ငြိမ်းချမ်းရေးကျောက်စာ(သူရိယမျိုး)အောက်ဖော်ပြပါ မေးခွန်းများကို ရှေးဦးစွာဖြေကြည့်ပါ။
(၁) ငြိမ်းချမ်းရေးဘာကြောင့်အရေးကြီးသနည်း။
(၂) ငြိမ်းချမ်းရေးမရှိလျှင် ဘာတွေဖြစ်လာနိုင်မည်နည်း။
(၃) ထာဝရတည်မြဲသော ငြိမ်းချမ်းရေးကို မည်သို့တည်ဆောက်ကြမည်နည်း..။
မေးခွန်းတို့၏သဘာဝအရ အချို့ပုစ္ဆာများမှာ အဖြေမှန်တစ်မျိုးထဲသာရှိတတ်ပါသည်။ အချို့မေးခွန်းများမှာ အဖြေမှန်တစ်မျိုးမက ရှိနေကြသည်။ အချို့မေးခွန်းများကတော့ နှစ်ပရိစ္ဆေဒကြာသည့်တိုင် အဖြေလုံးဝမရှိ ကြသေးပါ။
ကံကောင်းထောက်မစွာပင် ငြိမ်းချမ်းရေးနှင့်ဆိုင်သောအဆိုပါမေးခွန်းများမှာ အဖြေလုံးဝရှာမရနိုင်သောမေး ခွန်းအုပ်စုထဲတွင် မပါဝင်ပေ။ အဖြေမှန်တစ်မျိုးမကတွက်ဆနိုင်သော မေးခွန်းများထဲတွင်ပါနေသောကြောင့် လူတိုင်းမှာ အဖြေအမျိုးမျိုး ရှိနိုင်ပါသည်။ ထိုအချက်သည်ပင် ငြိမ်းချမ်းရေးတည်ဆောက်ရန်အတွက် မျှော်လင့်ချက်မဆိတ်သုဉ်းခြင်းနှင့် အားသာချက်ရှိနေခြင်းဖြစ်သည်။
ငြိမ်းချမ်းရေး၏ အရေးကြီးဆုံးဝိသေသများသည် ငြိမ်းချမ်းရေးမရှိလျှင်ဖြစ်ပေါ်လာနိုင်သော ပဋိပက္ခများအပေါ် တွင်မူတည်သည်။ ပဋိပက္ခဟုဆိုသောကြောင့် အနုတ်လက္ခဏာသဘောဆောင်သည့်အပြင်၊ ပြဿနာနှင့် အတိဒုက္ခများကိုရည်ညွန်းပါသည်။
အချိန်ကာလနှင့်နေရာဒေသများသာကွဲချင်ကွဲမည်။ ကြုံရတတ်သောပြဿနာနှင့်ဒုက္ခများသာ ခေါင်းစဉ်ပြောင်းချင် ပြောင်းမည်။ ငြိမ်းချမ်းရေးမရှိခြင်းကြောင့် လူသားတို့ခံစားရင်ဆိုင်ရသောဒုက္ခများ၊ မပြေလည်မှုများ၊ ကြေကွဲစရာများ၊ သွေးနှင့်မျက်ရည်တို့၏သမိုင်းများသည် အခြေခံအားဖြင့်ကွာခြားမှုမရှိပါ။
မငြိမ်းချမ်းနိုင်ခြင်းကြောင့် သွေးမြေကျရသော အရှေ့အလယ်ပိုင်းဒေသမှ လူသားတစ်ယောက်၏သွေးတစ် စက်သည် အာဖရိကဒေသတစ်ခု၌ ပြည်တွင်းစစ်ကြောင့်အသက်ပေးခဲ့ရသူတစ်ယောက်၏သွေးနှင့် တန်ဖိုး ချင်းအတူတူပင်ဖြစ်သည်။
လူ့အခွင့်အရေးသည် ကမ္ဘာပေါ်ရှိလူသားတိုင်းအတွက် ညီတူညီမျှဖြစ်သည်ဆိုလျှင်၊ လူ့တန်ဖိုးသည်လည်း ထို့အတူပင်ဖြစ်သည်။ လူသည် ထိုဒုက္ခအ၀၀ကိုခံစားရင်ဆိုင်ရဖို့ ရွေးချယ်ခွင့်နည်းပါးသည့်တိုင် မွေးရာပါ အခွင့်အရေးတစ်ရပ်အနေဖြင့်လက်ခံဖို့ တာဝန်လုံးဝမရှိပါ။ ထို့ကြောင့်ငြိမ်းချမ်းရေးသည် လူတိုင်းအတွက် အရေးပါရခြင်းဖြစ်သည်။
တရုတ်စကားပုံတစ်ခုအရ ငြိမ်းချမ်းရေးအတွက်ချွေးထွက်များထားမှ စစ်ပွဲများတွင်သွေးထွက်နည်းလိမ့်မည် ဟုဆိုသည်။ ဆိုလိုသည်မှာ ငြိမ်းချမ်းရေးရရှိရန် မနေမနားအလုပ်လုပ်လေ စစ်ပွဲများလျော့နည်းချုပ်ငြိမ်း လေဖြစ်သည်။ ငြိမ်းချမ်းရေးအတွက် ဘယ်လောက်ပဲပေးဆပ်ရသည်ဖြစ်စေ ငြိမ်းချမ်းရေးရနိုင်ပြီဆိုလျှင် ပေးဆပ်ရကျိုးနပ်သည်ပင် ဖြစ်သည်။
ဗုဒ္ဓဘာသာသင်ကြားချက်အရ ငြိမ်းချမ်းမှုဆိုသည်မှာ အတွင်းစိတ်သဏ္ဍာန်တို့၏ အေးချမ်းတည်ငြိမ်မှုဖြစ် သည်။ လူတစ်ဦးတစ်ယောက်ချင်းအနေဖြင့် မိမိတို့၏အတွင်းစိတ်ကိုငြိမ်းချမ်းအောင် မတည်ဆောက်နိုင် သရွေ့ပြင်ပငြိမ်းချမ်းရေးလည်းမရနိုင်ဟုဆိုသည်။ ထိုအချက်သည်လက်တွေ့ဘ၀နှင့်လုံးဝထင်ဟပ်သော အမှန်တရားဖြစ်သည်။
ထိုစကားကိုပင် ခေတ်အမြင်ဖြင့်ပြန်လည်ဟောကြားထားသော မြန်မာဘုန်းတော်ကြီး အရှင်ဥာဏိဿရ၏ မိန့်ကြားချက်အား ပြန်လည်ကိုးကားချင်ပါသည်။ ဆရာတော်က စစ်ဆိုသည်မှာ စိတ်ကစသည်တဲ့..။
အမှန်တော့ စစ်ဆိုသည်မှာ လူတွေအကြားကွဲပြားမှုပင်ဖြစ်သည်။ လူတွေကို ကွဲပြားစေသောအရာများထဲ တွင် ဘာသာရေးကိုးကွယ်မှု၊ လူမျိုးရေး၊ အသားအရောင်နှင့် နိုင်ငံရေးယုံကြည်မှုမတူညီကြခြင်းတို့သည် အဓိကနေရာတွင်ရှိသည်။ ထိုကွဲပြားမှုများ ပိုမိုကွာဟလာသည်နှင့် ငြိမ်းချမ်းရေးအစည်းပြေသွားစမြဲဖြစ် သည်။
ထိုကွာဟမှုများကို ရင်ကြားစေ့ပေး၍မရနိုင်တော့ဘူးလားဟု မေးစရာရှိပါသည်။ တရားမျှတမှုကြီးစိုးသော အရပ်ဒေသတိုင်းတွင် အဆိုပါကွဲပြားမှုများရှိနေသည့်တိုင် ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်နိုင်ကြောင်းသက်သေ များရှိပါသည်။ ထို့ကြောင့် ငြိမ်းချမ်းရေး၏အခြားအသွင်လက္ခဏာမှာ မည်သို့မျှမငြင်းနိုင်သော တရားမျှတမှု ဟုလက်ခံထားဖို့လိုအပ်ပါသည်။
ကျွန်တော်တို့သည် တရားမျှတမှုနှင့်ပတ်သက်လာလျှင် အချိုပေါ်သကာလောင်းထားသောစကားလုံးပေါင်း များစွာကို ဖတ်ဖူးကြားထားဖူးပြီးဖြစ်သည်။ ထို့ကြောင့် တရားမျှတမှုအကြောင်းပြောကြတိုင်း အစဉ်အမြဲ လွယ်နေတတ်သလို၊ မကြာခဏလည်း လွဲနေတတ်ပါသည်။ ထိုသို့လွဲနေတတ်သည့်အခါများတွင် အမှန်တရားကို မြတ်နိုးစောင့်သိမှုနှင့်ကိုယ်ချင်းစာတရားများ လက်ကိုင်ထားမှုတို့ ပျေက်ဆုံးနေတတ်ကြောင်း သတိထားမိဖို့လိုအပ်ပါသည်။
ငြိမ်းချမ်းရေးကို ချဉ်းကပ်ဖော်ဆောင်ကြတိုင်း အုပ်စုတစ်စုနှင့်တစ်စု၊ တစ်ဖက်နှင့်တစ်ဖက်ပြန်လည် ရင် ကြားစေ့ရေးကို ရှေးဦးစွာစကြရပါသည်။ ပြန်လည်ရင်ကြားစေ့ရေး(တနည်းအားဖြင့်) ပြန်လည်သင့်မြတ်ရေး အကြောင်းပြောကြသည့်အခါ ဗီယက်နမ်ဘုန်းတော်ကြီး အရှင်တစ်ညန်းဟာ့၏ အဆိုအမိန့်တစ်ခုကို ထောက်ပြလိုပါသည်။
“ပြန်လည်သင့်မြတ်ရေးဆိုတာ နှစ်ဦးနှစ်ဖက်လုံးကိုနားလည်မှုရှိဖို့ပါပဲ၊ အုပ်စုတစ်ဖက်ကိုသွားပြီး၊ အခြားအုပ်စု က ဘယ်လိုဒုက္ခရင်ဆိုင်ခံစားနေရတယ်ဆိုတာကို ပြောပြပါ၊ ပြီးတော့အခြားအုပ်စုဆီ သွားပြီးတော့လည်း ပထမအုပ်စုက ဘယ်လိုဒုက္ခရင်ဆိုင်ခံစားနေရတယ်ဆိုတာကို ပြောပြပေးပါ”…ဟု ဆိုထားပါသည်။
ပြန်လည်သင့်မြတ်ရေးလမ်းကြောင်းဆီသို့သွားကြရတိုင်း ကျွန်တော်တို့ရင်ဆိုင်ရမည့်အခြေခံအကြောင်း တရား တစ်ခုရှိသည်။ လက်ခံဖို့ ခါးသီးကောင်းခါးသီးနိုင်ပါသည်၊ သို့သော် မျက်နှာလွဲ၍မရပါ။
ထိုအချက်မှာ အုပ်စုတစ်စုနှင့်တစ်စုအကြား ဆန့်ကျင်ဖက်အမြင်များကိုင်စွဲထားတတ်ခြင်းနှင့်မိမိတို့ကိုယ်တိုင် ခါးစည်းခံခဲ့ရသော နာကျင်ဖွယ်ရာသမိုင်းကာလများ ရှိနေခြင်းတို့ဖြစ်သည်။ ထိုမျှသာမက တစ်ဖက်နှင့် တစ်ဖက် အပြန်အလှန်လွှဲချလာခဲ့သော ပြစ်တင်မှုများ၊ အမှားများလည်းရှိပါသေးသည်။
ထိုအခြေအနေများကြားမှ ပြန်လည်သင့်မြတ်ရေးကိုဖော်ဆောင်ရသည်မှာ လွန်စွာထိလွယ်ရှလွယ်သောကိစ္စ တစ်ခုဖြစ်သည်။ သေချာသည်မှာ ပြန်လည်သင့်မြတ်ရေးသည် နေ့ချင်းညချင်းဖော်ဆောင်၍ရသောအရာ မဟုတ်သလို၊ လုံးဝအောင်ပွဲမရနိုင်သော ကြိုးပမ်းမှုလည်းမဟုတ်ပါ။
ဗီယက်နမ်ဆရာတော်မိန့်ဆိုသလို အုပ်စုတစ်ဖက်ဆီသွားပြီးချဉ်းကပ်မည်ဆိုလျှင်တော့ စစ်မှန်ရိုးဖြောင့် သောနှလုံးသားရှိဖို့ ပထမအနေဖြင့်လိုအပ်သည်။
ထို့နောက် အပြန်အလှန်အမြင်ချင်းဖလှယ်ကြနိုင်မည့် စေ့စပ်ဆွေးနွေးမှုများကို တည်ဆောက်ကြရပါမည်။ ထိုတွေ့ဆုံဆွေးနွေးမှုများသည် နှစ်ဦးနှစ်ဖက်ကြားတွင် ကာရံထားသောသံသယနှင့်အမြင်မကြည်လင်မှုများ ကိုဖြိုဖျက်ဖို့ ကနဦးနှင့်အရေးကြီးဆုံးသောခြေလှမ်းများလည်းဖြစ်သည်။ ထိုမှတဖန် တွေ့ဆုံဆွေးနွေးခြင်း များမှတဆင့် ပြုပြင်ပြောင်းလဲရေးလုပ်ရန် နှစ်ဖက်လုံးကစိတ်ပါဝင်စားလာသောအခြေအနေမျိုးအထိ အရှိန် အဟုန်မြှင့်ပေးရပါမည်။
ထိုအပြောင်းအလဲဖြစ်ရန်အဓိကမောင်းနှင်အားများမှာ အပြန်အလှန်ဖော်ပြရမည့် နားလည်မှု၊ ခွင့်လွတ်မှုနှင့် ချစ်ခြင်းမေတ္တာတို့ ဖြစ်သည်။ တစ်ယောက်ကိုတစ်ယောက် ခွင့်လွှတ်ခြင်းမရှိဘဲ အမုန်းနှင့်အာဃာတများကို သင်ပုန်းချေဖို့ဆိုသည်မှာ မဖြစ်နိုင်ပါ။ အမှန်တော့ ပြန်လည်သင့်မြတ်ရေးသည် ခွင့်လွှတ်ခြင်းနှင့် သည်းခံရင့် ကျက်ခြင်းတို့၏အနုပညာလည်း ဖြစ်ပါသည်။
အုပ်စုတစ်စုက အခြားအုပ်စုအပေါ်စိတ်စေတနာကောင်းဖြင့် ကိုယ်ချင်းစာစိတ်မွေးနိုင်ပြီဆိုလျှင် (သို့မဟုတ်) ထိုသို့ စိတ်စေတနာကောင်းရှိနေကြောင်း အခြားတစ်ဖက်ကလည်း လက်ခံယုံကြည်လာပြီဆိုလျှင် ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက်ရောင်ခြည် သန်းလာပြီဟုဆိုရပါမည်။ ထိုအဆင့်များတွင် တစ်ဖက်ကို တစ်ဖက်က လျှစ်လျုရှုထားခဲ့မှုတို့ကို ‘အသိအမှတ်ပြုနားလည်မှု’ တို့ဖြင့်အစားထိုးပေးရပါမည်။
ထိုနည်းတူစွာ တကိုယ်ကောင်းဆန်ခဲ့သမျှကို ‘အပြန်အလှန်စိတ်ဝင်စားမှု’ ဖြင့်၎င်း၊ ဖိနှိပ်ချုပ်ချယ်ခဲ့သမျှကို ‘ပူးပေါင်းဆောင်ရွက်ခြင်း’ ဖြင့်၎င်း၊ တာဝန်မဲ့ခဲ့သမျှကို ‘တာဝန်ခံယူခြင်း’ ဖြင့်၎င်း၊ တဖက်သတ်အခွင့်ကောင်း ယူခဲ့သမျှကို ‘အခွင့်အရေးပြန်ပေးခြင်း’ ဖြင့်၎င်း အလဲအလှယ်ပြု၍ပေးဆပ်ကြရပါလိမ့်မည်။ ထိုအချက်သည် ‘လက်နက်နှင့်ငြိမ်းချမ်းရေး လဲလှယ်ခြင်း’ ဆိုသောဖြစ်ရပ်ထက် ပိုပြီးလက်တွေ့ကျပါသည်။
သည်နေရာတွင် ပြန်လည်သင့်မြတ်ရေးအတွက် ဦးစီးဦးဆောင်ပြုနေသူများ၏အခန်းကဏ္ဍမှာ အလွန်အရေး ပါလာသည်။ တနေရာရာတွင် မမျှော်လင့်သောအမှောင့်ပယောဂတစ်ခုခု ပေါ်လာသည်နှင့် ထိုကြိုးပမ်းမှုဖြစ် စဉ်အားလုံးမှာ ရေစုန်မျောသွားရသကဲ့သို့ ဖြစ်လေ့ရှိသည်။ တခါတရံ နောက်တစ်ကြိမ်ထပ်မံကြိုးစားဖို့ အခွင့်အရေးပင်ဆုံးရှုံးသွားလုမတတ် ဖြစ်စေသည်။
ပြဿနာ၏ထုထည်က အမှတ်မထင် ပို၍ကြီးကျယ်နက်ရှိုင်းသွားတတ်သည်လည်းရှိသည်။ ထို့ကြောင့်လည်း ကမ္ဘာပေါ်တွင် မအောင်မြင်နိုင်သေးသော ပြန်လည်သင့်မြတ်ရေးသမိုင်းသင်ခန်းစာများကို ကျွန်တော်တို့ တွေ့နေရခြင်း ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ပြန်လည်သင့်မြတ်ရေးတွေ ကြန့်ကြာနှောင့်နှေးနေသမျှ လူသားတို့ခံစားရင်ဆိုင်နေ ရသော ဒုက္ခအသီးသီးလည်း ပြေလည်ကုန်ပျောက်နိုင်မည်မဟုတ်ပေ။ ထိုဆင်းရဲဒုက္ခများမချုပ်ငြိမ်းသရွေ့၊ အဆိုပါ ဆင်းရဲဒုက္ခစက်ကွင်းကလည်း အခြားငြိမ်းချမ်းရေးရှိသည်ဟု ယူဆရသောနေရာတိုင်းကို ဆက်လက်ခြိမ်းခြောက်နေမည်သာဖြစ်သည်။
ကုလသမဂ္ဂမှအစပြု၍ အရပ်သားတစ်ဦးတစ်ယောက်ချင်းအထိ ငြိမ်းချမ်းရေးကို ကြိုးစားဖော်ဆောင်နေချိန် တွင် ငြိမ်းချမ်းရေး၏စည်းအပြင်ဘက်တွင်နေလိုသူများကိုလည်း ၀မ်းနည်းဖွယ်ရာတွေ့နေရပါသည်။ ထိုသူများအား သဘောထားတင်းမာသူများအဖြစ် ယေဘူယျသတ်မှတ်လေ့ရှိကြသည်။
ထို့ထက်ပိုမိုသော အတွင်းရုပ်သဏ္ဍာန်ကတော့ ထိုအုပ်စုများသည် အပြန်အလှန်ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ရပ်တည်ခြင်းကို ဆန္ဒမရှိသည့်အပြင်၊ သူတို့သွေးဆာသည်မှာ လွတ်လွတ်ကျွတ်ကျွတ်အနိုင်ရစေမည့် တစ်ဖက်သတ်အောင်ပွဲပင်ဖြစ်သည်။
သို့သော် သူတို့မေ့လျော့ထားသည်မှာ ပြန်လည်သင့်မြတ်ရေးတွင်၎င်း၊ ငြိမ်းချမ်းရေးတွင်၎င်း ဘက်တစ်ဘက် ထဲက လွတ်လွတ်ကျွတ်ကျွတ်အနိုင်ရသွားသည်မျိုးလုံးဝမရှိခြင်းဖြစ်သည်။ ထိုအစား အဆုံးသတ်၌ သူ့ဘက် ကိုယ့်ဘက် အရှုံးကို ကိုယ်စီကိုယ်ငှ မျှဝေရင်ဆိုင်ရသည်သာရှိပါသည်။
လူငယ်တစ်ယောက်က ပြောဖူးသည်။ ငြိမ်းချမ်းရေးစာချုပ်များအကြောင်းနှင့်ပတ်သက်၍ ငြိမ်းချမ်းရေး အတွက် စာချုပ်ချုပ်ဆိုထားခြင်းမှာ လိုအပ်ကောင်းသောအရာမှဟုတ်ပါလေစဟု သူ တွေးမိပါသည်တဲ့။ စာချုပ်ချုပ်ထားမှ ထိုငြိမ်းချမ်းရေးခိုင်မြဲမည်လား။ စာချုပ်မပါဘဲ တစ်ဦးနှင့်တစ်ဦး၊ တစ်ဖက်နှင့်တစ်ဖက် ချစ်ခင်ငြိမ်းချမ်းစွာနေ၍ မရတော့ပြီလားဟုလည်း ဆက်လက်စူးစမ်းပြန်သည်။
အမှန်တော့ ငြိမ်းချမ်းရေးစာချုပ်ဆိုသည်မှာ သဘောတရားအရဖြစ်စေ၊ လက်တွေ့ကျသောချဉ်းကပ်မှု အရဖြစ်စေ လိုအပ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် လူတို့၏ပြောင်းလဲဖောက်ပြန်တတ်သောအပြုအမူနှင့် စိတ်နေစိတ်ထားများကြောင့်ဖြစ်သည်။ သို့သော် စာချုပ်အားကိုးဖြင့် မလွဲမရှောင်သာငြိမ်းချမ်းနေရသော အဖြစ်မှာ အနှစ်သာရမရှိသလို အန္တရာယ်လည်းများပါသည်။
အမှန်တော့ ငြိမ်းချမ်းရေးစာချုပ်သည် ချုပ်နှောင်မှုတစ်ခုမဟုတ်ပါ။ အာမခံချက်ရှိသောလွတ်လပ်မှုသာဖြစ် စေရပါမည်။ စာချုပ်ပေါ်တွင်လက်မှတ်ရေးထိုးလိုက်ခြင်းသည် ဂုဏ်သိက္ခာအရဖြစ်စေ၊ ကျင့်ဝတ်အရဖြစ်စေ မိမိဘက်မှ ကတိက၀တ်တည်မြဲမှုကို အခိုင်အမာသက်သေပြုခြင်းမှအပ အခြားအဓိပ္ပါယ်မသက်ရောက်စေ သင့်ပါ။
ငြိမ်းချမ်းရေးအသီးအပွင့်များဖြစ်ထွန်းလာသည်နှင့် ထိုစာချုပ်စက္ကူများသည် မြေသြဇာများအဖြစ် အသွင်ပြောင်းသွားပြီး၊ စာချုပ်ပါအချက်အလက်များသည် နှလုံးသားထဲတွင်ကမ္ပည်းထိုးထားသလို အဓွန့ှ်ရှည် ခိုင်မြဲသွားစမြဲ ဖြစ်ပါသည်။
သူရိယမျိုး
(ယူတာကဒီနေရာ) http://www.maukkha.org/index.php/book-store/essay-maukkha/1815-maukkha-peace-stone
0 comments:
Post a Comment