သရုပ်ဖော် ကာတွန်းဝိသကြုံ |
ဆံပင်ညှပ်ခြင်းကိစ္စသည် မြန်မာ့သမိုင်းမှာ အလွန်ကြီးကျယ်သော အပြောင်းအလဲကြီးတစ်ခုအတွက် အစပျိုးပေးခဲ့သည်ဟု ဆိုကောင်း ဆိုနိုင်လိမ့်မည်ထင်၏။
ဘုရင့်နောင်၏ ဒုတိယမြန်မာနိုင်ငံကြီးပြိုကွဲပြီးနောက် တိုင်းပြည်မှာ အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားသည်။ သူတလူငါတမင်း ကိုယ့်ဒေသ ကိုယ်အုပ်ချုပ်ရင်း အင်အားစုဆောင်းနေကြသည်။ အင်းဝဘုရင်မှာ နာမည်ခံလောက်သာရှိ၏။ သြဇာအာဏာ မရှိ။
ထိုအချိန်တွင် အောက်မြန်မာပြည်ရှိ ဟံသာဝတီနိုင်ငံသည် တဖြည်းဖြည်း အင်အားတောင့်တင်းလာသည်။ အထက်ဘက်ကို နယ်ပယ်ချဲ့ထွင်လာခဲ့ရာ နောက်ဆုံးမင်း အင်းဝနေပြည်တော်ကိုပါ သိမ်းပိုက်နိုင်ခဲ့သည်။ ထိုမျှမကသေး အင်းဝနန်းတွင်းမှာ ဟံသာဝတီဓလေ့ထုံးစံများကို ကျင့်သုံးစေသည်။ ၀တ်စားဆင်ယင်မှုသာမက ဆံပင်ကိုပါဟံသာဝတီပုံစံ ဖြတ်စေသည်။ ဒါကို ဟံသာဝတီဇာတ်သွင်းသည်ဟု ခေါ် ဆိုကြသည်။
ထိုကာလက အထက်အညာဒေသရှိ မြန်မာတို့အတွက် ဆံပင်ဆိုသည်မှာ အထွတ်အမြတ်ထားသောအရာဖြစ်၏။ ဆံပင်ကို ဖြတ်ဖို့မဆိုထားနဲ့ သူတစ်ပါးကလာပြီးထိတာ၊ ကိုင်တာ၊ ဆွဲတာကိုပင် စော်ကားသည်ဟုယူဆကြသည်။ မြန်မာဘုရင်တွေဆိုလျှင် သူ့တို့ဆံပင်ကို မိဖုရားခေါင်ကြီးကလွှဲပြီး ဘယ်သူ့ကိုမျှထိခွင့်ကိုင်ခွင့်မပေးတာမျိုးတောင် ရှိသည်။
ဒီလို အစွဲရှိသောအချိန်မျိုးမှာ ဆံပင်အဖြတ်ခံရခြင်းသည် အလွန်ခံပြင်းစရာပင်ဖြစ်၏။ ဒီထဲမှာ မကျေနိုင် မချမ်းနိုင်အဖြစ်ဆုံးလူကတော့ ရွှေဘိုနယ်ဘက်မှာ အင်အားစုဆောင်းနေသူ ဦးအောင်ဇေယျ (နောင်အလောင်းဘုရား) ပင်ဖြစ်လေသည်။ ဆံပင်အဖြတ်ခံရသောကိစ္စသည် အင်းဝကို မရရအောင် တိုက်ခိုက်သိမ်းပိုက်မှဖြစ်မည်ဆိုသော သူ၏သန္နိဋ္ဌာန်ကိုပို၍ ခိုင်မာစေတော့သည်။ ဒါတွင်မက မြန်မာတစ်နိုင်ငံလုံးကိုသိမ်းပိုက်ပြီးသောအခါ ဟံသာဝတီနိုင်ငံတော်ကို ရာသက်ပန် အပြီးတိုင်ဖျက်သိမ်းပစ်လိုက်လေတော့သည်။
အလောင်းမင်းတရားကြီးသည် ဆံပင်ပြဿနာကြောင့် တတိယမြန်မာနိုင်ငံတော်ကြီးကို တည်ထောင်တော်မူသည်ဟု ဆိုလိုခြင်းမဟုတ်ပါ။ သို့တိုင်အောင် ထိုကိစ္စသည် သူ့ရင်ထဲမှာ စူးတစ်ချောင်းစိုက်ဝင်နေသလို မြက်ခနဲ မြက်ခနဲနာကျင်ခံစားနေခဲ့မှာတော့ သေချာသည်။
x x x
အနောက်နိုင်ငံသားတွေကတော့ ဆံပင်ကို သိပ်တန်ဖိုးမထားကြပုံမရ။ မြင့်မြတ်သည်ဟု ယူဆပုံလည်းမပေါ်။ တစ်ယောက်နဲ့တစ်ယောက် နှုတ်ဆက်တဲ့အခါ အားပေးနှစ်သိမ့်တဲ့အခါ ခေါင်းကိုပုတ်၊ ဆံပင်တွေကိုလက်ချောင်းနဲ့ထိုးဖွ လုပ်ချင်လုပ်တတ်သည်။ သူတို့အဖို့တော့ ဆံပင်ဆိုတာ ရှည်လေရှုပ်လေ၊ အနှောင့်အယှက်ဖြစ်လေဟု သဘောထားဟန်တူသည်။ ရှေးရောမ ခေါမခေတ်တုန်းကတည်းက (ဘာဘေရီးယန်း ခေါ် လူရိုင်းတွေကလွဲ၍) ဆံပင်ကို ခပ်တိုတိုထားတတ်ကြသည်။
ကျောက်ခတ်တုန်းက ဆံပင်တွေရှည်လာလျှင် ကျောက်တုံးပေါ်မှာ ဆံပင်တွေဖြန့်တင်ပြီး ကျောက်ပုဆိန်နဲ့ထုပြီး ဖြတ်မည်။ ကြေးခတ် သံခေတ်ကျတော့ ဓားနှင့်ဖြတ်မည်။ ကတ်ကြေးပေါ်လာတော့ ဖြတ်ရညှပ်ရတာပိုပြီး အဆင်ပြေလာမည်။ စက်ကတ်ကြေးကိုထွင်နိုင်လာတဲ့အခါမှာတော့ ခုခေတ်ပုံမျိုးဖြစ်လာမည်။ ပုံဆန်းတွေ ထပ်ထွင်လာနိုင်မည်။
မြန်မာနိုင်ငံမှာ ဆံပင်အတိုညှပ်တဲ့အလေ့အထက အင်္ဂလိပ်လက်အောက်ရောက်ပြီးမှ ထွန်းကားလာခြင်းဖြစ်၏။ အစပိုင်းမှာတော့ အင်္ဂလိပ်အစိုးရလက်အောက်မှာ အမှုထမ်းသူတွေသာ ညပ်ကြခြင်းဖြစ်ပုံရသည်။ အလုပ်သဘောမို့ မတတ်သာလို့ညှပ်ရသူတွေလည်းပါမည်။ အထက်လူကြီးဆီက မျက်နှာကောင်းရချင်လို့၊ သခင်ကိုဖားချင်လို့ ကိုယ်ကျိုးစီးပွားအတွက်အထောက်အကူပြုလို့ ညှပ်သူတွေလည်း ရှိနိုင်သည်။ ဘိုတွေညှပ်တဲ့ ပုံစံဖြစ်ကြောင့် “ဘိုကေ” ဟုခေါ်ကြသည်။
မျိုးချစ်စိတ်ဓာတ်ပြင်းထန်သောလူကြီးတွေက ရောင်ထုံးကိုမပယ်ဘဲ ဆက်ပြီးထားကြသည်။ လူငယ်တွေကတော့ ဘိုကေမှခေတ်မီတယ်ဟုယူဆပြီး ဆံပင်ညှပ်ခြင်းအလေ့အထ ထွန်းကားပြန့်ပွားလာခဲ့တာ အခုထိပဲ။
(အင်္ဂလိပ်ကိုတော်လှန်တိုက်ခိုက်ခဲ့ခြင်းမှာ ဆံပင်ညှပ်ခံရတာကိုအသည်းနာပြီး ခံပြင်းလှသောကြောင့်မဟုတ်။ လွတ်လပ်ရေးလိုချင်လို့သာဖြစ်၏။)
x x x
ကျွန်တော်တို့ငယ်ငယ်က နှစ်ပတ်တစ်ခါ ဆံပင်ညပ်ကြရသည်။ ခုခေတ်အမြင်နဲ့ဆိုလျှင်တော့ ရယ်စရာ ဖြစ်ကောင်း ဖြစ်မည်။ ဆယ့်လေးရက်အတွင်းမှာ ဆံပင်က ဘယ်လောက်ရှည်မှာမို့လို့လဲ။ သို့ရာတွင် ကြီးတော်ကြီးရဲ့ အစီအမံအတိုင်း လိုက်နာကြရသည်။ တစ်ပတ်ခြားတစ်ခါ တနင်္ဂနွေနေ့ဆိုလျှင် ဆံပင်ညှပ်ဆရာကြီးက အိမ်ကိုလာသည်။ ကျွန်တော်တို့ ညီအစ်ကိုတစ်တွေ တန်းစီပြီး တလှည့်စီညှပ်ရသည်။
တနင်္ဂနွေဆိုတာ ဆော့လို့အကောင်းဆုံးနေ့လေ။ အိပ်ရာနိုးတဲ့အချိန်ကစပြီး ညနေမှောင်ရီပျိုးတဲ့အထိ အသားကုန် ကစားကြတာ။ ထမင်းစားဖို့တောင် အိမ်ကလိုက်ရှာပြီး ခေါ်ယူရသည်။ (ကျူရှင်တွေ ဘာတွေလည်း သွားစရာမလို။ ကျွန်တော်တို့ငယ်ငယ်က ကျူရှင်ဆိုတာ စာညံ့တဲ့ကောင်တွေမှယူရတာမို့ ရှက်စရာကောင်းတယ်လို့ ထင်ကြတာ။)
ဆော့လို့ကောင်းတုန်း ဆံပင်ညှပ်ဖို့လာခေါ်တော့ အတော်စိတ်ညစ်ရသည်။ ဂျင်ပေါက်တာ၊ ဂေါ်လီရိုက်တာ၊ ပိုလိုကားထပ်တာမျိုးဆိုရင် ပိုဆိုးသည်။ ကစားဝိုင်းက နည်းနည်းမှမခွာချင်။ သေးပေါက်ချင်လျှင်တောင် အနီးအနားမှာပဲ ဆော်ထည့်လိုက်တာ၊ ဒါတောင် လှည့်ကြည့် လှည့်ကြည့်နဲ့။
ညှပ်ရတဲ့ပုံစံကတော့ နောက်နှင့်ဘေးနှစ်ဘက်က အပြောင်၊ အပေါ်ဘက်က ဆံပင်ကိုကျမှ ခေါင်းလိမ်းဆီလိမ်းပြီး ဘေးခွဲခွဲလို့ရအောင် နည်းနည်းရှည်ထားသည်။ နွေရာသီကျောင်းပိတ်ရက်ဆိုလျှင်တော့ ကတုံးဆံတောက်ပဲ။
တနင်္ဂနွေတစ်ရက်မှာတော့ ပဲခူးက အကိုဝမ်းကွဲတစ်ယောက် လာလည်သည်။ သူက ဂျင်ပေါက်တာ အရမ်းကျွမ်းသည်။ အထူးသဖြင့် “စို့ စပတ်”ခေါ် ဂျင်ကို မြေကြီးမကျခင်ကြိုးနှင့်ပြန်ဆွဲယူပြီး လက်ဝါးပေါ်မှာလည်အောင်လုပ်ပြတာ တော်တော်သဘောကျဖို့ကောင်းသည်။ သူက ကျွန်တော်တို့ကို စို့စပတ်လုပ်နည်းသင်ပေးနေတုန်း ဆံပင်ညှပ်ဖို့လာခေါ်သဖြင့် ဆတ်တငံ့ငံ့ဖြစ်ရသည်။
ဆံပင်ညှပ်ပြီးတော့ အစ်ကိုဝမ်းကွဲလုပ်သူက ပဲခူးပြန်သွားပြီ။
ကျွန်တော်တို့မှာ တော်တော်မခံချိမခံသာဖြစ်ကြရသည်။ စို့စပတ်သင်တန်း ပြီးဆုံးအောင်မတက်လိုက်ရခြင်းအတွက် ဆံပင်ညှပ်ဆရာကြီးကို တရားခံအဖြစ်သတ်မှတ်ပြီး …
“ဒီဦးလေးကြီး သေသွားရင်ကောင်းမယ်”ဟု ပြောမိသည်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ဆံပင်ညှပ်ဆရာကြီးသည် နောက်ထပ်ရောက်မလာတော့။ ဘာကြောင့်လဲဆိုတာတော့ မသိ။ သို့ရာတွင် ငါတို့ကျိန်ဆဲလိုက်လို့များ တကယ်သေသွားတာလားဟု ကလေးအတွေးနှင့် စိတ်မကောင်းဖြစ်ကြရသေးသည်။
x x x
နောက်ပိုင်းကျတော့ အိမ်နှင့် ကားတစ်မှတ်တိုင်စာလောက်ဝေးသော ဆံပင်ညှပ်ဆိုင်မှာ သွားညှပ်ရသည်။ အိမ်မှာတုန်းကလို ခွေးခြေလေးပေါ်ထိုင်ရတာမဟုတ်တော့ဘဲ ဆုံလည်ကုလားထိုင်နဲ့ ခန့်ခန့်ညားညားဖြစ်သွားပြီ။ ပြီးတော့ ရှေ့နောက်မှန်နှစ်ချပ်တပ်ထားသဖြင့် ကိုယ့်နောက်စေ့ကို ပထမဆုံးအကြိမ် ပြန်မြင်ဖူးသွားသောကြောင့်လည်း သဘောကျမိ၏။
သို့ရာတွင် တစ်ခုရှိတာက ဆိုင်ပိုင်ရှင်ဆံပင်ညှပ်ဆရာသည် အလွန်စကားများသည်။ စပ်လည်း စပ်စုသည်။ အထူးသဖြင့် ကျွန်တော်တို့မိသားစု အိမ်တွင်းရေးကိစ္စတွေကို နှိုက်နှိုက်ချွတ်ချွတ် မေးတတ်သည်။ လှီးလွှဲဖြေလျှင်လည်း မကြိုက်။ ငါသိပါတယ်ကွာ ဒီလိုမဟုတ်လားဆိုပြီး ထင်ရာမြင်ရာတွေ လျှောက်ပြောသည်။ မကြားချင်ယောင်ဆောင်နေပြန်တော့လည်း ခေါင်းကိုပုတ်ပြီး ဟေ့ကောင် အိပ်ပျော်နေလား လုပ်သေးသည်။ တစ်ခါတော့ ကျွန်တော်လည်း စိတ်ပေါက်ပေါက်ရှိလာသဖြင့် …
“အဲဒါတွေ သိချင်ရင်လည်း အဖေဆံပင်လာညှပ်မှပဲ မေးတော့။ ကျွန်တော်တော့ မသိဘူး”
ဟု ပိတ်ပြောလိုက်မိ၏။ သူထပ်မမေးတော့။ သို့ရာတွင် မကျေနပ်ကြောင်းကိုတော့ အပြုအမူတစ်ခုနှင့်ပြသည်။ စက်ကတ်ကြေးတုံးတုံးကြီးနှင့်ညှပ်နေရာမှ အစမသတ်ခင် ဆောင့်ဆောင့်ဆွဲလိုက်ခြင်းဖြစ်၏။ ဆံပင်တွေ ဗြုတ်ခနဲ ဗြုတ်ခနဲ ကျွတ်ပါသွားသည်။ နာလည်း အတော်နာသည်။
တခြားဆိုင် ပြောင်းညှပ်လို့လည်း မဖြစ်။ ကျွန်တော်တို့ကို အိမ်က ဆံပင်ညှပ်ခပေးလိုက်တာ မဟုတ်။ အဖေက ဆိုင်ကို ငွေကြိုပေးထားသည်။ ကျွန်တော်တို့ညှပ်သမျှကို ဒီထဲက ခုနှိမ်သွားခြင်းဖြစ်၏။ ထို့ကြောင့် ဆံပင်ညှပ်တိုင်း စိတ်ညစ်ရသောဒုက္ခကို နှစ်အတန်ကြာခံခဲ့ရ၏။
x x x
ကျွန်တော် ခြောက်တန်းရောက်သောနှစ်တွင် နောက်စေ့မှာ ယားနာတစ်မျိုးပေါက်သည်။ ရွှံ့ထဲဗွက်ထဲ ဘောလုံးကန်ပြီး ခေါင်းမှန်မှန်မလျှော်သောကြောင့်ဖြစ်လိမ့်မည်။ လက်နှင့်စမ်းကြည့်လျှင် အ၀ိုင်းဖုလေးလို ဖြစ်နေသည်။ ချွေးထွက်တဲ့အခါ နည်းနည်းယားသည်။ သိပ် အနေရခက်လောက်အောင်မဟုတ်သဖြင့် ဂရုမစိုက်ဘဲ အမှတ်တမဲ့နေလိုက်၏။
ဆံပင်ညှပ်ပြီးခါစတစ်ရက်မှာ ဘောလုံးကန်ဖက် သူငယ်ချင်းတစ်ယောက်က …
“ဟေ့ကောင် .. မင်းနောက်စေ့မှာ ပွေး ပေါက်နေတယ်”ဟု သတိပေးသည်။ နောက်တစ်ယောက်က ဒက်ပေါက်တာဖြစ်မယ်ဟု မှတ်ချက်ပြုပြန်သည်။ ကျွန်တော်ရှက်သွား၏။ အတန်းထဲမှာ အေးဖေဆိုတဲ့ကောင်ရှိသည်။ သူ့ဗိုက်မှာ ပွေးပေါက်နေသဖြင့် တစ်ချိန်လုံး ကုတ်ဖဲ့နေရသည်။ ထို့ကြောင့် သူ့နာမည်ပွေးဖေဟု တွင်သွားသည်။ ကိုယ်လည်း ဒီလိုနာမည်ပျက်မှာ ကြောက်ရသည်။
ဒီပြဿနာကို ကျွန်တော်ဖြေရှင်းတဲ့နည်းက နည်းနည်းတော့ကြောင်သည်။ အမှန်က လွယ်လွယ်လေး။ လူကြီးတွေကို အသိပေးလိုက်လျှင် ဆရာဝန်နှင့်ပြပေးလိမ့်မည်။ သူပေးသောဆေးကို လိမ်းလိုက်၊ တစ်ပတ်ဆယ်ရက်ဆို ပျောက်ရော။ သို့ရာတွင် ကျွန်တော်က ဒီလိုမစဉ်းစား။ ဆံပင်တိုနေလို့သာ ဒီအကွက်ကို လူတွေမြင်သာခြင်းဖြစ်သည်။ ဆံပင်ရှည်နဲ့ဖုံးလိုက်လျှင် တွေ့မှာမဟုတ်တော့ဟု တွက်သည်။
ကျွန်တော်ဘာကြောင့် ဒီလိုအတွေးပေါက်ခဲ့ကြောင်း ခုချိန်ထိစဉ်းစားလို့မရ။ ဖြစ်နိုင်တာတစ်ခုတော့ရှိ၏။ ထိုစဉ်က ကျွန်တော့်အသက်အရွယ်မှာ လူပျိုပေါက်မဖြစ်သေးသော်လည်း ကြီးကောင်ဝင်ကာစ ပြုနေပြီ။ ထိုအခါ တကယ့်လူပျိုတွေကိုအားကျပြီး သူတို့လိုပုံစံမျိုးညှပ်ချင်သောကြောင့် ဟိုအကွက်ကို ရမယ်ရှာခြင်းဖြစ်နိုင်သည်။
နောက်တစ်ခါ ဆံပင်ညှပ်ချိန်ရောက် တော့ …
“အရှည်ညှပ်ပေးပါ”ဟု တောင်းဆိုလိုက်သည်။
ဆံပင်ညှပ် ဆရာက …“မရဘူး .. မင်းအဖေပြောထားတဲ့ ပုံအတိုင်းပဲညှပ်ရမယ်။ ဘာလဲ ဟေ့ကောင် မင်းက ငယ်ငယ်လေးရှိသေးတယ်။ (....) ချင်နေပြီလား”
နဂိုက သူ့အပေါ် အမြင်မကြည်ရတဲ့ကြားထဲ ခုလို ညစ်ညစ်ပတ်ပတ် ပြောလာသဖြင့် တင်းသွားပြီး …
“တော်ပြီဗျာ မညှပ်တော့ဘူး”ဟုပြောပြီး ထွက်လာခဲ့သည်။
နောက်တော့ တခြားဆိုင်မှာ သွားညှပ်ဖို့ ပိုက်ဆံတောင်းသည်။ အမေက …
“ဟိုဆိုင်ကို ဘာဖြစ်လို့လဲ”
“ကျွန်တော်နဲ့ ရန်ဖြစ်လာလို့”
ကျွန်တော်ငယ်ငယ်က နည်းနည်းစွာသည်။ ဒါကိုသိသော အမေက ဘာမှထပ်မမေးတော့ဘဲ ပိုက်ဆံ ထုတ်ပေးလိုက် သည်။ ဈေးရှေ့ နားကဆိုင်ကို သွားသည်။ ညှပ်ခုံပေါ်မှာ ၀င်ထိုင်သည်။ လူကြီးတွေ ညှပ်တဲ့ပုံစံကို ဘယ်လိုခေါ် သလဲ မသိသဖြင့် …
“အရှည်ညှပ်ပေးပါ”လို့ပဲ ပြောလိုက်၏။
“ပုံကြီးလား”ဆံပင်ညှပ်ဆရာကမေးတော့ …
“ဟုတ်ကဲ့”
“သုံးမတ်နော်”
ခေါင်းညိတ်ပြလိုက်သည်။ ထိုစဉ်က ကလေးငါးမူး၊ လူကြီးသုံးမတ်။ တစ်မတ် (၂၅ ပြား) ပိုပေးရုံနဲ့ လူကြီးစာရင်း ၀င် သွားတာ တကယ်တန်တယ်ထင်တာပဲ။
x x x
ကျွန်တော် ဆယ်တန်းရောက်သောအချိန်တွင် လူငယ်တွေကြားမှာ ဆံပင်ရှည်ထားတာခေတ်စားလာသည်။ ကျွန်တော်တို့ကျောင်းမှာတော့ ဆံပင်ရှည်ထားခွင့်မရှိ။ ရှည်တဲ့ကောင်တွေ့လျှင် ကျောင်းအုပ်ဆရာကြီးက ရုံးခန်းထဲခေါ်ပြီး ကတ်ကြေးနှင့်ညှပ်ပစ်တတ်သည်။ အညှပ်မခံချင်လျှင် ကျောင်းထွက်။
ကျွန်တော်တို့သည် ဆယ်တန်းတစ်နှစ်ကို အောင့်အင်းသည်းခံပြီး စောင့်နေခဲ့ကြရသည်။ ဆယ်တန်းစာမေးပွဲဖြေပြီးတဲ့အချိန်ကစပြီး ကျွန်တော် ဆံပင်ရှည်မွေးသည်။ တက္ကသိုလ် ပထမနှစ်စတက်တဲ့အချိန်မှာ ကျွန်တော့်ဆံပင်က နားရွက်ဖုံး၊ ကုပ်ထောက်ဖြစ်နေပြီ။
အမေက …
“ညင်းသိုးသိုးနဲ့ကွယ်”ဟုပြောသည်။ ကျွန်တော် မကြားချင်ယောင်ဆောင်နေသည်။ အမေက အစ်ကိုကြီးဖြစ်သူ ကိုဝဏ္ဏကို စစ်ကူတောင်းသည်။
ကိုဝဏ္ဏက …“ဒီကောင် တက္ကသိုလ်တောင် ရောက်နေပြီပဲ”
ဆိုပြီး ဒဿနိကသမားချင်း ရိုင်းပင်းသည်။ နောက်ဆုံးတော့ ဗဟိုအဆင့်ကိုရောက်သွား၏။ အဖေက ဆံပင်ရှည်တာကို မကြိုက်။ သူကိုယ်တိုင်လည်း တစ်သက်လုံး ဆံထောက်သာသာ ခပ်တိုတိုညှပ်တတ်သူဖြစ်၏။
ကျွန်တော်ကိုခေါ်ပြီး …“မင်းဆံပင်ကို ညှပ်မလား၊ ဒါမှမဟုတ် ငါ မင်းလိုဆံပင် အရှည်လိုက်ထားရမလား”
မေးသည်။ ကျွန်တော်က ရယ်ကျဲကျဲ လုပ်နေလိုက်သည်။
“နေစမ်းပါဦး၊ မင်းက ဘာဖြစ်လို့ ဆံပင် ရှည်ထားချင်ရတာလဲ”
“ဆံပင်တိုရင် ကောင်မလေးတွေက မကြိုက်ဘူးဖေဖေ”
ကျွန်တော့်အကြောင်းပြချက်ကို အဖေ မငြင်းနိုင်။
“ဒါဆိုရင်လည်း ပြီးရောကွာ”ဆိုပြီး လိုက်လျောပေးလိုက်ရ၏။
x x x
ခေတ်အဆက်ဆက်မှာ လူငယ်များသည် ရုပ်ရှင်မင်းသားများ၏ဆံပင်ပုံစံကို အတုခိုးလေ့ရှိကြသည်။ ဘတင့်၊ ခင်မောင်ရင်၊ ဗလင်တီးနို၊ ကျော်ဆွေ၊ ဂျိမ်းစ်ဒင်း၊ ပရက်စလေ၊ ၀င်းဦး။ နောက်တော့ ကျော်ဟိန်း၊ ကျော်သူရဲ့အလယ်ခွဲပုံစံ၊ နောက်ဆုံး ဒွေးကေ အထိ။ ဒီကြားထဲမှာ ထိုင်းအဆိုတော် ထုံချိုင်း ပုံစံမျိုးလည်း ပါသေးသည်။
ကျွန်တော်ကတော့ ဘယ်မင်းသားကိုမှ အတုမခိုးခဲ့။ ကိုယ်ပိုင်ဆံပင်ပုံစံဖြင့်သာ နေသည်။ ကျွန်တော် အတုခိုးခဲ့ဖူးတာ တစ်ယောက်ပဲရှိ၏။ ရှစ်တန်းတုန်းကဖြစ်၏။ ဘောလုံးကို အသည်းအသန် အရူးအမူးကစားနေချိန်။ ကျွန်တော်တို့ရဲ့ ဟီးရိုးက မြန်မာ့လက်ရွေးစဉ်ဘောလုံးအသင်းခေါင်းဆောင် ဗဟာဒူး။ သူ့ဆံပင်ပုံစံက တိုတိုပါးပါး။ “ခရူးကတ်” ဟု ခေါ်သည်။ ရာဇာနေ၀င်း၏ဆံပင်ပုံစံကို ရှေ့ပိုင်းနည်းနည်းတိုထားတဲ့ ပုံစံမျိုးဖြစ်၏။ ဒီလိုပုံစံမျိုးကို ကျွမ်းကျင်ကျင်ညှပ်နိုင်သော သမဂ္ဂအမည်ရှိ ဆံပင်ညှပ်ဆိုင်မှာ သွားသွားညှပ်ရသည်။
ကျွန်တော် ရည်းစားရတော့ သူကလည်း ဆံပင်ရှည်ထောက်ခံသူ ဖြစ်နေ၏။ သူကတစ်မျိုး သပ်သပ်ရပ်ရပ်နဲ့ ရှည်တာမျိုးကို ကြိုက်သည်။ ဆံပင်ညှပ်ဆိုင်တွေမှာ ညှပ်လာတာကို သူ စိတ်တိုင်းမကျ။ တိုသွားပြန်ပြီ၊ ပါးသွားပြန်ပြီ၊ ရှေ့နဲ့နောက် အချိုးမကျဘူး။ (သူ့ခမြာမှာလည်း ကျွန်တော်နဲ့ပတ်သက်လို့ မက်လောက်စရာက ဒီဆံပင်ကလေးပဲ ရှိတာကိုး။ ကျွန်တော်ငယ်ငယ်က ဆံပင်သန်သည်။ နက်မှောင်ထူထပ်နေသည်။)
နောက်တော့ ဆိုင်မှာမညှပ်နဲ့၊ သူကိုယ်တိုင်ညှပ်ပေးမယ် ဖြစ်လာရော။ ဟိုတစ်ချိန်က ဆံပင်အရှည်ပုံစံမှာ ညှပ်ရလွယ်သည်။ စက်ကတ်ကြေးသုံးစရာတောင် မလို။ ရိုးရိုးကပ်ကြေးနှင့် ခွကပ်ကြေးရှိလျှင်ရပြီ။ သူညှပ်ပေးတဲ့ပုံက ဘယ်လိုနေသလဲတော့မသိ။ နောက်တစ်ယောက် ထပ်ရစရာအကြောင်းလည်းမရှိတော့သဖြင့် သူ ကြိုက်လျှင်ပြီးတာပဲ။
ဒီလိုနဲ့ ကျွန်တော့်ဆံပင်ကို သူ့လက်ထဲ နှစ်ပေါင်းအတော်ကြာအောင် ၀ကွက်အပ်ထားခဲ့တာ လက်ထပ်ပြီး ကလေးရတဲ့ အထိပဲ။ နောက်တော့ သူလည်း ရုံးအလုပ်က တစ်ဖက်၊ ကလေးက တစ်ဖက်၊ ချက်ရပြုတ်ရတာက တစ်ဖက်နဲ့မို့ ကျွန်တော့်ကို ဆံပင်ညှပ်မပေးအားတော့။ ထို့ကြောင့် ဆံပင်ညှပ်ဆိုင်တွေဘက် ပြန်လှည့်ရသည်။
ဆံပင်ညှပ်ရာမှာလည်း ပုံကောင်းတာတွေ ဂရုစိုက်မနေတော့။ မြန်မြန်ပြီးဖို့ပဲ အရေးကြီးသည်။ ဆိုင်လည်း မရွေးတော့၊ ကြုံရာ လူရှင်းတဲ့ဆိုင်မှာ ၀င်ညှပ်လိုက်တာပဲ။ ဆံသဆရာက ဘယ်လိုပုံစံညှပ်မလဲမေးလျှင် ကြည့်ကောင်းသလို လုပ်လိုက်ပါ။ ဒါပဲ။
တစ်ခုတော့ရှိ၏။ ကျွန်တော်ငယ်ငယ်က အမေးအမြန်းထူသောဆံပင်ညှပ်ဆရာနှင့် တွေ့ခဲ့ဖူးသဖြင့် သွေးလန့်နေဟန်တူသည်။ ပြီးတော့ ကျွန်တော့်အကျင့်က ဆံပင်အညှပ်ခံနေရင်းက နားအေးပါးအေး ဟိုတွေးဒီတွေး နေချင်သည်။ ဒီလို နည်းနဲ့ စာရေးဖို့စိတ်ကူးလေးတွေ ရတတ်သည်။
ဆံသဆရာတွေမှာလည်း စရိုက်အမျိုးမျိုး ရှိ၏။ တချို့က နှုတ်နည်းသည်။ ဘယ်လိုပုံညှပ်မလဲ တစ်ခွန်းမေးပြီးလျှင် သူ့အလုပ် သူလုပ်သည်။ တချို့က စိတ်ရှည်သည်။ ဆံပင်တစ်ခါညှပ်လျှင် အသေးစိတ်လိုက်ညှိနေတာ အလွန်ကြာသည်။ ဒါမျိုးကျတော့ ကျွန်တော်နဲ့ မဖြစ်။ ကျွန်တော်က ပုံကောင်းတာတွေဘာတွေ အရေးမကြီး။ မြန်မြန်ကိစ္စပြီးဖို့ပဲ လိုသည်။ တချို့ဆရာများဆိုလျှင် ညှပ်ပြီးလို့ ဆံပင်အစအနတွေကို မျက်နှာသုတ်ပ၀ါနဲ့သုတ်ပြီး ခါပြီးတာတောင် မကျေနပ်သေး။ ရှေ့နောက်ဝဲယာ လှည့်ကြည့်ပြီး ကတ်ကြေးကိုကောက်ကိုင်ပြန်သည်။ ဒီလိုအခါကျလျှင် ကျွန်တော်က …“ဟာ .. တော်ပြီ၊ ရပြီ၊ နောက်လည်း ပြန်ရှည်လာမှာပဲဟာ”ဆိုပြီး ထပြေးရသည်။
ဒါတောင် တချို့ ဆရာတွေက “ပုံမကောင်းရင် ဆိုင်နာမည်ပျက်မယ်ဗျ”ဟုပြောပြီး အတင်းညှိပေးနေသေးသည်။
တချို့ကျတော့ ဝေဖန်ရေးအမြင်ရှိသည်။ ညှပ်နေရင်းက လူကိုအကဲခတ်ပြီး “နားရွက်နည်းနည်း ကားတယ်နော်”
“ဗောက်တွေ သိပ်များတာပဲ၊ တရော်ကင်ပွန်းနဲ့ ခေါင်းလျှော်ဗျ”
“၀မ်းမှန်မှန်နုတ်ပေးဦး ဒါမှ ၀က်ခြံတွေပျောက်မှာ”
စသည်ဖြင့် သုံးသပ်တတ်သည်။
အကြောင်းမရှိအကြောင်းရှာပြီး စကားဖွာတာမျိုးကျတော့ စိတ်ညစ်ဖို့ကောင်းသည်။ ဆံပင်ညှပ်တုန်းတန်းလန်းဆိုတော့ ထလစ်သွားလို့လည်းမရ။ မကြားချင်ယောင်ဆောင်နေလို့လည်း မဖြစ်။ စပ်စပ်စုစု အမေးအမြန်းထူတာမျိုးဆိုလျှင် အတော် ကသိကအောက် ဖြစ်ရသည်။
“ဘာအလုပ်လုပ်သလဲ”မေးတာအဆိုးဆုံးပဲ။ စာရေးဆရာပါ ဖြေလို့မဖြစ်။ ကလောင်နာမည်ကဘာလဲ ဆက်မေး တော့မည်။ ပြောပြလို့ ကိုယ့်စာဖတ်ဖူးတဲ့လူဆို တော်သေးသည်။
“တစ်ခါမှ မကြားဖူးပါဘူး၊ ဘာစာတွေရေးတာလဲ”ဆိုလျှင် နေရင်းထိုင်ရင်း သိက္ခာကျတော့မည်။ ထို့ကြောင့် ပုံနှိပ်တိုက်မှာလုပ်တယ်၊ ဒါမှမဟုတ် “ဒီလိုပါပဲ ကြုံရာကျပန်းပေါ့”ဟု မရေမရာ ဖြစ်ရသည်။ ဒီလိုဆိုမျိုးကို ကျွန်တော် ရှောင်လေ့ရှိ၏။ ခုနောက်ပိုင်း ဆံပင်ညှပ်ဆိုင်တချို့မှာ ဗီဒီယိုပြတတ်သည်။ တီဗီကို ဆိုင်ထဲမှာပဲထားသည်။ ဆိုင်ကကျဉ်းကျဉ်းလေးဆိုတော့ တီဗီက ဆံပင်ညှပ်ခုံနဲ့ သုံးလေးပေလောက်သာကွာသည်။ အပြင်ကလူတွေပါ ကြားရအောင် အသံကိုလည်း အကျယ်ကြီးဖွင့်ထားရသေးသည်။ များသောအားဖြင့် မြန်မာဗီဒီယိုကားတွေ ပြတတ်သည်။ ဒီတော့ ဆံပင်ညှပ်ခံရင်းက “ဒုံးဒိုင်းခွပ်အင့်” ဆိုသော မြည်သံစွဲတွေ၊ သရုပ်ဆောင်တွေအချင်းချင်း အော်ဟစ်ငြင်းခုံကြတာတွေ၊ မင်းသမီးတွေရဲ့ဖျစ်ညှစ်ရှိုက်ငိုသံတွေကို ကြိတ်မှိတ်နာခံရသည်။
တစ်ခါတော့ ဗီဒီယိုဇာတ်လမ်းထဲမှာ လူကြမ်းက မင်းသားကိုအကောက်ကြံပြီး လူသတ်တရားခံဖြစ်အောင် လုပ်တဲ့ အခန်းပါလာသည်။ လူကြမ်းက ကြိုးနဲ့အတုပ်ခံထားရသော မင်းသားကို
“မင်း တော်တော်ယုတ်မာတဲ့ကောင်ပါလားကွ .. ဟေ”ဟု မခန့်လေးစားဟန်ပန်ဖြင့် ပြောလိုက်သောအခါ ဆိုင်ရှေ့မှာလာရပ်ကြည့်နေသော မိန်းမကြီးတစ်ယောက်မှာ သည်းမခံနိုင်တော့ဘဲ“နင်သာ ယုတ်မာတာဟဲ့၊ နင်သာ လူယုတ်မာ”
ဟု လက်ညှိုး ငေါက်ငေါက်ထိုးပြီး လှမ်းအော်လိုက်သည်။ ကျွန်တော်သည် တီဗီနားကပ်ထိုင်နေရသူဖြစ်သဖြင့် ကိုယ့်ကို အပြောခံရသလို တွန့်ခနဲဖြစ်သွားရသေးသည်။ ဒီလိုဆိုင်မျိုးထက်စာလျှင် စကားဖွာတတ်သော ဆံသဆရာဆီမှာညှပ်ရတာမှ နားပူသက်သာသေးသည်ဟု ထင်မိ၏။
x x x
တစ်ရက်တွင် ဈေးဘက်သွားရင်း ဆံပင်ညှပ်ဆိုင်ကလေးတစ်ဆိုင်ကို တွေ့လိုက်မိ၏။ ပျဉ်ထောင်အိမ်ကလေးဘေးမှာထိုးပြီး ဖွင့်ထားတာ။ ဆိုင်ကတော့ ခပ်နုတ်နုတ်ပဲ။ လူရှင်းနေသဖြင့် ဆိုင်ထဲဝင်လိုက်သည်။
ဆိုင်က သွပ်မိုး၊ ၀ါးထရံကာ။ ခုံကလည်း ခေတ်ဟောင်းပုံ တုံးတုံးကြီး။ သားရေခင်းကပေါက်ပြဲပြီး အထဲက အုန်းဆံဖတ်တွေကို မြင်နေရ၏။ မှန်တွေကလည်း ဘေးထောင့်တွေမှာ ပြဒါးကွာပြီးကွက်စပြုပြီ။ ပြီးတော့ နံရံကပ်စင်ကလေးပေါ်မှာ ရှားရှားပါးပါး နေရှင်နယ်ဟိုင်ဖိုင် ရေဒီယိုလေးတစ်လုံး။ တိုက်ဆိုင်ချင်တော့ လွန်ခဲ့သော နှစ်ဆုံးဆယ်လောက်ကခေတ်စားခဲ့သော သီချင်းတစ်ပုဒ်လာနေသည်။ အနေအထားမှာ ကျွန်တော်တို့ငယ်ငယ်ကညှပ်ခဲ့ရသော ဆံပင်ညှပ်ဆိုင်တွေနဲ့ တစ်ပုံစံတည်းပဲ။ လူငယ်ဘ၀ကို ပြန်ရောက်သွားသလိုတောင် ခံစားရသည်။ ကျွန်တော် သဘောကျသွား၏။ နောက်ကို ဒီဆိုင်မှာပဲညှပ်တော့မယ်ဟု ဆုံးဖြတ်လိုက်သည်။ ဆံသဆရာ စကားကြောရှည်ချင်လည်း ရှည်ပါစေတော့။
ဆံပင်ညှပ်ဆရာသည် သက်လက်ပိုင်း အရွယ်၊ မျက်မှန်ထူထူ တပ်ထားသည်။ ကျွန်တော် ထိုင်ခုံပေါ်ထိုင်ပြီးနောက် သူကမေးသည်။
“ဘယ်လိုညှပ်မလဲ”
“ကြည့်ကောင်းသလိုသာ ညှပ်ပါ”ဟု ပြောလိုက်သည်။ သူက ကျွန်တော့် ခေါင်းကို လှည့်ပတ်အကဲခတ်ကြည့်ပြီးနောက်
“ရှေ့ထိပ်ပိုင်းက ဆံပင်တွေ ကွက်ပြီးတော့ပါးနေပါလား”ဟုပြောသည်။ ကျွန်တော်လည်း ရှေ့က မှန်ထဲကို လှမ်းကြည့်လိုက်သည်။ ခုမှ သတိပြုမိ၏။ ကျွန်တော့် ရှေ့ပိုင်းကဆံပင်တွေ တော်တော်ပါးနေပြီ။ ဦးရေပြားကိုတောင် ဖောက်မြင်ရလောက်သည်။ ကျွန်တော်သည် မှန်လည်းမကြည့်၊ ခေါင်းလည်းမဖြီးတာ ကြာပြီဖြစ်သောကြောင့် အမှတ်တမဲ့ ရှိနေခဲ့ခြင်းဖြစ်၏။
အသက်အရွယ်ရလာလို့လည်း ဖြစ်နိုင်သည်။ ဟိုအရင်က ဆံပင်ကို ဂရုတစိုက်မထိန်းသိမ်းနိုင်ခဲ့လို့လည်း ဖြစ်ကောင်းဖြစ်မည်။ ငယ်ငယ်တုန်းက ဆံပင်အရှည်ကြီးထားပြီး ခေါင်းတော့မှန်မှန်မလျှော်ဖြစ်။ တော်တော်ညစ်ထပ်ထပ်ဖြစ်လာ ပြီဆိုမှ အ၀တ်လျှော်ပစ်လိုက်တာ။ ဂျီးတော့ တကယ်ပြောင်သည်။ ဆံသားတွေကတော့ ပျက်စီးကုန်ဟန်တူလေသည်။
“အေးဗျာ .. အတော်ပါးသွားတာပဲ”
“မပူပါနဲ့ဗျာ ကျွန်တော်ကြည့်လုပ်ပေးပါ့မယ်”
ဆံသဆရာကပြောပြီး ဆံပင်စညှပ်သည်။ ကျွန်တော်လည်း ထုံးစံအတိုင်း ဟိုတွေးဒီတွေး လုပ်နေလိုက်သည်။ အတန်ကြာတော့ ဆံသဆရာက ကျွန်တော်လည်ကုပ်တွေကို မျက်နှာသုတ်ပ၀ါလေးနှင့်ပွတ်ခါပေးရင်း
“ဘယ်လိုလဲ ကြည့်ပါဦး”ဟုပြောသည်။ မှန်ထဲကို လှမ်းကြည့်လိုက်တော့ စောစောက ဦးခေါင်းထိပ်ရှေ့ပိုင်းမှ ပါးပြီးကွက်နေတာ မရှိတော့။ အတော်ကြည့်ကောင်းသွားသည်။ အံ့သြစရာပဲ။
“တယ်ဟုတ်ပါလား" ဟု ကျွန်တော်က ချီးကျူးလိုက်တော့ ဆံသဆရာက..
“ဒါက လွယ်လွယ်လေးပါ၊ ပါးနေတဲ့နေရာကို လုံးဝမတို့ထဲပဲ ဘေးကထူနေတဲ့ဆံပင်တွေကိုပဲ ပါးအောင်ညှပ်ထုတ်ပစ် လိုက်တော့ တညီတည်းဖြစ်သွားတာပေါ့ဗျ”
သူ့အိုင်ဒီယာက ဘယ်ဆိုးလို့လဲ။ တပြိုင်နက်ထဲမှာ ခေါင်းထဲသို့ ခပ်ကြောင်ကြောင်အတွေးတစ်ခု ၀င်ရောက်လာသည်။ လီနင်တို့ စတာလင်တို့ မော်စီတုံးတို့ဟာ သူတို့ရဲ့ ကမ္ဘာကျော် တွေးအခေါ်တွေကို ဆံပင်ညှပ်ရင်းနဲ့များ စဉ်းစားမိခဲ့ကြ လေသလား မသိဘူးနော်။
မင်းလူ
(၂၀၁၁ ခုနှစ် နိုဝင်ဘာလထုတ် မြန်မာသစ်မဂ္ဂဇင်းဖေါ်ပြခဲ့သော ဆရာမင်းလူ၏ အက်ဆေးကို ပြန်လည်ဖေါ်ပြခြင်း ဖြစ်ပါသည်။)
(ဒီနေရာကယူပါတယ်) http://www.kaungkin.com/index.php?option=com_content&view=article&id=716:2012-02-06-22-47-35&catid=42:2009-04-17-01-31-38&Itemid=62
0 comments:
Post a Comment