Friday, February 17, 2012

ဒို့ဗမာ (ဘိုဘိုလန်းစင်) ဆောင်းပါး(၂)

0 comments

(ဒို့ဗမာ ၂)My Burma by ဘိုဘိုလန်းစင်(မူရင်းသတ်ပုံနှင့်ဝါကျအတိုင်း)
သောတရှင်များခင်ဗျား အရင်ပတ်ကစခဲ့တဲ့ တိုင်းရင်းသားနဲ့နိုင်ငံအရေးကိစ္စကို ဆက်ပြောပါ့မယ်။ မြန်မာမင်းနိုင်ငံက လက်ရှိမြန်မာပြည်ထောင်စုရဲ့အမြုတေ ဆိုတော့ အဲဒိဘုရင်နိုင်ငံကရော အခုခေတ် နိုင်ငံစံနှုန်းတွေနဲ့ကြည့်ရင် ဘာကွာခြားပါလဲ။ တည်ငြိမ်တဲ့နယ်နိမိတ်နဲ့ပြည်သူ၊ အခွန်ကောက်ခံပုံ၊ စာသင်ကျောင်းသင်ရိုး စတဲ့ တပြေးညီအုပ်ချုပ်ရေးစနစ်တွေရှိပီလားဆိုရင် မရှိသေးဘူးပြောရပါမယ်။
ဒုတိယနောက်ဆုံးဘုရင် မင်းတုန်းမင်းခေတ်ကစတဲ့ အခွန်ကောက်ခံပုံစနစ်သစ်က အရင် မြို့စားရွာစားစနစ်ကိုပျက်ပြားစေပီး အခြေမခိုင်သေးတာမို့ အခွန်လစ်ဟင်းမှုတွေရှိခဲ့တဲ့အတွက် မအောင်မြင်ဘူးလို့ ပြောရပါမယ်။ တနည်း မြန်မာမင်းနိုင်ငံသားတွေဟာ အစိုးရနဲ့ အမြဲတိုက်ရိုက်ထိတွေ့လိုတဲ့ဆန္ဒမရှိဘူး၊ မြို့ရွာအကြီး အကဲထက်ပိုပီး သူတို့စိတ်ထဲမှာမြင်မထားနိုင်သေးဘူးလို့ ဆိုပရစေ။ ဒီတော့ ဗဟိုအစိုးရခိုင်ခိုင်မာမာမရှိသေးချိန်ပါ။
နယ်စပ်က ပဒေသရာဇ်နဲ့ပြည်သူတွေဟာလည်း နီးရာ အင်အားကြီးတဲ့ပဒေသရာဇ်ကြီးတွေကို အခွန်ဆက်နေရတာမို့ ဖက်အခွန်ဆက်ရတဲ့စော်ဘွားနယ်တွေ တရုတ်-မြန်မာ-ထိုင်း နယ်စပ်တွေမှာ အများကြီးပါ။ သီပေါမင်းခေတ်မှာဆိုရင် မိုးခေါင်တဲ့အငတ်ဘေးကြောင့် ခိုးသားဓမြထူတဲ့အတွက် အစိုးရအာဏာစက်ဟာ မန္တလေးမြို့ရိုးအပြင်မှာ မြစ်ကြောင်းတလျှောက် မီးသင်္ဘောခုတ်နိုင်သလောက်ပဲ ရှိပါတယ်။ ကျန်တာက မြို့ဝန်တွေထိန်းထားနိုင်တဲ့ အာဏာစွမ်းလောက်ရှိပါတယ်။ ရှမ်းပဒေသရာဇ်တွေ ဟာလည်း အရိုက်အရာဆက်ခံရေးအရှုပ်အထွေးတွေကြောင့် ဗမာဘုရင်ကို ထောင်ထားခြားနားနေကြတာပါ။
တကယ်က ဗမာမင်းနဲ့တောင်တန်းသားတွေအကြားမှာ တနှစ်တခါ အခွန်ပဏ္ဏာအဖြစ် ရွှေပန်းခိုင်၊ ငွေပန်းခိုင် ကြံ့ချို၊ သစ်ခွပန်း၊ အင်တွဲပွဲညက်ဆိုတာတွေ ဆက်သရတာလောက်ပဲ အထိအစပ်ရှိပါတယ်။ ကျန်တာတော့ နေပြည်တော်မှာ ဓားစာခံသဘောမျိုး သူတို့သားမြေးတွေကိုလွှတ်ထားရတာနဲ့ သမီးကညာဆက်တာ၊ စစ်သားလိုရင် စုပေးရတာလောက်ပါပဲ။ အင်္ဂလိပ်ခေတ်မှာပေါ်တဲ့ ခွဲခြားအုပ်ချုပ်ရေးဆိုတာ ဗမာဘုရင်ခေတ် ကလည်း သိပ်မထူးပါဘူး။ အဓိကက အုပ်ချုပ်ရေးစရိတ်အရ ဘယ်လိုမှမကိုက်လို့ပါပဲ။
နောက် တောင်ပေါ်သားတွေဟာ စရိုက်အရ အအုပ်စိုးမခံလိုတဲ့သဘောရှိလို့ လှည့်ပြောင်းကျက်စားတဲ့ ဘဝဓလေ့လည်းရှိပါတယ်။ ဒီသဘောတရားကို မကြာခင်က ယေးလ်တက္ကသိုလ်က ပါမောက္ခဂျိမ်းစ်စကော့ ရေးသားတဲ့ The Art of Being Not Governed အနိုင်မခံခြင်းဆိုတဲ့စာအုပ်မှာ အသေးစိတ်ဖော်ပြထားပါ တယ်။ ဦးရွှေရိုးလို့လည်းလူသိတဲ့ ပါမောက္ခစကော့က အရှေ့တောင်အာရှကုန်းမြေပိုင်းနိုင်ငံတွေနဲ့ တရုတ်နိုင်ငံ၊ အိန္ဒိယတို့မှာနေထိုင်ကြတဲ့ တောင်တန်းဒေသကြီးက သန်းနဲ့ချီတဲ့လူမျိုးစုတွေဟာ မြေပြန့်ကလာရောက်တိုက်ခိုက်အုပ်စိုးသူတွေကိုရှောင်တဲ့အနေနဲ့ အထက်တက်ပြေးသူတွေ၊ အောက်ကနေ အပေါ်ပြေးလာသူတွေစုပီး လူမျိုးတွေစုံလာတာဖြစ်တယ်၊ သူတို့ဟာ ကိုလိုနီအုပ်စိုးသူတွေသာမက ခုချိန်ထိ ခေတ်ပေါ်အစိုးရနိုင်ငံတွေကို သူတို့တတ်နိုင်သလောက် ဆန့်ကျင်တွန်းလှန်နေဆဲပဲလို့ သုံးသပ်ပြထားတဲ့ အတွက် ဒီစာအုပ်ဟာ နိုင်ငံရေးသိပ္ပံလေ့လာရေးနယ်မှာ အထူးထင်ရှားနေပါတယ်။ ဆရာစကော့က တရုတ်ပြည်က နာမည်ကျော်မဟာတံတိုင်းကြီးကိုတောင် အခွန်ရှောင်ချင်လို့ထွက်ပြေးတဲ့ တရုတ်လယ်သမားတွေကို တားဆီးတဲ့အနေနဲ့ဆောက်တာလို့ အစဉ်အလာအရလက်ခံထားတဲ့ လူရိုင်းတွေရန်ကကာကွယ်ဖို့ ဆောက်ထားတာဆိုတဲ့အမြင်ကို မေးခွန်းထုတ်ပါတယ်။
ဒီလိုဆို ကျနော်တို့ဆီက အနော်ရထာစောတည်ခဲ့တဲ့ ထောင်ပြု၊ ရာပြု၊ ဆယ်ပြုဆိုတဲ့ ရှမ်းပြည်စပ်က ခံမြို့တွေကရော ရှမ်းယွန်းတို့ မရောစိမ့်သောငှာဆိုတဲ့ ရာဇဝင်ကြီးတွေလာစကားအတိုင်းဆောက်တာ ဟုတ်ရဲ့လား၊ မြေပြန့်ကဗမာနဲ့ စကြော၊ မွန်စတဲ့တိုင်းရင်းသားတွေထွက်မပြေးအောင် ဆောက်တာလားလို့ စဉ်းစားစရာရှိလာပါတယ်။
တကယ်က ပဒေသရာဇ်တွေရဲ့နယ်ချဲ့စစ်တွေဟာ ပြည်တွင်းဝမ်းစာဖူလုံရေးအတွက် လယ်စိုက်ဖို့လိုတဲ့လူကို ဖြည့်တင်းတဲ့အနေနဲ့ ပြည်နီးဝန်းကျင်ကလူတွေကို လိုက်ဖမ်းသိမ်းသွင်းခေါ်လာတာပဲ ဖြစ်ပါတယ်။ မြန်မာပြည် အလယ်ပိုင်း ကျောက်ဆည် ရွှေဘိုစတဲ့ရေသွင်းစိုက်နယ်တွေမှာ အစဉ်အဆက်နေခဲ့ကြသူတွေထဲမှာ ညောင်ရမ်းခေတ်က စစ်ရှုံးတဲ့ပေါ်တူဂီဘုရင်ဂျီတွေ၊ ကုန်းဘောင်ခေတ်မှာ စစ်ပွဲကသိမ်းလာတဲ့ ယိုးဒယား လောခေါ်တဲ့ လင်းဇင်း ဇင်းမယ်သားအဆက်အနွယ်တွေအများကြီးရှိပါတယ်။
အလားတူပဲ တောင်ပေါ်သားတွေက မြေပြန့်သားတွေကို ကျွန်ပြုဘို့ဖမ်းခေါ်သွားတာ ရောင်းစားတာတွေလည်း အင်္ဂလိပ်ခေတ် ၂၀ ရာစုဦးအထိ ရှိနေပါတယ်။ သူတို့ရဲ့ ရည်ရွယ်ရင်းက သူတို့ကိုလာတိုက်မယ့် မြေပြန့်ကမြို့ရွာတွေကိုပျက်စီးအောင်လုပ်ဖို့၊ ပီးတော့ သူတို့အတွက်လိုတဲ့ ကျွန်ဦးရေရဘို့ပဲဖြစ်ပါတယ်။ ယောနဲ့ ချင်းတောင်အစပ်၊ ကရင်နီနယ်နဲ့ နီးတဲ့မြေပြန့်တွေမှာ လူဖမ်းတဲ့ပုံပြင်တွေ ရှေးစကားမှတ်တမ်းတွေ ပေါပါတယ်။
ရှေ့တပတ်ဆက်ပါမယ်။
(ရေးတာက) ဘိုဘိုလန်းစင်
(လွှင့်တာက) လွတ်လပ်သောအာရှအသံက
(ယူတာက) http://bobolansin.wordpress.com/2011/11/18/my-burma-1/

0 comments:

Post a Comment