Friday, February 17, 2012

ဒို့ဗမာ(ဘိုဘိုလန်းစင်) ဆောင်းပါး(၆)

0 comments

(ဒို့ဗမာ ၆)My Burma by ဘိုဘိုလန်းစင်(မူရင်းသတ်ပုံနှင့်ဝါကျအတိုင်း)
ဒို့ဗမာဝါဒနဲ့ တိုင်းရင်းသားအရေးကို အရင်ပတ်ကတင်ဆက်ခဲ့ရာမှာ တိုင်းရင်းသားများရဲ့ နိုးကြားလာတဲ့ အမျိုးသားစိတ်ကို မြန်မာအများစုကြီးကသတိမမူမိကြဘူးလို့ တင်ဆက်ခဲ့ပါတယ်။ ဒီမှာ တွေ့ရတဲ့ ဥပမာတခုကတော့ ၁၉၄၁ ဇန်နဝါရီမှာကျင်းပတဲ့ ဗမာပြည်လုံးဆိုင်ရာ ဗမာတိုင်းရင်းသားများ ပြေးခုန်ကစားပွဲကြီးမှာ တို့ကရင်လို့အားပေးသံကို တိုင်းရင်းသားသွေးခွဲစကားလို့ တို့ဗမာအာဘော်တပိုင်းဖြစ်တဲ့ သခင်နုတို့ဦးစီးတဲ့ စနေ နဂါးနီဂျာနယ်ဆောင်းပါးက စွပ်စွဲပါတယ်။
တကယ်တော့ ၁၉၂၃ မှာ စတဲ့ ဒိုင်အာခီခေါ် ပူးတွဲအုပ်ချုပ်ရေးခေတ်ကထဲက မြန်မာပြည်ဥပဒေပြု လွှတ်တော်မှာ ကရင်၊ ကပြား ဥရောပသား၊ တရုတ်၊ အိန္ဒိယကုန်သည်ကြီးများ စတဲ့ လူနည်းများစုများ အတွက် အမတ်နေရာတွေခွဲထားပီးသားဖြစ်ပါတယ်။ ဆာစံစီပိုးစတဲ့ ကရင်လူကြီးများကလည်း ကရင်အမျိုးသားများရဲ့ ပညာရေး၊ ရာထူးဌာနန္တရတိုးမြှင့်ရေး စတဲ့အရေးကိစ္စတွေကို အာရုံပြုတောင်းဆို နေတာပါ။ နောက်ပီး ၁၉၂၀ ကျော်ဦးမှာ ပဒေသရာဇ်ရှမ်းပြည်နယ်စုဆိုပီး ရှမ်းစော်ဘွားနယ်တွေကို မြန်မာပြည်မအုပ်ချုပ်ရေးအောက်ကနေ သီးခြားအုပ်ချုပ်ရေးထားတဲ့အချိန်ထဲက စော်ဘွားတွေက ရှမ်းပြည်အုပ်ချုပ်ရေးမှာ သူတို့သြဇာပိုတက်လာအောင် လုံးပန်းနေခဲ့ကြပါတယ်။ ၁၉၃၀-၃၁ အိန္ဒိယ-မြန်မာ ခွဲရေးတွဲရေးဆွေးနွေးပွဲတွေ လန်ဒန်မှာလုပ်တော့လည်း သီးခြားကိုယ်ပိုင်အုပ်ချုပ်ရေးယူချင်တဲ့ သူတို့လိုအင်ဆန္ဒကို ညီလာခံတက်လာတဲ့စော်ဘွားတွေက တောင်းဆိုခဲ့ကြပါတယ်။ တကယ်တော့ တိုင်းရင်းသားအရေးဟာ မြန်မာပြည်မှာ ပင်လုံညီလာခံကာလကလွဲလို့ ဘယ်တုံးကမှ သေချာအရေးတယူ ဦးစားပေးဆောင်ရွက်ခဲ့တဲ့ နိုင်ငံရေးကိစ္စမဟုတ်ခဲ့ပါဘူး။ ဂျပန်ခေတ်မှာလည်း မဟာဗမာနိုင်ငံတော်ဆိုပီး ရှမ်းနဲ့ ကရင်နီနယ်တွေကိုပါ တိုင်းကြီးတတိုင်းအဖြစ် အုပ်ချုပ်ရေးမှာထည့်ထားခဲ့ပေမယ့် တကယ်တမ်း ထိထိရောက်ရောက် မအုပ်ချုပ်သိမ်းသွင်းနိုင်ခဲ့ပါဘူး။
နောက်ပီး ၁၃၅ မျိုးဆိုတဲ့ အင်္ဂလိပ်လက်ထက် ၁၉၃၁ မှာ နောက်ဆုံးကောက်ခဲ့တဲ့သန်းခေါင်စာရင်းက လူမျိုးရေတွက်ပုံ မတိကျရောထွေးနေတဲ့စာရင်းကြီးကို ယခုခေတ်ထိ မြန်မာအစိုးရက ဘုရားပေးလို လက်ခံကျင့်သုံးနေတာကလည်း ကိုလိုနီအမွေဆိုးတခုပါ။ ချင်း၊ ကချင်စတဲ့ မျိုးနွယ်စုတခုချင်းလိုက် ရှုပ်ထွေးတဲ့ရေတွက်ပုံစနစ်တွေ လူမျိုးတမျိုးထဲကို မျိုးလောက် ခွဲလိုက်တွဲလိုက် နာမည်ပေါင်းစုံနဲ့ စာရင်းသွင်းထားတာတွေ ဒါတွေဟာ ကိုလိုနီအုပ်ချုပ်ရေးရဲ့ လူမျိုးစနစ်ကိုအသုံးချပီး ခွဲခြားအုပ်ချုပ်တဲ့အကျင့်ရဲ့ ရလဒ်တွေဖြစ်ပါတယ်။ ဒီလိုပဲ အိန္ဒိယမှာလည်း ဇာတ်ခွဲခြားရေးစနစ်ကို ရှေးကထက်ပိုခိုင်မာအောင် ပြင်းထန်လာအောင် ဗြိတိသျှအာဏာပိုင်များက အားပေးအားမြှောက်လုပ်ပီး လူမျိုးချင်းမစည်းရုံးမိအောင် ခွဲခြားဖိနှိပ်ခဲ့ပါတယ်။ နယ်ခြားအုပ်ချုပ်ရေးအရလည်း တောင်တန်းဒေသတွေမှာ မြန်မာနိုင်ငံရေးသမားတွေ ထိုးဖောက်လို့မရပါဘူး။
အလားတူပဲ မြန်မာပြည်တိုင်းရင်းသားအချင်းချင်းကြားမှာ ခရစ်ယာန်ဘာသာဝင်တွေကို စစ်တပ်ထဲသွင်းတာ ရုံးတွေမှာနေရာပေးတာ စတဲ့ ဘာသာရေးလူမျိုးရေးအလိုက်ခွဲခြားမှုတွေကို ကိုလိုနီအစိုးရက အစီအစဉ်တကျ ကျင့်သုံးခဲ့ပါတယ်။ နောက်ဆုံး အခြားဘာသာပြောင်းသွားတဲ့မြန်မာလူမျိုးတွေနဲ့ ဗုဒ္ဓဘာသာတွေအကြား ဆက်ဆံရေးကျဲသွားတာ တခြားဘာသာဝင်တွေကို အင်္ဂလိပ်လူလို့ ဗုဒ္ဓဘာသာတွေကမြင်လာပီး ဗုဒ္ဓဘာသာအခြေခံ မြန်မာအမျိုးသားရေးလှုပ်ရှားမှုမှာ တခြားဘာသာဝင်နဲ့လူမျိုးခြားတွေ ပူးပေါင်းဆောင်ရွက်မှုမရှိအောင် နယ်ချဲ့လူမှုစနစ်ကသေချာဖန်တီးပေးပါတယ်။ ဒါကြောင့် ဘာသာရေးသည်းခံမှုမှာ ပဒေသရာဇ်ခေတ်လောက်တောင်ခေတ်မမီတဲ့ အယူသည်းအစွန်းရောက်အမြင်တွေ မြန်မာတွေကြားမှာ အမြစ်တွယ်လာပါတယ်။ တခြားလူမျိုးငယ်တွေထဲမှာလည်း သူတို့ရဲ့ လူမျိုးသီးခြားဖြစ်မှုကို လက်ခံတည်ဆောက်လာပီး မြန်မာ၊ အိန္ဒိယ၊ ဗြိတိသျှ လူမျိုးကြီးတွေလူမျိုးဂုဏ်တက်သလို တုဖက်အမောက်ထောင်ကြတဲ့လူမျိုးရေးစိတ်တွေ တိုးပွားဖြစ်ထွန်းလာတာက ကိုလိုနီစနစ်ကို ဖြတ်သန်းခဲ့တဲ့ နိုင်ငံတွေမှာတွေ့ရတဲ့ လူမျိုးစွဲနိုင်ငံရေးရဲ့လက္ခဏာဖြစ်ပါတယ်။
ဥပမာပြရရင် မြန်မာတိုင်းရင်းသားလို့ နိုင်ငံသားဥပဒေအရ သတ်မှတ်ထားတဲ့စာရင်းမှာ မြန်မာအပါအဝင် ၁၃၅ မျိုးဆိုတဲ့ ကိုလိုနီသန်းခေါင်စာရင်းကလူမျိုးစုံပါဝင်ပါတယ်။ သို့သော် ကျန်တဲ့လူမျိုးများကို တိုင်းရင်းသားလို့ မြန်မာလူများစုကရည်ညွှန်းပီး သူတို့ကိုယ်သူတို့ တိုင်းရင်းသားထဲထည့်သွင်းမရေတွက် ကြတာကလည်း မြန်မာ့လူမှုစိတ်ယဉ်ကျေးမှုရဲ့ ထူးခြားချက်တခုပါ။ ဒါပေမဲ့ တရုတ်၊ အိန္ဒိယစတဲ့ တခြားနိုင်ငံတွေမှာ အဓိကလူမျိုးစုဖြစ်တဲ့လူမျိုးကြီးတွေကိုတော့ နိုင်ငံခြားသားဆိုပီး တိုင်းရင်းသားစာရင်း မသွင်းပြန်ပါဘူး။ ဒါကြောင့် မြန်မာနိုင်ငံသား မြန်မာပြည်ထောင်စုသားဆိုတဲ့ နိုင်ငံချစ်စိတ်ကိုဖန်တီးယူရာမှာ မြန်မာလူမျိုးများ မြန်မာအာဏာပိုင်များဟာ လူနည်းစုမျိုးနွယ်စုတွေကို သိမ်းသွင်းနိုင်မှုအားနည်းတယ်လို့ပဲ မြင်ပါတယ်။
(ရေးတာက) ဘိုဘိုလန်းစင်
(လွှင့်တာက) လွတ်လပ်သောအာရှအသံက
(ယူတာက) http://bobolansin.wordpress.com/2011/11/18/my-burma-1/

0 comments:

Post a Comment