Thursday, February 16, 2012

စစ်မြေပြင်မှပုံရိပ်များ(အပိုင်း ၅၀) မျိုးမြင့်ချို

0 comments

စစ်မြေပြင်မှပုံရိပ်များ (အပိုင်း ၅၀) မျိုးမြင့်ချို ဖေဖေါ်ဝါရီ ၁၆ ရက် ၂၀၁၂ နေ့က အာရ်အက်ဖ်အေကနေထုတ်လွှင့်ပြီးဖြစ်ပါတယ်။

            ကျနော် ပထမဆုံးအကြိမ်အဖမ်းခံရပြီး ထောင်ထဲရောက်သွားချိန်ကျတော့မှသာ တိုးချဲ့ဖွဲ့စည်းလိုက်တဲ့ မြို့ကလေးအင်န်အယ်လ်ဒီရဲ့ လူငယ်တာဝန်ခံ ၃ ဖြစ်သူဟာ ထောက်လှမ်းရေးသတင်းပေးမှန်း ပီပီပြင်ပြင်သိကြရတော့တာပါ။  ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးကိုဖိတ်ပြီး ရုံးခန်းဖွင့်ပွဲလုပ်ခဲ့ကြတဲ့အချိန်အထိတော့ သူဟာ တက်တက်ကြွကြွရိုးရိုးသားသားနဲ့ အားတက်သရောလုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။ မရှိတဲ့ကြားကပဲ အိတ်စိုက်လုပ်ခဲ့သူလည်း ဖြစ်ပါတယ်။ အနာခံပြီးရဲဝံ့စွန့်စားစိတ်ရှိသူလည်း ဖြစ်ခဲ့ပါတယ်။ ဒီ့နောက်ပိုင်းမှာ ဒီလူ့ကိုသတိထားဖို့  တယောက်က ပြောခဲ့ပေမယ့် ပြောသူကိုယ်တိုင်ကလည်း ဟိုဘက်ခေတ် မဆလအမာခံနဲ့၊ ထောက်လှမ်းရေးသတင်းပေးဆိုတော့ သူ့စကားကို ဘယ်သူမှသိတ်အလေးအနက် မထားခဲ့ကြတာလည်းပါပါတယ်။

နောက်တချက်က ကျနော်တို့ဟာ မြေပေါ်မှာတရားဝင်ရပ်တည်နေတဲ့ပါတီပါ။ လျှို့ဝှက်လှုပ်ရှားနေရတာမဟုတ်ပါဘူး၊ ဒါ့အပြင် ကျနော်တို့ဟာ ပါတီရဲ့အောက်ခြေအဆင့်မှာ လုပ်ကိုင်နေကြသူတွေဖြစ်တဲ့အတွက် ကိုယ်နဲ့ဆိုင်သလောက်အကန့်အသတ်နဲ့ပဲ ဆုံးဖြတ် ဆောင်ရွက်ကြရတာဆိုတော့ ပါတီတခုလုံးနဲ့ဆိုင်တဲ့ မူဝါဒနဲ့ဆုံးဖြတ်ချက်ချမှတ်ပေးရသူတွေလို တစုံလုံးဆိုင်ရာထိပ်တန်း လျှို့ဝှက်ချက်ရယ်လို့လည်းမရှိကြပါဘူး။ သဘောကတော့ ကျနော်တို့ ဘာလုပ်လုပ် လူသိခံနိုင်တယ်ဆိုတာမျိုးပါပဲ။ တာဝန်ခံ ၃ ဟာ အမှန်တကယ် သတင်းပေးဖြစ်နေဦးတောင် ကျနော်တို့ဆီကနေသူရနိုင်မှာတွေက လူထုဆီကရမယ့်ဟာတွေထက် ဘာမှမပိုပါဘူးဆိုပြီး သူ့အပေါ်လျှော့တွက်ခဲ့ကြသလို ရိုးရိုးသားသားပဲလို့လည်း အရိုးခံစိတ်တွေနဲ့တွေးခဲ့ကြပါတယ်။

အဲဒီ အရိုးခံစိတ်နဲ့ရိုးသားမှုကပဲ ကျနော်တို့အဖို့ ဆုံးရှူံးမှုတွေကို ယူဆောင်လာတာဖြစ်မယ်ထင်ပါတယ်။ တကယ်က ရိုးသားမှုဆိုတာ တန်ဖိုးထားရမယ့်အရာ၊ ရိုးဂုဏ်ဆိုတာမြင့်မြတ်တဲ့အရာဆိုတာ မှန်ပါတယ်။ တိုင်းပြည်ချစ်စိတ်နဲ့စွန့်ဝံ့သူတိုင်းမှာ အခြေခံရိုးသားမှုဆိုတာလည်းရှိကြစမြဲပါပဲ။ ဒါပေမယ့် နိုင်ငံရေးအာဏာကိစ္စ၊ အာဏာပြဿနာကိုရှင်းကြပြီဆိုရင်တော့ ရိုးသားသူဆိုတာ အမြဲတမ်း တကွက်နောက်ကျပြီး၊ ခံရတတ်တာများပါတယ်။ မရိုးသားသူဟာ ကြိုတင်ကြံစည်အကွက်ချပြီး ခြေလှမ်းရှိရှိ၊ ရည်ရွယ်ချက်ရှိရှိ၊ အစီအစဉ်ရှိရှိလုပ်တာဖြစ်တော့ အမြဲတမ်းလိုလို သူတို့ပဲ တကွက်ကျောပြီး လက်ဦးမှုရ ရသွားတတ်ကြပါတယ်။ ခုလိုဆိုလိုက်တော့ နိုင်ငံရေးလုပ်ရင် မရိုးသားမှရမယ်လို့တော့ ကောက်ချက်ဆွဲလို့မဖြစ်ပါဘူး။ အခြေခံရိုးသားမှုနဲ့အတူ လိမ်မာပါးနပ်မှုကတော့ရှိရမှာပဲဖြစ်ပါတယ်။ နောက်တချက်က  တဘက်လူကို ဘယ်လိုပဲ သဘောထားထား၊ သူ့ဘက်က ကိုယ့်ကိုရန်သူလို့သတ်မှတ် ချေမှုန်းလာပြီဆိုရင်တော့ ကျနော်တို့ဘက်မှာလည်း သတိကြီးကြီးနဲ့ ကြိုတင်အစီအမံတွေ ရှိထားရမယ်လို့မြင်ပါတယ်။ 

            ကျနော်တို့မြို့ကလေးရဲ့ လူငယ်တာဝန်ခံ ၃ ဟာ လူတွေကိုထိထိမိမိသုံးပြီး ကျနော်တို့ကို ကျကျနနချေမှုန်းနိုင်ခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ အဓိကတာဝန်ရှိသူဟာ ကျနော်ပဲဖြစ်ပါတယ်။ သူ့ကို တာဝန်ခံ ၃ ဖြစ်ရေးအတွက် အမည်စာရင်းတင်သွင်းတာက ကျနော်ပါ။ ကျနော် တင်သွင်းလိုက်တဲ့အတွက်ကြောင့်လည်း လူငယ်တွေက သူ့ကို ရွေးချယ်ကြတာဖြစ်ပါတယ်။ နောက်တချက်က သူ့ကိုသတင်းပေးမှန်း သံသယရှိရက်နဲ့ ဘာလို့အမည်စာရင်းတင်သွင်းရသလဲ ဆိုတာကိုလည်း ပြောပြချင်ပါတယ်။ ပါတီတခုလုံး၊ အခြေအနေတခုလုံးနဲ့ဆိုင်တာတွေပြောပြပြီးဖြစ်လို့ ကျနော်တို့ မြို့ကလေးနဲ့ပဲ ဆိုင်တဲ့အခင်းအကျင်းကို နည်းနည်းပြောပြချင်ပါတယ်။ 

၈၈ ကာလတုန်းက မြို့ကလေးမှာနေတဲ့ လူတန်းစားအလွှာအသီးသီးပါခဲ့ကြတာမှန်ပေမယ့် ၈၈ အပြီး မြေပေါ်မှာရပ်ခံပြီး ပါတီပုံစံနဲ့နိုင်ငံရေးလုပ်ကြမယ်ဆိုတော့ လုပ်လို့ရသူနဲ့မရသူ၊ လုပ်ချင်သူနဲ့မလုပ်ချင်သူဆိုပြီး ကွဲထွက်သွားပါတယ်။ အသစ်ထုတ်ပြန်လိုက်တဲ့ နိုင်ငံရေးပါတီများနဲ့ဆိုင်တဲ့ဥပဒေအရ ပညာတတ်ဝန်ထမ်းတွေ ပါတီထဲမှာပါမလာနိုင်ကြတော့ပါဘူး။ တချို့ဝန်ထမ်းမဟုတ်တဲ့ ပညာတတ်တွေကျတော့လည်း အကြောင်းကြောင်းတွေ ကိုယ်စီရှိနေတာ၊ တချို့လည်းမိသားစုဘဝတွေ အရမလုပ်နိုင်ကြတော့လို့ ပါတီမှာ ပညာတတ်တွေအပါနည်းနေခဲ့ပါတယ်။ အဆိုးဆုံးကတော့ နိုင်ငံရေးလုပ်ရင်အဖမ်းခံရမယ်ဆိုပြီး အကြောက်တရားရဲ့ အဖိအစီးကိုမလွန်ဆန်နိုင်ကြတာ ဖြစ်မယ်လို့ထင်ပါတယ်။ ဆိုတော့ မရှိ ရှိတဲ့သူနဲ့၊ မဖြစ် ဖြစ်အောင်လုပ် ရတော့မယ့်ကိန်း ဆိုက်တော့တာပါပဲ။ ဒီမှာတင် ပညာတတ်ခြင်း၊ မတတ်ခြင်းထက် လုပ်ဝံ့တဲ့သတ္တိနဲ့ လုပ်ချင်စိတ်ရှိသူတွေကိုပဲ လုပ်ပိုင်ခွင့်ရှိတဲ့နေရာတွေမှာ ရွေးချယ်နေရာပေးလာကြရတာ ဖြစ်လာပါတယ်။

ဒီနေရာမှာပြောချင်တာကတော့ ပညာတတ်တိုင်းနိုင်ငံရေးသမားမဖြစ်သလို နိုင်ငံရေးသမားတိုင်းလည်း ပညာတတ်ဖြစ်ချင်မှဖြစ်မယ် ဆိုတာပါပဲ။ ခေတ်စနစ်ကိုပြောင်းဖို့ အနာခံပြီးလုပ်ရမယ့်အချိန်မျိုးမှာ လုပ်မယ့်သူဟာ ပညာတတ်ခြင်း မတတ်ခြင်းထက် စွန့်ဝံ့ခြင်းမဝံ့ခြင်းက ပိုအခရာကျပါတယ်။ ခေတ်ပြောင်းပြီးချိန်၊ ပြန်လည်ထူထောင်ရေးလုပ်ချိန်မျိုးတွေမှာတော့ ပညာတတ်တွေရဲ့အခန်းကဏ္ဍဟာ ကြီးကြီးမားမားရှိရပါတယ်။ နားလည်အလွယ်ဆုံးစကားနဲ့ပြောရရင်တော့ တော်လှန်ရေးကာလနဲ့ လွတ်မြောက်ပြီးချိန်လို့ ဆိုရမယ်ထင်ပါတယ်။ ပညာတတ်တွေကို တော်လှန်ရေးသမားဖြစ်အောင်လုပ်နိုင်မယ်ဆိုရင် ဒါမှမဟုတ် တော်လှန်ရေးသမားတွေအားလုံးဟာ ပညာတတ်တွေချည်းပဲဖြစ်မယ်ဆိုရင်တော့ လွတ်မြောက်အပြီးမှာ ပေါ်ပေါ်လာလေ့ရှိတဲ့ တော်လှန်ရေးသမားနဲ့ပညာတတ်အကြားကပြဿနာ ဆိုတာလည်းရှိနိုင်မယ်မဟုတ်ပါဘူး။ ခေတ်စနစ်ပြောင်းဖို့ စွန့်ဝံ့တဲ့သတ္တိ ရှိသူတွေဟာ ပညာလည်းတတ်၊ အမြော်အမြင်လည်းရှိ၊ ကိုယ်ကျိုးလည်းမဖက်၊ ထောင်တန်းလည်း မကြောက်၊ နိုင်ငံရေးလည်းနားလည်၊ အခြေခံရိုးသားစိတ်နဲ့ကောင်းတဲ့စေတနာလည်းရှိ စတဲ့ ဘက်ပေါင်းစုံအရည်အသွေးပြည့်တဲ့ နိုင်ငံရေး သမားမျိုးတွေချည်းဖြစ်မယ်ဆိုရင်တော့ အတိုင်းထက်အလွန် တံခွန်နဲ့ကုက္ကားလို့ပြောရမှာပါ။

ဒါပေမယ့် ကျနော်တို့မြို့ကလေးဟာ အဲဒီအချိန်က အဲသလိုဖြစ်ခဲ့တာမဟုတ်ပါဘူး။ အဲသလိုမဖြစ်ခဲ့တဲ့အတွက်ကြောင့်လည်း ကျနော် သူ့ကို အမည်စာရင်းတင်သွင်းပြီး လူငယ်တွေကရွေးချယ်ပေးခဲ့လို့ သူဟာ လူငယ်တာဝန်ခံ ၃ ဖြစ်လာရတာပါ။ ကျနော်တို့ လှုပ်ရှားမှုတွေကို သတင်းပေးပြီး ကျနော့်ကိုထောင်ထဲဆွဲသွင်းဖို့ ကြံရာပါအနေနဲ့လုပ်ခဲ့တဲ့အတွက် သူ ဆုလာဒ်တချို့ရခဲ့တာ မှန်ပေမယ့် သူ့ခမျာလည်း တဘဝစာလုံးလုံး လူတောမတိုးဝံ့၊ မတိုးရဲ့တဲ့အနေအထားမျိုး ဖြစ်သွားခဲ့ရတယ်ဆိုတာကိုတော့ ကျနော် ထောင်က ပထမအကြိမ်ပြန်အလွတ်မှာ သိလိုက်ရပါတော့တယ်။
နောက်တပတ်ဆက်ပါဦးမယ်။
ကျနော် မျိုးမြင့်ပါခင်ဗျား။
မျိုးမြင့်။

0 comments:

Post a Comment