ကဗျာနွေဦးတော်လှန်ရေး ခေတ်ပြိုင်ကဗျာနိဒါန်း (လွန်းဆက်နိုးမြတ်)
နှစ်သစ်တစ်နှစ် ကူးပြောင်းလာပြန်ပြီပေါ့။ ကျန်ခဲ့တဲ့ တစ်နှစ်တာ ကာလအတွင်းမှာ ကဗျာရေစီးကြောင်းအပြောင်းအလဲတွေကို များစွာ ကြုံလာရပြန်ပြီပေါ့။ ဘယ်ပုံဘယ်နည်း ပြောင်းလဲမှုတွေကြုံလာရသလဲ ဆန်းစစ်ကြည့်မိရပြန်ပြီပေါ့။ ကုန်လွန်ခဲ့တဲ့နှစ်ကာလများမှာ ကဗျာရွက်ဟောင်းတွေကြွေပြီးနောက် ရောက်လာမယ့် နှစ်သစ်တွေမှာ ကဗျာရွက်သစ်တွေ ဝေပြန်ပြီပေါ့။ ဝေရ ဦးမှာပေါ့။
မနှစ်က ကုန်လွန်ခဲ့တဲ့မဂ္ဂဇင်းစာမျက်နှာများပေါ်မှာ ထုံးစံအတိုင်း ပင်မရေစီး ခေတ်ပေါ်ကဗျာတွေကိုပဲ အတွေ့များခဲ့ပါတယ်။ နိုင်ငံရေးအပြောင်းအလဲပေါ်မူတည်ပြီး ခေတ်ပေါ်ကဗျာဟာ ဧရာဝတီမြစ်ဆုံဆည်စီမံကိန်းဆန့်ကျင်ရေးလို ယုံကြည်ချက်အကျဉ်းသားလွတ်မြောက်ရေးလို ၀ါဒရေးရာဦးစားပေးမှုတွေအောက်မှာ အရောင်ပိုမှိန် သွားခဲ့ရတယ်။ အခြေအနေအချိန်အခါအရ ဒေါ်အောင်ဆန်းစုကြည်လို ကိုမင်းကိုနိုင်လို ပြည်သူချစ်နိုင်ငံရေး သမားတွေကိုယ်တိုင် ကဗျာတွေရေးသားပြီး ပြည်သူကို အမျိုးသားရေးစိတ်ဓာတ်အရှိန်မြှင့်တင်ပေးတာကို တွေ့ခဲ့ရတယ်။ ဒီလို ပြည်သူချစ်နိုင်ငံရေးသမားတွေအနေနဲ့ ၀ါဒရေးရာကဗျာတွေရေးတာဟာ လုပ်သင့်လုပ်ထိုက်တဲ့ကိစ္စ။ ကြိုဆိုရမယ့် ကိစ္စ။ အားပေးရမယ်။ ကဗျာလောကအတွက်လည်း ဂုဏ်ယူရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနိုင်ငံရေးသမားတွေလိုလည်း နိုင်ငံရေးကိုဟုတ်ဟုတ်ငြားငြားလုပ်ခဲ့တာမျိုးမရှိ၊ ကဗျာဆိုင်ရာဖန်တီးမှုမှာလည်း ထွန်းထွန်းပေါက်ပေါက်မဟုတ်တဲ့လူ အတော်များများဟာ ၀ါဒရေးရာကဗျာတွေနင်းကန်ရေးပြီး မဂ္ဂဇင်းစာမျက်နှာတွေကို ဖြုန်းတီးပစ်ခဲ့ကြပါတယ်။ ၀ါဒရေးရာကဗျာတွေကိုရေးသားတဲ့ ကဗျာဆရာ/မတွေထဲမှာ စစ်မှန်တဲ့ယုံကြည်ချက်နဲ့ရေးသားသူတွေရှိသလို မဂ္ဂဇင်းစာမျက်နှာပေါ်မှာပါရဖို့အတွက်အဓိကထား ရေးသူတွေလည်းရှိနေတယ်။ ခေတ်ပေါ်ကဗျာမှာ နေရာမရခဲ့တဲ့သူတစ်ချို့ဟာ ၀ါဒရေးရာကဗျာတွေမှာတော့ ဟုတ်လှပြီအထင်နဲ့ လှိမ့်ရေးကြပါတော့တယ်။ ဒါပေမယ့်လည်း ကဗျာဆိုင်ရာအရည်အသွေးလည်း မပြည့်မှီ၊ အမျိုးသားရေးစိတ်ဓာတ်လည်း မနိုးကြားတဲ့ကဗျာတွေပဲ ဖြစ်လာပါတော့တယ်။ မဂ္ဂဇင်းတချို့ကလည်း ၀ါဒရေးရာကဗျာတွေကို အမျိုးသားရေးလှုပ်ရှားမှုလှိုင်းတစ်ခုလိုသဘောထားပြီး စိစစ်မှုမရှိဘဲဗုန်းပေါလအော ဖော်ပြပေးနေတာကြောင့်လည်း ပါပါတယ်။ လက်ရှိ နိုင်ငံရေးဂယက်တွေကြောင့် ၀ါဒရေးရာကဗျာတွေ အားကောင်းလာတာဟာ ဖြစ်သင့်ဖြစ်ထိုက်တာမှန်ပေမယ့် အနုပညာဟာ နိုင်ငံရေးလက်အောက်ခံ မဟုတ်ကြောင်းကိုတော့ ကွဲပြားစေလိုပါတယ်။
ဝါဒရေးရာဦးစားပေးမဟုတ်တဲ့ အခြား မဂ္ဂဇင်းစာမျက်နှာတွေပေါ်က ကဗျာတွေဖက်ဦးလှည့်လိုက်ပြန်တော့လည်း ဆိုခဲ့ပြီးသလို အများစုဟာ ပင်မရေစီးခေတ်ပေါ်ကဗျာတွေပဲ ဖြစ်နေပြန်ပါတယ်။ ပြောရရင် ဒီကာလတွေမှာဖတ်ရှုခဲ့ရတဲ့ကဗျာတွေဟာ တစ်ဖက်မှာ ၀ါဒရေးရာဇောင်းပေးထားတဲ့ကဗျာတွေ၊ နောက်တစ်ဖက်ကျတော့ နှစ်၄၀ ကျော်ကြာတွေ့မြင်ပြီးဖြစ်တဲ့ ပင်မရေစီးခေတ်ပေါ်ကဗျာတွေဆိုပြီး အကြမ်းဖျဉ်း နှစ်မျိုးတွေ့ရတယ်လို့တောင်ပြောရမလိုပါပဲ။ ဒီအထဲမှာမှ ရှားရှားပါးပါး မဂ္ဂဇင်းစာမျက်နှာပေါ်ရောက်ရှိလာပြီး ခေတ်ပြိုင်ကဗျာဖြစ်နေတဲ့ကဗျာတစ်ချို့ ဖတ်ရှုခွင့်ရခဲ့ပေမယ့် အချိုးအစားအရတော့ အလွန်ပဲနည်းပါးနေသေးပါတယ်။ ဒါပေမယ့် ခေတ်ပြိုင်ကဗျာ(ဟန်) အတွေ့များတဲ့ အွန်လိုင်းပေါ်ကကဗျာတွေကတော့ အရှိန်အဟုန်ပြင်းပြင်း လွတ်လွတ်လပ်လပ်စီးမျောနေခဲ့တာဟာ ကဗျာလောကသားတွေအတွက် ကံကောင်းထောက်မမှုတစ်ခုလို့ ဆိုချင်ဆိုနိုင်ပါတယ်။
အွန်လိုင်းကဗျာလို့ဆိုရာမှာ အင်တာနက်မီဒီယာရဲ့လွတ်လပ်ခွင့်ကို အပြည့်အ၀အသုံးချပြီး ဖန်တီးရေးဖွဲ့ ထုတ်လုပ်ထားတဲ့ အစဉ်အလာနဲ့ခေတ်ပေါ်ရေးဟန်ကနေခွဲထွက်လာတဲ့ ဘယ်ကဗျာအမျိုးအစားမဆို အကျုံးဝင်ပါတယ်။ တစ်နည်းအားဖြင့် ဒီကဗျာတွေကို ခေတ်ပြိုင်ကဗျာတွေလို့လည်း ခေါ်ဆိုနိုင်မယ်ထင်ပါ တယ်။ (အွန်လိုင်းပေါ်မှာရေးမှ ခေတ်ပြိုင်ကဗျာဖြစ်တာမျိုးကို ဆိုလိုခြင်းမဟုတ်ပါ။ အွန်လိုင်းပေါ်မှာရေးနေတဲ့ အစဉ်အလာ၊ ခေတ်ပေါ်ကဗျာတွေကို ခေတ်ပြိုင်ဟုမသတ်မှတ်ပါ။ အစဉ်အလာ၊ ခေတ်ပေါ်ရေးဟန်များနဲ့ကွဲပြားတဲ့ ခေတ်ပြိုင်ကဗျာအရေးအသားတွေ အားကောင်းဖြစ်ထွန်းနေတဲ့ အွန်လိုင်းမီဒီယာကို ယေဘုယျ ဥပမာပေးတင်ပြခြင်းမျှသာ ဖြစ်ပါတယ်။) ဒီနေရာမှာ ခေတ်ပြိုင်ကဗျာရဲ့အဓိပ္ပါယ်နဲ့ပတ်သက်ပြီး ပြောစရာရှိလာပါတယ်။ တကယ်တော့ Contemporary Poetry ရဲ့ အဓိပ္ပါယ်ဟာ ခေတ်ပြိုင်ကဗျာဆိုတဲ့ အသုံးအနှုန်းနဲ့တောင် မလုံလောက်နိုင်ပါ။ ခေတ်ပြိုင်ကဗျာဆိုတဲ့ စကားစုထက်လည်း အများကြီးကျယ်ဝန်းနက်ရှိုင်းပါတယ်။ ဖမ်းဆုပ်ရလည်း အင်မတန်ခက်ခဲပြီး တရားသေပြောဖို့ရန် မလွယ်ကူလှပါ။ ဒါပေမယ့်လည်း ဒီဆောင်းပါးမှာတော့ ခေတ်ပြိုင်ကဗျာကို ဂန္တ၀င်၊ ခေတ်စမ်း၊ စာပေသစ်၊ မိုးဝေ၊ ခေတ်ပေါ်စတဲ့ ခေတ်အဆက်ဆက်ကဗျာဗေဒများနဲ့ အလုံးစုံခြားနားတဲ့၊ မတူညီတဲ့ အခြားမည့်သည့်ကဗျာဗေဒကိုမဆို ခေတ်ပြိုင်လို့သတ်မှတ်တယ်ဆိုတဲ့အမြင်နဲ့ ချဉ်းကပ်မှာဖြစ်ပါတယ်။ ဒီအမြင်ကို ဆရာသစ္စာနီရဲ့ “မျက်မှောက်ခေတ် မြန်မာကဗျာရေစီးသစ်”၊ “ကျွန်တော့်ကို မထင်မှတ်ဘဲ ရှော့ခ် ဖြစ်သွားစေသော” (စရဏ၊ နိုဝင်ဘာ၊၂၀၁၁)နဲ့ ဆရာ ဇေယျာလင်းရဲ့ “ခေတ်ပြိုင်ကဗျာရဲ့ပုံသဏ္ဍာန်” (ကဗျာ ဘ၀ရှာတော်ပုံ)၊“`ကဗျာဆိုတာဘာ …´ နဲ့ ဆက်လက် စဉ်းစားစရာများ”(K0NT3MP03TRY)နဲ့ အခြား ကဗျာဗေဒတွေကနေ အခြေပြုဆောက်တည်ယူပါတယ်။ စိတ်ကူးချိုချိုကထုတ်တဲ့ ဆရာငြိဏ်းဝေရဲ့ ကွန်ဆက်ချူရယ်ကဗျာဗေဒနဲ့ ခေတ်ပြိုင်ကဗျာဆရာ စာအုပ်ငယ် လေးမှာလည်း ခေတ်ပြိုင်ကဗျာဗေဒအကြောင်းကို အတော်ကျယ်ကျယ်ပြန့်ပြန့်ရေးသားထားတာ တွေ့နိုင်ပါတယ်။ (ဒီဆောင်းပါး လက်စသတ်နေစဉ်အတွင်းမှာပဲ အသစ်စက်စက်ထွက်ရှိလာတဲ့ ဆရာ ဇေယျာလင်းရဲ့ “ဖြစ်နိုင်ချေရှိသော ခေတ်ပြိုင်မြန်မာကဗျာ အလားအလာများ” စာအုပ်မှာလည်း ခေတ်ပြိုင်ကဗျာဗေဒအကြောင်းကို တစ်ဝကြီး လေ့လာနိုင်ပါသေးတယ်) ခေတ်ပြိုင်နဲ့ခေတ်ပေါ်ကိုမကွဲပြားဘဲ အဓိပ္ပါယ်အတူတူလို့သတ်မှတ်ထားကြတဲ့ ကဗျာရေးသူတချို့လည်း ရှိပါတယ်။ ခေတ်ပေါ်ကဗျာတွေ အားကောင်းနေစဉ်ကတည်းကရေပန်းစားတဲ့ ခေတ်ပေါ်အာရုံခံစားမှုကို တချို့က ခေတ်ပြိုင်အာရုံခံစားမှုနဲ့ အဓိပ္ပါယ်တူတယ်လို့ယူဆကြရာကနေ နားလည်မှုစလွဲတယ်လို့မြင်ပါတယ်။ အမှန်တော့ ဒီကိစ္စကို ဆရာသစ္စာနီက ၁၉၉၅၊ အောက်တိုဘာလ၊ ရနံ့သစ်မဂ္ဂဇင်းမှာဖော်ပြခဲ့တဲ့ “မော်ဒန်ရှင်းတမ်း” ဆောင်းပါးမှာကတည်းက ခွဲခြားပြပြီးဖြစ်ပါတယ်။ ဒါ့အပြင် ခေတ်ပေါ်အာရုံခံစားမှုနဲ့ပတ်သက်ပြီး ဆရာဇေယျာလင်းကလည်း “ခေတ်ပေါ်အာရုံခံစားမှု” (ကဗျာဘ၀ ရှာတော်ပုံ)နဲ့ ကဗျာနဲ့နိုင်ငံရေး(၂၀၁၂၊ ဖေဖော်ဝါရီ၊ လှိုင်းသစ်)တို့မှာ ဆန်းစစ်ထားတာတွေ ရှိပါတယ်။
ခေတ်ပြိုင်မြန်မာကဗျာ ဖြစ်ထွန်းပေါ်ပေါက်လာပုံကို ဆက်လက်ဆွေးနွေးကြည့်လိုပါတယ်။ နှစ်ကာလသက်တမ်းရှည်ကြာနေတဲ့ ခေတ်ပေါ်ကဗျာရဲ့အရေးအဖွဲ့တွေအပေါ် အီအိုင်လာ/မေးခွန်းထုတ်လာတဲ့ ကဗျာရေးသူတချို့ဟာ ခေတ်ပေါ်ကဗျာအစား အခြားကဗျာတွေကို လွတ်လပ်စွာစမ်းသပ်ရေးသားလာကြတာ အားလုံးအသိပဲ ဖြစ်မှာပါ။ ခေတ်ပြိုင်ကဗျာနိဒါန်း စတင်ပြီလို့ဆိုကြပါစို့။
“၂၁ရာစု မြန်မာခေတ်ပြိုင်ကဗျာလောကဟာ အထင်ကရ ခေတ်ပေါ် ကဗျာဆရာမောင်ချောနွယ် ကွယ်လွန်ခြင်းနဲ့ စခဲ့ပါတယ်”
အထက်ပါစာကြောင်းဟာ ကဗျာဆရာမိုးဝေးရဲ့ သူပဲအကြမ်းသူပဲအချော ကဗျာစာအုပ်မှာပါရှိတဲ့ ဆရာ ဇေယျာလင်းရဲ့အမှာစာ ဖွင့်ဖွင့်ချင်းစာကြောင်းဖြစ်ပါတယ်။ ဒါဟာ မြန်မာပြည်ရဲ့ခေတ်ပြိုင်ကဗျာလောကစတင်ခြင်း တရားဝင်မှတ်တမ်းများ ဖြစ်မလားမသိပါ။ မဟုတ်ရင်လည်း တရားမ၀င်တဲ့ တရားဝင်မှတ်တမ်းအနေနဲ့ရော သတ်မှတ်နိုင်မလားမသိပါ။ အဆိုပါစာကြောင်းအရ ခေတ်ပေါ်ကဗျာဆရာ မောင်ချောနွယ်ကွယ်လွန်ခြင်းနဲ့စခဲ့တယ်ဆိုတော့ မောင်ချောနွယ်ကွယ်လွန်ခဲ့တဲ့ ၂၀၀၂ခုနှစ်ကနေ ခေတ်ပြိုင်ကဗျာဟာစတင်တယ်လို့ ဆရာဇေယျာလင်းက သတ်မှတ်လိုပုံပေါ်ပါတယ်။ ဒီအဆိုကြောင့် ဂန္တ၀င်၊ ခေတ်စမ်း၊ စာပေသစ်၊ မိုးဝေ(၀ါ) အစဉ်အလာနဲ့ခေတ်ပေါ်ရေးဟန်ကနေ ခွဲထွက်လာတဲ့ ခေတ်ပြိုင်ကဗျာအရေးအသားတွေဟာ မြန်မာကဗျာလောကထဲကို ခေတ်ပေါ်ကဗျာဆရာမောင်ချောနွယ်ကွယ်လွန်တဲ့ ၂၀၀၂ ခုနှစ်မှာ ရောက်ရှိနေပြီလားဆိုတာကို ပြန်ဆန်းစစ်ကြည့်မိပြန်ပါတယ်။ ၂၀၀၂ခုနှစ်နဲ့ မရှေးမနှောင်း ၂၀၀၄-၅ခုနှစ် တွေမှာအစပြုခဲ့တဲ့ (ဒီ့ထက်လည်း စောနိုင်ပါသေးတယ်) ဆရာဇေယျာလင်း ဦးဆောင်တဲ့ LP ဆိုင်ရာ ကဗျာဗေဒလှုပ်ရှားမှုတွေနဲ့ ဆရာငြိဏ်းဝေရဲ့ Conceptual ကဗျာအရေးအသားတွေကို ကြည့်မယ်ဆိုရင် ခေတ်ပြိုင်ကဗျာဟာ ခေတ်ပေါ်ကဗျာဆရာ မောင်ချောနွယ်ကွယ်လွန်ခြင်းနဲ့ စတင်ခဲ့တယ်လို့ဆိုရမှာပါပဲ။ ဆိုနိုင်တာပါပဲ။
LP ကဗျာဗေဒဟာ အစဉ်အလာနဲ့ခေတ်ပေါ်ကဗျာဗေဒတွေနဲ့ သိသိသာသာကွဲပြားခဲ့ပါတယ်။ အလားတူပဲ ဆရာငြိဏ်းဝေ စိုက်လိုက်မတ်တပ်လုပ်ဆောင်နေတဲ့ Conceptual ကဗျာဗေဒတွေဟာလည်း အစဉ်အလာနဲ့ ခေတ်ပေါ်ကဗျာဗေဒတွေနဲ့ ခြားနားပါတယ်။ တစ်နည်းအားဖြင့် ဒါတွေဟာ ခေတ်ပြိုင်ကဗျာအရေးအသားတွေ ပါပဲ။ LP နဲ့ Conceptual ကဗျာဗေဒတွေတင်မကဘဲ အစဉ်အလာနဲ့ခေတ်ပေါ်ကဗျာဗေဒတွေနဲ့ ကွဲပြားခြား နားတဲ့ မြောက်မြားလှစွာတဲ့ အခြားကဗျာဗေဒတွေ အခြားကဗျာအရေးအသားတွေကိုလည်း ခေတ်ပြိုင်လို့ ယူဆရမှာ ဖြစ်ပါတယ်။ Experimental Poetry၊ LANGUAGE Poetry ၊ Post LANGUAGE Poetry၊ Conceptual Poetry၊ Flarf Poetry၊ Cyber Poetry၊ Visual Poetry၊ Talk Poetry၊ Hybrid Poetry၊ Identity Poetry၊ Anti-Poetry၊ Digital Poetry စသဖြင့် အစဉ်အလာနဲ့ခေတ်ပေါ်ကဗျာဗေဒတွေနဲ့ သိသာကွဲလွဲနေတဲ့ ခေတ်ပြိုင်ကဗျာအရေးအသားတွေအားလုံး အကျုံးဝင်ပါတယ်။ အစပိုင်းမှာတော့ ခေတ်ပြိုင်ကဗျာရေးသားသူတွေဟာ တစ်ယောက်စနှစ်ယောက်စမျှလောက်ပါပဲ။ နောက်တော့ တစ်ဖွဲ့စနှစ်ဖွဲ့စဖြစ်လာတယ်။ အွန်လိုင်းမီဒီယာကိုအသုံးချသွားနိုင်တဲ့နောက်ပိုင်းမှာကျတော့ ခေတ်ပြိုင်ကဗျရေးသားသူတွေဟာ အုံနဲ့ကျင်းနဲ့ထွက်ပေါ် လာကြပါတယ်။
ဘ၀င်မကျဖြစ်မယ်ဆိုရင် ဖြစ်စရာကောင်းတာတစ်ခုက အွန်လိုင်းပေါ်မှာ ခေတ်ပြိုင်ကဗျာတွေ အားကောင်းနေပေမယ့် မဂ္ဂဇင်းစာမျက်နှာပေါ်မှာကျတော့ ခေတ်ပြိုင်ကဗျာဟာ အင်မတန် အားနည်းနေသေးတဲ့ ကိစ္စပါပဲ။ ၁၉၇၀ ကနေ စတင်ရေတွက်ကြည့်မယ်ဆိုရင် နှစ် ၄၀ကျော်သက်တမ်းနဲ့ ရပ်တည်ခဲ့တဲ့ ပင်မရေစီးခေတ်ပေါ်ကဗျာဟာ ဂုဏ်ယူတတ်မယ်ဆိုရင် ဂုဏ်တောင်ယူရဦးမှာပါ။ ခေတ်ပေါ်ကဗျာဟာ အဲသလို သက်တမ်းရှည်သလောက် ခေတ်ပြိုင်ကဗျာကတော့ ခေတ်ပေါ်ရဲ့သုံးပုံတစ်ပုံလောက်တောင် မဂ္ဂဇင်းစာမျက်နှာပေါ်မှာ နေရာမရ ဖြစ်နေတာကို တွေ့ရပါတယ်။ ဘာကြောင့်ပါလဲ။ ဒီလိုမေးလိုက်လို့ ခေတ်ပြိုင်ဟာ ခေတ်ပေါ်ရဲ့နေရာကို လုယူတွန်းဖယ်ရန် ရည်ရွယ်ရင်းမဟုတ်ပါ။ တကယ်တမ်း မဂ္ဂဇင်းစာမျက်နှာပေါ် ခေတ်ပြိုင်ကဗျာများရောက်ရှိခြင်း မရောက်ရှိခြင်းဟာ အရေးမှ မကြီးတာပဲ။ ခေတ်ပြိုင်ကဗျာကို နေရာမပေးလည်း ခေတ်ပြိုင်ကဗျာကတော့ သူ့တန်ဖိုးအတိုင်း နေရာတစ်ခုမှာ ဆက်လက်ရပ်တည်နေမှာပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ခေတ်ပေါ် ကဗျာရဲ့ကဗျာဖြစ်မှုကို အသိအမှတ်ပြုသလို ခေတ်ပြိုင်ကဗျာရဲ့ကဗျာဖြစ်မှုကိုလည်း အသိအမှတ်ပြုသင့်တယ်လို့ မြင်မိပါတယ်။
ဒီနေရာမှာ မဂ္ဂဇင်းအယ်ဒီတာတွေရဲ့အခန်းကဏ္ဍကို မထည့်မဖြစ် ထည့်ပြောလိုပါတယ်။ ခေတ်ပြိုင်ကဗျာတွေ ဘာကြောင့် မဂ္ဂဇင်းစာမျက်နှာတွေပေါ် မရောက်ရှိနိုင်သလဲဆိုတဲ့ အဓိကအကြောင်းရင်းအတော်များများဟာ အယ်ဒီတာတွေနဲ့ တိုက်ရိုက်သက်ဆိုင်နေတာကြောင့်ပါ။ မဂ္ဂဇင်းအယ်ဒီတာအများစုမှာဖြစ်ပေါ်နေတဲ့ ခေတ်ပေါ်ကဗျာအစွဲအလန်းများ၊ ကဗျာဆိုင်ရာအကဲဖြတ်နိုင်စွမ်းချိန်ခွင်လျှာ မညီမျှမှုများ၊ ဆရာသမား၊ အပေါင်းအသင်း ပုဂ္ဂိုလ်စွဲမကင်းရှင်းမှုများ၊ ခေတ်ပေါ်ကလွဲလို့ အခြားကဗျာဗေဒများကို လွယ်လင့်တကူလက်မခံနိုင်မှုများ။ အနုပညာကို နိုင်ငံရေးလက်အောက်ခံပြုလိုမှုများ၊ ကဗျာနဲ့မသက်ဆိုင်တဲ့ အယ်ဒီတာများရဲ့ဖြတ်ထုံးများ စတဲ့အချက်တွေက ခေတ်ပြိုင်ကဗျာကို မဂ္ဂဇင်းစာမျက်နှာပေါ်တက်ဖို့ ခက်ခဲစေခဲ့တယ်ထင်ပါတယ်။ ဒါ့အပြင် ခေတ်ပြိုင်ကဗျာရေးသားသူများဘက်မှာ တွေ့မြင်နေရတဲ့အချက်တွေကိုလည်း တစ်ဆက်တည်း တင်ပြလိုပါတယ်။ အဲဒါတွေကတော့ ခေတ်ပြိုင်ကဗျာရေးသားနေသူများကိုယ်တိုင် မဂ္ဂဇင်းစာမျက်နှာများထက်မှာဖော်ပြခံလိုစိတ် မရှိခြင်း၊ ခေတ်ပြိုင်ကဗျာရေးသားသူတချို့ရဲ့ကဗျာတွေဟာ ခေတ်ပြိုင်ဖြစ်ခြင်းကလွဲရင် အနုပညာအားနည်းနေလွန်းသေးခြင်း၊ ကဗျာရေးသက် နုလွန်းနေခြင်း၊ အပျော်တမ်း ဆန်လွန်းနေခြင်းနဲ့ တရားလွန်လွတ်လပ်မှုရှိခြင်းတို့ကြောင့်လို့ မြင်ပါတယ်။ အဲသလိုအချက်တွေကြောင့် ခေတ်ပြိုင်ကဗျာဟာ မဂ္ဂဇင်းစာမျက်နှာတွေပေါ် အုံနဲ့ကျင်းနဲ့မရောက်ရှိနိုင်သေးတာလို့ယူဆရမှာဖြစ်ပြီး နောက်ဆုံးတစ်ချက် အနေနဲ့ကတော့ စာပေစိစစ်ရေးကြောင့်လို့ ပြောရမှာပါပဲ။
ဘယ် အနုပညာရပ်အမျိုးအစားမဆို ရွေ့လျားပြောင်းလဲတတ်တဲ့ သဘာဝရှိပါတယ်။ လက်တလော အနေအထားမှာ ခေတ်ပြိုင်ကဗျာအနေနဲ့ မဂ္ဂဇင်းစာမျက်နှာတွေပေါ် အုံကျင်းဖွဲ့ မရောက်နိုင်သေးသော်ငြားလည်း တစ်ချိန်ချိန်မှာတော့ ရောက်လာနိုင်တော့မယ်လို့ မြင်ပါတယ်။ အဲဒီ့ တစ်ချိန်ချိန်ဆိုတာလည်း သိပ်မကြာတော့ဘူးလို့ သုံးသပ်ချင်ပါတယ်။ အကြောင်းကတော့ ကုန်လွန်ခဲ့တဲ့ တစ်နှစ်တာအတောအတွင်း နွယ်နီ၊ စံပယ်ဖြူ၊ Idea၊ Beauty၊ Mandalay Icon နဲ့ Look မဂ္ဂဇင်းတွေမှာ ခေတ်ပြိုင်ကဗျာတစ်ချို့ကို ထည့်သွင်းဖော်ပြခဲ့တာ တွေ့ရှိရလို့ပဲဖြစ်ပါတယ်။ သိပ်မကြာခင်မှာလည်း ဆရာကောက်နွယ်(ကနောင်)ရဲ့ ရယ်စရာမဂ္ဂဇင်းမှာ ခေတ်ပြိုင်ကဗျာတွေကို တွေ့မြင်ရဖို့ရှိနေပါတယ်။ ခေတ်ပြိုင်ကဗျာနဲ့ပတ်သက်ပြီး အဆိုပါ မဂ္ဂဇင်းတွေကို ထည့်သွင်းချပြလိုက်ရတာဟာ ၀ါဒဖြန့် ချုပ်လုံးသွင်းနေခြင်း မဟုတ်ရပါ။ တစ်နှစ်တာအတောအတွင်း အစဉ်အလာနဲ့ခေတ်ပေါ်ကဗျာမဟုတ်တဲ့ အခြားကဗျာတွေကို အဆိုပါမဂ္ဂဇင်းတွေမှာဖတ်ရှုခွင့်ရခဲ့ပြီး ချန်လှပ်မထားအပ်လို့ ကျေးဇူးမှတ်တမ်း တင်လိုက်ခြင်းသာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဆိုပါ မဂ္ဂဇင်းတွေမှာတောင် ခေတ်ပြိုင်ကဗျာရဲ့လမ်းကြောင်းဟာ ပီပြင်မှုရှိဖို့ရာမှာတော့ လိုအပ်ချက်တွေ တွေ့မြင်နေရတုန်းပါပဲ။ အဆိုပါ မဂ္ဂဇင်းများက ခေတ်ပြိုင်ကဗျာဆိုင်ရာလှုပ်ရှားမှုတွေအပြင် သီးသန့်ထွက်ရှိထားတဲ့ ကဗျာစာအုပ်များ၊ အွန်လိုင်းကဗျာများအရ ခေတ်ပေါ်ကဗျာမဟုတ်တဲ့ ခေတ်ပြိုင်မြန်မာကဗျာရဲ့ အဖြစ်နိုင်ဆုံးမျိုးဆက်တွေကို ဆက်လက်တင်ပြလိုပါတယ်။ အဖြစ်နိုင်ဆုံးလို့ပြောရခြင်းကတော့ ဒီလို မျိုးဆက်တွေခွဲခြားပြတဲ့နေရာမှာ ကွဲလွဲနိုင်/ငြင်းပယ်နိုင်တဲ့ နောက်ဆက်တွဲအကြောင်းတရားတွေကို မြင်နေရလို့ပဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒါဟာ နောက်ဆက်တွဲ နောက်ကိစ္စသာပါပဲ။ တတ်နိုင်သမျှ မေးမြန်းညှိနှိုင်းပြီး မျိုးဆက်တွေကိုချိတ်ဆက်ပြဖို့ ရည်ရွယ်ရင်းဖြစ်ပါတယ်။ အတိမ်းအစောင်းအနည်းငယ် မလွဲမသွေရှိနိုင်ပေမယ့် ခေတ်ပြိုင်မြန်မာကဗျာရဲ့မျိုးဆက်ကို အကြမ်းဖျဉ်းလောက်ဖြစ်ဖြစ် လက်လှမ်းမီသလောက်ထိစမ်း မှတ်တမ်းပြုလိုတဲ့ သဘောမျှသာပါပဲ။
ခေတ်ပြိုင်ကဗျာ ပထမမျိုးဆက်အနေနဲ့ ဇေယျာလင်း၊ ငြိဏ်းဝေ၊ မိုးဝေး၊ ၀င်းမြင့်၊ ခင်အောင်အေး၊ လူဆန်း၊ မောင်ယုပိုင်၊ ငုအိမ် ထက်မြက်၊ သည်မော်နိုင်၊ မောင်ဒေး၊ အောင်ပြည့်စုံနဲ့ အခြား ကဗျာဆရာအနည်းငယ် တွေ့ရပြီး ကာလအပိုင်းအခြားအနေနဲ့ ၂၀၀၅ ခုနှစ်လောက်ကနေ လက်ရှိအချိန်ထိဖြစ်ပါတယ်။ ဒီ ခေတ်ပြိုင်ကဗျာ ပထမမျိုးဆက်ဟာ မြန်မာနိုင်ငံရဲ့ခေတ်ပြိုင်ကဗျာလောကကို သြဇာသက်ရောက်စွာ ဦးဆောင်ထား/ နေတဲ့ ကဗျာရေးသူအုပ်စုလည်းဖြစ်သလို မူလ ခေတ်ပေါ်ကဗျာမှာကတည်းက အရည်အသွေးကိုယ်စီရှိတဲ့ ကဗျာဆရာအုပ်စုလည်း ဖြစ်နေပါတယ်။ ဒီ ပထမမျိုးဆက်ထဲက ကဗျာဆရာအများစု (ငြိဏ်းဝေ၊ သည်မော်နိုင်၊ ငုအိမ်ထက်မြက်နဲ့အချို့ကလွဲရင်) ဟာ ခေတ်ပြိုင်ကဗျာ အစကနဦးကာလမှာ LP ကဗျာဆရာတွေလို့ သတ်မှတ်ခံခဲ့ကြရပြီး နောက်ပိုင်းမှာတော့ LPကဗျာ ဗဟိုပြုရေးထက် ကဗျာဆိုင်ရာသိမှုသယံဇာတတွေကို လွတ်လပ်စွာဖော်ထုတ်လာရေးဆီ ဦးတည်လာတာတွေ့ခဲ့ရပါတယ်။ ဒီမျိုးဆက်ထဲက တချို့ဟာ တစ်ကိုယ်တော်ကဗျာစာအုပ်များနဲ့ တွဲဖက်ရေးသားတဲ့ကဗျာစာအုပ်များကို ထုတ်ဝေခဲ့ကြပါတယ်။ ထူးခြားချက်အနေနဲ့ကတော့ သူတို့ရဲ့ခေတ်ပြိုင်ကဗျာတွေဟာ မြန်မာစာပေလောကမှာ ဝေဖန်မှုအများဆုံးခံခဲ့ရပြီး သူတို့ထဲက အများစုရဲ့ခေတ်ပြိုင်ကဗျာလက်ရာတွေဟာလည်း မဂ္ဂဇင်းစာမျက်နှာများထက်မှာ ယန့အထိ ဖော်ပြခံရမှုအရှိဆုံး ဖြစ်ခဲ့/ဖြစ်နေဆဲ ဆိုတာပါပဲ။
ခေတ်ပြိုင်ကဗျာ ဒုတိယမျိုးဆက်ကိုတော့ Group နှစ်ခုခွဲပြီး တင်ပြရမှာပါ။ ဘာဖြစ်လို့လည်းဆိုတော့ ဒုတိယ မျိုးဆက်ရဲ့ A Group မှာပါဝင်တဲ့ ကဗျာရေးသူတွေဟာ ပထမမျိုးဆက်နဲ့လည်း ကာလအပိုင်းအခြားအားဖြင့် နည်းနည်းအလှမ်းကွာနေပြီး B Group မှာပါဝင်လာမယ့် ကဗျာရေးသူတွေနဲ့လည်း အခိုက်အတန့် အဆက်ပြတ်နေတဲ့သဘောကို တွေ့ရှိရလို့ပါပဲ။ ခေတ်ပြိုင်ကဗျာ ဒုတိယမျိုးဆက် ( A Group ) မှာ PEMSKOOL .ORG၊ ကမ်းယံ၊ KZကေ၊ လွန်းဆက်နိုးမြတ်၊ မောင်ဖုန်းမြင့်၊ မြေမှုန်လွင်၊ Zephyr၊ တောကျောင်းဆရာ၊ ဆူးခက်မင်း၊ သုဏော် စိုင်း၊ ဏီအဲဝိုင်၊ XY နဲ့ အခြား ကဗျာဆရာ အနည်းငယ် ပါဝင်ကြပြီး ကာလအပိုင်းအခြားအားဖြင့် ၂၀၀၈ ခုနှစ် အစောပိုင်းကနေ လက်ရှိအချိန်ထိ ဖြစ်ပါတယ်။ ဒီခေတ်ပြိုင်ကဗျာ ဒုတိယမျိုးဆက် (A Group) ဟာ ခေတ်ပြိုင်ကဗျာ ပထမမျိုးဆက်လောက် မြန်မာစာပေလောကမှာ ဝေဖန်မှုသိပ်မခံရတော့ပေမယ့် သူတို့ရဲ့အွန်လိုင်းကဗျာစာပေလှုပ်ရှားမှုတွေ၊ သူတို့ရဲ့တရားဝင်ပုံနှိပ်ထုတ်ဝေခဲ့တဲ့ တစ်ကိုယ်တော်ကဗျာစာအုပ်များနဲ့ စုပေါင်းကဗျာစာအုပ်တွေကတော့ မြန်မာကဗျာလောကကို အထိုက်အလျောက် လှုပ်ခတ်စေခဲ့ပါတယ်။ ပထမမျိုးဆက်လောက် မဂ္ဂဇင်းစာမျက်နှာများပေါ်မရောက်ရှိခဲ့ပေမယ့် သူတို့ရဲ့အရေးအသားတွေဟာ ခေတ်ပြိုင်ကဗျာမျိုးဆက်သစ်တွေအတွက် ပြင်းထန်တဲ့နှပ်ကြောင်းပေးမှုကိုတော့ ပြုနိုင်ခဲ့တယ်ဆိုရမှာပါပဲ။ ဒုတိယမျိုးဆက် (B Group) နဲ့ နှောင်းမျိုးဆက်တွေရဲ့ခေတ်ပြိုင်ကဗျာ တရားလွန်ဖွံ့ဖြိုးမှုကိုကြည့်လိုက်ရင် ဒီအချက်ဟာ အင်မတန်မှကိုသိသာထင်ရှားလှပါတယ်။ ဒါဟာ ဒုတိယမျိုးဆက်( A Group) ရဲ့ အရေးကြီးတဲ့ထူးခြားချက်လို့ မြင်ပါတယ်။
ခေတ်ပြိုင်ကဗျာ ဒုတိယမျိုးဆက်ရဲ့ (B Group) မှာတော့ ဟံလင်း၊ ဇာတိ(အန္တိမ)၊ မောင်နေမြဲ၊ မောနွေ၊ ပန်းချီ၊ သကောင့်သား၊ ဖိုးခွား၊ NeLynn၊ ပန်ဒိုရာ၊ မယ်ယွေး၊ ချိုပိန်းနောင်၊ သောတ၊ လောက၊ ညီဇံလှ၊ ရင်ခွင်ရှိန်း၊ အေးချမ်း၊ စိမ်းခက်စိုး၊ ဇာတိ(ဖျာပုံ)၊ သူရဿဝါ၊ ဇောင်းလူ ၊ မောင်ရင်ညိုနဲ့ အခြား ကဗျာဆရာတချို့ ကို မြင် ပါတယ်။ ကာလအားဖြင့် ၂၀၁၀ အစောပိုင်းဝန်းကျင်ကနေ လက်ရှိအချိန်ထိ ဖြစ်ပါတယ်။ ခေတ်ပြိုင်ကဗျာ ဒုတိယမျိုးဆက်(B Group) ရဲ့နောက်ပိုင်းမှာ ခေတ်ပြိုင်ကဗျာရေးသားသူတွေဟာ အပြတ်အလပ်မရှိတော့ဘဲ တစ်စပ်ဆက်တည်းစီးဆင်းလာတဲ့သဘောကို တွေ့ရပါတယ်။ Xanthos၊ လင်းဇင်ယော်၊ တေးခက်၊ ဇက်ကကြိုး၊ မောင်မြတ်သူ၊ နေအေဒီ၊ မွန်းသူအိမ်၊ နေပိုင် စတဲ့ စတဲ့ မရေမတွက်နိုင်တဲ့ ခေတ်ပြိုင်ကဗျာ (ဟန်)ရေးသားသူတွေကို အားရစရာကောင်းလောက်အောင် တွေ့လာရပါတယ်။ အချိန်ကာလအနေနဲ့ ၂၀၁၁-၂၀၁၂ ကနေ လက်ရှိအချိန်ထိ ဖြစ်မယ်ထင်ပါတယ်။ သူတို့ထဲက တချို့ရဲ့ခေတ်ပြိုင်ကဗျာရေးသက်ဟာ ဒုတိယမျိုးဆက် (A Group) နဲ့ သိပ်မကွာခြားပေမယ့်လည်း သိသာထင်ရှားတဲ့ ကဗျာလမ်းကြောင်းပေါ်ကို ရောက်ရှိချိန်အရ ဒုတိယမျိုးဆက် (B Group) ထဲ ရောက်ရှိသွားတာဖြစ်ပါတယ်။ (ဥပမာ-ဇာတိ(အန္တိမ)၊ မောနွေ၊ ပန်းချီ၊ စသဖြင့်…)။ သူတို့ထဲက တချို့ကတော့ ခေတ်ပြိုင်ကဗျာ(ဟန်) ရေးသက်သိပ်မရှိသေးပေမယ့်လည်း အပြတ်အလပ်မရှိ တစ်စပ်ဆက်တည်းစီးဆင်းလာတဲ့သဘောအရ ခေတ်ပြိုင်ကဗျာ ဒုတိယမျိုးဆက်(B Group) ထဲ ရောက်ရှိလာသူတွေ ဖြစ်နေပါတယ်။ (ဥပမာ- နေမြဲ၊ ချိုပိန်းနောင်၊ စသဖြင့်…)။ ခေတ်ပြိုင်ကဗျာ ဒုတိယမျိုးဆက်(B Group) ရဲ့နောက်ပိုင်း အတော်ကြာမှာရေးသားနေတဲ့ ရေးသားလာမယ့် ခေတ်ပြိုင်ကဗျာရေးသားသူတွေကိုတော့ မျိုးဆက်အရခွဲခြားပြဖို့ အတော်ရှုပ်ထွေးနိုင်ပါတယ်။ ဒါကြောင့် ခေတ်ပြိုင်ကဗျာ နှောင်းမျိုးဆက်လို့ပဲ အလွယ်တေးထားလိုက်ချင်ပါတယ်။ (ဥပမာ-တေးခက်၊ ဇက်ကကြိုး၊ မောင်မြတ်သူ၊ စသဖြင့်)။ ဒီလို သိမ်မွေ့ရှုပ်ထွေးလွန်းတဲ့ အပြိုင်မျိုးဆက်တွေ တရစပ်စုပြုံထွန်းကားလာတာဟာ ခေတ်ပြိုင်ကဗျာ ဒုတိယမျိုးဆက်(B Group) နဲ့ နှောင်းမျိုးဆက်တွေရဲ့ထူးခြားချက်အဖြစ် မှတ်ယူရမယ်ထင်ပါတယ်။ သုံးသပ်လိုတာက သူတို့အများစုရဲ့ခေတ်ပြိုင်ကဗျာ(ဟန်) အရေးအသားတွေဟာ ဖေ့စ်ဘွတ်စာမျက်နှာကိုသာ အဓိကထားနေရတဲ့အတွက် လုံလောက်တဲ့အခြေခိုင်မာမှုရရှိဖို့တော့ လိုအပ်နေသေးတယ်လို့ ယူဆမိတာပါပဲ။
နောက်ဆုံးတင်ပြချင်တာက မဂ္ဂဇင်းစာမျက်နှာများပေါ်မှာ ခေတ်ပေါ်ကဗျာခေါင်းစဉ်အောက်ကနေ ရေးသားနေပေမယ့်လည်း ခေတ်ပြိုင်ကဗျာဆီခြေလှမ်းစနေတဲ့ ကဗျာရေးသူတချို့ရဲ့အလားအလာ ဖြစ်ပါတယ်။ နာမည်တွေထုတ်နှုတ်ဖော်ပြလိုပေမယ့်လည်း ခေတ်ပြိုင်ကဗျာကိစ္စမှာ မလိုအပ်ဘဲရှုပ်ထွေးသွား/အငြင်းပွားသွားဖို့ပဲရှိတာကြောင့် မတင်ပြတော့ပါ။ အဲဒီ့အစား ရယ်(ရီစရာကောင်းတဲ့ အခေါ်အဝေါ်တစ်ခု တွေးမိပါတယ်။ တံဆိပ်ကပ်ခြင်း မဟုတ်ပါ။ ရယ်စရာလို့ပဲ သဘောထားပေးစေချင်ပါတယ်။ မော်ဒန်ကဗျာမှာ အစဉ်အလာလည်းမကင်း မော်ဒန်လည်းမဖြစ်တဲ့ကဗျာတွေကို Semi-Modren သုံးနှုန်းခဲ့ကြသလို တစ်ဝက်ခေတ်ပြိုင်ဆိုတဲ့ အခေါ်အဝေါ်ကိုသုံးစွဲရမလိုဖြစ်နေပါတယ်။ ခေတ်ပေါ်အစွဲလည်းမကျွတ် ခေတ်ပြိုင်ဆီလည်းမရောက်တဲ့ အရေးအဖွဲ့မျိုးတွေပါ။ ဘိုလိုတော့ Semi -Contemporary ခေါ်ရင် ရနိုင်မလားမသိပါ။ ပြောချင်တာက လက်ရှိမဂ္ဂဇင်းစာမျက်နှာများပေါ်မှာ(အဲသလို ကဗျာတွေ) ကို အတွေ့ရများလာလို့ပဲ ဖြစ်ပါတယ်။ ဒီကြားထဲ နီယို-မော်ဒန်ကလည်း ရှိနေသေးပြန်ပါတယ်။ နီယို-မော်ဒန်ဟာ မူလမော်ဒန်ကဗျာ(၀ါ)ခေတ်ပေါ်ကဗျာရဲ့နောက်ဆက်တွဲလား။ အခြား ခေတ်ပြိုင်ကဗျာဗေဒတစ်ခုလားဆိုတာလည်း ငြင်းခုန်စရာဖြစ်လာမယ်လို့ မြင်ပါတယ်။ ပြန်ကောက်ရရင် လက်ရှိမဂ္ဂဇင်းစာမျက်နှာထက်မှာရေးသားနေကြတဲ့ ခေတ်ပေါ်ကဗျာရေးသူတွေအနေနဲ့ ခေတ်ပြိုင်ကို ဘယ်သူတွေစိတ်ဝင်စားပြီး ဘယ်အချိန်မှာ လုံးလုံးလျားလျား ကူးပြောင်းရေးသားလာကြမလဲဆိုတာ အထူးတလည် စောင့်ကြည့်ရမယ့်သဘော ဖြစ်နေပါတယ်။ သေချာတာက (အဲသလို ကဗျာတွေ) ရေးနေသူတွေဟာ ခေတ်ပေါ်ကဗျာရဲ့ရေးသက် အတွေ့အကြုံနဲ့ပေါင်းစပ်ပြီး ခေတ်ပြိုင်ကဗျာတွေကို အနှေးနဲ့အမြန် လက်တွေ့ရေးသားနိုင်လာမယ်လို့ ယူဆရပါကြောင်း။
လွန်းဆက်နိုးမြတ်
31.3.12
12:00နာရီ
(ဒီဆောင်းပါးအတွက် လိုအပ်တဲ့အချက်အလက တွေကို အပြုသဘော လမ်းညွှန်ပြသပေးကြတဲ့ ကဗျာဆရာ ဇေယျာလင်း၊ ကဗျာဆရာ ခင်အောင်အေး၊ ကဗျာဆရာ ငြိဏ်းဝေ၊ ကဗျာဆရာ လင်းရမ္မာနဲ့ ကဗျာဆရာ မောနွေတို့ကို ကျေးဇူးမှတ်တမ်း ပြုပါတယ်။ အထူးအားဖြင့် ခေတ်ပြိုင်ကဗျာ ဒုတိယမျိုးဆက်(A Group)နဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေကို တာဝန်ယူစုဆောင်းပေးတဲ့ ကဗျာဆရာ လင်းရမ္မာကို အထူး အထူး ကျေးဇူးတင်ရပါတယ်။)
(၂၀၁၂၊မတ်၂၁မှာ ကျရောက်တဲ့ ကမ္ဘာ့ကဗျာနေ့ကို ရည်ရွယ်ရေးသားပါတယ်)
(ယူတာကဒီနေရာကပါ) http://www.kaungkin.com/index.php?option=com_content&view=article&id=763:article&catid=35:2009-04-17-01-29-53&Itemid=61
0 comments:
Post a Comment