(ဒို့ဗမာ ၅)My Burma by ဘိုဘိုလန်းစင်(မူရင်းသတ်ပုံနှင့်ဝါကျအတိုင်း)
အရင်ပတ်ကတင်ဆက်ခဲ့သလိုပဲ ဒုတိယကမ္ဘာစစ်ကြီးမတိုင်ခင်က မြန်မာအမျိုးသားရေးလှုပ်ရှားမှုမှာ နိုင်ငံခြားသားဆန့်ကျင်ရေးနဲ့ တိုင်းရင်းသားချင်းနှိမ့်ချတဲ့အမြင်အတွေးတွေ ပါနေခဲ့ပါတယ်။ ရှေးပဒေသရာဇ်ခေတ်နောက်ခံ ထိုးဇာတ်တွေဖြစ်တဲ့ ချင်းဖဝေး နန်းရွှေကျင် စောမွန်လှလို ဇာတ်သီချင်းဓာတ်ပြားတွေကလည်း မြန်မာနဲ့တောင်ပေါ်မြေပြန့်မှာ လူကြိုက်များကျော်ကြားခဲ့တာပါ။ အဲဒိခေတ်ပေါ်ယဉ်ကျေးမှုတွေရဲ့သြဇာက စစ်ပီး အနှစ် ၂၀ ၃၀ ကျော်ထိ မြန်မာလူထုရဲ့စိတ်ယဉ်ကျေးမှုထဲမှာ ထိုးဖောက်တင်ကျန်ဆဲဖြစ်သလို တိုင်းရင်းသားတွေဘက်ကလည်း သူတို့ကို တောသူတောင်သားလူရိုးလူအတွေအဖြစ်သရုပ်ဖော်တာကို အောင့်သက်သက်နဲ့လက်ခံနေရပါတယ်။ လမ်းစဉ်ပါတီခေတ်မှာ ဟောင်းနွမ်းခေတ်မမီတော့တဲ့ ဒီပဒေသရာဇ်တွေးတွေကိုတိုက်ဖျက်ရမယ်ဆိုပီး ဝါဒဖြန့်စာပေတွေနဲ့တိုက်ဖျက်ခဲ့ပေမယ့်လည်း ခြားနားမှုတွေကိုဆွဲမစေ့နိုင်ခဲ့ပါဘူး။ အကြောင်းကတော့ ဖွံ့ဖြိုးမှုအလှမ်းကွာလွန်းတော့ လူနေမှုတန်းတူဖြစ်မလာနိုင်လို့ပါပဲ။ ဆယ်စုနှစ်တွေချီကြာခဲ့တဲ့ ပြည်တွင်းစစ်ကြီးကြောင့် ရန်ကုန်နဲ့မြို့ကြီးတချို့ကအပ နယ်တွေအခြေအနေက ကျွန်ခေတ်နဲ့ဘာမှမထူးလာပဲ လုံခြုံမှုနဲ့ ဥပဒေစိုးမိုးရေးမှာ ပိုပျက်ပြားတဲ့အခြေကိုရောက်ခဲ့ပါတယ်။ ဗဟိုအစိုးရမှာ ကြိုးကိုင်နေတဲ့ အာဏာပိုင်တွေမှာလည်း အများစုကမြန်မာများဖြစ်လေတော့ စီးပွားရေးနဲ့လုံခြုံရေးအရ ပိုပီးအခရာကျစိတ်ချရတဲ့ပြည်မနယ်တွေမှာပဲ ဖွံ့ဖြိုးရေးစီမံချက်တွေ အဓိကဖော်ဆောင်ကြပါတယ်။ လောပိတလိုစီမံကိန်းကြီးမျိုးဆောက်ပေးရင်လည်း ပြည်နယ်သားတွေထက် ပြည်မအတွက်ဦးစားပေးတတ်ပါတယ်။ ဒါကြောင့် ပြည်ထောင်စုစိတ်ဓာတ်ဆိုတာ အပြောသက်သက်ကလွဲပီး ရုပ်လုံးပေါ်မလာခဲ့ပါဘူး။
တချို့မြန်မာပညာတတ်များကလည်း ၁၉၃၀ ကုလားဗမာအဓိကရုဏ်းပီးမှာ သခင်ဘသောင်းတည်ထောင်တဲ့ တို့ဗမာအစည်းအရုံးက တို့ဗမာဝါဒဟာ တနိုင်ငံလုံးကလူမျိုးဘာသာမရွေး ဗမာလို့ခံယူသူတိုင်းနဲ့ဆိုင်တယ်လို့ အကြောင်းပြတတ်ပါတယ်။ သူတို့အမြင်က ဗမာနိုင်ငံရေးသမားတွေနဲ့တိုင်းရင်းသားထဲက နိုင်ငံရေးအမြင်ကျယ်သူတချို့ပူးပေါင်းပီး လွတ်လပ်ရေးကြိုးပမ်းမှုစခန်းအဆင့်ဆင့်မှာ လက်တွဲခဲ့ကြတယ်။ တရုတ်ကုလားသခင်တွေနဲ့ သခင်မဟုတ်တဲ့တက်ကြွသူများကလည်း နယ်ချဲ့ဆန့်ကျင်ရေးမှာ အရေးကြီးတဲ့ကဏ္ဍတွေကနေ အားဖြည့်ခဲ့ကြတယ်။ ဒါတွေကြောင့် မြန်မာပြည်သားစိတ်၊ ပြည်ထောင်စုစိတ်ဆိုတာ ခံယူချက်တူရင်ပေါ်လာဖို့မခက်ဘူးလို့ ဆိုကြပါတယ်။ တကယ်တော့ သူတို့အာဘော်က အစိုးရအဆက်ဆက်အကြောင်းပြခဲ့ကြတဲ့ တရားဝင်အမျိုးသားရေးဝါဒနဲ့ သံစဉ်မကွာပါဘူး။ ဘယ်သူဘယ်ဝါတွေက မြန်မာအမျိုးသားလှုပ်ရှားမှုမှာပါတယ်ဆိုပေမယ့် အများစုသော လူနည်းစုမျိုးနွယ်တွေဟာ မြန်မာတွေရဲ့နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲမှာ ဘယ်လောက်ထိပတ်သက်ခဲ့တယ် ဆိုတာ ဆန်းစစ်ရခက်ပါတယ်။ ပီးတော့ တို့ဗမာလှုပ်ရှားမှုကို မြန်မာရုံးသုံးကျောင်းသုံးစာပေတွေမှာ အမွှန်းတင်နေချိန်မှာ ကရင်၊ ရခိုင်၊ မွန်၊ ရှမ်း၊ ကချင်စတဲ့ စစ်မဖြစ်ခင်နဲ့စစ်ပီးမှာပေါ်ထွန်းနိုးကြားလာတဲ့ စင်ပြိုင်အမျိုးသားရေးစိတ်တွေကို ဘယ်ဗမာပညာရှင်နဲ့စာနယ်ဇင်းကမှ သေချာလေ့လာသုံးသပ်တာ မရှိခဲ့ပါဘူး။
ကရင်ဗဟိုအဖွဲ့ကိုတည်ထောင်တာ ၁၈၈၀ ကျော် သီပေါမင်းပါတော်မမူခင်ကထဲကမို့ မြန်မာခေတ်သစ် အမျိုးသားစိတ်နိုးကြားချိန်ထက် အနှစ် ၂၀ လောက်စောပါတယ်။ သို့သော်လည်း ကျနော်တို့ မြန်မာလူလတ်တန်းစားခေတ်ပညာတတ်ဓနရှင်နိုင်ငံရေးသမားနဲ့ စာနယ်ဇင်းဆရာများဟာ မိမိတို့ဆရာတင်ရာ အင်္ဂလိပ်နယ်ချဲ့ရဲ့ သွေးနားထင်ရောက်လူမျိုးရေးဝါဒကိုအတုယူပီး ကိုယ်ပိုင်လူမျိုးရေးဝါဒ တနည်း အမျိုး၊ ဘာသာ၊ သာသနာကြွေးကြော်သံကို ဖော်ထုတ်သူများဖြစ်တဲ့အတွက် သူများအမျိုး၊ ဘာသာ၊ သာသနာကို တန်းတူလက်ခံဖို့က တယ်ပီးဖြစ်နိုင်ချေမရှိလှပါဘူး။ ယဉ်ကျေးမှုချင်းတယ်မကွာတဲ့ မွန်၊ လူမျိုးနဲ့ ဘာသာစကားဆင်တဲ့ ရခိုင်၊ သြဇာအာဏာရှိတဲ့ ရှမ်းပဒေသရာဇ်တချို့ရဲ့အဆောင်အယောင်လောက်ကိုသာ သူတို့နဲ့ တတန်းထဲထားလက်ခံစရာမြန်မာများအဖြစ်စာရင်းသွင်းတယ်လို့ ကိုလိုနီခေတ်ကနေ မျက်မှောက်ခေတ်ထိဖြစ်ပေါ်ပြောင်းလဲလာတဲ့ မြန်မာအမျိုးသားရေးဝါဒကို သုံးသပ်ကြည့်ရင်တွေ့ပါမယ်။ ဝ၊ ပလောင်၊ ပအိုဝ်း၊ ဂျိန်းဖော၊ ချင်း၊ ကရင်နီစတဲ့ တောင်တန်းသားအများစုကို လူ့ယဉ်ကျေးမှုနောက်က မယဉ်မရိုင်းတွေအနေနဲ့သာ မြန်မာအများစုရဲ့စိတ်ထဲမှာ ခေတ်တွေဘယ်လိုပြောင်းသော်လည်း စွဲနေကြဆဲဖြစ်တာကိုတွေ့ရပါတယ်။ ရှေ့တပတ်ဆက်ပါမယ်။
(ရေးတာက) ဘိုဘိုလန်းစင်
(လွှင့်တာက) လွတ်လပ်သောအာရှအသံက
(ယူတာက) http://bobolansin.wordpress.com/2011/11/18/my-burma-1/
0 comments:
Post a Comment