Thursday, February 9, 2012

သော့အိမ်ကနေ့စွဲများ၊ လူများ၊ အတွေးစများ(၆) မျိုးမြင့်ချို

0 comments

သော့အိမ်ကနေ့စွဲများ၊ လူများ၊ အတွေးစများ (အပိုင်း ၆)
ကျနော် ကြမ်းပေါ်လှဲချလိုက်ပြီး တကိုယ်လုံးရှိသမျှအကြောအချင်တွေကို တဖြည်းဖြည်းချင်းလျှော့၊ စိတ်ကိုလည်း တည်ငြိမ်အောင်ပြန်စုယူသည့် အနေဖြင့် အသက်ရှူတာကိုလိုက်မှတ်နေမိ၏။ လိုက်သာမှတ်နေရ၏။ စိတ်က သိတ်မငြိမ်။ အတွေးတွေက ဟိုရောက်သည်ရောက်။ တွေးနေမိ မှန်းသိလိုက်သည်နှင့် အတွေးကပျောက်သွားပြီး စိတ်ကအသက်ရှူခြင်းဆီ ပြန်ရောက်လာပြန်၏။ တခါပြန်တွေးမိပြန်၏။ ခါးနှင့်နံစောင်းမှာ နာနေ သည်ကိုလည်း သတိထားမိ၏။ မနာသည့်ဘက်ကို အသာလေးစောင်းရန် ကိုယ်ကိုပြင်လိုက်တုန်းမှာပဲ တံခါးက ချောင်းကြည့်ပေါက်ကလေးပွင့်လာ၏။ မျက်လုံးတစုံကိုမြင်ရ၏။ တဆက်ထဲ "နောက်လှည့်ထား" ဟု အမိန့်ပေးသံကိုလည်းကြားရ၏။ သို့ဖြင့် ပြန်ထပြီး နောက်လှည့်ထိုင်ရပြန်၏။ နောက်တော့ တံခါးသော့ဖွင့်သံ၊ အခန်းထဲသို့လူတယောက်ဝင်လာသံတွေ ကြားရ၏။ အခန်းထောင့်တွင် လေးလေးပင်ပင်ပစ္စည်းတခုခုကို ချသံလည်းကြား၏။ စိတ်က ဘာပါလိမ့်ဆိုပြီး လူက အမှတ်တမဲ့နောက်လှည့်ကြည့်မိလိုက်၏။
          လူတယောက် ကျနော့်ကိုကျောပေးပြီး ကုန်းကုန်းကွကွဖြင့် ကြမ်းပြင်ပေါ်သောက်ရေအိုးတလုံးချနေ တာမြင်၏။ အောက်ပိုင်းက စစ်ဘောင်းဘီဝတ်ထားသော်လည်း အထက်ပိုင်းကမူ ဗလာကျင်းလျှက်။ ကျနော်လည်း ဆက်ကြည့်နေမိ၏။ ထိုစဉ်မှာပဲ သူကအလှည့် ကျနော့်အကြည့်နှင့် မျက်လုံးချင်းတည့်တည့် တိုးမိတော့၏။ "ဟာ..ဟေ့ကောင် နောက်လှည့်ထားဆို၊ -ီးမို့ကြည့်နေတာလား" ဆိုကာ ရိုက်ရန်လက်ရွယ် လိုက်သဖြင့် ကျနော်လည်း ရုတ်ကနဲ နောက်ပြန်လှည့်လိုက်၏။ သို့သော် နောက်ကျသွားခဲ့ပြီ။ သူ့လက်က ကျနော့်ဇက်ပိုးပေါ် ဖြောင်းကနဲကျလာ၏။    လူလည်း ရှေ့ငိုက်ကျသွားပြီး မျက်စေ့တွေလည်းပြာထွက်သွား၏။ ကျသည့်အနေအထားအတိုင်းပဲနေလိုက်၏။  ခေါင်းပြန်မထူရဲ။ ထူလိုက်ကာမှ နောက်တချက်ဝင်လာလျှင် ဆိုပြီးတွေးမိကာ အသာပဲငြိမ်နေလိုက်၏။ နောက်တချက်တော့ မလာတော့။ မအေနှမတွေ မိုးမွှန်အောင် ဆဲကာ ပြန်ထွက်သွား၏။ အသံတော့ မဝဲ။ ဆိုတော့ ဒီလူက စောစောကလူ မဟုတ်တော့သေချာ၏။ ဘာပဲဖြစ်ဖြစ် သူ အခန်းထဲမှာမရှိတော့ဆိုသည့်အသိကြောင့် စိတ်နည်းနည်းသက်သာရာရသလိုတော့ ဖြစ်မိပြန်၏။ သူမရိုက်ခင် ကျနော်နောက်ပြန်လှည့်မပေးခင် စက္ကန့်ပိုင်းလေးအတွင်း မြင်လိုက်ရသည့် သူ့မျက်နှာကိုတော့ စိတ်ထဲစွဲနေ၏။ အသားလတ်လတ်၊ ကိုယ်လုံးကိုယ်ပေါက်တောင့်တောင့်။ မျက်လုံးမျက်ဖန် ကောင်းကောင်း။ ရုပ်ရည်သန့်သန့်နှင့် ပညာတတ်ရုပ်ပေါက်၏။ ဘာအဆင့်လဲတော့မသိ။ အပြောအဆိုတော့ ကြမ်းတမ်းရိုင်းပြသူ။
          သူမရှိတော့မှ ကျနော် ဖင်ရွှေ့ပြီး အခန်းထောင့်ကရေအိုးဆီသွား၏။ စစ်ပန်းကန်ပြားတချပ်ကို အိုးအဖုံးအဖြစ်သုံးပြီး အပေါ်တွင် စစ်မတ်ခွက်တလုံးမှောက်ထား၏။ ကျနော် မတ်ခွက်ကိုယူဖို့လက်လှမ်း လိုက်တော့မှ လက်ဖမိုးကိုသတိထားမိ၏။ လက်ဖမိုးတွင် အရေပြားများပွန်းပဲ့စုတ်ပြတ်ကာ သွေးစို့သည့်နေရာ စို့နေပါလား။ စောစောက လက်ပတ်နာရီကိုဆောင့်ဆွဲဖြုတ်တုန်းက ခြစ်မိရှမိသည့်အရာ များ။ မတ်ခွက်ကိုမပြီး စစ်ပန်းကန်ပြားကိုဖယ်ကာ ရေတခွက်ခပ်ယူလိုက်၏။ ရေက ကြည်ပြီးသန့်နေ တာမြင်တော့ သောက်ချင်စိတ်ကတားမရတော့။ ခွက်အပြည့်ရေခွက်ကို တရှိန်ထိုးမော့ချလိုက်၏။ "အားပါး. .ကောင်းလိုက်တာ" ဟုပင် ပါးစပ်ကထွက်သွား၏။ နောက်တခွက်ခပ်ရန်လုပ်တော့ ဝမ်းထဲရေဝင်သဖြင့် ပါးစပ်က လေပြန်ထွက်လာ၏။ သည်တော့မှ အနံ့တမျိုးရလိုက်၏။ ခပ်ရန်ပြင်နေသည့်လက်က တန့်သွား၏။ ဘာနံ့ပါလိမ့်ဆိုပြီး စိတ်တွင်ဖြစ်နေ၏။ ရေထဲ ဆေးတခုခုများခတ် ထားသလား။ ဘာဆေးများပါလိမ့်ဆိုကာ လန့်သလိုလည်းဖြစ်ရပြန်၏။ ထောင်ထဲမှာ ထောင်သားတွေကို ခဲပုတ်တွေစိမ်ထားတဲ့ရေကိုတိုက်တယ်။ အဲဒီရေတွေကို ကြာကြာသောက်ရင် ဦးနှောက်တွေထုံထိုင်းပြီး ပန်းပါသေသွားအောင်လုပ်တာဆိုသည့် ပြောသံတွေလည်းပြန်သတိရ၏။ ဟုတ်မဟုတ်တော့မသိ။ နောက်တခုက စစ်ကြောရေးစခန်းတွေ အကြောင်းရေးသည့်စာအုပ်တွေထဲမှာနှင့် သူများပြန်ပြောပြဖူးတာတွေကိုလည်း သတိရမိပြန်၏။ စစ်ကြောရေးလုပ်ရင် အစားအသောက်တွေထဲမှာ ဆေးတမျိုးမသိအောင်ခတ်ထားတယ်။ အဲဒါတွေ စားမိသောက်မိရင် လူက သိစိတ်ပျောက်သွားပြီး မသိစိတ်ကနေ သူတို့မေးသမျှ အမှန်အတိုင်းပြန်ဖြေပြီး ဟုတ်တာတွေရော မဟုတ်တာတွေရော အကုန်လုံးဝန်ခံတော့တာပဲ။ နောက်ဆုံး လူလည်းရူးသွားတတ်တယ် စသည်များ။
         ရလိုက်သည့်အနံ့ကြောင့် မင်္သကာစိတ်တွေ ဝင်လာ၏။ လန့်သလိုလည်းဖြစ်မိ၏။ အခု ဒီသောက်ရေ ထဲ ဒီကောင်တွေ ဒီဆေးမျိုးခတ်မထားဟု မည်သူပြောနိုင်မည်နည်း။ ခတ်ထားရင်ရော ဘာဆက်ဖြစ်ဦးမည် နည်း။ တခွက်တော့ ဝမ်းထဲဝင်သွားပြီ။ မတတ်နိုင်တော့။ ပြန်အန်ထွက်အောင် လုပ်ပစ်လိုက်ရင်ကောင်းမယ် ဟုတွေးကာ ပါးစပ်ထဲလက်ခလယ်ကိုတဆုံးထိုးထည့်မိ၏။ အရေးထဲ ပြတ်နေသည့်လက်ခလယ်က တိုနေ၏။ အာခေါင်ဆုံးအောင်ပင်မထိ။ ကြိုးစားပြီး တဆုံးထပ်ထိုးသော်လည်း အာခေါင်ဆုံးထိ မထိ။ စိတ်က တိုလာ၏။ မသောက်ခင်မှာ ဘာလို့များအနံ့မခံကြည့်ခဲ့ရတာတုန်းဆိုကာ ကိုယ့်ဘာသာကိုယ်လည်း အပြစ်တင်မိ၏။ ရေပြန်အန်မရတာရော၊ လက်ခလယ်တိုနေတာကြောင့်ရော စိတ်ကပိုတိုလာပြန်၏။ ရေက ဘယ်လိုမှ ပြန် အန်မထွက်။ မထွက်သည့်အပြင် ပါးစပ်ထဲကသွားရေနှင့်တံတွေးတွေက တမှောင့်။ ပါးစပ်တဝိုက် ပေကျံကုန် ၏။ ပုဆိုးစကိုလိမ်ကျစ်ပြီး ပါးစပ်ထဲထိုးထည့်ရင်တော့ ရေပြန်အန်တန်ကောင်းရဲ့ဆိုကာ ပုဆိုးအနားစကို လက်ဖြင့်လိမ်ကျစ်နေတုန်း တံခါးပေါက် "နောက်လှည့်ထား" ဆိုသည့်အသံထွက်ချလာ၏။ ပုဆိုးစအသာပြန်ချပြီး နောက်ပြန်လှည့်လိုက်တော့ ကြမ်းပြင်ပေါ်က ရေခွက်ကို ခြေထောက်ဖြင့်တိုက်မိပြီး အခန်းထဲတွင် ကလုံကလွမ်အသံတွေ ဆူညံသွားတော့၏။
         အပေါက်ဝက "ဟေ့ကောင်..အထဲမှာ ဘာလုပ်နေတာလဲ၊ နောက်လှည့်ထားဆိုတာ မကြားဘူးလား၊ ငါ=ိုးမသား" ဆိုသည့်အသံကြောင့် "ဘာမှမလုပ်ပါဘူး။ ရေသောက်နေတာပါ။ ခွက်ကိုတိုက်မိလို့" ဆိုပြီး ပြန်ဖြေရင်း နောက်လှည့်ထိုင်ကာ မျက်စေ့ပါမှိတ်ထားလိုက်မိတော့၏။
မျိုးမြင့်ချို
ဖေဖေါ်ဝါရီ ၉ ၊ ၂၀၁၂

0 comments:

Post a Comment