Tuesday, April 3, 2012

ထောင်သောင်းမြောက်များ မျိုးဆက်ပွားသော်(တာကောဒီ)

0 comments
သရုပ်ဖော် ကိုထိုက်
ဂုဏ်ရောင်ထွန်းပြောင်သည့် အလုပ်သမားလူတန်းစားက တိုက်ပွဲအောင်လံကို မြင့်မြင့်မားမားလွှင့်ထူကာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (..) အစိုးရ၏ ဓားမိုးအုပ်စိုးမှုအောက်တွင် ကုန်ဈေးနှုန်းကြီးမြင့်မှု၊ ၀င်ငွေထွက်ငွေ မမျှတမှုဒဏ်ကိုလည်စင်းခံနေရသည့်အလုပ်သမားများသည် ဆန်ဈေးနှုန်း တဟုန်ထိုးတက်လာသည့်အခါ မခံမရပ်နိုင်ဖြစ်ကာ သေမထူးနေမထူးဘ၀ဖြင့် သပိတ်တိုက်ပွဲဆင်ကြတော့သည်။
၁၉၇၄ မေလတွင် မြစ်ငယ်မီးရထားစက်ရုံနှင့် မန္တလေးမြို့ပေါ်ရှိစက်ရုံအလုပ်ရုံအချို့မှစလိုက်သောသပိတ်ကြီးသည် ချောက်ရေနံမြေသို့ကူးစက်သွားပြီး၊ ဇွန်လဆန်းရောက်သည့်အခါ ရန်ကုန်ရှိ အစိုးရစက်ရုံအလုပ်ရုံကြီးများပါ သပိတ်ထဲပါလာသည်။ ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားများနှင့်ပြည်သူများကလည်း အလုပ်သမားသပိတ်ကြီးကိုထောက်ခံကာ ပူးပေါင်းဆန္ဒပြကြသည်။ ရန်ကုန် အုတ်ကျင်းဂုံနီစက်ရုံအလုပ်သမားကြီးတဦးက "နွားမွေးရင်၊ မြက်ကြွေး၊ လူမွေးလျင် ဆန်ပေး" ဟု မိန့်ခွန်းပြောသည်။ သပိတ်၏ အစဦးကာလတွင်
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် အောင်ပါစေ
ဗိုလ်ချုပ်ကြီးနေ၀င်း သက်တော်ရာကျော်ရှည်ပါစေ
ဟု ကြွေးကြော်ခဲ့ကြသော်လည်း နောက်ပိုင်းတွင် ကြွေးကြော်သံများက နိုင်ငံရေးသဘောဆောင်လာသည်။
" စစ်အစိုးရ..ကျဆုံးပါစေ
”မ.. တပါတီ အာဏာရှင်စံနစ်ကျဆုံးပါစေ"
 အလုပ်သမားသပိတ်ကြီးအပေါ် လူထုထောက်ခံမှုမှာလည်း တရှိန်ထိုးကြီးထွားလာသည်။ ထိုအချိန် တွင် ကျနော်တို့တသိုက်သည်လည်း ဗမာပြည်ကွန်မြူနစ်ပါတီ (ဗ၊က၊ပ (သို့) B.C.P) မှ မြေပေါ်လှုပ်ရှားမှုများ တွင် ခေါင်းဆောင်ပါဝင်နေသူ ကျောင်းဆရာကိုဇော်ဝင်းနှင့် အဆက်အသွယ်ရပေပြီ။
ကိုဇောင်ဝင်းသည် မော်လမြိုင်ကောလိပ်သပိတ်မှောက်ကျောင်းသားခေါင်းဆောင်တဦး ဖြစ်ခဲ့ သည်။ သူသည်မန္တလေးမြို့အနီးရှိ ပုသိမ်ကြီးမြို့ကလေးတွင် ကျောင်းဆရာလုပ်နေရင်း ပုသိမ်ကြီးမြို့နယ် ပြည်သူ့တရားသူကြီးအဖွဲ့၏ အချိန်ပိုင်းတရားသူကြီးတဦးအဖြစ်လည်း ဆောင်ရွက်နေသည်။ .. ပါတီ ကေဒါတဦးအဖြစ်ထင်ရှားစွာနေရင်း B.C.P မြေအောက်လုပ်ငန်းများကို လျှို့ဝှက်စွာခေါင်းဆောင်နေ သည်။ ၁၉၇၈ ယူဂျီလုပ်ငန်းများတိုက်ခိုက်ခံရသည့်အခါ သူသည် တောခိုသွားခဲ့ပြီး လက်နက်ကိုင်တိုက်ပွဲတွင် ကျဆုံးခဲ့ရပါသည်။ ကျနော်တို့သည် ကျောင်းသားကလာပ်စည်းတခုအဖြစ် "တောမီး" သဘောတရားရေးရာ ဂျာနယ်၊ မီတာ ၆၀ မှ အသံလွှင့်သည့် .က. ဗဟိုကော်မတီ၏ကြွေးကြော်သံ "ဗမာပြည် ပြည်သူ့အသံ" အရေးကြီးသည့်စစ်သတင်းများနှင့် ဆောင်းပါးများကိုပြန်ရိုက်သည့် "ကြယ်နီ" စစ်သတင်းလွှာနှင့် "ကြယ်နီ" စာစောင်တို့ကို လေ့လာရသည်။
ထိုအချိန်တွင် .. အစိုးရက ရန်ကုန်တိုင်းတွင် စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်လိုက်သည်။ .က. ဗဟိုကော်မတီက ကြေညာချက်ထုတ်ကာ အလုပ်သမားသပိတ်ကြီးကိုထောက်ခံသည်။ နောက်ဆုံး တွင် .. အစိုးရက အလုပ်သမားသပိတ်ကြီးကို ရက်ရက်စက်စက်ပစ်ခတ်သတ်ဖြတ်ကာ နှိမ်နင်းလိုက် သည်။ ဆင်မလိုက်သဘောင်္ကျင်းအလုပ်သမားများမှာ အထိခိုက်အကျဆုံး အများဆုံးဖြစ်သည်။ ထိုစဉ်က အလုပ်သမားသပိတ်ကြီးကိုဦးစီးနှိမ်နင်းခဲ့သူမှာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးတင်ဦး (ယခု NLD ဒုတိယဥက္ကဌ ဦးတင်ဦး) ဖြစ်သည်။ ဤအလုပ်သမားသပိတ်ကြီး .. အစိုးရ၏ ဆိုရှယ်လစ်အရေခွံကို ဆွဲခွါချလိုက်သည်။ ပြည်သူတို့၏ နာကျည်းမုန်းတီမှုများမှာလည်း ဒီရေအလား။ အလုပ်သမားအများအပြား အဖမ်းခံရကြရပြီး နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံရသည်။ အလုပ်သမားအရေးအခင်းနှင့်ပါတ်သက်၍ မိန့်ကြားသော မြန်မာဆိုရှယ်လစ်ခေါင်းဆောင်ကြီး ဥက္ကဌကြီးဦးနေဝင်း၏မိန့်ခွန်းမှာလည်း မေရီမင်တွိုင်းနက် မိန့်ခွန်း၏ပေါင်မုန့်မစားရရင် ကိတ်မုန့်စားပေါ့ ဟူသည့်စကားကဲ့သို့ပင် သမိုင်းတွင်ကျန်ရစ်ပါသည်။ ဥက္ကဌကြီးက အလုပ်သမားများသည် ထမင်း တဇွန်း၊ နှစ်ဇွန်း မစားရသည်နှင့်ပင် မကျေနပ်ကြကြောင်း ဆန်မစားရပါက ပြောင်းစားနိုင်သည်၊ ဂျုံစားနိုင်သည်ဟု မိန့်မှာတော်မူခဲ့ပါသည်။
အလုပ်သမား အရေးအခင်း အပြီး အကြာတွင် ဒီဇင်ဘာလတွင် ဦးသန့်ဈာပနအရေးအခင်းကြီး ပေါ်ပေါက်လာသည်။ မြန်မာနိုင်ငံသို့ ပြန်ရောက်လာသော ကုလအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏ရုပ်ကလာပ်ကို အညတြဈာပနကဲ့သို့ လမ်းဘေးတွင် ကနဖျင်းထိုးကာထားသည်။ ကြက်ခြေနီအစောင့်အရှောက်သာ ရှိသည်။ ရုပ်ကလာပ်ကို လေယာဉ်ကွင်းတွင်ကြိုဆိုသော ပညာရေးဒုဝန်ကြီး ဦးအောင်ထွန်းကိုလည်း ရာထူးမှဖြုတ်ပစ်သည်။ ဦးသန့်၏ဈာပန ပို့ဆောင်သည့် ၅.၁၂.၁၉၇၄ နေ့တွင် ကျိုက္ကဆံကွင်းရှိရုပ်အလောင်းကို ကျောင်းသားများနှင့်သံဃာတော်များကလုယူပြီး ဈာပနကော်မတီဖွဲ့စည်းကာ ရန်ကုန်တက္ကသိုလ်သို့ သယ်ဆောင်သွားကြသည်။ သမဂ္ဂအဆောက်အဦးဟောင်းနေရာတွင် ဂူသွင်းမြှပ်နှံလိုက်ကြသည်။
ဤသို့ဖြင့် ရန်ကုန်တက္ကသိုလ်ပရဝုဏ်တွင် သံဃာတော်များ၊ ကျောင်းသားများနှင့်ပြည်သူများ သောင်းနှင့်ချီ၍ စုရုံးကာ .. အစိုးရဆန့်ကျင်သည့်ဆန္ဒပြပွဲများ၊ တရားပွဲများကျင်းပကြသည်။ .. အစိုးရက ဒီဇင်ဘာ (၁၁) ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်ကို စစ်အင်အားဖြင့်ဝင်ရောက်စီးနင်းကာ နှိမ်နင်း သည်။ သံဃာတော်များ အပါအဝင် ပြည်သူ (၇၀၀၀) ကျော်ခန့်အဖမ်းခံကြရသည်။ ကျောင်းသားများ၏ တိုက်ပွဲဝင်စိတ်ဓါတ်မှာလည်း အမြင့်မားဆုံးသို့ရောက်လာသည်။
ဤအခြေအနေကို အမိအရဆုပ်ကိုင်ကာ ၁၉၇၅ ကျောင်းများပြန်ဖွင့်လာသည့်အခါ တက္ကသိုလ်ပေါင်းစုံရှိကျောင်းသားလှုပ်ရှားမှုများကို အရှိန်အဟုန်တိုးမြှင့်ရန်နှင့် တပေါင်းတစည်းတည်း ရှိစေရန်ကြိုးစားသည့်အနေဖြင့် မုန်တိုင်းဂျာနယ် အတွဲ () ကို ရန်ကုန်စက်မှုတက္ကသိုလ်တွင်ရိုက်နှိပ်ကာ တနိုင်ငံလုံးရှိ တက္ကသိုလ်၊ ကောလိပ်အသီးသီးသို့ဖြန့်ချိရန် ကျနော်တို့ပြင်ဆင်ကြသည်။ ထို ၇၀ ခုနှစ်များတွင် ရှေ့ဆောင်တပ်ဦးဖြစ်သော မိုးဝေစာပေမဂ္ဂဇင်းတွင် စာရေးဆရာနတ်နွယ်က လူငယ်များကြည်ညိုလေးစား သည့် စာရေးဆရာကြီး ဒဂုန်တာရာကိုတိုက်ခိုက်သည့်ဆောင်းပါးများရေးသားလာသည့်အခါ လူငယ်ကဗျာဆရာနှင့်စာရေးဆရာများက မိုးဝေစာပေမဂ္ဂဇင်းကို သပိတ်မှောက်ထွက်ခွါသွားကြသည်။ သူတို့၏ကဗျာများကို စာကူးစက်ဖြင့်ရိုက်နှိပ်ဖြန့်ချီရာမှ လက်ကမ်းကဗျာစာအုပ်ယဉ်ကျေးမှုကြီး တနိုင်ငံလုံးသို့ အလျင်အမြန်ပျံ့နှံ့ သွားသည်။ တက္ကသိုလ်အသီးသီး မြို့အသီးသီးရှိ စာပေအင်အားစုများသည် မိမိတို့၏ အနုပညာလက်ရာများကို စာကူးစက်ဖြင့် အကုန်အကျနည်းနည်း၊ အလွယ်တကူရိုက်နှိပ်ကာ လွတ်လွတ်လပ်လပ်ဖြန့်ချိကြသည်။ တနိုင်ငံလုံးတွင် အုပ်စုမျိုးစုံ၏  အရောင်အသွေးစုံကဗျာစာအုပ်များ ပလူပျံအောင်ထွက်လာသည်။ တက္ကသိုလ်တခုနှင့်တခု မြို့တမြို့နှင့်တမြို့ သူ့စာအုပ် ကိုယ်ဖြန့်၊ ကိုယ့်စာအုပ် သူဖြန့်ကာ အလွယ်တကူပင် ချိတ်ဆက်လာနိုင်ကြသည်။
ကျနော်တို့ခေတ်ကြီး၏ ကျောင်းသားလှုပ်ရှားမှုဗဟိုချက်မမှာ ရန်ကုန်စက်မှုတက္ကသိုလ်ဖြစ်သည်။ စာပေယဉ်ကျေးမှု လှုပ်ရှားမှုအစဉ်အလာကြီးသည်။ ကျနော့်တို့ခေတ်က တက္ကသိုလ်နှစ်လည်မဂ္ဂဇင်းများတွင် စက်မှုတက္ကသိုလ်မဂ္ဂဇင်း၊ ဆေးတက္ကသိုလ်()မဂ္ဂဇင်း၊ ပညာရေးတက္ကသိုလ်မဂ္ဂဇင်းတို့မှာ ဂုဏ်သိက္ခာရှိသည်။ စက်မှုတက္ကသိုလ်တွင်ထူးခြားချက်မှာ ကာတွန်းဆရာ၊ ကဗျာဆရာများ အများအပြားရှိခြင်းနှင့် "စက်မှုသတင်းစဉ်ရှိနေခြင်းပင်။ စက်မှုသတင်းစဉ်အယ်ဒီတာများလည်းဖြစ် ကဗျာဆရာများလည်းဖြစ်သော မောင်စိုးစံ၊ မောင်မှိုင်းလွင်(အင်းဝ)တို့နှင့် ကဗျာစာအုပ်ကိစ္စနှင့်ပင် ဆုံစည်းခဲ့ကြခြင်းဖြစ်သည်။ သူတို့ထုတ်ဝေ သည့် "အပြာရောင်မီးတောက်" "နေ့စွဲကျော် ဒိုင်ယာရီစာမျက်နှာများ"တို့ကို ကျနော်တို့က မန္တလေး တက္ကသိုလ်များတွင်ဖြန့်ချိပေးပြီး။ ကျနော်တို့၏ "လွင်ပြင်ရဲ့အဆုံးမဲ့"ကဗျာစာအုပ်ကို သူတို့က ဖြန့်ချိပေးခဲ့သည်။ ကျနော်တို့အားလုံးသည် မော်စီတုံးအတွေးအခေါ်ကိုလက်ခံကာ B.C.P ကို မူအရထောက်ခံသူများ ဖြစ်ကြသည်။ ကျနော်တို့ခေတ်က စကားဝိုင်းတဝိုင်းလောက်ဖွဲ့လိုက်၍ စာပေအနုပညာအယူအဆအရ ယင်အန်စာပေအနုပညာမိန့်ခွန်းကို လက်ခံသည်ဆိုလျင် ဗမာပြည်လူ့အဖွဲ့အစည်း၏ လူတန်းစားလက္ခဏာချက်မှာ ကိုလိုနီတပိုင်းပဒေသရာဇ်တပိုင်း ဖြစ်သည်ဟုသဘောတူလျင် ဤသူမှာ ပါတီကောက်ခံသူ (Party sympathizers) ဖြစ်သည်ဟု အလွယ်တကူကောက်ချက်ချနိုင်သည်။ ယုံယုံကြည်ကြည်လက်တွဲ အလုပ်လုပ်နိုင်ပြီ။ စာပေကိစ္စများ အတူလက်တွဲလုပ်ကိုင်ရင်း တယောက်တယောက် ပိုယုံကြည်စိတ်ချလာလျင် နိုင်ငံရေး ကိစ္စများပါညှိနှိုင်းလို့ရပြီ။
မုန်တိုင်းဂျာနယ် ()တွင်  ကိုကျော်ဝင်း၊ မောင်စိုးစံ၊ တင်မောင်သန်း၊ တင်မိုးမြိုင်၊ ကျနော်နှင့်အခြား ကဗျာဆရာများပါဝင်သည်။ ကျနော်တို့က စာပေအနုပညာ အားကောင်းကောင်းဖြင့် နိုင်ငံရေးသရုပ်သကန်များကို ဖော်ကြူးကြရန်ဖြစ်သည်။ ဂျာနယ်တွင် ကဗျာ၊ ဝတ္ထု၊ ဆောင်းပါး၊ ဂီတ၊ ဇာတ်သဘင်၊ ဝေဖန်ချက်၊ ဘာသာပြန်များ ပါဝင်သည်။ နိုင်ငံရေးအကဲဖြတ်ချက်များကို နိုင်ငံတကာအခြေအနေများဖြင့်သာ သွယ်ဝိုက်သုံးသပ်သည်။ ဂျာနယ်၏အဖုံးကို ပုံနှိပ်သည်။ အရွယ်မှာ chinese literature စာအုပ်အရွယ် ဖြစ်သည်။ အတွင်းစာသားများကို မောင်စိုးစံက Wax ပေါ်တွင် ရေးသည်။ သူ့လက်ရေးများမှာ ပုံနှိပ်စာလုံးသဖွယ် တိကျ ညီညာပြီး ပုံသွက်သည်။ အတွင်းအဖုံးတွင် ဆရာတင်မိုး၏
”မှုံမှုံဆန်ဆန်
သူပုန်ကန်သည်
တော်လှန်ရေးသမား လေမုန်တိုင်း..”
ဟူသည့် ကဗျာတိုလေး ဖော်ပြထားသည်။ နိုင်ငံတကာအခြေအနေမှာ ဗီယက်နမ်စစ်ကြီး အရှိန်အဟုန်ပြင်းထန်ကာ ရုပ်သေးတပ်များနှင့်အမေရိကန်တပ်များ အရှုံးကြီးရှုံးနေချိန် ကားစီးယပ်စ်ကလေး၊ ဂျိန်းဖွန်ဒါ၊ ဖရင့်ဆင်နာထရာ စသည့် ကမ္ဘာကျော်အားကစားသမား ရုပ်ရှင်ပညာသည်များ၏ အသားအရောင်ခွဲခြားမှုနှင့်စစ်ဆန့်ကျင်ရေးလှုပ်ရှားမှုကြီး တခြိမ့်ခြိမ့်သဲကြီးထွားနေချိန် ကမ္ဘာတဝှမ်းလုံးတွင် အမေရိကန်နယ်ချဲ့ ဆန့်ကျင်ရေးစိတ်ဓာတ်ဒီရေ အမြင့်မားဆုံးအချိန် အရှေ့တောင်အာရှတခွင်တွင် ကွန်မြူနစ်ပါတီများ၏ လက်နက်ကိုင်တိုက်ပွဲများနှင့် မြို့ပေါ်ဒီမိုကရေစီလှုပ်ရှားမှုကြီးများကြောင့် "ဒိုမီနို" သီအိုရီ ကြောက်လန့်တကြား ပေါ်ပေါက်လာချိန်။
          ပြည်တွင်းတွင်လည်း ၁၉၇၃ ဖွဲ့စည်းပုံအခြေခံဥပဒေကိုအကြောင်းပြု၍ ကိုကိုးကျွန်းမှ နိုင်ငံရေးအကျဉ်းသားများ ပြန်လည်လွတ်မြောက်လာကြသည်။ သူတို့ ပြန်လည်ရောက်ရှိလာသည့်အခါ ကိုကိုးကျွန်းဖျက်သိမ်းရေး အစာငတ်ခံတိုက်ပွဲဆင်နွဲရင်း ရန်သူကိုအနိုင်တိုက်ကာ အသက်စွန့်သွားသည့် .က. မှ ရဲဘော်များ၏ "ကျွန်းတိုက်ပွဲ"သတင်းမှာ တနိုင်ငံလုံးသို့ တောမီးပမာပျံ့နှံ့သွားသည်။ ကျဆုံးသွားသော သူရဲကောင်း () ဦးအနက်မှ မန္တလေးတက္ကသိုလ်ကျောင်းသား ကဗျာဆရာ ကိုလေးမောင်က သေအံ့မူးမူး အချိန်တွင် နောက်ဆုံးရေးသားခဲ့သည့်

(တော်လှန်ရေးသမား)
"ငါ့သွေးတစက်
ငါ့သက်တချောင်း
ငါ့အလောင်းမှ
ထောင်သောင်းမြောက်များ
မျိုးဆက်ပွါးသော်
ငါကားမသေနိုင်ပြီတည်း.."

ဟူသည့် ကဗျာတိုလေးကို လက်ရေးဖြင့်ကူးယူးပြီး အကြီးအကျယ်ဖြန့်ချိကြသည်။ ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ မြန်မာနိုင်ငံကို ဆိုရှယ်လစ်နိုင်ငံအဖြစ် မျက်နှာဖုံးစွပ်လိုက်ခြင်းကိုအခွင့်ကောင်းယူ၍ လက်ဝဲစာပေများ လှိုင်လှိုင်ကြီးထွက်ပေါ်လာသည်။ အဂ္ဂါစနိုး၏ စာအုပ်များ၊ မော်စီတုံး လက်ရွေးစင်ကျမ်း၊ လူရွှန်းလက်ရွေးစင်ကျမ်း၊ ဘာသာပြန်များ၊ မတ်ဝါဒနှင့် မတ်ဘောဂဗေဒဆိုင်ရာ၊ စာအုပ်စာတမ်းများ အမြောက်အများ ထုတ်ဝေကြသည်။ တရုတ်ပြည်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီဝင်များဖြစ်သော "ချောအိမာန်"နှင့် ဝမ်ရှိုဟိုးတို့၏ဘဝကိုရေးဖွဲ့ထားသည့် "အလံမလှဲစတမ်း"နှင့်မိုးမသောက်မီ”(Before the Dawn) တို့မှာ ကျနော်တို့၏အသည်းစွဲစာအုပ်များ ဖြစ်ကြပါသည်။ အရှေ့မြောက်စစ်ဒေသတွင် ကြူကုတ်ပန်ဆိုင်းတိုက်ပွဲ၊ ကွမ်လုံရက် (၄၀)တိုက်ပွဲတို့ဖြင့် ကွန်မြူနစ်ပါတီတပ်များနှင့် .. တပ်များ အကြီးအကျယ်တိုက်ပွဲဆင်နေကြချိန် ဖြစ်ပါသည်။ ပါတီကောင်စီနှင့်သတင်းစာများတွင် တိုင်းပြည်က ဖွံ့ဖြိုးတိုးတက်နေသော်လည်း ပြည်သူလူထုကြီးမှာ .. အုပ်ချုပ်မှုအောက်တွင် တရက်ထက်တရက် အကျပ်အတည်းတွေ့ကာ ငတ်မွတ်ဆင်းရဲနေကြရပါသည်။
၁၉၇၅ စာသင်နှစ်အတွက် ကျောင်းများ ပြန်လည်ဖွင့်လှစ်လိုက်သည့်အခါ၊ ၁၉၇၄ ဒီဇင်ဘာ ဦးသန့် အရေးအခင်းမှအဖြစ်အပျက်များမှာ ပြောမဆုံးနိုင်အောင်ရှိကြသည်။ တက္ကသိုလ်စာသင်ခန်းများထဲမှ အလောင်းများတွေ့ရသည်ဟူသော ကောလဟာလနှင့် "ကျောပေါက်ကြီး" ပုံပြင်မှာလည်း အထိတ်တလန့် ရေပန်းစားလာသည်။ ဦးသန့်အုတ်ဂူအနီးတွင် လှံစွပ်ဖြင့်ထိုးသတ်ခံရသည့် ကျောပေါက်နေသော ကျောင်းသားတစ္ဆေက ကျောင်းသားများအတွင်းရောနှောသွားလာနေပြီး၊ ညနေကျောင်းဆင်းချိန် လူရှင်းသည့်အခါ သူ၏ ကျောပေါက်ကြီးကို လှည့်ပြတတ်သည်ဟူသော ကြေကွဲဘွယ်တစ္ဆေပုံပြင်က တနိုင်ငံလုံးပျံ့နှံ့နေသည်။ ထိုအချိန်တွင် မည်သည့်ရွှေဥာဏ်ရှင်က အကြံပေးလိုက်သည်မသိ။ .. ဗဟိုကော်မတီဝင်များသည် မြန်မာတနိုင်ငံလုံးရှိ တက္ကသိုလ်ကောလိပ်ပေါင်းစုံသို့လှည့်လည်ကာ ဦးသန့်အရေးအခင်းတွင် သွေးမြေကျမှုမရှိခဲ့ကြောင်း လိုက်လံရှင်းလင်းကြသည်။ R.I.T တွင် ဗိုလ်မှူးကြီးလှဟန်စီးလာသောကားကို ကျောင်းသားအုပ်ကြီးက ဝိုင်းဝန်းပိတ်ဆို့ထားသည့် ကျောင်းသားများကြားမှ ဆရာများက တွဲထုတ်သွားရသည်။ ဤအဖြစ်အပျက်များက ကျောင်းသားများ၏မကျေနပ်မှုများကို ဓါတ်ဆီလောင်းပေးလိုက်သလို ဖြစ်လာသည်။ ၁၉၇၅ ဇွန် ()ရက်နေ့တွင် အလုပ်သမားသပိတ်မှောက်မည့်သတင်းမှာ ပျံ့နှံ့နေသည်။ ကျောင်းသားအင်အားစု အသီးသီးကလည်း လှုံ့ဆော်နေကြသည်။
မန္တလေးတက္ကသိုလ်တွင် ဇွန်လဆန်းမှစတင်၍ အဖမ်းခံ ကျောင်းသား၊ အလုပ်သမား၊ သံဃာတော်များပြန်လွှတ်ပေးရေးနှင့် ကျောင်းသားသမဂ္ဂဖွဲ့စည်းခွင့်ရရေးအတွက် ဆန္ဒပြကြရန် သဘောတူမတူ တက္ကသိုလ်အဆောင်များတွင် လျှို့ဝှက်စည်းဝေးကာမဲခွဲကြသည်။ မန္တလေးတက္ကသိုလ်၊ စိုက်ပျိုးရေးတက္ကသိုလ်နှင့် မန္တလေးဆေးတက္ကသိုလ် အဆောင်များအားလုံးတွင် သပိတ်မှောက်မည့်အဆိုမှာ ရှုံ့းသည်။ သို့ရာတွင် မဲအရေအတွက်ကမပြတ်သဖြင့် အခြေအနေသိပ်မဆိုးလှ။
ဇွန် () ရက်နေ့ ရောက်သည့်အခါ ရန်ကုန်ရှိ စက်ရုံအလုပ်ရုံများနှင့် တက္ကသိုလ်များအားလုံး သပိတ်မှောက်ကြသည်။ မင်္ဂလာဒုံတပ်မြို့ရှိ ဆေးတက္ကသိုလ် ()မှကျောင်းသားများပင် သပိတ်မှောက် စီတန်းလှည့်လည်ကာ မြို့တွင်းရှိကျောင်းသားများနှင့်ပူးပေါင်းသည်။ ကျောင်းသားများသည် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမကိုသိမ်းပိုက်ကာ သပိတ်စခန်းဖွင့်သည်။ ကြေငြာချက်များထုတ်ပြန်ရာတွင် ဗမာပြည် ပြည်သူ့အသံမှသီချင်းများကို ရိုက်နှိပ်ဖြန့်ချီသည်။ ဘွဲ့နှင်းသဘင်ခန်းမတွင် Long Live B.C.P ဟူသည့် နဖူးစည်း စာတန်းကြီးချိတ်ဆွဲထားသည်။ ကျောင်းသားများသည် မြို့တော်ခန်းမကိုဝိုင်းကာ နေဝင်း၊ စန်းယု အလောင်းကောင် မီးရှို့ပွဲများလုပ်ကြသည်။ အင်းစိန်တောင်ကြီးကို သွားဝိုင်းကြသည်။ B.C.P ဗဟိုကော်မတီက ကြေငြာချက်ထုတ်ပြန်ကာ ကျောင်းသားများနှင့်အလုပ်သမားများ၏သပိတ်ကို ထောက်ခံသည်။ .. နေ့စဉ်သတင်းစာများက ဤကြေငြာချက်ကို ထည့်သွင်းဖော်ပြကြသည်။
မန္တလေးတက္ကသိုလ်တွင်ကား ..၇၅ နေ့ သပိတ်မှောက်ရန်ကြိုးပမ်းမှုသည် မအောင်မြင်။ ကျောင်းအာဏာပိုင်များက ထိုက်ရက်တွင်ပင် Private Study ရက်အဖြစ်သတ်မှတ်ကာ ကျောင်းပိတ်လိုက် သည်။ ရန်ကုန်တက္ကသိုလ်ကျောင်းသားများ ရွှေတိဂုံကုန်းတော်ပေါ်တွင်သပိတ်စခန်းဖွင့်စဉ် စစ်တပ်နှင့်ဝိုင်းပိတ်ခံရချိန်တွင်ကား မန္တလေးတက္ကသိုလ်ရှိကျောင်းသားများမှာမခံမရပ်နိုင်ဖြစ်ကာ ရှိသည့်အင်အားနှင့် သပိတ်မှောက်ရန်စီစဉ်ကြတော့သည်။ ..၇၅ ခုနှစ် နံနက် () နာရီခန့်အချိန်တွင် မန္တလေးတက္ကသိုလ် ပင်မအဆောက်အဦးကြီး၏မျက်နှာစာ မြောက်ဘက်လှေကားတွင် ကျောင်းသား ၁၀၀ ကျော် စုဝေးရောက်ရှိ လာကြသည်။ နောက် လက်ခုပ်များတပြိုင်နက်တီးကာ ကျောင်းသူကျောင်းသားများကို တပ်လှန့်လိုက်သည်။ လက်ခုပ်သံများစဲသွားသောအခါ ကျောင်းသားတဦးက လှေကားအပေါ်ဆုံးထစ်သို့ တက်လိုက်ပြီး "ရဲဘော်တို့ ..ရန်ကုန်မှာ ဒို့ရဲ့ညီအစ်ကို ညီအမ ကျောင်းသူကျောင်းသားတွေ ရွှေတိဂုံဘုရားပေါ်မှာဝိုင်းခံထားရပြီ။ မကြာခင် သွေးမြေကျတော့မယ်။ ကျုပ်တို့ ဒီတိုင်းကြည့်နေကြတော့မှာလား" ဟု အော်ဟစ်လိုက်ရာ အားလုံးတိတ်ဆိတ်သွားသည်။ နောက် ကျောင်းသားတဦးက "နေဝင်း၊ စန်းယု စစ်အစိုးရ။ ကျဆုံးပါစေ" "ကျောင်းသားသမဂ္ဂဖွဲ့စည်းရေး ဒို့အရေး" ဟု ကြွေးကြော်သံတိုင်လိုက်ရာ ကျောင်းသားကျောင်းသူ အများအပြားစုဝေးရောက်ရှိ လာကြပါတော့သည်။
တာကောဒီ
(ယူတာကဒီနေရာကပါ) http://www.kaungkin.com/index.php?option=com_content&view=article&id=750:article&catid=35:2009-04-17-01-29-53&Itemid=61

0 comments:

Post a Comment