Friday, February 17, 2012

ဒို့ဗမာ(ဘိုဘိုလန်းစင်) ဆောင်းပါး(၃)

0 comments

(ဒို့ဗမာ ၃)(မူရင်းသတ်ပုံနှင့်ဝါကျအတိုင်း)သောတရှင်များခင်ဗျား
ပဒေသရာဇ်ခေတ်တွေမှာ လူလုံးလူရင်းက စစ်တိုက် လယ်စိုက်ဖို့ကိစ္စမှာအရေးကြီးတဲ့အတွက် နယ်ချဲ့ပီး အင်အားနည်းတဲ့ဒေသတွေဆီက လူသူစုဆောင်းရတဲ့အကြောင်း အရင်ပတ်က တင်ဆက်ခဲ့ပါတယ်။ ဒီတပတ်မှာတော့ အဲဒိလူအင်အားကို ကျွန်ဈေးကွက်အဖြစ် အသုံးချစီးပွားရှာတဲ့အကြောင်း ဆက်ပြောပါ့မယ်။
ကမ်းရိုးတန်းပဒေသရာဇ်တွေဟာ အာရပ်၊ အိန္ဒိယ နဲ့ ပေါ်တူဂီ၊ ဒတ်ခ်ျစတဲ့ ခေတ်မီကုန်သွယ်ရေးလမ်းကြောင်းနဲ့ထိတွေ့ရလို့ အမြင်ကျယ်ကြပါတယ်။ ရခိုင်မင်းတွေဆိုရင် အင်အားကြီးပီး ဥရောပနဲ့အထိအစပ်များတဲ့အတွက် ဘင်္ဂလားသားတွေကို ကျွန်အဖြစ်ဖမ်းပီး အခု အင်ဒိုနီးရှားဂျာဗားကျွန်းက ဒတ်ခ်ျပိုင် သကြားစိုက်ခင်းတွေကို ရောင်းတဲ့စီးပွားရေး အကြီးအကျယ်ထွန်းကားခဲ့ပါတယ်။ ပဲခူးဟံသာဝတီကိုလည်း ကျွန်ရောင်းချရုံမက ပဲခူး၊ အယုဒ္ဓယစတဲ့ နိုင်ငံချင်းချင်းစစ်ဖြစ်တဲ့အခါ တနိုင်ငံကလူကို တနိုင်ငံကဖမ်းရောင်းတဲ့ကိစ္စတွေဟာ ဒီခေတ်တွေမှာ မဆန်းလှပါဘူး။ ကျွန်တွေကို လယ်စိုက်ဖို့ ဘုရားတန်ဆောင်းတွေစောင့်ရှောက်ဖို့လည်း အသုံးချပါတယ်။ နောက်ဆုံး ရခိုင်ဘုရင်အင်အားနည်းလာချိန်မှာတော့ ဒီကျွန်တွေက ပြည်သူတွေထက်ဦးရေများ အားကြီးနေတာမို့ ပုန်ကန်ကြပါတယ်။ ကျွန်ဘုရင်အဖြစ် နန်းစံတာကို ရှိခဲ့ပါတယ်။ ရခိုင်ပြည် ဘိုးတော်ဘုရားလက်ကျရတဲ့အကြောင်းထဲမှာ ကျွန်ဦးရေကို မထိန်းနိုင်တာလည်းပါတယ်လို့ မြန်မာသမိုင်းသုတေသနဂျာနယ်မှာ ဆိုပါတယ်။ ရောမအင်ပါယာပျက်ခါနီးအခြေအနေနဲ့မတိမ်းမယိမ်းလို့ ဆိုနိုင်ပါတယ်။ ဒီ ဘင်္ဂလားလေးသည်တော်တွေကဆင်းလာတဲ့ ကမန်လူမျိုးတွေလည်း အထင်အရှားရှိပါ တယ်။ ဗိုလ်ချုပ်အောင်ဆန်းတို့ နိုင်ငံတော်လုပ်ကြံမှုမှာ ခုံအဖွဲ့ဝင်တရားသူကြီးတဦးက ကမန်လူမျိုး ဦးစီဘူး ဖြစ်ပီး ရခိုင်၊ ဗမာ တရားသူကြီးများနဲ့ ပူးတွဲစစ်ဆေးခဲ့ပါတယ်။ အလားတူပဲ ကိုလိုနီခေတ်မှာ လယ်စိုက်ဖို့ခေါ် လာတဲ့ ဘင်္ဂလားအဆက်အနွယ်တွေရဲ့ နေထိုင်ခွင့်ပြဿနာကိုလည်း အခု အငြင်းပွားနေကြပါတယ်။
လူမျိုးရွှေ့ပြောင်းမှုမှာ နောက်တချက်ဖြစ်တဲ့ နိုင်ငံရေးဖိနှိပ်မှုကိုကြည့်မယ်ဆိုရင် အလောင်းဘုရားလက်ထက် ဟံသာဝတီသိမ်းပိုက်မှုမှာ မွန်လူမျိုးတွေကိုရက်ရက်စက်စက်နှိမ်နင်းခဲ့လို့ အစုအပြုံလိုက် ယိုးဒယားကိုထွက်ပြေးတာတွေလည်းရှိခဲ့ပါတယ်။ ကိုလိုနီခေတ် ၁၉၃၀ ကျော်မှာ မွန်စာသင်ကျောင်းတွေပြန်ဖွင့်တာလို အမျိုးသားလှုပ်ရှားမှုတွေစချိန်မှာကောက်တဲ့သန်းခေါင်စာရင်း မှာတော့ မွန်လူမျိုးလို့စာရင်းပေးသူဦးရေတိုးလာတယ်လို့ မြန်မာ့စွယ်စုံကျမ်းက ဆိုပါတယ်။ ဒီတော့ လူမျိုးအဖြစ်သတ်မှတ်ခံယူမှုဟာ အခြေအနေ၊ အချိန်အခါ၊ လှုံ့ဆော်မှုတွေပေါ်အများကြီးတည်ပါတယ်။ ၁၉၃၀ မှာ မြန်မာထဲက တဦးတည်းသော ခေတ္တဘုရင်ခံရာထူးထိပေါက်ရောက်ခဲ့တဲ့ ဆာဂျေအေမောင်ကြီးဟာ တကယ်တော့ မွန်အနွယ် ကတိုးစားကြီး အဆက်ဖြစ်ပါတယ်။ စစ်ပီးခေတ် မွန်ပြည်နယ်လှုပ်ရှားမှုစတင်ရာမှာ ၈၀ ကျော် ဆာဂျေအေပါဝင်တာကို တွေ့ရပါတယ်။
အင်္ဂလိပ်သိမ်းပီးလို့ နယ်နိမိတ်မျဉ်းတွေစတင်သတ်မှတ်တဲ့အခါ တချို့မြန်မာဘုရင်ဆီ ပဏ္ဏာဆက်နေကျ ကျိုင်းရုံးကြီး (ချင်းရိုင်)လို မဲခေါင်ရှေ့ခြမ်းကနယ်တွေ ပြင်သစ်ထဲရောက်ကုန်ပါတယ်။ ပထမ အင်္ဂလိပ်-မြန်မာစစ်ကိုဖြစ်စေတဲ့ ရှင်မဖြူကျွန်းဆိုရင် အခုအခါ ဘင်္ဂလားဒေ့ရှ်အောက်မှာ ရောက်နေတာကို တွေ့ရပါမယ်။ ဘေးနားဝန်းကျင်ကြည့်တော့လဲ ယိုးဒယားနိုင်ငံဟာလွတ်လပ်ရေးမဆုံးစေကာမူ ပိုင်နက် ပုံ ပုံဟာ ပြင်သစ်နဲ့အင်္ဂလိပ်ကိုလိုနီတွေဖြစ်ကုန်ပါတယ်။ ဒီနေရာတွေက ခုခေတ် လာအို၊ ကမ္ဗောဒီးယား၊ မလေးရှားခေါ်တဲ့နိုင်ငံတွေမှာပါကုန်တဲ့နယ်တွေပါ။ လာအိုဆိုတာက ထိုင်းလက်အောက်ခံပဒေသရာဇ်နိုင်ငံ ခုကို စစ်အေးလိုအပ်ချက်အရ တရုတ်ကွန်မြူနစ်ရန်ကိုတားဆီးဖို့ စုစည်းတည်ထောင်ပေးခဲ့တာလို့ ယူဆသူတွေရှိကြပါတယ်။ ပြဿနာရှိလာတာက ထိုင်းအရှေ့မြောက်က လောအနွယ်တွေရဲ့ အမျိုးသားရေးသစ္စာခံမှုဟာ ထိုင်းအစိုးရအတွက် ကြောင့်ကြစရာဖြစ်လာတဲ့အပြင် သူပုန်ထမှုတွေပါ ပေါ်လာတာပါပဲ။ ဘန်ကောက်အုပ်ချုပ်မှုအပြင်က ဇင်းမယ်ဒေသ၊ အရှေ့မြောက်ပိုင်းလောနယ်တွေနဲ့ တောင်ပိုင်းမလေးနယ်တွေကို အမျိုးသားနိုင်ငံအဖြစ်စုစည်းခဲ့ရတဲ့ထိုင်းအစိုးရမှာလည်း မလေးသူပုန်ကိစ္စက ဘယ်လောက်ထိကြီးမားတယ်ဆိုတာ အားလုံးသိကြပါတယ်။ အဓိကက တန်းတူညီမျှမှုဆိုတာ စာရွက်ပေါ်နဲ့အခမ်းအနားမှာ အသုံးကျဖို့ထက် တကယ့်လက်တွေ့မှာ အာဏာတည်ဖို့အရေးမှာနှောင့်နှေးစေတဲ့ လူမျိုးစွဲ၊ ဘာသာစွဲတွေကြောင့်ဖြစ်ပါတယ်။
ဗီယက်နမ်ဆိုရင် တုံကင်၊ အာနမ်၊ ကိုချင်ချိုင်းနားဆိုတဲ့ ပဒေသရာဇ်နိုင်ငံ ခု ပြင်သစ်အောက်မှာ ကျနေတာကို ဟိုချီမင်းနဲ့ကွန်မြူနစ်များကစုစည်းမိမှ ပေါ်လာတာပါ။ ဒါတောင် တောင်မြောက် ဗီယက်နမ်ဆိုပီး စစ်အေးအရှိန်ကြောင့် နိုင်ငံကြီးတွေရဲ့ကစားကွက်မှာ တိုင်းပြည်နှစ်ခြမ်းကွဲပီး စစ်မီး အနှစ် ၂၀ ကျော် တောက်လောင်ခဲ့ပါတယ်။ မလေးရှားနိုင်ငံလို့ ၁၉၆၃ မှာပေါ်ခါစကလည်း မလေးအနွယ်တူ ဆိုကာနိုခေတ်မှာ လက်ဝဲယိမ်းတဲ့အင်ဒိုနီးရှားက ဗြိတိသျှဓနသဟာယဝင်မလေးရှားဟာ နယ်ချဲ့သြဇာခံနိုင်ငံဆိုပီး ကန့်ကွက်ခဲ့တာမျိုးရှိပါတယ်။ အင်ဒိုနီးရှားကတော့ ဘယ်တုံးကမှ နိုင်ငံအနေနဲ့မစုစည်းမိတဲ့ ဒတ်ခ်ျကိုလိုနီ အရှေ့အိန္ဒိယ ကျွန်းစုကမလေးနွယ်ဘွားတွေ ၁၉၃၀ ကျော်မှာ အမျိုးသားရေးဝါဒသစ်ဖော်ထုတ်ပီးမှ စုစည်းမိတဲ့နိုင်ငံပါ။ အင်ဒိုနီးရှားနိုင်ငံတည်ခါစနှစ်တွေမှာ လူမျိုးရေး၊ ဘာသာရေးပုန်ကန်မှုတွေ လူများစုဂျားဗားကျွန်းသားတွေကြီးစိုးတာကို ဆန့်ကျင်မှုတွေများခဲ့ပါတယ်။ အင်ဒိုနီးရှားရုံးသုံးဘာသာကိုတောင် ခက်ခဲတဲ့ဂျားဗားစာမထားပဲ မလေးဘာသာကို ဘာဆာအင်ဒိုနီးရှားအဖြစ် အသုံးပြုနေတာတွေ့နိုင်ပါတယ်။ နောက်တပတ်ဆက်ပါ့မယ်။
(ရေးတာက) ဘိုဘိုလန်းစင်
(လွှင့်တာက) လွတ်လပ်သောအာရှအသံက
(ယူတာက) http://bobolansin.wordpress.com/2011/11/18/my-burma-1/

0 comments:

Post a Comment