆန်ဖရီဒီယာနိုသို့ ရောက်ရှိခဲ့ပါသည်။

 ဗီယာကာ မဲလ်ဒိုလီရှိဆိုင်၏ မျက်နှာစာကို နောက်ဘက်ပေးထားသော အဆောက်အဦတစ်ခုရှေ့တွင် ကားကိုရပ်လိုက်၏။ ထိုအဆောက် အဦရှေ့၌ Associazione Culturale Artee Gastronomia Orientale ဆိုသော နံမည်ဆိုင်းဘုတ်တစ်ခုကို အိမ်အ၀င်ဘေးနံရံ၌ ကပ်ထားလေသည်။ ထိုစာတန်းအောက်၌ ၁၉၈၃ ခုက စတင်သည်ဟု ရေးထိုးထား သည်။ ထိုအသင်းမှာ ချက်ပြုတ်နည်းသင်တန်းများပေးသော အသင်းဖြစ်၏။ ထိုချက်ပြုတ်သင်တန်းတွင် အင်္ဂလိပ် ဘာသာ၊ အီတလီ ဘာသာဖြင့် ပေးသည်။ ထိုဒေသမှ လူများ၊ ကြားသိသော အခြားဒေသမှလူများ လာတက်ကြသည်။ အီတလီအစားအစာနှင့် အာရှအစားအစာများကို သင်ကြားပေးပါသည်။

 တံခါးခေါက် လိုက်သည်နှင့် လာဖွင့်ပေးသောအမျိုးသမီးကြီးမှာ အသက် ၇၇ နှစ်နီးပါးရှိလေသည်။   

အသက်ကြီးသော်လည်း လှပခံ့ညားလေသည်။ ဆံပင်မှာ ဖြူနေသော်လည်း သပ်သပ်ရပ်ရပ် စည်းထားလေ သည်။ ထိုအမျိုးသမီးကြီး၏ဓာတ်ပုံများကို လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းက ကျွန်တော်တို့ တွေ့ခဲ့ဖူး သဖြင့် သူမကို မြင်မြင်ချင်း မှတ်မိလေသည်။ ထိုအချိန်က  သူမ၏ဓာတ်ပုံများကို စီးဆင်းနေသောမြစ်များ၊ တောင်ပြာတန်းများ၊ လယ်ကွင်းများနှင့်အတူ တွေ့ရှိခဲ့ခြင်းဖြစ်သည်။ သူမသည် ခြေချင်းဝတ်အထိရှည်လျား သော ဂါဝန်အကွက်ရှည်ကြီးတစ်ထည်ကို ၀တ်ထားသည်။  သိုးမွေးလို အနွေးထည်တစ်ထည်ကို လည်ပင်း အထိ ၀တ်ဆင်ထားပါသည်။ 

“ဒီအစက ရှင်တို့ပေးတဲ့လက်ဆောင်ပဲလေဟု ဂျွန်ရို့စ်ဘဲလာမီက ပြောလိုက်ပါ သည်။ သူမကို ရတနာနတ်မယ်ဟုလည်း အများကသိကြသည်။ ကျွန်တော်တို့ကို အားရပါးရပြုံးပြီးပြောလိုက် ခြင်းဖြစ်၏။ ကျွန်မက မြန်မာဝတ်စုံဝတ်ရတာကို သဘောကျတယ်။ ဒီနေရာက အေးလည်း  အေးပါတယ်”  ယခုမူ ထိုနေရာမှာ နွေးနွေးထွေးထွေး ရှိနေ၏။

 အရှေ့တိုင်းဆန်သော အပြင်အဆင်ကလည်း လွှမ်းထားသည်။ ထိုအမျိုးသမီးကြီးသည် အရှေ့တောင်အာရှတွင်ဝတ်ဆင်လေ့ရှိသော အင်္ကျီမျိုးနှင့်လုံချည်မျိုးကို ၀တ်ထားခြင်း လည်း ဖြစ်ပါသည်။ အိမ်ထဲသို့ဝင်လိုက်သောအခါ မြင်းများပုံပန်းချီကားများကို တွေ့ရ၏။ ထိုပန်းချီကားများကို သူမ၏ အဖေဖြစ်သူ သြစတြေးလျလူမျိုး၊  မြင်းပွဲဒိုင်လုပ်သူက  ချိတ်ဆွဲထားသောပုံများဖြစ်လေသည်။

 ထို့ပြင် အာရှ၏ ရှေးဟောင်းအနုပညာလက်ရာများကိုလည်း တွေ့ရလေသည်။  အဖြူအမည်း ရေးဆွဲထားသည့် ပန်းချီကားများတွင် အသားညိုသော အာရှတိုက်သားများ၏ပုံများကို တွေ့ရသကဲ့သို့ သူတို့ဝတ်ဆင်ထား သော အ၀တ်အစားများမှာလည်း ခမ်းနားလှသည်။ ယခင်က ပန်းချီကားများ၊ ဓာတ်ပုံများဖြစ်သလို ယခုခေတ် မြန်မာနိုင်ငံမှရွာတစ်ရွာကို ရိုက်ထားသော ရောင်စုံဓာတ်ပုံများကိုလည်း တွေ့ရလေသည်။ ထမင်းစားခန်းထဲ ရောက်သောအခါ၌ ထမင်းစား စားပွဲရှည်ကြီးကိုမြင်လိုက်ရသည်။ အနံ့၊ အရသာနှင့်ပြည့်စုံသော လိမ္မော်နံ့ သင်းသည့်မုန့်ကို ချထားပါသည်။ ထိုမုန့်ကို စားပွဲအလယ်၌ ပန်းပွင့်များဖြင့်ဖော်ထားသော ပန်းကန်ပြားကြီး တစ်ချပ်ပေါ်၌ တင်ထားလေသည်။ အခန်းထဲတွင် ဆိုဖာများနှင့်လက်တင်ကုလားထိုင်များ ရှိပါသည်။

 ထိုနောက်တွင် ဖော်ပြပါပန်းချီကားများ ချိတ်ဆွဲထားပါသည်။ ဘဲလာမီသည် စကားဝိုင်းမှထကာ မီးဖိုထဲ ၀င်သွား၏။ ကျွန်တော်တို့ မီးဖိုထဲလိုက်ကြည့်သော အခါ မီးဖိုမှာ မာဘယ်ကျောက်ပြားများခင်းထားပြီး အလွန် ကျယ်ပြန့်သည်။ ဒယ်အိုးများ၊ အိုးများကိုချိတ်ထားသလို စတီးအိုးကြီးတစ်လုံးကိုလည်း တွေ့ရလေသည်။ မီးဖိုချောင်မှာ သူ့နေရာနှင့်သူ သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ်ရှိလေသည်။

 ၁၉ ရာစုနှစ်က မြန်မာနိုင်ငံ၊ မန္တလေးမြို့၌ ဘာသာတရားကိုင်းရှိုင်းသော၊ ပညာရေးကိုလည်းလိုလားသော မင်းတုန်းမင်းကြီးသည် ၁၈၅၃ ခုနှစ်က နန်းစံခဲ့လေသည်။ သူက သူ၏ညီတော်ဖြစ်သည့် စစ်ရေးကျွမ်းကျင်သော ကနောင်မင်းသား၏ အကူအညီဖြင့် မြန်မာ့ထီနန်းကိုအုပ်ချုပ်ခဲ့ခြင်းဖြစ်၏။ ကနောင်မင်းသားသည် ဥရောပသားတို့၏နယ်ချဲ့ ကျူးကျော်မှုကိုတွန်းလှန်လိုသော လူတစ်ယောက်ဖြစ်သလို တိုင်းပြည်တိုးတက်ရေးလုပ်ငန်းများကို နောက်ဆုံးအချိန်အထိ ကြိုးပမ်းသွားခဲ့သူဖြစ်သည်။ ထိုအချိန်တွင် ထိုင်းနိုင်ငံတွင် မောင်းဂွပ်မင်းကြီးစိုးစံ နေချိန်ဖြစ်၏။ ၁၈၆၆ တွင် အိမ်ရှေ့စံကနောင်မင်း၏တူတော်သူ၊ မင်းတုန်းမင်း၏သားများက လုပ်ကြံသတ် ဖြတ်သဖြင့် ကနောင်မင်းသားမှာ နတ်ရွာစံခဲ့ရသည်။ ထိုသို့ နန်းလုပွဲဖြစ်နေချိန် ကနောင်မင်းသား၏ သားတော် လင်းပင်မင်းသားကို တိတ်တဆိတ်ခေါ်ဆောင်၍ မည်သူမှမသိအောင် ထားရှိခဲ့လေသည်။

 ၁၈၈၅ ခုနှစ်၌ ဗြိတိသျှမီးသင်္ဘောများသည် စစ်သားများအပြည့်တင်ဆောင်ကာ ဧရာဝတီမြစ်ရိုးအတိုင်း မန္တလေး ခံတပ်နန်းတော်ဆီသို့ ဆန်တက်လာခဲ့ကြသည်။ ထို့နောက် မြန်မာနိုင်ငံ၏နောက်ဆုံးဘုရင်ကို ဖမ်းဆီးကာ အိန္ဒိယသို့ ခေါ်ဆောင်သွားကြ၏။ ထိုအချိန်တွင် လင်းပင်မင်းသားမှာ အရွယ်ရောက်လာပြီဖြစ်၍ ဗြိတိသျှကို ကျွန်မခံလိုသော ရှမ်းစော်ဘွားများနှင့်မဟာမိတ်ဖွဲ့ခဲ့သည်။ နယ်ချဲ့သမားများကို ကျန်မျိုးချစ်များနှင့်အတူ လင်းပင်မင်းသားက တော်လှန်တိုက်ခိုက်ခဲ့ပါသည်။ ၁၈၈၇ ခုနှစ်တွင် ရှမ်းစော်ဘွားတို့က ဗြိတိသျှတို့နှင့် နားလည်မှုယူခဲ့ပြီး လင်းပင်မင်းသားကို အတင်းအဓမ္မအလျှော့ပေးစေခဲ့သည်။ ထို့နောက် သူ့ကိုနိုင်ငံခြားသို့ ပြည်နှင်ဒဏ်ပေးလိုက်ပါသည်။

 လင်းပင်မင်းသား၏သမီးများတွင် မင်းသမီးမလတ်ဆိုသူလည်းရှိ၏။ သူမမှာ ဂျွန်ရို့စ်ဘဲလာမီ၏ မိခင်ဖြစ်ပါသည်။ မင်းသမီးမလတ်ကို ၁၈၉၄ ခုနှစ်က ကာလကတ္တားတွင်ဖွားမြင်ခဲ့၏။ ကျောင်းနေသည့်အရွယ်တွင် အလာဟာဘတ်၌ကျောင်းတက်ခဲ့ပြီး အထက်တန်းလွှာမှ သားသမီးများနှင့် အတူ ကျောင်းတက်ခဲ့ခြင်းဖြစ်၏။ သူမသည် ဂျာမန်အိမ်ရှေ့မင်းသား နောင် ကိုင်ဇာဝေလ်ဟိန်း ဖြစ်မည့်သူနှင့် တွေ့ဆုံခဲ့သည်။ မင်းသားက အာရှသို့ခရီးလှည့်လည်ခဲ့ရာတွင် သူမကိုတွေ့သောအခါ အလွန်ကိုဆွဲဆောင်မှု ရှိသော အမျိုးသမီးတစ်ယောက်ဟု မှတ်ချက်ချခဲ့သည်။သမီးတော် မလတ်သည်စစ်ကင်း စော်ဘွားလေးနှင့် စေ့စပ်ခဲ့ရ၏။ သို့သော် သူတို့ လက်ထပ်ပွဲမတိုင်ခင် ရက် အလိုတွင် စစ်ကင်းစော်ဘွားလေးမှာ အဆိပ်ခတ် ခံရပြီး ကွယ်လွန်သွားခဲ့သည်။ ထို့ကြောင့် လက်ထပ်ပွဲမှာလည်း ပျက်သွားခဲ့ပါသည်။ သမီးတော် မလတ်မှာ လူပုံပန်းသိမ်မွေ့နူးညံ့ပြီး ကျက်သရေရှိသော်လည်း သူမ၏စိတ်ဓာတ်မှာ သံမဏိလိုမာကျောလှပါသည်။ အတင်းအဓမ္မခိုင်းစေမှုမျိုး၊ ချုပ်ချယ်ခြင်းမျိုးကို မလိုလားပေ။ လူတိုင်းကိုလည်းတွေ့ဆုံခြင်းမရှိဘဲ သူမ တွေ့ချင်သည့်သူမှ တွေ့ခွင့်ရလေသည်။

 ဘဲလာမီက အိမ်တွင်စားဖို့နှင့်သင်တန်းအတွက် သူမဘာသာ ဆီထုတ်ပါသည်။ ထိုဆီသည် သံလွင်ဆီတစ်မျိုးဟု ခေါ်နိုင်သည်။ တောင်ပေါ်ရှိကျောက်တုံးများတွင် ပေါက်သော သံလွင်ပင်တစ်မျိုးမှဖြစ်သည်။ ဆီကို မြည်းကြည့်သောအခါ နူးညံ့ပြီးအရသာ ရှိလှ၏။ သူမကဒီဆီကို ကျွန်မဘာသာ ထုတ်တာပါ။ ဒါဟာ သံလွင်ဆီမဟုတ်ဘူး။ ဒါပေမဲ့ အလွန်အရသာရှိတဲ့ ဆီတစ်မျိုး ပါပဲ။ တောင်ပေါ်ကကျောက်တုံးတွေကိုဖယ်ပြီး သူတို့ကြားမှာရှိတဲ့အပင်တွေကနေ ဒီဆီကို ထုတ်ယူတာပါပဲ။ အရင် တစ်ခါက ထုတ်လိုက်တဲ့ဆီဆိုရင် သိပ်ပြီးအရသာရှိလှတယ်။ အသီးအရွက်တွေကိုကြော်ရင် တခြား အဆာတောင် ထည့်စရာမလိုတော့ပါဘူး။ ဒီဆီကို တပ်စ်ကန်နီလို့ ခေါ်ပါတယ်။ အခု ထုတ်ထားတဲ့ဆီတွေဟာ ရောင်းဖို့မဟုတ်ဘူး။ အိမ်အတွက်ထုတ်ထားသလို မိတ်ဆွေအပေါင်းအသင်းတွေကိုလည်း လက်ဆောင်ပေး ပါတယ်။ စားပင်တစ်မျိုးကနေထုတ်တဲ့ဆီလည်း ဖြစ်ပါတယ်။ သူမပြောသည့်အတိုင်း ဆီကိုမြည်းစမ်းကြည့် ရာတွင် အလွန်အရသာရှိပြီး လည်ချောင်းထဲရှတတဖြစ်ခြင်းမျိုးလည်း မရှိပါ။ သံလွင်ဆီနှင့်လည်း မတူပါ။
ဗြိတိသျှတို့၏အမြောက်များသည် မြန်မာ့လွတ်လပ်ရေးကို ဖျက်ဆီးပစ်လိုက်ပါသည်။ ၁၈၇၈ ခုနှစ်က မွေးဖွား ခဲ့သော ဟားဗတ်ဘဲလာမီ၏မိခင်များမှာ သြစတြေးလျတွင် လာရောက်အခြေစိုက်သော အင်္ဂလန်လူမျိုးများ ဖြစ်ပါသည်။ သူသည် ၀ီတိုရိယတွင် ကြီးပြင်းခဲ့၏။ ဟားဗတ်သည် ရွှေထွက်ရှိသော ကယ်လ်ဂူလီသို့ သွား ရောက်၍ ရွှေတူးခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ငွေသာကုန်ခဲ့လေသည်။ တခြား လုပ်ငန်းပေါင်းစုံကို လုပ်ကြည့်၏။ လက်ဝှေ့ပြိုင်ပွဲများ၊ တခြားကစားပွဲများလုပ်၍ စီးပွားရှာခဲ့လေသည်။ သိုးလည်းမွေးခဲ့ပါသည်။ သို့သော် ရေရှည်မလုပ်နိုင်ခဲ့ပေ။ နောက်ပြိုင်မြင်းများလည်း မွေးခဲ့သည်။ ဟားဗတ်သည် ဥရောပသို့သွား ရောက်လည်ပတ်ခဲ့၏။ လန်ဒန်နှင့်ပြင်သစ်တွင် အချိန်အတန်ကြာအောင် လှည့်လည်သွားလာခဲ့သည်။ နောက်အာရှတွင် ခရီးဆန့်ရာ၌အိန္ဒိယသို့ရောက်ရှိပြီး ဘုံဘေ၊ ကာလကတ္တား စသောနေရာများကိုသွား ရောက်လည်ပတ်ခဲ့၏။ ဗာတာဘီးယားဟုခေါ်သော ဂျာကာတာသို့လည်း ရောက်လာသည်။ ဂျာကာတာတွင် ပြိုင်မြင်းများကိုမျိုးဖောက်သူ အဖြစ်ဖြင့်လည်းကောင်း၊ မြင်းပွဲဒိုင်အဖြစ်လည်းကောင်း လုပ်ကိုင်ခဲ့သေးသည်။

 တစ်နေ့ သူသည် မလေးရှားနိုင်ငံတွင် ယိုဟိုဆူတန်နှင့်ခွေးတိုက်ပွဲအကြောင်း စကားပြောဖြစ်လေသည်။ ဆူတန်သည် သူ့မိတ်ဆွေတစ်ယောက်ဖြစ်သလို ခွေးချင်းကိုက်သည့်ခွေးတိုက်ပွဲကို စိတ်ဝင်စားသူဖြစ်၏။ ဆူတန်ကဘဲလာမီ၊ မင်း တကယ်တော့ မြန်မာပြည်ကိုသွားသင့်တယ်ကွ၊ အဲဒီနိုင်ငံက အလွန်စိတ်ဝင်စားဖို့ ကောင်းတယ်။ အဲဒီမှာ မင်း တစ်ခုခုလုပ်ပေါ့။ ပြိုင်မြင်းမွေးတာမျိုးကို မင်းလုပ်နိုင်တာပေါ့ဟု သူ့ကို ပြောပြ လေသည်။ ဘဲလာမီသည် မြန်မာနိုင်ငံသို့ လာရောက်နေထိုင်ခဲ့ပါသည်။ သူက မြန်မာနိုင်ငံကို အလွန် သဘော ကျသွားသလို မြင်းပွဲရှိသောရန်ကုန်တွင် အခြေစိုက်နေထိုင်ခဲ့လေသည်။

 ပထမကမ္ဘာစစ်ပြီးသည့်နောက် လင်းပင်မင်းသားကြီးသည် ဗြိတိသျှအစိုးရ၏ခွင့်ပြုချက်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့သည်။ သူနှင့် သူ့မိသားစုတစ်ခုလုံး ရန်ကုန်တွင်အခြေစိုက်ကြပါသည်။ သူတို့ မိသားစုမှာခေတ်မီခြင်းထက်  ခေတ်နောက် ပြန်ဆွဲသော ရှေးရိုး အယူအဆကို ဖက်တွယ်နေသူများဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် အခြေအနေအရပ်ရပ်မှာ ပြောင်းလဲနေ၏။ ကျောက်မီးသွေးတွင်းတူးသည့်လုပ်ငန်းများ၊ နိုင်ငံခြားသို့ဆန်တင်ပို့သည့်လုပ်ငန်းများ တွင် ကျယ်နေသည်။ မီးရထားများဖြင့်ခရီးသွားကြသလို ကုန်ပစ္စည်းများလည်း တင်ပို့ကြသည်။ ဧရာဝတီ ဖလိုတီလာကုမ္ပဏီက မီးသင်္ဘောများဖြင့် ဧရာဝတီမြစ်ရိုးတစ်လျှောက် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ လုပ်ကိုင်နေသည်။ 

ထိုမိသားစုတွင် ထူးထူးခြားခြားခေတ်မီနေသူမှာ မလတ် ဖြစ်၏။ သူက ရန်ကုန်ရှိ မြင်းပွဲ များသို့ သွားရောက်သလို မြင်းပွဲလောင်းကစားခြင်းလည်း ပြုလုပ်ပါသည်။ မြင်းပွဲတွင် သူမသည် သြစတြေး လျလူမျိုး ဘဲလာမီနှင့်တွေ့ဆုံပြီး ဖူးစာဆုံခဲ့ပါတော့သည်။

 ကိုလိုနီခေတ်က တရားသူကြီးလည်းဖြစ်၊ စာရေး ဆရာလည်းဖြစ်သော မောရစ်ကောလစ်ရေးခဲ့သည့် ၁၉၃၈ ခုနှစ်က ဗမာပြည်၏ မှုခင်းများဆိုသောစာအုပ် ထဲတွင် ၁၉၂၈ ခုနှစ်က သူ မလတ်ကို တွေ့ဆုံခဲ့သည့်အကြောင်း ရေးထားလေသည်။ဆိုဖာပေါ်တွင် ထိုင်နေသော သူမမှာ အလွန်လှပသော မိန်းမတစ်ယောက်ဖြစ်လေသည်။ အဖြူရောင်ပိုးသားထဘီနှင့် အဖြူရောင်အင်္ကျီကို ၀တ်ဆင်ထား၏။ အလွန်စိုပြည်လှပသော ပြောင်းဖူးရောင်အသားအရေရှိပြီး သူမ၏ မျက်လုံးများမှာ ၀ိုင်းစက်တောက်ပြောင် လျက်ရှိသည်။ လက်မောင်းနှင့်လက်တံ၊ လက်ချောင်းများမှာ သွယ်လျပြီး လှပ၍ကျက်သရေရှိလှသည်။ဟု ရေးထားသည်။ မောရစ်ကောလစ်ကို မလတ်က သူမနှင့် ဘဲလာမီတို့ မင်္ဂလာဆောင်တော့မည့်အကြောင်း ပြောပြပါသည်။

 သူတို့၏လက်ထပ်ပွဲကို အောက်တိုဘာလ ၁၈ ရက်၊ ညနေ နာရီ ၄၈ မိနစ်တွင် ကျင်းပပါသည်။ ဗေဒင်နက္ခတ်အရ ထိုနေ့၊ ထိုအချိန်တွင် ကျင်းပခြင်း ဖြစ်၏။ဝတ်ဆင်ထားသော သူမ၏၀တ်စုံမှာ မန္တလေးနန်းတွင်းမှ ၀တ်စုံမျိုးဖြစ်သည်။ နန်းတော်မှမိဖုရားများ ၀တ်ဆင်ထားသော တော်ဝင်ဝတ်စုံမျိုး အဖြစ် သူမ၏ ထဘီမှာ ပုလဲရောင် ပိုးသားဖြင့် ချုပ်လုပ်ထားပြီး ထဘီပေါ်တွင်စိန်မှုန်ကြဲထားသလို တလက်လက်တောက်ပနေသည်။ ဆံပင်ကိုလည်း အပေါ်တွင်စည်းနှောင် ကာ နောက်ဘက်သို့ချထားသည်။ သစ်ခွပန်းများကို ခေါင်းတွင်ပန်ထား၏။ သူမ၏လည်ပင်းတွင် ပုလဲပုတီး များကို ရင်ဘတ်ပေါ်ရောက်အောင် ဆွဲထားလေသည်။ သတို့သမီးမှာ အဖြူရောင်ယပ်တောင်လေးကိုယပ်ရန် ရှေ့ကို တစ်လှမ်းချင်းစီလျှောက်လာပါသည်။ အလွန်ကို ကျက်သရေရှိပြီး ဣနြေ္ဒရစွာလျှောက်လာခြင်း ဖြစ် သလို သူမ မျက်နှာမှာလည်း ပျော်ရွှင်နေပုံရသည်။ 

မစ္စတာဘဲလာမီက နံနက်ခင်းဝတ်စုံကိုဝတ်၍ နောက်မှ လိုက်လာသည်။ လက်ထပ်ပွဲမှာ အရပ်သားများလက်ထပ်သည့် လက်ထပ်ပွဲမျိုးသာဖြစ်သည်။ နှစ်ဦးသဘော တူလက်ထပ်ခြင်းဖြစ်ကြောင်း လက်ထပ်စာချုပ်များတွင် လက်မှတ်ရေးထိုးကြ၏။ ကျွန်တော်က မလတ်၏ လက်တစ်ဖက်ကိုကိုင်ပြီး ထိမ်းမြားမင်္ဂလာပွဲအထမြောက်ကြောင်း ကြေညာပေးသည်။ ထိုလက်ထပ်ပွဲကို ကြည့်ပြီး ကျွန်တော့်စိတ်ထဲအနှောင့်အယှက်တစ်ခုခုကို ခံစားလိုက်ရသည်။ ထိုလက်ထပ်ပွဲ အခမ်းအနား ကိုကြည့်ရသည်မှာ မန္တလေးနေပြည်တော် အဓမ္မပြုကျင့်ခံရသလိုပါပဲလားဟု ခံစားမိခြင်းဖြစ်သည်ဟု မောရစ်ကောလစ်ကရေးထားခဲ့လေသည်။

 ဘဲလာမီက နောက်ထပ် စားစရာတစ်မျိုးကို အိမ်ဖော်များအား ယူလာစေပါသည်။ ပန်းကန်ပြားပေါ် ထည့်လာသော စားစရာမှာအညိုရောင်ဖြစ်သည်။အခုစားစရာကတော့ ဖလောရင့်ရဲ့ အစားအစာပဲ။ ရာခိုင်နှုန်းပြည့်တင် မဟုတ်ဘူး။ ရာခိုင်နှုန်း ၁၁၀ လောက်ကို တက်စ်ကန်ဆီနဲ့ လုပ်ထားတာပါ။ ရိုးရာ အစားအစာပေါ့။ ကြက်အသည်းတို့၊ ကြက်ကလီစာတို့ကို ချက်ထားတာဖြစ်တယ်။ အမေရိကန်ကမ္ဘာလှည့်ခရီးသွားတွေကတော့ ဒီအစားအစာကို သိပ်သဘောကျကြတယ်။ ဒါက ဒီဒေသရဲ့ အစားအစာပါပဲ။ ထမင်း မစားခင်မှာ စားလေ့ရှိကြတယ်ဟုပြောပြီးနောက် သူမ၏စပျစ်ခြံမှ ထုတ်လုပ်သော ၀ိုင်တစ်ပုလင်းကိုလည်း ကျွန်တော်တို့အားတိုက်လေသည်။

 ဂျွန်ရို့စ်ကို ၁၉၃၂ ခုနှစ်၌ မွေးဖွားခဲ့ပါသည်။ သူမကို မြန်မာလိုရတနာနတ်မယ်ဟု သိထားကြသည်။ (ကျောက်မျက်ရတနာကိုးသွယ်နတ်သမီးဟု အဓိပ္ပာယ်ရလေသည်။) သူမသည် ကလေးဘ၀ကတည်းက ယဉ်ကျေးမှု ခုကြားတွင် နေထိုင်ခဲ့ရပါသည်။ ယဉ်ကျေးမှု ခုစလုံး၏ သွန်သင်မှုအောက်တွင် ကြီးပြင်းခဲ့ရခြင်းဖြစ်၏။မယ်မယ်က ထုံးတမ်းစဉ်လာကို အလွန် အလေးအနက်ထားပါတယ်။ နန်းတွင်းထုံးစံတွေ၊ မြန်မာဓလေ့ထုံးစံတွေကို မပစ်ပယ်ဘူး။ အိမ်မှာဆို ရင် ကျွန်မတို့က ဗမာလိုပဲပြောရတယ်။ ပြောတာတောင် သာမန်ဗမာစကား၊ ဗမာအသုံးအနှုန်း မဟုတ်ဘူး။ နန်းတွင်းမှာသုံးနှုန်းတဲ့ တော်ဝင်အသုံးအနှုန်းအတိုင်း ပြောရတာပါ။ ကျွန်မဟာ အဲဒီလိုနဲ့ကြီးပြင်းခဲ့ရပါတယ်။ အင်္ဂလိပ်လိုလည်းပြောရသလို ဟိန္ဒူလိုလည်းတတ်ပါတယ်။ ဗုဒ္ဓဘာသာကိုးကွယ်ပြီး မယ်မယ်ရဲ့အဆုံးအမ အတိုင်း၊ ဗုဒ္ဓဘာသာထုံးစံအစဉ်အလာအတိုင်း နေထိုင်ရတယ်။ အောက်ထပ်မှာတော့ ဖိနပ်စီးရပါရဲ့။ အပေါ် တက်ရင်တော့ ဖိနပ်ချွတ်ခဲ့ရပါတယ်။ မနက်တိုင်း ဘုန်းတော်ကြီးတွေကိုဆွမ်းကပ်ဖို့ ဆွမ်းထမင်း၊ ဟင်းကို ကျွန်မ ပြင်ရတယ်။ သီတင်းကျွတ်ပွဲတော်၊ ညောင်ရေသွန်းပွဲတော်ကအစ ကျွန်မတို့ အားလုံး အလှူလုပ်ကြ တာပါပဲ။ အဲဒီအချိန်ဆို အဖေက အိမ်မှာမရှိဘူး။ အမြဲ အမဲပစ်ထွက်လေ့ရှိတယ်။ အဖေဘက်က ပွဲတော်တွေ လည်း ဆင်နွှဲပါတယ်။ ခရစ္စမတ်ပွဲတော်တို့၊ အီစတာပွဲတော်တို့ကို ကျွန်မတို့ပြုလုပ်ကြတယ်။ အဖေ့ရဲ့စရိုက်ကို ကျွန်မ လိုက်လေ့ရှိတယ်။ မြင်းစီးတယ်။ အမဲလိုက်တယ်။ဒါဟာဗုဒ္ဓဘာသာ တစ်ယောက် အဖို့တော့ ဘယ် ကောင်းပါ့မလဲ”

ဂျွန်ရို့စ်သည် သူမ၏အဖေကို အလွန်ချစ်၏။ အဖေကလည်း သမီးကိုအလွန်ချစ်ပါသည်။ အရင်းနှီးဆုံးသားအဖ ဖြစ်ပါသည်။ အဖေက ခြံဝင်းထဲတွင် ၀ါးချုံများကိုစိုက်ထားပေးသည်။ သြစတြေးလျတွင် နေထိုင်ခဲ့ရသည်ကို အမှတ်တရအဖြစ် ၀ါးချုံများစိုက်ထားခြင်းဖြစ်၏။ သမီးကိုလည်း ဟင်နရီလောဆန်၏ ကဗျာများ ဖတ်ပြလေ့ရှိပါသည်။

 ၁၉၄၂ခု၊ ဖေဖော်ဝါရီလတွင် ဂျွန်ရို့စ်ဘဲလာမီမှာ အသက် နှစ်ရှိပြီး သူတို့၏ အေးချမ်းသောဘ၀လေးမှာလည်း ပြီးဆုံးခဲ့ရလေသည်။ ဂျပန်ဗုံးကြဲလေယာဉ်မှူးက ရန်ကုန်မြို့ကို အကြီး အကျယ် ဗုံးမိုးရွာချ၏။ ဂျပန်ကျူးကျော်မှု၏ အစလည်း ဖြစ်သည်။ ဘဲလာမီ၏နေအိမ်မှာ ကံကောင်းထောက် မ၍ ဗုံးဒဏ်မှလွတ်သွားသည်။ ထို့ကြောင့် သူတို့တစ်မိသားစုလုံး အိန္ဒိယသို့ပြောင်းရွှေ့ခဲ့သည်။ အိန္ဒိယ မြောက်ပိုင်း၊ အေးချမ်းတိတ်ဆိတ်လှသော အလာဟာဘတ်မြို့လေးတွင် အခြေချခဲ့သည်။ ယမုံနာနှင့် ဂင်္ဂါ မြစ်များဆုံရာ ဒေသလေးလည်းဖြစ်သည်။  ဘာသာရေးပွဲတော်ကွမ်မီလာ ကျင်းပရာနေရာလည်းဖြစ်၏။ ထိုပွဲတော်မှာ ကမ္ဘာပေါ်တွင်လူအများဆုံး စုဝေးရောက်ရှိပြီး ၀တ်ပြုဆုတောင်းသည့်ပွဲတော် ဖြစ်သလို ၁၂ နှစ်မှ တစ်ကြိမ်ကျင်းပလေ့ရှိသော ထူးခြားသည့်ဘာသာရေးပွဲတော်လည်း ဖြစ်သည်။

 ထိုမြို့မှာ နေရူးမိသားစု၏ ဇာတိမြို့လည်း ဖြစ်ပါသည်။ လင်းပင်မင်းသား၏သမီးတော်များအနက် ဂျွန်ရို့စ်၏အဒေါ်တစ်ယောက်ဖြစ်သူ မင်းသမီးတစ်ယောက်သည် အိန္ဒိယမဟာရာဂျာတစ်ယောက်နှင့်လက်ထပ်ပြီး ထိုမြို့တွင်နေထိုင်ခဲ့သည်။ ထိုမဟာရာဂျာသည် ဂျဝါဟာလာနေရူးနှင့်အတူ အိန်္ဒိယလွတ်လပ်ရေးတွင် ပါဝင်တိုက်ခိုက်ခဲ့သဖြင့် သူ့ကို အင်္ဂလိပ်အစိုးရက အလာဟာဘတ်ထောင်ထဲတွင် အကျဉ်းချခဲ့သည်။ သူမအဒေါ် လာရောက်လည်ပတ်သည့် အခါ ဂျွန်ရို့စ်သည်  အလာဟာဘတ်ထောင်ဘက်သို့ လမ်းလျှောက်လေ့ရှိပါသည်။ထောင်ထဲမှာ ကျွန်မ ဦးလေးကို တိုက်ခန်းတစ်ခုထဲ ထည့်ပိတ်ထားတယ်။ ထောင်ထဲမှာ ရေတွေရှိတော့အေးစက်နေပြီး ထောင် ထဲမှာ နေရပါတယ်။ ခန်းအကွာ မှာတော့ နေရူးရဲ့အခန်းရှိတယ်။ ဂန္ဓီရုပ်ရှင်ကားကြည့်ရတဲ့အခါမှာ ကျွန်မ အဲ့ဒါကို ပြန်မြင်မိတယ်။ အဒေါ်ဆီက ဒီအကြောင်းကြားရတဲ့အခါ ကျွန်မ ငိုမိပါတယ်ဟု ဂျွန်ရို့စ်က ပြောပြ လေသည်။

အသက် ၁၁ နှစ် အရွယ်တွင် ဂျွန်ရို့စ်ကို ကာလင်ပွန်းရှိ မိန်းကလေးသီးသန့် ကွန်ဗင့်ကျောင်းသို့ ပို့လိုက်လေ သည်။ ထိုကျောင်းတွင် ဟားဗတ်ဘဲလာမီ၏ သြဇာမှာမရှိပေ။ ကျောင်းရှိ မယ်သီလရှင်တစ်ဦးက ဂျွန်ရို့စ်ကို ငေါ့တော့တော့ဖြင့် နှိမ်ချလေသည်။ ကပြားမလေးတစ်ဦးအဖြစ်မျိုးစပ်နေသောမိန်းကလေးဟု သူမကို လှောင်ပြောင်လေသည်။ ကျောင်းတွင် ပထ၀ီသင်သည့်အခါ၌ သြစတြေးလျနိုင်ငံအကြောင်းပါလာသည့်အခါ ဆရာမက ဂျွန်ရို့စ်ကို လှောင်ပြောင်ပြီးမေးလေ့ရှိသည်။ ပထ၀ီဝင်သင်ရင်း မြေပုံကြည့်ခိုင်းသည့်အခါတွင် ဂျွန်ရို့စ်က သင်ပုန်းကြီးတွင်ချိတ်ထားသော မြေပုံအလယ်ကိုထောက်၍ဒီနေရာဟာ ဘာရာဂါဒါဝင်ဒီလို့ ခေါ်တယ်။ အိပ်မက် တိုင်းပြည်ပေါ့။ ဒီနေရာမှာရှိတဲ့ တောတောင်ရေမြေတွေဟာ ပြောင်းပြန် ဖြစ်နေကြတယ်။

 မြစ်တွေဟာ ပင်လယ်ဘက်ဆီစီးမယ့်အစား အထက်ဘက်တောင်တွေဆီ စီးတယ်။ မြွေတွေကလည်း အတောင်တွေနဲ့ ကျီးကန်းတွေကလည်း နောက်ပြန်ပျံကြတယ်။ ရှေ့ကို မပျံကြဘူးဟု အတန်းသားများ ကိုပြောသောအခါ သူမမှာ အတန်းထဲမှ အထုတ်ခံရလေသည်။

 အသက် ၁၄ နှစ် အရောက်တွင် ဂျွန်ရို့စ်သည် မိဘများနှင့်အတူ ဗုံးဒဏ်ဖြင့်ပျက်စီးနေသော ရန်ကုန်မြို့သို့ ပြန်လာခဲ့ကြသည်။ သူမအဖေမှာ ဗြိတိသျှလူမျိုးတို့ မြန်မာနိုင်ငံတွင် အနားယူနေထိုင်လေ့ရှိသည့် တောင်ပေါ်စခန်းမြို့မေမြို့(ပြင်ဦးလွင်) တွင် နေထိုင်ခဲ့လေသည်။ ထိုမြို့မှာ မန္တလေးနှင့်မလှမ်းမကမ်းတွင် ရှိ၏။ အိမ်များကို ကျွန်းသားများ၊ အုတ်များဖြင့် ဆောက်ထားကြသည်။ ကျူဒါခေတ် ပုံစံလှပသောအိမ်လေးများဖြစ်ပြီး မြက်ခင်းပြင်နှင့်နှင်းဆီခင်းကြီးများကိုလည်း ခြံထဲတွင် စိုက် ထားပါသည်။ ဘဲလာမီသည် မြင်းများဖြင့်အလုပ်ရှုပ်နေ၏။ သူ့မြင်းများနှင့်အတူ တောထဲသို့အမဲလိုက်လေ့ ရှိသည်။ မေမြို့တွင်နေသည့် ဗြိတိသျှလူမျိုးများက ဘဲလာမီကို မြင်းပွဲဒိုင်တစ်ဦးအဖြစ် အထင်သေးကြလေ သည်။ သို့သော် အင်္ဂလိပ်ရော၊ မြန်မာမိသားစု ခုစလုံးက မလတ်ကိုမူ မင်းမျိုးမင်းနွယ်အဖြစ် သူတို့ဆီ လာလည်လျှင် ရိုသေစွာဖြင့်အမြဲတံခါးဖွင့် ကြိုဆိုလေသည်။သူတို့ဟာ လက်တစ်ဖက်က ကျွန်မပခုံးပေါ်ကို တင်ပြီး အထူးအခွင့်အရေးပေးသလို ဆက်ဆံကြပေမယ့် လက်တစ်ဖက်ကတော့ ကျွန်မပခုံးကိုဖိပြီး မတူ မတန်သလို ဆက်ဆံကြပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ကျွန်မက သူများတွေနဲ့မတူဘဲ အင်္ဂလိပ်မြန်မာ ကပြားတစ်ယောက်ဖြစ်နေလို့ပါပဲဟု ဂျွန်ရို့စ်က ပြောပြလေသည်။

 သူမသည် မှတ်တမ်းတင်ရမည့် အလှမျိုး နှင့် ကြီးပြင်းလာခဲ့သူ မိန်းကလေးတစ်ယောက်ဖြစ်၏။ ခရီးသွားမှတ်တမ်းများရေးသားသည့် အင်္ဂလိပ် စာရေး ဆရာ နော်မန်လူးဝစ်က မေမြို့ရှိပါတီတစ်ခုတွင် ဘဲလာမီမိသားစုနှင့် တွေ့ဆုံခဲ့လေသည်။ ၁၉၅၅ ခုနှစ်တွင် သူရေးခဲ့သည့် Golden Earth စာအုပ်၌ သူက ဘဲလာမီကိုသူသည် ဖော်ရွေပြီးလျှို့ဝှက်သည့် လူတစ် ယောက်ဖြစ်သည်ဟု မှတ်ချက်ပေးထားသလို မလတ်ကိုမူလှပနေဆဲ အမျိုးသမီးတစ်ဦးဖြစ်သည်ဟု ရေးထားပြီး သူမ၏ အတွင်းမှကြည်နူးပျော်ရွှင်နေမှုမှာ မျက်နှာတွင်ပေါ်လွင်နေလျက် ရှိသည်ဟု မှတ်ချက် ပေးထားသည်။ ဂျွန်ရို့စ်ကိုမူမြန်မာလူမျိုး၏ ကျက်သရေရှိသောအလှနှင့် ဥရောပတိုက်သား၏ မြူးကြွသော စရိုက်ကို ပေါင်းစပ်ထားလေသည်။ သူတို့ မိသားစုပါတီပွဲမှ ပြန်တော့မည့်အခါတွင် သူတို့၏ အိုဟောင်းနေ သော ဗြိတိသျှလုပ်ကားပေါ် တက်လိုက်ကြသည့်အခါ ဂျွန်ရို့စ်က ကားမောင်းသည့်နေရာတွင် ထိုင်၏။ သူမသည် ကားမောင်းကျွမ်းကျင်ပုံလည်း ရလေသည်။ ကားစက်နှိုးသည့်အခါတွင် ကားကတော်တော်နှင့် မနိုးနိုင်ပေ။ သူမ ကြည့်ရသည်မှာ ယောက်ျားဆန်၏။ ယောက်ျားလျာလေး တစ်ယောက်လိုဖြစ်နေသည်။ ကားစက်နိုးအောင် ခပ်မြန်မြန်စက်ကိုနှိုးပြီး စက်နိုးလာသည့်အခါတွင် လက်ကိုင်ဘီးကို ကျင်လည်စွာကိုင်ကာ ရုတ်တရက် ဆောင့်ထွက်သွားလေသည်ဟု ရေးထားလေသည်။

 ကျောင်းတွင်စာတော်သဖြင့် စာစီစာကုံး ပြိုင်ပွဲတွင် ဆုရ၏။ ဂျွန်ရို့စ်ကို အမေရိကန်ပြည်ထောင်စုသို့ စရိတ်ငြိမ်း လည်ခွင့်ပေးလေသည်။ လွတ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံမှာ ဒီမိုကရေစီအခွင့်အရေးများ မဖြစ်ထွန်းခင်၊ လွတ်လပ်ရေး အရသာ ကိုမခံစားရခင်မှာပင် ပြည်တွင်းစစ်ကြီးဖြစ်ပွားခဲ့လေသည်။ ပြည်တွင်းသူပုန်များလည်း မြန်မာနိုင်ငံတွင် ပေါ် ပေါက်လာခဲ့ပါသည်။ ဟောလိဝုဒ်မှ ခရမ်းရောင်လွင်ပြင် The  Purple Plcin ရုပ်ရှင်ကားကိုရိုက်ကူးရာ၌ မြန်မာအမျိုးသမီးတစ်ယောက်ကို မင်းသမီးအဖြစ်ရိုက်ကူးဖို့ စီစဉ်လေသည်။ ထိုကားတွင် ငယ်ရွယ်လှပသော မြန်မာလူမျိုး သူနာပြုဆရာမလေးတစ်ဦးနှင့် လေယာဉ်ပျက်ကျ၍ ဒဏ်ရာရနေသောလေယာဉ်မှူးတစ်ဦးတို့၏ ဇာတ်လမ်း ဖြစ်ပါသည်။ 

ထင်ရှားသော ဟောလိဝုဒ်မင်းသား ဂရေဂိုရီပက်က လေယာဉ်မှူးအဖြစ် သရုပ် ဆောင်သည်။ ထိုကားတွင် သရုပ်ဆောင်ရန် ဂျွန်ရို့စ် လျှောက်ထားလေသည်။ သီဟိုဠ်(သီရိလင်္ကာ) နိုင်ငံကို မြန်မာနိုင်ငံအဖြစ် ရိုက်ကူးထား၏။ ထိုသို့ သီဟိုဠ်သို့ သွားရိုက်ရမည်ဆိုသောကြောင့် ဂျွန်ရို့စ်က ထိုကားတွင် သရုပ်မဆောင်တော့ဘဲ သူမဘာသာ ရပ်ဆိုင်းပစ်လိုက်၏။ ဂျွန်ရို့စ်ကဒါဟာ ဟောလိဝုဒ်ရဲ့လုပ်ရပ်ပဲ။ တကယ်ကို ရယ်စရာကောင်းတာပေါ့။ အားလုံးကို စော်ကားထားသလိုပဲ။ မြန်မာနိုင်ငံမှာပဲ ရိုက်ရမှာ။ မရိုက် ဘဲနဲ့ မြန်မာလူမျိုးတွေကိုစော်ကားသလို ရိုက်တာပဲ။ ဒီကားကိုပြပြီဆိုရင် ဒီကားထဲမှာပါတဲ့ စကား ပြောသံ တွေ၊ ငိုသံတွေ၊ အော်သံတွေက မြန်မာလိုမဟုတ်တော့ဘူး။ မြန်မာနိုင်ငံက စေတီပုထိုးတွေ၊ ဘုရား ကျောင်း ကန်တွေဟာ ဗုဒ္ဓဘာသာတစ်ယောက်အနေနဲ့ ဘယ်လိုမှလက်ခံနိုင်စရာ မရှိဘူးဟု ပြောပြပါသည်။

၁၉၅၄ ခုနှစ်တွင် သူသည် မာရီယိုပိုစတီဂလီရွန်ဆိုသူ အီတလီဆရာဝန်တစ်ယောက်နှင့် လက်ထပ်ခဲ့ပါသည်။ သူ သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO မှ ငှက်ဖျားကာကွယ်ရေးလုပ်ငန်းတွင်လုပ်ကိုင်နေရင်း သူမနှင့်တွေ့ ဆုံကာ လက်ထပ်ခဲ့ခြင်းဖြစ်၏။ သူတို့၏ သား ယောက်အနက် သားကြီးမွေးပြီး လလောက်အကြာတွင် မာရီယိုကို ဗမာကွန်မြူနစ်များက ပြန်ပေးဆွဲဖမ်းဆီးသွားခဲ့သည်။သူတို့ဟာ အရင်က တက္ကသိုလ် ကျောင်း သား ပညာတတ်တွေပေါ့ဟု ဂျွန်ရို့စ်က ပြောပြသည်။ ဖမ်းဆီးသွားသောကွန်မြူနစ်များက သူမကိုကျွန် တော်တို့က ခင်ဗျားကိုရော၊ ခင်ဗျားယောက်ျားကိုရော မလိုမုန်းထားလို့ ဖမ်းတာမဟုတ်ဘူး။ ခင်ဗျားရဲ့ မယ်တော်နဲ့ ခင်ဗျားသားလေးကော နေကောင်းတယ် မဟုတ်လား။ အခု ကျွန်တော်တို့ဖမ်းဆီးရတဲ့ အကြောင်းကတော့ အုပ်ချုပ်နေတဲ့ဗမာအစိုးရဟာ တိုင်းပြည်တစ်ခုလုံးကို အုပ်ချုပ်မထားနိုင်ဘူးဆိုတာ တစ်ကမ္ဘာလုံးသိအောင် ဖမ်းတာပါ။ ကျွန်တော်တို့မှာ လက်နက်ဝယ်ဖို့ငွေလိုတယ်။ အခု ဖမ်းမိတဲ့သူက ခင်ဗျားယောက်ျားဖြစ်နေတော့ ဆိုးတာပေါ့ဗျာဟု ကွန်မြူနစ်လူငယ်များက ရှင်းပြသည်။ ထိုအချိန်တွင် မြန်မာနိုင်ငံသို့ ဆိုဗီယက်ခေါင်းဆောင် ခရူးရှော့နှင့်ဗူဂါနင်တို့ လာရောက်လည်ပတ်သော အချိန်လည်း ဖြစ်ပါသည်။ မာရီယိုကို သူပုန်များကလွှတ်ပေးပြီးသည့်နောက် ကုလသမဂ္ဂက သူတို့ကို မြန်မာနိုင်ငံမှ ပြန် ခေါ်ခဲ့လေသည်။

 ဂျွန်ရို့စ်သည် မာရီယို၏ WHO တာဝန်ကျရာနေရာများသို့ လိုက်ပါသွားခဲ့ရသည်။ ဒမတ်စကတ်၊ ဂျနီဗာနှင့် မနီလာအထိ ရောက်ရှိခဲ့လေသည်။ ဖိလစ်ပိုင်၌ သူတို့တာဝန်ထမ်းဆောင်နေစဉ် သူမ၏ဖခင်မှာ ရန်ကုန်မြို့၌ ကွယ်လွန်သွားခဲ့သဖြင့် ဂျွန်ရို့စ်သည် ရန်ကုန်သို့ပြန်လာခဲ့သည်။ ထိုအချိန်မှာ ၁၉၆၃ ခုနှစ် ဖြစ်ပါသည်။ 
(ဆက်လက်ဖော်ပြပါမည်)


1 comments:

Post a Comment