Wednesday, February 8, 2012

စစ်မြေပြင်မှပုံရိပ်များ(အပိုင်း ၄၉) မျိုးမြင့်ချို

0 comments

စစ်မြေပြင်မှပုံရိပ်များ(အပိုင်း ၄၉) မျိုးမြင့်ချို ဖေဖေါ်ဝါရီ ၈ ရက် ၂၀၁၂ နေ့က အာရ်အက်ဖ်အေက ထုတ်လွှင့်ပြီးဖြစ်ပါတယ်။
ကျနော်တို့မြို့ကလေးမှာ အင်န်အလ်ဒီရုံးခန်းလေးလည်းရှိလာပြီ၊ လူကြီး/လူငယ်အလုပ် အဖွဲ့တွေရဲ့ ပေါင်းစည်းလုပ်ကိုင်နိုင်မှုကလည်း အားကောင်းပြီး အရှိန်မြင့်လာပြီ၊ လူထုရဲ့ ပါဝင်လိုက်ပါမှုကလည်း တိုးတိုးလာနေပြီဆိုတော့ ကျနော်တို့ရုံးခန်းဖွင့်ပွဲလေးလုပ်ကြဖို့ အချိန်တန်လာပြီလို့ အားလုံးကယူဆလာပါတယ်။ အဲဒီအချိန်မှာ ရန်ကုန်တိုင်းအတွင်းက တခြားမြို့နယ်တွေမှာ ဦးတင်ဦးနဲ့ဒေါ်အောင်ဆန်းစုကြည်ကိုဖိတ်ပြီး ရုံးခန်းဖွင့်ပွဲတွေ လုပ်ကြ။ လူထုနဲ့တိုက်ရိုက်တွေ့ဆုံမေးမြန်းတာတွေ ကျင်းပပေးကြနဲ့ဆိုတော့ လူတွေလည်းအားတက်သရောနဲ့ ပျော်ရွှင်တက်ကြွနေကြချိန်ပါပဲ။ 

            ဒါနဲ့ကျနော်တို့လည်း လူကြီးတွေဖိတ်ပြီး ရုံးခန်းဖွင့်ပွဲနဲ့ဟောပြောပွဲလုပ်ဖို့ တိုင်ပင်ရပါတော့တယ်။ လူကြီးအလုပ်အဖွဲ့ကတော့ လိုအပ်တာသူတို့ပံ့ပိုးပေးမယ်၊ လူငယ်တွေဦးစီးပြီးလုပ်ကြပါဆိုပြီး သဘောထားပေးလာတာဟာလည်း ကျနော်တို့အတွက် အတော့ကိုအဆင်ပြေပါတယ်။ ဒါပေမယ့် ခက်နေတာက ကျနော်တို့လူငယ်အလုပ်အဖွဲ့ဝင်တွေထဲမှာ အချိန်ပြည့်လုပ်နိုင်တဲ့လူက သိတ်မရှိလှပါဘူး။  ဒါနဲ့ ကျနော်တို့လည်း အချိန်ပေးလုပ်နိုင်မယ့်သူတွေကိုထပ်ရှာပြီး အလုပ်အဖွဲ့ကိုအင်အားဖြည့်တင်းရပါတော့ တယ်။ အဲဒီမှာတင် နဝတရဲ့ ပဉ္စမံတပ်သားတွေ၊ သတင်းပေးတွေအဖို့ ကျနော်တို့ထဲဝင်မွှေဖို့ရာ လမ်းပွင့်သွားတော့တာပါပဲ။ အဲဒီအချိန်က အင်န်အယ်လ်ဒီရဲ့အနေအထားကလည်း ပါတီဝင်လျှောက်လာသူတွေကို အသေအချာမစိစစ်နိုင်သလိုဖြစ်နေပါတယ် အာဏာရှင်စနစ်အောက်မှာဆိုရင်  မြေပေါ်ရပ်တည်နေကြတဲ့အဖွဲ့အစည်းတွေမပြောနဲ့ တောတွင်းလက်နက်ကိုင်အင်အားစု တွေမှာတောင် ဒလျှိုဒလန်တွေထည့်ပြီး သတ်လျှိုဖြိုခွဲတာတွေက လက်တွေ့မှာရှိခဲ့တာ ဘယ်သူမှငြင်းလို့မရပါဘူး။

            အာဏာရှင်ဆိုတာမျိုးကလည်း သူ့အာဏာခိုင်မြဲရေး သူ့အကျိုးစီးပွားတည်တံ့ရေးအတွက် အဓိကလက်ကိုင်ပြုရတာတွေ ထဲမှာ ထောက်လှမ်းရေးယန္တရားကြီးလည်း ပါပါတယ်။ ထောက်လှမ်းရေးယန္တရားကြီးလည်ပတ်နိုင်ဖို့အတွက် လူထုကြားမှာရော သူကိုင်ထားတဲ့တပ်တွေကြားထဲမှာရော သတင်းပေးတွေ၊ ပဉ္စမံတပ်သားတွေကို မွေးမြူမြှုတ်နှံရပါတယ်။ ဆိုတော့ နေရာတကာမှာ ထောက်လှမ်းရေးနဲ့သတင်းပေးတွေက တွင်ကျယ်လာတော့တာပါပဲ။ လူထုကြားထဲမှာဆိုရင် ညီအစ်ကိုမောင်နှမ မိတ်ဆွေသူငယ်ချင်းတွေတောင် သံသယစိတ်တွေ၊ အကြောက်တရားတွေကြီးစိုးပြီး တယောက်နဲ့တယောက် မယုံဝံ့မယုံရဲအောင် ဖြစ်လာရပါတယ်။ အဲသလိုပဲ တပ်ထဲမှာလည်း တပ်အချင်းချင်းကြား၊ တပ်မှူးတွေကြားမှာ ဘယ်အချိန်များ နောက်ကျောဓါးထိုး ခံရတော့မလဲဆိုပြီး တထိတ်ထိတ်နေ နေကြရတာဖြစ်ပါတယ်။ အာဏာရှင်စနစ်အောက်မှာ သေနတ်ကိုတိုက်ရိုက်အမိန့်ပေးနိုင်သူနဲ့ ထောက်လှမ်းရေးယန္တရားကို ကိုင်ထားနိုင်သူဆိုတာဟာ Key Players လို့ခ်ါကြတဲ့  ပါဝါအကြီးဆုံးနဲ့ အဓိကလှုပ်ရှားဆောင်ရွက်နိုင် သူတွေ ဖြစ်လာရတာပါပဲ။ Key Players တွေဖြစ်တဲ့အလျှောက် မူဝါဒရေးဆွဲတာနဲ့ ဆုံးဖြတ်ချက်ချမှတ်တာတွေကို သူတို့ပဲ လုပ်နိုင်စွမ်းနဲ့လုပ်ပိုင်ခွင့်ရှိပါတယ်။ သူတို့ကြားထဲမှာလည်း အပေးအယူအလျှော့အတင်းတွေနဲ့ အာဏာချိန်ခွင်လျှာကို ညှိယူထားရပါတယ်။ အဲသလိုမဟုတ်တော့ပဲ တယောက်ထဲက ၂ ခုစလုံးကို ကိုင်ထားနိုင်ပြီဆိုရင်တော့ သူဟာ အရာရာကို ချုပ်ကိုင်နိုင်ပြီး စိန်ခေါ်ဝံ့သူမရှိတဲ့ အကြွင်းမဲ့အာဏာရှင်ကြီးအဖြစ်ကို ရောက်ရတော့တာပါပဲ။

            နဝတ အမည်နဲ့ တပ်ကအာဏာသိမ်းချိန်မှာ ဗိုလ်ခင်ညွန့်ဟာ စစ်ထောက်လှမ်းရေးအကြီးအကဲဖြစ်ပါတယ်။ အာဏာသိမ်းအုပ်စုထဲမှာ သူ့ထက် စစ်သက်နဲ့ရာထူးကြီးသူတွေအားလုံးကိုကျော်ပြီး အခရာကျတဲ့ အတွင်းရေးမှူးနေရာကို ကိုင်ထားတာဖြစ်ပါတယ်။ ဒီမိုကရေစီအင်အားစုတွေကို နည်းလမ်းစုံသုံးပြီးဖြိုခွဲရေး၊ စစ်အာဏာကိုမထိပါးရေးအတွက် ထောက်လှမ်းရေးနဲ့သတင်းပေးယန္တရားကြီးကို ကြိုးကိုင်စေစားခဲ့ရာမှာ အလွန်ပါးနပ်ပြီး သူ့ယန္တရားအတွက်သတင်းပေးတွေကို လူထု လူတန်းစားကြားတွေထဲမှာမွေး၊ အခွင့်အရေးနဲ့မက်လုံးတွေပေးမြှူဆွယ်ပြီး စနစ်တကျသိမ်းသွင်းထားပါတယ်။ အဲသလိုအနေအထား အောက်မှာ ကိုယ်ကျိုးသာကြည့်တတ်မယ့်လူတယောက်ဟာ ဒီကနေ့မိတ်ဆွေဖြစ်နေပေမယ့် နောက်တနေ့မှာ ကိုယ့်ကိုထောင်ထဲဆွဲသွင်းဖို့ ပူးပေါင်းကြံစည်သူလည်း ဖြစ်သွားတတ်ပါတယ်။ ကျနော်တို့ အင်န်အယ်လ်ဒီဟာ မြေပေါ်ပါတီ၊ ဒီမိုကရေစီရေးကိုလူထုနဲ့လှုပ်ရှားပေါင်းစပ်ရမယ့်ပါတီဆိုတော့ လူထုအတွက်တံခါးဖွင့်ပေးထားရမှာပဲမဟုတ်ပါလား။ လူထုအတွက်ဖွင့်ထားတဲ့တံခါးကနေပဲ လူထုဆန့်ကျင်ရေးသမားတွေလည်း ဝင်လာကြမှာပါပဲ။

            သတင်းပေးတွေ၊ ပဉ္စမံတပ်သားတွေ အလွယ်တကူထိုးဖေါက်ဖို့ဖြစ်လာစေတဲ့ နောက်တချက်ကတော့ အင်န်အယ်လ်ဒီရဲ့ အဲဒီတုန်းကအနေအထားနဲ့ သက်ဆိုင်နေပြန်ပါတယ်။ အင်န်အယ်လ်ဒီဟာ ဝံသာနုခေတ်တုန်းက ဂျီစီဘီအေလို၊ လွတ်လပ်ရေး အကြိုကာလများဆီက တို့ဗမာအစည်းအရုံးကြီးလို၊ ဖက်ဆစ်တော်လှန်ရေးနဲ့ လွတ်လပ်ရေးအနီးကပ်ကာလများဆီက ဖဆပလအဖွဲ့ချုပ်ကြီးလို လူထုတပ်ဦးက အလံကိုင်အဖွဲ့အစည်းကြီးတခုအဖြစ် တည်ရှိနေခဲ့ပါတယ်။ အတန်းအစားပေါင်းစုံ၊ အလွှာပေါင်းစုံရဲ့ထောက်ခံမှုဟာလည်း တရှိန်ထိုးတက်နေချိန်ဖြစ်ပါတယ်။ အဲဒါတွေကြောင့်လည်း ပါတီဝင်တချို့က ပါတီကြီးဆိုပြီး စိတ်ကြီးဝင်ကြတာတွေလည်း ရှိခဲ့ပါတယ်။ အဲသလို  စိတ်ကြီးဝင်တာကြောင့်လည်း ထောက်လှမ်းရေးက ထိုးဖေါက်ဝင်ရောက်လို့ကောင်းတဲ့အားနည်းချက်တခု ပြန်ဖြစ်သွားပါတယ်။  ပါတီရဲ့ အရှိန်အဝါကြောင့်လည်း တခါတလေမှာ အခြားအင်အားစုတွေနဲ့ဆက်ဆံရေးမှာ အဖုအထစ်ဖြစ်ခဲ့တာတွေလည်း ရှိခဲ့ပါတယ်။ ပါတီဝင်တွေရဲ့ နိုင်ငံရေးရေချိန်အနိမ့်အမြင့်လိုက်ပြီး မဟာမိတ်ဆက်ဆံရေးတွေမှာလည်း အဆိုးအကောင်းတွေကြုံရပါတယ်။ ဒါကို ပါတီခေါင်းဆောင်တွေအနေနဲ့ သိမြင်နားလည်တာမှန်ပေမယ့် ၈၈ အပြီး ပြန့်ကျဲသွားတဲ့အားတွေကိုစုစည်းပြီး လူထုတိုက်ပွဲအရှိန်ကို မြှင့်နေရတာဆိုတော့ ပါတီတည်ဆောက်ရေးအပိုင်းမှာအားနည်းခဲ့ရတာလည်းအမှန်ပါပဲ။ ဒါတွေကြောင့်လည်း သတင်းပေးနဲ့ဒလျှိုဒလန်တွေဟာ ပါတီရဲ့အဆင့်နေရာတချို့မှာ တစတစ စိမ့်ဝင်နေရာယူလာကြခဲ့ပါတော့တယ်။

            လူငယ်တွေထဲမှာ ပညာတတ်တွေပါဖို့လိုအပ်သလို၊ ပညာမတတ်ပေမယ့် စိတ်ဓါတ်နဲ့ခွန်အားရှိပြီး အချိန်ပေးလုပ်နိုင်မယ့်သူတွေလည်း မရှိမဖြစ်လိုနေပါတယ်။ အဲဒီအပေါ်အခြေခံပြီး လူသစ်တွေနဲ့ဖွဲ့စည်းလိုက်တဲ့အခါမတော့ ထောက်လှမ်းရေးသတင်းပေးဖြစ်သူဟာ  ကျနော်တို့မြို့ကလေးက လူငယ်အလုပ်အဖွဲ့ရဲ့တာဝန်ခံ အမှတ် ၃ ဖြစ်လာပါတော့တယ်။
နောက်တပတ်ဆက်ပါဦးမယ်။
ကျနော်မျိုးမြင့်ပါခင်ဗျား။
မျိုးမြင့်။

0 comments:

Post a Comment