Air Force One၊ မန္တလေးနှင့် Dayton တက္ကသိုလ် (မျိုးမြင့်ချို)
၂၀၀၉ နှစ်ကုန်ပိုင်းလောက်က ဖို့ဝိန်းမြို့ ကလေးသို့ ကနေဒါသူ Dr. Heather Marciniec လာတုန်းက မိတ်ဆွေအချို့နှင့်အတူ ကျနော်လည်းတွေ့ဖြစ်လိုက်၏။ သူ ရောက်ခိုက် နိုင်ငံရေးနှင့်ဆက်စပ်သည့် အခမ်းအနားတခုကို တက်လာပြီး ဗမာလိုပြောသွား၏။ သူက မြန်မာ့ဂီတ အကြောင်းပြုစုပြီး ပါရဂူဘွဲ့ယူထားသူ။ Ohio ပြည်နယ်ရှိ Dayton University ရှိ Music Department တွင် Professor လုပ်နေ၏။ သူ့အမျိုးသား Christ က ကနေဒါအခြေစိုက် ကွန်ပြူတာအပျော့ထည်လုပ်ငန်းကုမ္ဗဏီက ပညာရှင်။ သူတို့ဇနီးမောင်နှံတွင် သားလေးတယောက်ရှိ၏။ အထက်တန်းကျောင်းသား။ Dr. Heather က အရပ်မနိမ့်မမြင့်၊ ကိုယ်လုံးကိုယ်ထည်ထွားထွား၊ ဆံပင်တိုတိုနှင့် အမြဲလိုလိုပြုံးနေတတ်သူ။ ပါရဂူဘွဲ့ယူစာတမ်းအတွက် ဗမာပြည်သို့အကြိမ်ကြိမ်သွားရောက်ပြီး ဗမာ့ဂီတပညာရှင်အချို့၊ အဆိုတော်အချို့အပါအဝင် လူအတော်များများနှင့်တွေ့ခဲ့သူဖြစ်၏။ ဗမာလို အထိုက်အလျှောက်ပြောတတ်သည့်အပြင် ဗမာ့ ယဉ်ကျေးမှုကိုလည်း တီးမိခေါက်မိရှိသူ။ ဗမာ့ဂီတတူရိယာပစ္စည်းအချို့ကိုလည်း တီးတတ်မှုတ်တတ်သေး၏။ အခမ်းအနားအပြီးနောက်တရက်တွင် မိတ်ဆွေတဦး၏စီစဉ်ပေးမှုဖြင့် သူနှင့်ကျနော် စကားနည်းနည်းပြောဖြစ်ပြန်၏။ ဖို့ဝိန်းရှိ ဒုက္ခသည်အနေဖြင့်ရောက်လာသူ မြန်မာမိသားစုတချို့နှင့်တွေ့ချင်၊ စကားပြောချင်၊ နားထောင်ကြည့်ချင်သည်ဆိုသဖြင့် ကျနော်ကူညီစီစဉ်ကာ စကားပြန်ပါလုပ်ပေးခဲ့ဖူး၏။ ပြန်ခါနီးတွင် နောက်ကြိမ်လောက်တော့ ထပ်လာပါဦးမည်၊ စကားတွေလည်းပြောချင်ပါသေးသည်ဆိုကာ နှုတ်ဆက်ပြီးပြန်သွား၏။ ပြန်သွားပြီးနောက် သူလည်း သူ့အလုပ်နှင့်သူ။ ကျနော်လည်း အခြားကိစ္စတွေဖြင့် မေ့မေ့ပျောက်ပျောက်။ တခါတရံ အီးမေးလ်ဖြင့် "နေကောင်းလား၊ သတိရပါတယ်၊ ဘာတွေလုပ်နေသလဲ၊ ဘယ်သူ့ကိုနှုတ်ဆက်တယ်ပြောလိုက်ပါ"လောက်သာ အပြန်အလှန်အဆက်အသွယ်ရတတ်၏။
သည်လိုနှင့် ၂၀၁၁ နှစ်လည်ပိုင်းလောက်တွင် သူ့ထံမှ အီးမေးလ်အရှည်ကြီးတစောင်ရောက်လာ၏။ သူ့ အီးမေးလ်တွင် သူတို့တက္ကသိုလ်အကြောင်း၊ အမေရိကန် Human Rights Week (လူ့အခွင့်အရေး ရက်သတ္တပတ်) ဖြစ်သည့် ဖေဖေါ်ဝါရီ ၁၃ မှ ၁၇ အတွင်း ကျနော်၊ မမင်းမြင့်နန်းတင်နှင့် ကိုသီဟတို့ ၃ဦးအား ကျောင်းသို့လာကာ ဗမာပြည်လူ့အခွင့်အရေးအခြေအနေနှင့် ဗမာပြည်အကြောင်း လာရောက်ဟောပြောပေး ပါဟုဖိတ်၏။ ပြီးတော့ ကျနော့်မှတ်တမ်းရုပ်ရှင် Burma Soldier အင်္ဂလိပ်လိုအပိုင်းကိုလည်းပြပေးစေ လိုကြောင်းစသည်များပါပြီး ထိုကျောင်းမှလူ့အခွင့်အရေးဘာသာရပ်ယူထားသည့် ဘွဲ့ကြိုကျောင်းသူ Katarina Lucas နှင့်မိတ်ဆက်ပေး၏။ ကျနော်က မှတ်တမ်းကားပြလိုခြင်းနှင့် ကျနော့်အားဖိတ်ကြားခြင်းအတွက် ဝမ်းသာကြောင်း၊ ကျနော်လာပြီး ဟောပြောပေးမည်ဖြစ်သော်လည်း အင်္ဂလိပ်ဘာသာဖြင့် မှတ်တမ်းကားကိုပြသဖို့ ကျနော့်ထုတ်လုပ်သူနှင့်စကားပြောစေလိုကြောင်းပြန်လိုက်ပြီး တခါအဆက်ပြတ် သွားပြန်၏။ နောက်တော့ နိုဝင်ဘာလဆန်းပိုင်းတွင် ရုပ်ရှင်ကားပြသရန်အခက်အခဲများရှိနေပြီး မပြဖြစ်တော့သော်လည်း ကျနော် ဒေါက်တာသီဟနှင့်မမင်းမြင့်နန်းတင်တို့အား ကျောင်းသို့လာ၍ဟောပြော ကြမည်ဆိုလျှင် စီစဉ်လိုကြောင်းပြောလာ၏။ သို့ဖြင့် ကျနော်တို့ ၃ ဦးသား ဖေဖေါ်ဝါရီ ၁၃ ရက်က Ohio ပြည်နယ် Dayton University သို့ချီတက်ကြတော့၏။ ပထမတော့ ကျနော်တို့အားလုံး ကားတစီးထဲဖြင့်အတူ သွားကြမလား စိတ်ကူးမိသေး၏။ နောက်တော့ ကျနော်က Dayton ရောက်ခိုက် အမေရိကန်လေတပ်ပြ တိုက်ကြီးကိုလည်း သွားကြည့်ချင်၏။ ဇနီးကလည်း အလုပ်မှခွင့်တရက်ယူလို့ရ၏။ ဤသို့ဖြင့် ကျနော်တို့ သပ်သပ်စီခွဲသွားကြပြီး Dayton မြို့ရှိ တက္ကသိုလ်နှင့်အနီးဆုံး Courtyard Marriot Hotel တွင်ဆုံကြရန် ကျောင်းကပဲအချိန်းအချက်လုပ်ပေး၏။ ဒီလိုနှင့် မမင်းမြင့်နန်းတင်နှင့်အဖော်မိန်းကလေးတယောက်၊ ကိုသီဟနှင့်ဇနီး မမင်းမင်းပြုံး၊ ကျနော်တို့တစ်သိုက် Dayton သို့ဆိုက်ဆိုက်မြိုက်မြိုက်။ လာကြိုသည့် Heather နှင့် Katarina Lucas တို့က အစီအစဉ်များအတိုချုပ်ရှင်းပြရင်း နွေးနွေးထွေးထွေး လှိုက်လှိုက်လှဲလှဲ။
သည်တက္ကသိုလ်က ၁၈၅၀ ပြည့်နှစ်တွင်ထူထောင်ခဲ့သည်မို့ သက်တမ်းနုသည့်အထဲတွင်တော့မပါ။ သို့သော်လည်း တက္ကသိုလ်ကြီးစာရင်းဝင်တော့မဟုတ်။ ခေတ်ပေါ်ပုံစံ အဆောက်အဦးတချို့မှလွဲ၍ အများစုမှာ အုတ်ခဲရောင်နီစွေးစွေးနှင့် အုတ်ကြွပ်မိုးညိုမောင်းမောင်းတွေမို့ ထိုခေတ်ကလက်ရာတွေကို မပျက်စီးအောင်ထိန်းသိမ်းထားမှန်း သိသာနေ၏။ ကျောင်းတည်နှစ်ကိုကြည့်ရင်း အဲဒီအချိန်က
တို့တိုင်းပြည်မှာ ကုန်းဘောင်ဆက်က ပုဂံမင်း(၁၈၄၆-၁၈၅၃)လက်ထက်ပါလားဟု တွေးမိလိုက်၏။ ဤတက္ကသိုလ်ကို ဤနေရာ၌တည်အပြီး ၂ နှစ်အကြာ(၁၈၅၂)တွင် အင်္ဂလိပ်လူမျိုးအိန္ဒိယဘုရင်ခံချုပ် လော့ဒ်ဒါလဟိုဇီက ကွန်မိုဒိုဂျော့ခ်ျလမ်းဘတ်အား ရန္တပိုစာချုပ်ပါအချက်အလက်တွေပြန်ပြင်ရန်ဟုဆိုကာ ရေတပ်နှင့်တကွ မြန်မာပြည်သို့လွှတ်လိုက်၏။ မြန်မာဘက်က သူတို့တောင်းဆိုသမျှ အသာတကြည်လိုက်လျောခဲ့သည့်တိုင် မကျေနပ်သေးဟုဆိုပြီး ရန်ကုန်ဆိပ်ကမ်းကိုပိတ်ဆို့ကာ မြန်မာဘုရင်ပိုင်တော်ဝင်သင်္ဘောကိုပါ သိမ်းယူလိုက်၏။ ဤသို့ဖြင့် ဧပြီလ ၅ ရက် ၁၈၅၂ တွင်စလိုက်သည့် အင်္ဂလိပ်မြန်မာဒုတိယစစ်ပွဲသည် ရန်ကုန်၊ ပဲခူး၊ ပြည်အပါအဝင် အောက်ဗမာပြည်တခုလုံး သူတို့လက်ရောက်ကာ ဒီဇင်ဘာ ၁၈၅၂ နှစ်တွင် အဆုံးသတ်သွား၏။ အသစ်ဖြစ်ထွန်းလာသည့် စက်မှုအရင်းရှင်စနစ်နှင့် ပဒေသရာဇ်စနစ်တို့ထိပ်တိုက်တိုးကာ၊ စစ်၂ပွဲဖြင့် ကုန်းဘောင်ဆက်အသရေ ညှိုးရော်စပြုချိန်ဖြစ်နေ၏။ ထိုအချိန်က ဤကျောင်းသည် ကျောင်းအသစ်။ တက္ကသိုလ်အသစ်ကျပ်ချွတ်။ ခုတော့ ဘာသာရပ်စုံကျောင်းသား တသောင်းဝန်းကျင်ခန့် တက်နေပြီး နိုင်ငံတကာတက္ကသိုလ်တွေနှင့်ချိတ်ဆက်ကာ ကျောင်းသားဖလှယ်ရေးပရိုဂရမ်တွေနှင့်အတူ စည်စည်ပင်ပင်ဖွံ့ဖွံ့ဖြိုးဖြိုး။ ခေတ်မီနည်းပညာတွေနှင့်အဆင့်မြင့်ပညာတွေ
သင်ကြားနေသည့်ကျောင်းလည်းဖြစ်၏။ ကျောင်းပရဝုဏ်ဖွဲ့စည်းပုံကတော့ နည်းနည်းဆန်းသည်ဟုစိတ်တွင်ထင်မိ၏။ ကျောင်းဝင်းကြီး ဘယ်လောက်ကျယ်သလဲတော့ အသေအချာမသိခဲ့ရ။ သို့သော် ကျောင်းသားများအတွက်ဖွင့်ထားသည့် ပင်မစားသောက်ခန်းနေရာနှင့် ကျနော်တို့ဟောပြောပွဲလေးလုပ်ခဲ့သည့်နေရာကတော့ ကားနှင့် ၁၀ မိနစ် ခန့်မောင်းရသေး၏။ ကျောင်းဝင်းဆိုသော်လည်း လူနေအိမ်ခြေတွေရပ်ကွက်တွေနှင့်မို့ Heather အား မေးကြည့်တော့မှ "အရင်ကတော့ ဒီနေရာတွေက လူနေရပ်ကွက်ကြီးတွေပေါ့လေ၊ ဒါပေမယ့် နောက်ပိုင်းမှာ ဒီရပ်ကွက်တွေအကုန်လုံးကို ကျောင်းကဝယ်ယူလိုက်ပြီး ကျောင်းသားတွေနေဖို့ လုံးခြင်းအိမ်ယာ၊ အဆောင်တွေနဲ့ ကျောင်းကအမှုထမ်းတွေနေဖို့ ပြန်ပြင်လိုက်တာပါ၊ ဒါ့ကြောင့် ဒီရပ်ကွက်တွေအကုန်လုံးက ကျောင်းပရဝုဏ်ထဲပါပြီး ကျောင်းပိုင်ရပ်ကွက်ကြီး ဖြစ်သွားတာပေါ့"ဟုပြန်ဖြေ၏။ အမေရိကန်မြို့တချို့က ကျနော်ရောက်ဖူးသည့်တက္ကသိုလ်တွေနှင့် အမြင်ပိုင်းအရနည်းနည်းတော့ကွာနေ၏။ ကျောင်း စားသောက်ခန်းက ကျယ်ပြန့်သပ်ရပ်ပြီးသန့်ရှင်းတာကတော့ ပြောစရာမရှိ။ ဂျပန်ဆူရှီး၊ မွန်ဂိုလီးယားအကင်နှင့် အမေရိကန်စာတွေလည်းစုံ၏။ ကျနော်တို့ဇနီးမောင်နှံက မွန်ဂိုလီယားအကင်စုံမှာပြီး အခြားသူတွေက ဆူရှီးမှာသူမှာ၊ အမေရိကန်စာမှာသူမှာကြ၏။ ဆူရှီးဘားကလေးရှေ့ကဖြတ်ရင်း ဗမာစကားသံလိုကြားမိလိုက်သဖြင့် လှည့်ကြည့်လိုက်တော့ ဆူရှီးသမား ၄ ယောက်စလုံးကမြန်မာတွေဖြစ်နေ၏။ သိတ်တော့ တအံ့တသြကြီးမဖြစ်မိ။ အမေရိကန်တလွှားက ဆူရှီးဘားများတွင် မြန်မာတွေလုပ်ကြသည်မဟုတ်လား။ တလောကပဲ ဆူရှီးလုပ်ငန်းဖြင့်စီးပွားရေးအောင်မြင်နေသူ မြန်မာပြည်သားတဦးအား အမေရိကန်သမ္မတက အိမ်ဖြူတော်ခေါ်ပြီး ဂုဏ်ပြုလိုက်သေးကြောင်း သတင်းများတွင်တွေ့လိုက်ရသေး၏။ ဆရာတင်မိုးပြောခဲ့ဖူးသည့် "ဆူရှီမျိုးဟေ့ဒို့ဗမာ"ဆိုသည်လေးကိုလည်း ဖြတ်ကနဲသတိရမိလိုက်သေး၏။ ကျနော်စကားလှမ်းပြောမည်အလုပ် သူတို့ထဲကတယောက်က ကျနော့်နံမည်ခေါ်ပြီး နှုတ်ဆက်လိုက်သဖြင့် ဘယ်သူများပါလိမ့်ဟု ဇဝေဇဝါဖြစ်ရသော်လည်း အမေရိကန်တက္ကသိုလ်တွင် ဗမာလိုနှုတ်ဆက်ရတာ အရသာရှိသည်ကတော့အမှန်ပင်။ နောက်မှ တန်းစီနေသူတွေကြောင့် ရပ်ပြီးစကားပြောလို့မဖြစ်။ ဒါနှင့် ဆက်လျှောက်လာတော့ သူကျနော့်နောက်ကလိုက်လာပြီး "ကိုမျိုးမြင့်..ရော့၊ ယူသွားပါ၊ စပါယ်ရှယ်ပဲ၊ အမှတ်တရလက်ဆောင်ပေါ့ဗျာ၊ စားကြည့်ပါဦး"ဆိုကာ ဆူရှီးတဗူးပေးပြီး သူလည်းသူ့နေရာသူပြန်ပြေး၏။ ကျေးဇူးတင်စကားပင် လုံးစေ့ပတ်စေ့ပြောချိန်မရလိုက်။ "စားသုတ်သုတ် သွားသုတ်သုတ်" ဆိုသည့် မင်းသားကြီးကိုမြတ်လေးကိုပင် အမှတ်ရချင်စရာကောင်းသေးတော့။ စားသောက်နေကြတုန်း ကိုသီဟက ဆူရှီးနှင့်စပ်၍ အတည်ပေါက်နှင့်ဟာသဖေါက်တော့ ကျနော့်စိတ်က တပ်ထဲနေတုန်းက ရှေ့တန်းဆီခဏ ရောက်လိုက်သေး၏။ တရုပ်ပြည်နယ်စပ်ရောက်တော့ ကြံသွေး၊ ကျောက်သွေး၊ ဆတ်ချိုနု၊ ဆေးမြင်းခွာ၊ ခမ်းတောက်မြစ်၊ ရှဥ့်မတက်ဥ စသည်တို့သည် အမျိုးသားများအတွက် ဘာညာကောင်းတယ်ဆိုခြင်းအား ပြန်အမှတ်ရပြီး ပြုံးမိ၏။
ညနေစာစားအပြီး ဟောပြောပွဲခမ်းမထဲရောက်တော့ စက်တွေဘာတွေဆင် ကွန်ပြူတာ Set up လုပ်နေတုန်း ကျောင်းသားတွေ တဖြည်းဖြည်းစုံလာ၏။ ကျောင်းက တတန်းထဲစာမို့ ကျောင်းသားက ၄၀ ဝန်းကျင်ခန့်သာရှိမည်။ အချိန်စေ့တော့ Heather က ကျနော်တို့အားကျောင်းသားတွေနှင့်
အတိုချုပ်မိတ်ဆက်ပေး၏။ ပြီးတော့ ကျနော့်တို့ဆီပါလာသည့် ၅ မိနစ်စာ မှတ်တမ်းကားတိုလေးကိုပြပေး၏။ ထို မှတ်တမ်းတွင် လူ့အခွင့်အရေးချိုးဖေါက်မှုစုံစမ်းရေးကော်မရှင် (Commission of Inquiry-C O I) ဖွဲ့စည်းရန် နိုင်ငံတကာမိသားစုသို့တိုက်တွန်းတောင်းဆိုသည့်အကြောင်းဖြစ်၏။ ဒီ့နောက် ကျနော်တို့တဦးချင်းက ကျောင်းသားများအား ဗမာပြည်လက်ရှိအခြေအနေနှင့်စပ်ပြီး စကားအနည်းငယ်စီပြောကြ၏။
ကျနော်တို့ပြောပြီးနောက် ကျောင်းသားတွေက သူတို့သိလိုသည့်အရာများမေးကြ၏။ အဓိကမေးကြသည့်မေးခွန်းတွေက နိုင်ငံရေးအခြေအနေ၊ လူ့အခွင့်အရေး၊ အခြေအနေ၊ ဗမာပြည်ပြန်လို့ဖြစ်နိုင်/မဖြစ်နိုင်၊ ဒီကိုရောက်လာသည့် မြန်မာပြည်သားဒုက္ခသည်များ ရင်ဆိုင်ရသည့်အခက်အခဲနှင့်စိန်ခေါ်မှုများအပြင် (C O I) ကိစ္စအထိပါ၏။ မေးခွန်းများလည်းကောင်းသလို သူတို့စိတ်ကြေနပ်အောင် ပြန်ဖြေနိုင်ခဲ့သည်ဟုလည်း ထင်၏။

အခမ်းအနားအပြီး အမှတ်တရဓါတ်ပုံနည်းနည်းပါးပါးရိုက်ကြသေး၏။ ကိုသီဟတို့ဇနီးမောင်နှံ၊ မမင်းမြင့်နန်းတင်နှင့် အဖော်မိန်းကလေးတို့က ဟော်တယ်လ်သွားကြပြီး ကျနော်တို့စုံတွဲကတော့ Dr. Heather အိမ်မှာညအိပ်ဖို့ လမ်းခွဲလိုက်ကြ၏။ ထိုညက ကိုသီဟနှင့်သူ့ဆူရှီးတော့
ဘယ်လိုနေသည်မပြောတတ်။ ကျနော်တို့ကတော့ Dr. Heather အမျိုးသားနှင့် စကားပြောရင်းညဥ့်နက်သွား၏။ သူလည်း ဗမာပြည်သို့ရောက်ဖူးသူ။ အင်းလေးအကြောင်း၊ ပဒေါင်လူမျိုးစုအကြောင်း၊ ရန်ကုန်ကတက္ကစီသမားတွေအကြောင်း၊ ဘဏ်စနစ်နှင့်ဘဏ်ကဒ်များသုံးမရသဖြင့် နေရာတကာပိုက်ဆံကိုင် သုံးရသည့်အကြောင်း အတော်စုံ၏။ မနက် ၇ နာရီခွဲတော့ Dr. Heather, Katarina တို့နှင့်အတူ ကျောင်းထဲကစားသောက်ခမ်းမှာ မနက်စာစားကြ၊ စကားစမြည်ပြောကြ၊ ကျေးဇူးတင်ကြောင်းဝမ်းသာကြောင်းတွေ
အပြန်အလှန်ပြောပြီးနောက် လမ်းခွဲကြ၏။ ကိုသီဟတို့ မမင်းမြင့်နန်းတင်တို့က ဖို့ဝိန်းပြန်ပြီး ကျနော်နှင့်ဇနီးက Dayton ရှိ National Museum of United States Air Force သို့ဆက်ထွက်လာကြ၏။
Dayton မှအထွက် အဝေးပြေးအမြန်လမ်းမကြီး I-75 ပေါ် ၁၀ မိနစ်ခန့်မောင်းလာပြီး ဘယ်လိုနေသည်မပြောတတ်။ ကျနော်တို့ကတော့ Dr. Heather အမျိုးသားနှင့် စကားပြောရင်းညဥ့်နက်သွား၏။ သူလည်း ဗမာပြည်သို့ရောက်ဖူးသူ။ အင်းလေးအကြောင်း၊ ပဒေါင်လူမျိုးစုအကြောင်း၊ ရန်ကုန်ကတက္ကစီသမားတွေအကြောင်း၊ ဘဏ်စနစ်နှင့်ဘဏ်ကဒ်များသုံးမရသဖြင့် နေရာတကာပိုက်ဆံကိုင် သုံးရသည့်အကြောင်း အတော်စုံ၏။ မနက် ၇ နာရီခွဲတော့ Dr. Heather, Katarina တို့နှင့်အတူ ကျောင်းထဲကစားသောက်ခမ်းမှာ မနက်စာစားကြ၊ စကားစမြည်ပြောကြ၊ ကျေးဇူးတင်ကြောင်းဝမ်းသာကြောင်းတွေ
အပြန်အလှန်ပြောပြီးနောက် လမ်းခွဲကြ၏။ ကိုသီဟတို့ မမင်းမြင့်နန်းတင်တို့က ဖို့ဝိန်းပြန်ပြီး ကျနော်နှင့်ဇနီးက Dayton ရှိ National Museum of United States Air Force သို့ဆက်ထွက်လာကြ၏။
တနေရာအရောက် ဇနီးက "ဟိုမှာ..ဟိုမှာ" ဟုဆိုသဖြင့် ဘာများဘာလိမ့်ဆိုကာ ကားအပြင်လက်ယာဘက်ကို ကြည့်လိုက်တော့ အတော်ကြီးသည့် အဆောက်အဦးကြီးတခု။ တောက်တောက်ပပ။ ခန့်ခန့်ငြားငြား။ ကားရပ်ရမည့်နေရာတွင်ကားများရပ်လျှက်။ လူတချို့ကလည်း လုပ်စရာများလုပ်လျှက်။ ဇနီးက "ကြည့်.. ကြည့်..ဆိုင်းဘုတ်ကို" ဆိုတော့မှ အပေါ်ကိုမော့ကြည့်လိုက်မိ၏။ (Mandalay Banquet and Catering, Co.) ဆိုပါလား။ မြန်မာလိုတော့ရေးမထား။ (မန္တလေး-ခမ်းနားကြီးကျယ်စားဖွယ်ဧည့်ခံကျွေးမွေးရေးကုမ္ဗဏီ) ဆိုပြီးပြန်ရမည်ထင်၏။ ဘယ့်နှယ်ပါလိမ့်။
Ohio ပြည်နယ်က ဤ Dayton ဆိုသည့်မြို့ကလေးတွင် မန္တလေးအမည်နှင့်ဒီကုမ္ဗဏီကြီးက ဘယ်ကဘယ်လိုရောက်လာတာပါလိမ့်။ အမြန်လမ်းပေါ်ရောက်နေခိုက်မို့ ကားအရှိန်လျှော့ပြီး ဓါတ်ပုံရိုက်ချိန်တော့မရ။ ထားလိုက်တော့။ ဘာပဲဖြစ်ဖြစ် သည်နေရာတွင်
မန္တလေးကိုမြင်တော့ မင်သက်မိ၏။။ ကြည်နူးတာလား၊ အောက်မေ့တာလား၊
ဘာလားညာလားမပြောနိုင်သည့်ခံစားမှုတခုတော့ အသေအချာ့ကိုဖြစ်မိ၏။
(ဆက်ပါဦးမယ်)
မျိုးမြင့်ချို။ ဖေဖေါ်ဝါရီ၁၅၊၂၀၁၂
ဤနေရာများတွင်လည်းဖတ်ရှူနိုင်ပါသည်။
http://www.maukkha.org/index.php/book-store/essay-maukkha/1858-maukkha-myo-myint-cho
http://www.naytthit.net/?p=24180
http://burmatoday.net/articles.php?articles_ID=7&authors_ID=3
0 comments:
Post a Comment