Tuesday, April 10, 2012

ဗမာပြည်ကို သိမ်းပိုက်ကြ Occupy Burma! အပိုင်း ၁

1 comments

ဗမာပြည်ကို သိမ်းပိုက်ကြ Occupy Burma! အပိုင်း
(ရေးတာက ဇော်ဝင်း) 
(ယူတာက http://www.facebook.com/notes/zaw-win/ဗမာပြည်ကို-သိမ်းပိုက်ကြ-occupy-burma-အပိုင်း-၁/209866079121851
ဗမာ့လမ်းကြောင်း ကမ္ဘာနဲ့ပြောင်းပြန်
(မှတ်ချက်။ ဇော်ဝင်းရဲ့ဖေ့စ်ဘွတ်ခ်စာမျက်နှာကတွေ့တယ်။ စိတ်ဝင်စားစရာမို့ဖတ်တယ်။ အကောက်အယူနဲ့ ထောက်ပြချက်တွေမှာ တချို့တူပြီး၊ တချို့မှာ ကျနော်နဲ့ကွဲတယ်။ ဒါပေမယ့် တွေးဆနှိုင်းချင့်စရာတွေများတာမို့ သဘောကျတယ်။ တဆင့်ပြန်ပြီးတခြားသူတွေနဲ့မျှတာမို့ သူ သဘောမတူလောက်ဘူးမထင်တာနဲ့ ခွင့်တောင် တောင်းမနေအားတော့ပဲ ကျနော်ယူတင်တာဖြစ်ပါတယ်။ ဖတ်ပြီး တွေးဆစရာတွေ ရမယ်လည်းထင်ပါတယ်။ လွတ်လွတ်လပ်လပ်ကွဲလွဲကြရတာ ကိစ္စကောင်းလို့မြင်ပါတယ်။ မျိုးမြင့်ချို)

ကျွန်တော်တို့နိုင်ငံဟာ နိုင်ငံတကာကအတွေးအမြင်တွေ အဖြစ်အပျက်တွေကိုရယူတဲ့နေရာမှာ ခြေတလှမ်းအမြဲနောက်ကျခဲ့တယ်။ တချိန်က မာ့စ်ဝါဒ၊ လီနင်ဝါဒကျွန်တော်တို့ဆီကိုရောက်လာတဲ့အချိန်ဟာ ကမ္ဘာမှာ အောက်တိုဘာတော်လှန်ရေးဖြစ်ပွားပြီးနောက် နှစ်ပေါင်းနှစ်ဆယ်လောက်နောက်ကျခဲ့တယ်။ ကားလ်မာ့စ် အရင်းကျမ်းရေးခဲ့တဲ့အချိန်ထက် နှစ်ပေါင်း ၇၀ လောက်နောက်ကျခဲ့တယ်။

အခုတခါ ကမ္ဘာနဲ့တဝှန်း သိမ်းပိုက်ရေးလှုပ်ရှားမှု (Occupy movement ) တွေ ပြန့်နှံ့နေတဲ့အချိန်မှာ ကျွန်တော်တို့ နိုင်ငံမှာတော့ ဂလိုဘယ်လိုက်ဇေးရှင်းအော်လို့ကောင်းနေတုန်း။ ကမ္ဘာပြားပြီလုပ်နေကြ တုန်း။ ကမ္ဘာမှာ အရင်းရှင်စနစ်ကိုတွန်းလှန်တိုက်ခိုက်နေကြချိန်မှာ ကျွန်တော်တို့ကတော့ စစ်အာဏာရှင်စနစ်ကိုတိုက်ပြီး အရင်းရှင်စနစ်ဆီကိုသွားဖို့ စိတ်အားထက်သန်နေကြသလို ဖြစ်နေတယ်။ ဘယ်လိုလဲ။ တခေတ်လုံးလုံး နောက်ကျဦးတော့မှာပါလား။ ကမ္ဘာပြားပြီဆိုတဲ့ သောမတ်ဖရီးမင်းတို့၊ ယဉ်ကျေးမှုတိုးတိုက်ခြင်းဆိုတဲ့ ဟန်တင်တန်တို့ကို ကမ္ဘာမှာတော့ အပေါစားအမေရိကန်ဝါဒဖြန့်ချိရေး သမားလောက်ပဲသဘောထားကြချိန်မှာ ကျွန်တော်တို့ဆီမှာ အခုထိ အသစ်ထင်နေကြတဲ့သူတွေ တော်တော်များများရှိနေတုန်း။ တကယ်တော့ စစ်အာဏာရှင်စနစ်ကနေ အရင်းရှင်စနစ်ဆီ ကူးပြောင်းမယ်ဆိုတာဟာ ဆီပူဒယ်အိုးထဲကနေ မီးဖိုထဲခုန်ချသလိုသာရှိမှာပ။ အပူသက်သာရင်လည်း နည်းနည်းပဲ။ ပိုပူချင်တောင် ပူနိုင်သေး။

ကျွန်တော်တို့ အခု သွားနေတဲ့လမ်းကြောင်းဟာ ကမ္ဘာ့ပြည်သူတွေရဲ့လမ်းကြောင်းနဲ့ ပြောင်းပြန်ကြီး ဖြစ်နေတယ်။ ကမ္ဘာမှာ အရင်းရှင်ထမ်းပိုး၊ ကော်ပိုရေးရှင်းထမ်းပိုးကို ပုခုံးပေါ်ကခါချနေတဲ့အချိန် ကျွန်တော်တို့ကတော့ အရင်းရှင်ထမ်းပိုးကို ခါးတောင်းကျိုက်ပြီးထမ်းဖို့ ဟန်တပြင်ပြင်။ ကြည့်ပါဦး။ စစ်ကျွန်ဘဝကနေ ငွေဝယ်ကျွန်ဘဝကိုများ ကျွန်တော်တို့သွားကြဦးမလို့လား။ စစ်ကျွန်ဘဝကနေလွတ်ဖို့ရာ ငွေဝယ်ကျွန်အဆင့်ကိုမဖြတ်သန်းဘဲ လွတ်နိုင်တဲ့နည်း မရှိတော့ဘူးလား။ ဘယ်သူ့ကျွန်မှမခံဘဲ ဒီမိုကရေစီစစ်စစ်ရတဲ့ လွတ်လပ်တဲ့ပြည်သူတွေ မဖြစ်နိုင်ဘူးလား။

စစ်အာဏာရှင်မှ အရင်းရှင်အာဏာရှင်သို့

စစ်အာဏာရှင်စနစ်ကနေ အရင်းရှင်အာဏာရှင်စနစ်ဆီသွားချင်နေကြတာ ဘယ်သူတွေပါလဲ။ အလုပ်သမား၊ လယ်သမား လူများစုပြည်သူတွေမွဲငတ်ပြီး လက်တဆုပ်စာလူနည်းစုအရင်းရှင်ကြီးတွေ ကျိကျိတက်ချမ်းသာမယ့်လမ်းကို သွားချင်နေတာဘယ်သူတွေပါလဲ။ ၉၉% ကမွဲသထက်မွဲပြီး % က ချမ်းသာသထက်ချမ်းသာမယ့်လမ်းကို သွားချင်နေတာဘယ်သူတွေလဲ။ တခြားသူတွေ ဟုတ်ပါရိုးလား။ ဒီနေ့ တိုင်းပြည်ကိုအုပ်ချုပ်ဗိုလ်လုပ်နေတဲ့ စစ်အာဏာရှင်တွေပါပဲ။

မှန်ပါတယ်။ တကယ်တော့ စစ်အာဏာရှင်စနစ်ကနေ စစ်တပ်လွှမ်းမိုးတဲ့အရင်းရှင်စနစ်ဆီသို့ ငြိမ်းချမ်းစွာအသွင်ကူးပြောင်းလိုသူတွေထဲမှာ စစ်အာဏာရှင်တွေကထိပ်ဆုံးကပါ။

အခု တလော ကိုမင်းကိုနိုင်တို့ ၈၈ မျိုးဆက်ကျောင်းသားတွေ မကြာခဏပြောကြတဲ့စကားတခွန်းရှိတယ်။ မပြောင်းလဲရင်မဖြစ်တော့ဘူးဆိုတာကို အုပ်ချုပ်သူတွေကိုယ်တိုင်သိလာလို့ အပြောင်းအလဲတွေ စတင်ပေါ်ပေါက်လာတယ်ဆိုတဲ့ စကားပါ။ ဒီစကားဟာ မမှားဘူး၊ ဒါပေမယ့် မပြည့်စုံဘူးလို့ဆိုရလိမ့်မယ်။ စစ်အစိုးရကိုလျော့တွက်ပြီး အကောင်းမြင်လွန်းနေတယ်။

ဘာ့ကြောင့်လဲ။

မပြောင်းလဲရင်မဖြစ်တော့ဘူး၊ ဒီပုံစံအတိုင်းဆက်သွားလို့ ရေရှည်မရတော့ဘူး၊ ပြည်သူကဆက်ပြီးခေါင်းငုံ့ခံမှာမဟုတ်တော့ဘူးဆိုတာ စစ်အာဏာရှင်တွေသိလာတယ်ဆိုတာ အမှန်ပဲ။ ဘယ်မှာသိသွားသလဲဆိုတော့ ၂၀၀၇ သံဃာ့လှုပ်ရှားမှုကြီးမှာ သိသွားကြတယ်။ သူတို့ သိပ်ကြောက်သွားတယ်။ လူထုက ပုန်ကန်တော်လှန်မှာကို သူတို့ ကြောက်တယ်။ သူတို့ စစ်တပ်ထဲကပြန်ပြီးတော်လှန်မှာကို ပိုပြီးကြောက်တယ်။ ဒါ့ကြောင့် မပြောင်းမဖြစ်၊ ပြောင်းမှဖြစ်မယ်လို့ သူတို့သိလာတယ်။ အဲဒီလို မပြောင်းမဖြစ်တဲ့အဆုံးမှာ စစ်အစိုးရဟာ အပြောင်းအလဲအရိပ်အယောင်ကိုစပြီး ပြလာတယ်။ ဒါပေမယ့် သူတို့ပြောင်းချင်တာက ဘယ်လိုပြောင်းချင်တာလဲဆိုတော့ ဖိနှိပ်တဲ့အသွင်သဏ္ဍန်ကို ပြောင်းချင်တာဖြစ်တယ်။ ဖိနှိပ်တဲ့စနစ်ကနေ မဖိနှိပ်တဲ့စနစ်ဆီကိုပြောင်းချင်နေတာ မဟုတ်ဘူး။ စစ်အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ကိုပြောင်းချင်နေတာ မဟုတ်ဘူး။ စစ်အာဏာရှင်စနစ်ကနေ စစ်တပ်လွှမ်းမိုးကြီးစိုးသောအရင်းရှင်အာဏာရှင်စနစ်ဆီပြောင်းချင်နေတာ ဖြစ်တယ်။ ခေတ်မမီတော့တဲ့ဖိနှိပ်မှုအသွင်ဟောင်းကနေ ခေတ်မီတဲ့ဖိနှိပ်မှုအသွင်သစ်ဆီကိုပြောင်းချင်တာသာ  ဖြစ်တယ်။  

တရုတ်ကိုအားကိုးပြီး ပြည်သူကိုဖိနှိပ်ချုပ်ချယ်တဲ့ပုံစံကနေ၊ အမေရိကန်နဲ့ဥရောပကိုအားကိုးပြီး ပြည်သူကို ဖိနှိပ်ချုပ်ချယ်တဲ့ပုံစံသစ်ကိုပြောင်းလဲချင်နေတာသာ ဖြစ်တယ်။ အဲသလို ပုံစံပြောင်းလဲတဲ့အခါ ဖိနှိပ်တဲ့ပုံစံအသွင်သဏ္ဍန်ကိုသာပြောင်းလဲပြီး ဖိနှိပ်မှုဆိုတဲ့အနှစ်သာရကိုတော့ သူတို့မပြောင်းချင်ဘူး။ ဒါ့အပြင် ဖိနှိပ်မှုအသွင်သဏ္ဍန်ကိုပြောင်းလဲတဲ့အခါ ဆက်လက်အခွင့်ထူးခံမယ့်ပုဂ္ဂိုလ်တွေဟာ ဒီလူတွေပဲ ဆက်ဖြစ်နေရေး၊ သူတို့အုပ်စုပဲ ဆက်ဖြစ်နေရေးဟာ စစ်အာဏာရှင်တွေရဲ့အဓိကရည်မှန်းချက်ပါပဲ။

မူလဖိနှိပ်မှုအသွင်ဟောင်းဖြစ်တဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လူသတ်စစ်အစိုးရကို ပြည်သူတွေကလက်မခံကြတော့ဘူး။ ဒီပုံစံနဲ့ဆက်သွားလို့ မရတော့ဘူး။ ဒါ့ကြောင့် ဒီလူတွေကိုပဲ တံဆိပ်အသစ်ကပ်ပြီး စစ်အုပ်စုလွှမ်းမိုးသောအရင်းရှင်အာဏာရှင်စနစ်အဖြစ် ဖိနှိပ်မှုအသွင်သစ်ပြောင်းဖို့ ကြိုးစားတာဖြစ်တယ်။ ပြည်သူတွေနဲ့နိုင်ငံတကာကို အသွင်သဏ္ဍန်အပြောင်းအလဲနဲ့ လှည့်စားပြောင်းလဲပြတာဖြစ်ပါတယ်။ လူလက်မခံတော့တဲ့ဖိနှိပ်မှုအသွင်ဟောင်းကနေ လူတွေကို လှည့်စားလို့ရလောက်တ့ဖိနှိပ်မှုအသွင်သစ်ဆီ ပြောင်းချင်တာဖြစ်တယ်။ အတိတ်မှာတုန်းက စစ်အာဏာသိမ်းတော်လှန်ရေးအစိုးရကိုလူတွေလက်မခံတော့ မဆလထောင်ပြီးလှည့်စားတဲ့နည်းမျိုးနဲ့ လှည့်စားချင်တာဖြစ်တယ်။ ဆိုရှယ်လစ်ကိုပြည်သူတွေလိုချင်နေတဲ့အချိန်မှာ ဆိုရှယ်လစ်အတုအယောင်နဲ့လှည့်စားပြီး ဒီမိုကရေစီကိုပြည်သူတွေလိုချင်တဲ့အချိန်မှာ ဒီမိုကရေစီအတုအယောင်နဲ့လှည့်စားဖို့ ကြိုးစားနေတာဖြစ်ပါတယ်။

သူတို့ရဲ့ အခုလို ဖိနှိပ်မှုအသွင်သဏ္ဍန်ပြောင်းလဲမှုကြောင့် အတိုက်အခံတွေကြားမှာ အမြင်ရှုပ်ထွေးလာတာလည်း အမှန်ပဲ။ တချို့က စစ်အစိုးရဟာ ဒီမိုကရေစီအဖြစ် အသွင်ပြောင်းတော့မယ်လို့ထင်လာတယ်။ တချို့က လုံးဝမပြောင်းဘူး၊ ဟန်ပြလုပ်ရပ်တွေလို့ထင်တယ်။ တချို့ကပြောင်းတော့ပြောင်းတယ်၊ ကောင်းမလာဘူးလို့ မြင်ကြတယ်။ ဒီလို အမြင်ကွဲကြတဲ့အထဲမှာ ပိုဆိုးလာတာကတော့စစ်အစိုးရထဲက ပြောင်းလဲနေတာကိုရပ်သွားမှာစိုးလို့ စစ်အစိုးရကိုမဝေဖန်ကြပါနဲ့၊ ဦးသိန်းစိန်အခက်တွေ့မှာစိုးလို့ တောင်းဆိုတာတွေ၊ ဆန္ဒပြတာတွေ၊ တိုက်ပွဲဝင်တာတွေမလုပ်ကြပါနဲ့၊ မတရားအဖိနှိပ်ခံကြရပေမယ့် သည်းခံကြပါ၊ စောင့်ဆိုင်းကြပါဆိုပြီး ကိုယ့်လူကိုယ် ပြန်တားတာမျိုးတွေ၊ ခေါင်းငုံ့ခံခိုင်းတာမျိုးတွေအထိဖြစ်လာတယ်။ အဆိုးဆုံးဖြစ်လာတာကတော့ ကိုယ့်အခွင့်အရေး ကိုယ်တောင်းဆိုတိုက်ပွဲဝင်ကြသူတွေ၊ မတရားအလုပ်ခံရလို့တုန့်ပြန်ကြသူတွေကိုတောင်သမ္မတကြီးနဲ့ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ပွဲကို ဖျက်တယ်လို့ စွပ်စွဲလာကြတဲ့အထိ ဖြစ်လာတယ်။

စစ်အစိုးရအတွင်းမှာလည်း စစ်အာဏာရှင်စနစ်ပီပီသသနဲ့ ရက်ရက်စက်စက်ပြတ်ပြတ်သားသား ဆက်လက်အုပ်ချုပ်ချင်သူတွေနဲ့ ခေတ်မီပုံစံပြောင်းပြီးစစ်တပ်ကြီးစိုးသော အရင်းရှင်အာဏာရှင်စနစ်ပုံစံနဲ့ ပြည်သူကို လှည့်ဖျားအုပ်ချုပ်ချင်သူတွေအကြား လုပ်နည်းလုပ်ဟန်ကွဲပြားမှုတွေ တွေ့လာရတယ်။ လုပ်နည်းလုပ်ဟန်ပဲ ကွဲတာဖြစ်တယ်။ အခြေခံသဘောထား မကွဲဘူး။ မူမကွဲဘူး။ ဒါပေမယ့် ဒါကိုပဲ စစ်အုပ်စုကြားမှာ အပျော့အမာကွဲနေပြီဆိုပြီး အတိုက်အခံတွေကြားမှာ အားတက်သူကအားတက်ကြတယ်။ ငါတို့ဘက်သား (သူတို့ အထင် )အပျော့ကလေးတွေကို အမာက မျိုမသွားအောင်ဆိုပြီး ကိုယ့်လူကိုယ် ပြန်ဟန့်သူကဟန့်ကြတယ်။

တကယ်တော့ စစ်တပ်ထဲမှာ အပျော့အမာကွဲနေတယ်ဆိုတာလည်း သူတို့စစ်တပ်ကပဲ သတင်းလွှင့်ထားတာတွေဖြစ်ပါတယ်။ အများဆုံးသတင်းလွှင့်ကြတာကတော့ အပျော့တွေလို့ နာမည်ခံထားကြတဲ့ ရထားဝန်ကြီး ဗိုလ်အောင်မင်း တို့၊ စက်မှုဝန်ကြီး ဗိုလ်သိန်းစိုးတို့က 
ဗဟုတို့ သမ္မတအကြံပေးတို့ဆိုသူတွေဆီကနေတဆင့် တိုးတိုးတိတ်တိတ်အလံရှူးလုပ်ကြတာဖြစ်ပါတယ်။

အပြောင်းအလဲ အစ အမေရိကန်က

စစ်အာဏာရှင်တွေအတွက် မပြောင်းမဖြစ်တဲ့အခြေအနေကိုရင်ဆိုင်လာရချိန်မှာပဲ သူတို့လိုချင်တဲ့ အပေါ်ယံအပြောင်းအလဲ၊ ဖိနှိပ်မှုအသွင်သဏ္ဍန်အပြောင်းအလဲကိုလုပ်နိုင်မယ့် အခွင့်အလမ်းပေါ်လာတယ်။
သူတို့ အသွင်ပြောင်းချင်တဲ့အချိန်ဟာ အမေရိကန်ကဆက်မအောင့်နိုင်တော့ဘဲ ပေါ်လစီပြောင်းမယ့်ကာလနဲ့ လာတိုက်ဆိုင်နေတယ်။ အဲသလို တိုက်ဆိုင်နေတဲ့အတွက်လည်း စစ်အစိုးရအနေနဲ့ သူပြောင်းလဲချင်တဲ့ပုံစံနဲ့ ပြောင်းလဲလို့ရနိုင်ဖို့ အသက်ရှူပေါက်ပွင့်လာတယ်။ ဒါကတော့ သူတို့ စစ်အာဏာရှင်တွေကံကောင်းပြီး ပြည်သူတွေကံဆိုးတဲ့ အချက်ပါပဲ။

စစ်အစိုးရက ဖိနှိပ်မှုအသွင်ပြောင်းပြီး လူရာဝင်ချင်တဲ့အချိန်မှာ အမေရိကန်နဲ့ဥရောပကလည်း တဘက်မှာ စီးပွားပျက်လာတယ်။ သူတို့အနေနဲ့ အာရှကိုခြေဦးလှည့်ဖို့ စိတ်အားထက်သန်လာတယ်။ ဗမာပြည် ဒီမိုကရေစီရတဲ့အထိ ဆက်မစောင့်နိုင်တော့ဘူး။ သူတို့  ဆက်ပြီးမအောင့်နိုင်ကြတော့ဘူး။ တကယ်တော့လည်း အမေရိကန်ရဲ့ပေါ်လစီဟာ ဗမာတနိုင်ငံတည်းနဲ့သက်ဆိုင်တဲ့ပေါ်လစီ မဟုတ်ဘူး။ အာရှတခုလုံးနဲ့သက်ဆိုင်တဲ့ ပေါ်လစီ။ အာရှမှာ တရုတ်လွှမ်းမိုးတာကိုတားဆီးပြီး အမေရိကန်ဥရောပ လွှမ်းမိုးနိုင်ရေးဆောင်ရွက်မယ့် ပေါ်လစီ။ ဒါ့ကြောင့် ၂၀၀၉ ခုနှစ် အာဆီယံအစည်းအဝေးမှာ TAC  ASEAN’s Treaty of Amity and Cooperation အာဆီယံချစ်ကြည်ရေးနဲ့ပူးပေါင်း ဆောင်ရွက်ရေး စာချုပ်ကို အမေရိကန်တို့လက်မှတ်ရေးထိုးခဲ့တယ်။ တချိန်တည်းလိုလိုမှာပဲ အမေရိကန်ရဲ့ဗမာဆိုင်ရာ မူဝါဒဟာ ချဉ်းကပ်မှုပေါ်လစီကို ပြောင်းလဲကျင့်သုံးတော့မယ်ဆိုတာ ကြေညာလာတယ်။ ဒါဟာ တရုတ်လွှမ်းမိုးပြီးအရေခွံခွာနေတဲ့ဗမာနိုင်ငံကို သူတို့ပါဝင်ပြီးနွှာဖို့ ခြေလှမ်းပြင်လာတာလည်းဖြစ်တယ်။ ဒီ့ထက်အရေးကြီးတဲ့အချက်က အာရှကို သူတို့ခြေဦးလှည့်တော့မယ်ဆိုရင် ဗမာကိုစိုးမိုးထားဖို့လိုတယ်ဆိုတဲ့ အချက်ပဲ။ ဗမာပြည်ဟာ ပထဝီနိုင်ငံရေးအရ အရေးပါတဲ့နိုင်ငံတနိုင်ငံလို့ သူတို့ကိုယ်တိုင် သတ်မှတ်ထားတဲ့အချက်ဖြစ်ပါတယ်။

အမေရိကန်သမ္မတအဆက်ဆက်တို့ရဲ့ ပရောဟိတ်ဆရာကြီးဖြစ်တဲ့ ဇဘစ်နူးဘာဇင်ဆကီ ဆိုသူက ပထဝီနိုင်ငံရေးအရ ယူရေးရှားကိုစိုးမိုးနိုင်တဲ့ သူဟာ ကမ္ဘာကိုစိုးမိုးနိုင်လိမ့်မယ်လို့ တွက်ချက်ဟောကိန်းထုတ်ပြခဲ့ဖူးတယ်။ (Zbignew Brzezinski ရဲ့ The Grand Chessboard စာအုပ်ကိုကြည့်ပါ။) အဲဒီတွက်ကိန်းနဲ့အညီ ယူရေးရှားရဲ့အသည်းနှလုံးဖြစ်တဲ့ အာဖဂန်နစ္စတန်ဟာ စစ်တလင်းဖြစ်ခဲ့တယ်။ အာဖဂန်နစ္စတန်ဟာ အရှေ့အလယ်ပိုင်း၊ အာရှနဲ့ ဥရောပတို့ရဲ့ အဆက်အစပ်အသည်းနှလုံးမို့ အရေးကြီးတာဖြစ်တယ်။

ဒါဆို ကျွန်တော်တို့ ဗမာပြည်ကရော။ ကမ္ဘာ့အရေးမှာ ပထဝီနိုင်ငံရေးအရ ဗမာဟာ အာဖဂန်နစ္စတန်လောက်အရေးမပါပေမယ့် အာရှအရေးမှာတော့ ဗမာဟာ အရေးပါဆုံးနိုင်ငံတနိုင်ငံပဲ။ ကျွန်တော်တို့ ဗမာပြည်ဟာ အရှေ့တောင်အာရှနဲ့ တောင်အာရှရဲ့ အဆက်အစပ်အသည်းနှလုံးဖြစ်တယ်။ ကမ္ဘာ့နိုင်ငံကြီး နှစ်နိုင်ငံဖြစ်သလို အစဉ်အလာရန်ဘက်တွေ ဖြစ်ကြတဲ့ တရုတ်၊ အိန္ဒိယတို့နဲ့လည်း ဆက်စပ်နေတယ်။ ဒါ့အပြင် အရှေ့အလယ်ပိုင်းကရေနံကို တရုတ်တို့ ရယူနိုင်ဖို့အတွက် ရေနံကို ပင်လယ်ကနေသယ်ယူပြီး ပိုက်လိုင်းနဲ့တဆင့်ခံသွယ်ယူနိုင်တဲ့ နေရာဟာလည်း ဗမာပြည်ဖြစ်တယ်။ ဒီလို သေနင်္ဂဗျူဟာအရအချက်အချာကျတဲ့နေရာ အချက်အချာကျတဲ့နိုင်ငံဟာ တရုတ်ရင်ခွင်မှာပျော်ပါးနေတာကို အန်ကယ်ဆမ်  (US) က မနာလို မရှုစိမ့်တော့ဘူး။

ဒါ့ကြောင့် အမေရိကန်ဟာ ဗမာကိုစိုးမိုးနိုင်ဖို့ သိပ်အရေးကြီးလာတယ်။ ဗမာကို အမေရိကန် စိုးမိုးနိုင်ရေးသည် ပဓာန၊ ဗမာပြည် ဒီမိုကရေစီရမရသည် သာမညဖြစ်သွားတယ်။

ဒါ့ကြောင့် အမေရိကန် ထိပ်တန်းသံတမန်တွေ မြန်မာနိုင်ငံကိုလာရောက်ပြီး အစိုးရနဲ့ညှိနှိုင်းပြောဆိုခဲ့ကြ သလို ဒေါ်အောင်ဆန်းစုကြည်ရဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုလည်း သူတို့ မူဝါဒပြောင်းတော့မယ် ဆိုတာကို အချက်ပေးပြောဆိုခဲ့တယ်။

NLD ရဲ့ အကြပ်အတည်း
မင်းတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို နှစ်ပေါင်းနှစ်ဆယ်ကျော် ငါတို့ထောက်ခံခဲ့ပြီးပြီ။ မင်းတို့ အာဏာရအောင်မယူနိုင်ရင် ငါတို့ကတော့ ဆက်မစောင့်နိုင်တော့ဘူး။ ဗမာစစ်အစိုးရနဲ့ပေါင်းရတော့မယ်၊ မင်းတို့လည်း ပေါင်းဖို့ပြင်ပေတော့လို့ အမေရိကန်က အချက်ပြလာတယ်။ တချိန်က တရုတ်နိုင်ငံဟာ ပြည်သူချင်းဆက်ဆံရေးကနေ အစိုးရချင်းဆက်ဆံရေးပေါ်လစီကိုပြောင်းတုန်းကလည်း တရုတ်ဟာ ဗမာပြည်သူတွေကိုမျက်ကွယ်ပြုပြီး၊ စစ်အစိုးရနဲ့ပေါင်း၊ ဗမာပြည်က သယံဇာတတွေစုပ်မြိုခဲ့ဖူးတယ်။ အခု အနောက်နိုင်ငံတွေ စီးပွားပျက်ကပ်ဆိုက်၊ ပေါ်လစီပြောင်းတော့မယ်ဆိုတော့လည်း ဗမာပြည်သူတွေကို မျက်ကွယ်ပြုပြီး၊  စစ်အစိုးရနဲ့ပေါင်း၊ ဗမာပြည်ကိုဂုတ်သွေးစုပ်မြိုဖို့ ပြင်လာပြန်တယ်။ တရုတ်ဟာ ဗမာပြည်သူတွေကိုသစ္စာဖောက်ပြီး သူ့တိုင်းပြည်အကျိုးကို သူလုပ်ခဲ့ဖူးသလို၊ အမေရိကန်နဲ့ အနောက်နိုင်ငံတွေဟာလည်း အခု ဗမာပြည်သူတွေကိုသစ္စာဖောက်ပြီး သူတို့အကျိုးအတွက် သူတို့လုပ်တော့မယ်။ ကဲ..ဒီတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဘာလုပ်မလဲ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ၂၀၀၈ အခြေခံဥပဒေဘောင်ထဲကို ဝင်ဖို့၊ ပါတီထောင်ဖို့၊ ရွေးကောက်ပွဲဝင်ဖို့ အမေရိကန်ကဖိအားပေးလာတယ်။NLD ပါတီမထောင် ရွေးကောက်ပွဲမဝင်ရင် NLD ကို ရာဇဝင်ထဲမှာထားရစ်ခဲ့ပြီး၊ အမေရိကန်၊ အနောက်နိုင်ငံတွေနဲ့စစ်အစိုးရတို့ ပူးပေါင်းကြတော့မယ်လို့ ဖိအားပေးလာတယ်။ အစိုးရဘက်ကိုလည်း NLD ကို သိက္ခာရှိရှိနဲ့ရွေးကောက်ပွဲဝင်နိုင်အောင်လမ်းဖွင့်ပေးဖို့ အမေရိကန်ပဲကြားဝင်ညှိနှိုင်းပေးခဲ့တယ်။ NLD နဲ့စစ်အစိုးရကို အမေရိကန်တို့အောင်သွယ်ပေးခဲ့တယ်။ ဒါပေမယ့် NLD ကိုသာ အမေရိကန်တို့ဖိအားပေးနိုင်ခဲ့ပြီး စစ်အစိုးရကိုတော့ အမေရိကန်တို့ ဖိအားမပေးနိုင်ခဲ့ဘူး။ အခွင့်အရေးပြပြီး မြူဆွယ်ဖျားယောင်းတာမျိုးလောက်ကိုပဲ အလွန်ဆုံးလုပ်နိုင်ခဲ့တယ်။

ဒါ့ကြောင့်လည်း နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို စစ်အစိုးရက ပြင်ပေး၊ ဖွင့်ပေးတဲ့အခါ စိတ်မပါ လက်မပါနဲ့ ”ထိန်းသိမ်းစောင့်ရှောက်ဆိုတဲ့အစား၊ ”လေးစားလိုက်နာ”လောက်ပဲ မပြောင်းချင်ပြောင်းချင် ပြောင်းပေးခဲ့တယ်။ ကြားဖြတ်ရွေးကောက်ပွဲမှာ မဝင်မနေရဆိုပြီး ထပ်ပြီးတောင်ကြပ်လိုက်သေးတယ်။ ဒါပေမယ့် NLD မှတ်ပုံတင်နိုင်အောင် ”ထောင်ကျနေတဲ့သူပါတီကထုတ်ပေးရမယ်”ဆိုတဲ့ စည်းကမ်းချက်ကိုတော့ ပြင်ပေးခဲ့တယ်။

အမေရိကန်စေ့စပ်ရေးကြောင့် ဗမာ့နိုင်ငံရေး ရွေ့သွားတယ်။ ဒါပေမယ့် ကောင်းတဲ့အရွေ့ ဖြစ်မလာဘူး။ ဘာ့ကြောင့် ဖြစ်မလာသလဲဆိုတော့ အမေရိကန်ရဲ့စေ့စပ်ရေးဟာ မမျှတလို့။ စစ်အစိုးရကိုချော့ပြီး NLD ကို အကြပ်ကိုင်တဲ့ စေ့စပ်ရေးဖြစ်နေလို့ပဲ။

တဘက်မှာ NLD ပါတီရဲ့ နိုင်ငံရေးရပ်တည်ချက်ကို ကြည့်ရအောင်။

NLD ဟာ ပြည်သူလူထုရဲ့အားကို ဘယ်တုန်းကမှ လေးလေးနက်နက်မယုံကြည်ဘူး။ NLD ဟာ ၈၈ လူထုလှုပ်ရှားမှုကြီးကနေ ပေါက်ဖွားပေါ်ထွက်လာတာမှန်ပေမယ့် လူထုလှုပ်ရှားမှုကိုမယုံကြည်ဘူး။ လူထုလှုပ်ရှားမှုကို ဘယ်တုန်းကမှ ဦးမဆောင်ဘူး။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ဟာလည်း လူထုလှုပ်ရှားမှုထဲမှာ ဘယ်တုန်းကမှ တခါမှ မပါဝင်ခဲ့ဖူးဘူး။ ဒါတင်မက လူထုရှေ့ကနေဦးဆောင်ပြီး ချီတက်ဆန္ဒပြရဲပုံလည်း မရဘူး။ ( ၈၉ ခု ဇူလိုင် ၁၉ အဖြစ်အပျက်ကို ပြန်ကြည့်ပါ။) NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်အားကိုးတာဟာ အနောက်နိုင်ငံတွေသာဖြစ်တယ်။ အနောက်နိုင်ငံတွေရဲ့ ဖိအားသာဖြစ်တယ်။ အနောက်နိုင်ငံတွေကပိတ်ဆို့ပေးနေတဲ့ ဆန်ရှင်ကိုသာဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးသေနင်္ဂဗျူဟာ ဟာ မီဒီယာကိုအသုံးပြုပြီး နိုင်ငံတကာဖိအားနဲ့ စစ်အစိုးရကိုပြုပြင်ပြောင်းလဲရေးသာ ဖြစ်တယ်။

ဒီတော့ သူအားကိုးတဲ့အနောက်နိုင်ငံတွေဟာ သူ့ကိုပစ်ပြီး စစ်အစိုးရနဲ့ပြန်ပေါင်းထုတ်တော့မယ်ဆိုတာ ရိပ်မိလာတဲ့အခါ ဒေါ်စုပြာသွားတယ်။ လူထုလှုပ်ရှားမှုကိုမယုံကြည်တဲ့ဒေါ်စုမှာ ဘာလုပ်လို့ဘာကိုင်ရမှန်း မသိတော့ဘူး။ တခြား လုပ်တတ်တာလည်း မရှိတော့ဘူး။ ဒေါ်စု နိုင်ငံရေး သွေးဆုံးသွားတယ်။ နောက်ဆုံးတော့ စစ်အစိုးရကို မချစ်သော်လည်း အောင့်ကာနမ်းရုံမှတပါး ဒေါ်စုမှာ တခြားလုပ်စရာ ဘာမှမရှိတော့ဘူး။ ဒီလိုနဲ့ ၂၀၁၀ မှာ နိုင်ငံလုံးဆိုင်ရာရွေးကောက်ပွဲကို ပြတ်ပြတ်သားသားဆန့်ကျင်ခဲ့တဲ့ NLD ဟာ အခုတော့ ဘာမဟုတ်တဲ့ ကြားဖြတ်ရွေးကောက်ပွဲကို အောက်ကြေးနဲ့ဝင်ဖို့ ပြင်လိုက်ရတယ်။ မောင်မောင်ခေါ်လို့ ဗျာမထူးခဲ့တဲ့ NLD ဟာ အောင်ကျော်ခေါ်တော့မှ  ဘုရားထူးရပါတော့မယ်။

ဒါ့ကြောင့်လည်း အစိုးရအဖွဲ့ဝင်မဟုတ်ဘဲ လွှတ်တော်နာယကသာဖြစ်တဲ့ခင်အောင်မြင့်က စိတ်မပါလက်မပါ ”၉၀ ရလဒ်ကို အသိအမှတ်ပြုပါတယ်” တခွန်းပြောရုံလေးနဲ့ ”ဒါလောက်ဆိုရပါပြီ၊ ကျမတို့ ကျေနပ်ပါပြီ”ဆိုပြီး ဒေါ်စုဟာ ပြာပြာသလဲနဲ့ ၉၀ ရလဒ်ကို စွန့်လွှတ်ခဲ့တာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ၉၀ ရလဒ်ကို ဘာ့ကြောင့် ဒီလောက်ဈေးပေါပေါနဲ့ ထုတ်ရောင်းလိုက်သလဲ။ ဘာ့ကြောင့် ဒီလောက် တန်ဖိုးရှိတဲ့ပစ္စည်းကို ဈေးမကိုင်ရဲဈေးမဆစ်ရဲသလဲ။ ရှင်းပါတယ်။ ဒေါ်စု သိပ်ဗိုက်နာနေလို့ပါ။ အမေရိကန်မရှိရင် ဘာမှ မလုပ်တတ်လို့ပါ။ ဒါ့ကြောင့်လည်း တနိုင်ငံလုံးလူထုကအပ်နှင်းထားတဲ့ သမိုင်းဝင် ၉၀ ရလဒ်ကို ပါတီတခုလုံးရဲ့သဘောထား၊ ပြည်သူလူထုရဲ့သဘောထားကို တခွန်းတပါဒမှမရယူပဲ ကိုယ်ပိုင်ပစ္စည်းကိုလူပေးသလို ပေးပစ်ခဲ့တာပါ။ ဒီလိုနဲ့ တနိုင်ငံလုံး ပြည်သူတွေယုံကြည်ကိုးစားအပ်နှင်းခဲ့တဲ့ ၉၀ ရလဒ်ဟာ ထဘီဟောင်းတထည်ကိုစွန့်ပစ်သလို စွန့်ပစ်တာခံခဲ့ရတာ ဖြစ်ပါတယ်။


ဒီမိုကရေစီအရေးလား၊ ကော်ပိုရေးရှင်းကြီးတွေအရေးလား
နှစ်ပေါင်း နှစ်ဆယ်ကျော်ကြာအောင် ဗမာ့အရေးလှုပ်ရှားသူ၊ ဒီမိုကရေစီအရေးလှုပ်ရှားသူတွေကိုထောက်ပံ့ပြီး အမေရိကန်နဲ့ဥရောပနိုင်ငံတွေက ရင်းနှီးမြုပ်နှံခဲ့ကြတယ်။ ဒီမိုကရေစီအရေးလှုပ်ရှားသူဆိုသူတွေကိုခေါ်ပြီး အမေရိကန်ပုံစံတွေးခေါ်ပုံ တွေးခေါ်နည်းကိုသင်ပေးခဲ့တယ်။ အခုအမေရိကန်က ဗမာပြည်ကိုဝင်ပြီး စစ်အစိုးရနဲ့ပြန်ပေါင်းထုတ်ချင်တဲ့အချိန်မှာ ဗမာအသားအရေရှိပြီး အမေရိကန်ဥရောပအတွေးအခေါ်ရှိတဲ့ အဲဒီလူတွေဟာ အသုံးဝင်လာတယ်။ အဲဒါကတော့ ဗဟုတွေပဲ။ သာမန်အားဖြင့် ဗမာစစ်အာဏာရှင်တွေဟာ ဘာမှမဟုတ်တဲ့ ဗဟုလို ငမျောက်၊ ငခြောက်တွေကို အရေးလုပ်နေရိုးထုံးစံမရှိဘူး။ စစ်အာဏာရှင်တွေဟာ နိုင်ငံခြားသားကိုမုန်းလွန်းလို့ ဗိုလ်ခင်ညွန့်တောင် နိုင်ငံခြားသူနဲ့လက်ထပ်ထားတဲ့သားကို အမွေပြတ်ကြေညာရဖူးတယ်။ အခု နိုင်ငံခြားသူတွေနဲ့ လက်ထပ်ထားသူတချို့ပါဝင်တဲ့ ဗဟုတွေ၊ တချိန်က သူတို့ကိုဆန့်ကျင်ခဲ့ဖူးတဲ့ အဲဒီဗဟုတွေကို သူတို့အနေနဲ့ အရေးလုပ်စကားပြောနေတာဟာ အမေရိကန်မျက်နှာကြည့်ပြီးပြောနေတာ ဖြစ်တယ်။

ပြီးခဲ့တဲ့ အနှစ်နှစ်ဆယ်မှာ အမေရိကန်ထောက်ခံမှုရခဲ့တဲ့ဗဟုတွေကတော့ အမေရိကန်ကို ဒီမိုကရေစီ သူရဲကောင်းကြီးလို့ မှတ်ထင်ထားခဲ့ကြတယ်။ တကယ်တော့ အမေရိကန်တွေရဲ့ မပြောင်းမလဲတဲ့ တသမတ်တည်းပေါ်လစီဟာ ဒီမိုကရေစီမဟုတ်ဘူး၊ အရင်းရှင်ကော်ပိုရေးရှင်းကြီးတွေရဲ့အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်တဲ့ ပေါ်လစီပါပဲ။ အမေရိကန်သမ္မတနဲ့ ဆီးနိတ်အမတ်တွေဆိုတာကလည်း အားလုံးဟာ အဲဒီ ကော်ပိုရေးရှင်းကြီးတွေမှာ အကြီးအကျယ်ရင်းနှီးမြုပ်နှံထားကြသူတွေချည့်ပဲ။

ဒီမိုကရေစီရေးနဲ့ပတ်သက်တဲ့ အမေရိကန်ရဲ့ပေါ်လစီကတော့ တသမတ်တည်းမဟုတ်ကြောင်း၊ အကြိမ်ကြိမ်အခါခါ ရှေ့နောက်မညီခဲ့တာတွေရှိကြောင်း သက်သေအထောက်အထားတွေ အများအပြား ရှိခဲ့တယ်။ အမေရိကန်ဟာ ကော်ပိုရေးရှင်းကြီးတွေရဲ့အကျိုးစီးပွားနဲ့ကိုက်ညီတဲ့အခါ ဒီမိုကရေစီကိုထောက်ခံတယ်။ အဲဒီကော်ပိုရေးရှင်းကြီးတွေရဲ့အကျိုးစီးပွားက အာဏာရှင်တွေနဲ့မှကိုက်ညီတဲ့ အခါမှာတော့ အာဏာရှင်တွေနဲ့ပေါင်းလိုက်တာပဲ။ အဲသလို အထောက်အထားတွေအများကြီးရှိခဲ့၊ ရှိနေတုန်းပဲ။ လယ်သမား အလုပ်သမားငါးသိန်းကျော်ကို ကွန်မြူနစ်တံဆိပ်ကပ်ပြီးသတ်ခဲ့တဲ့ အာဏာရှင်ဆူဟာတိုအစိုးရကို ကျောထောက်နောက်ခံပေးခဲ့တာဟာ အမေရိကန်ပဲ။ ဒီနေ့ ကမ္ဘာမှာ အဖောက်ပြန်ဆုံးအာဏာရှင်နိုင်ငံဖြစ်တဲ့ဆော်ဒီအာရေဗျကို ထောက်ခံမှုအပြည့်ပေးနေတာဟာလည်း အမေရိကန်ပါပဲ။ ဆဒန်ဟူစိန်ကို တချိန်ကထောက်ခံခဲ့တာ၊ အီဂျစ်အာဏာရှင် ဟော်စနီမူဘာရက်ကို အာရပ်နွေဦးမတိုင်ခင်အထိ တလျောက်လုံးထောက်ပံ့ပေးနေခဲ့တာလည်း အမေရိကန်ပဲ။  အတိတ်ကာလမှာ တာလီဘန်ကိုထောက်ပံ့ကူညီခဲ့တာလည်း အမေရိကန်ပဲ။ အယ်လ်ခိုင်းဒါးအဖွဲ့ကို မွေးထုတ်လေ့ကျင့်ပေးခဲ့ တာလည်း တခြားမဟုတ်၊ အမေရိကန်ပါပဲ။

ဒီတော့ ယေဘုယျသဘောကိုပြောရရင် နိုင်ငံကြီးတွေဟာ သူတို့အကျိုးရှိရင် ဘယ်သူမှ အာဏာရှင်နဲ့ပေါင်းဖို့ ဝန်မလေးဘူး။ ဗမာပြည်သူတွေကိုသစ္စာဖောက်ဖို့လည်း ဝန်လေးမှာမဟုတ်ဘူး ဆိုတာပဲ။

အမေရိကန်ရောတရုတ်ရော နှစ်နိုင်ငံစလုံးဟာ ကမ္ဘာလှည့်ပြီးသူတို့ကိုယ်ကျိုးရှာကြတဲ့အခါ ဘယ်သူမှ သက်ဆိုင်ရာ နိုင်ငံကပြည်သူတွေအကျိုးကို တချက်မှငဲ့ကွက်ကြည့်တာမဟုတ်ဘူး။ အနောက်နိုင်ငံကော်ပိုရေးရှင်းကြီးတွေဖြစ်ကြ တဲ့ ရှဲလ်က နိုက်ဂျီးရီးယားမှာ၊ ယူနီယံကာဘိုက်ကအိန္ဒိယ ဘိုပါးလ်မှာ၊ တိုတယ်ဖီနာက ပြင်သစ်မှာ သဘာဝပတ်ဝန်းကျင်နဲ့လူ့အခွင့်အရေးချိုးဖောက် ဖျက်ဆီးမှုတွေဆိုတာကလည်း ကမ္ဘာကျော်ပဲ။ တရုတ်နိုင်ငံထဲက ကျောက်မီးသွေးတွင်းတွေရဲ့ အလုပ်သမားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုဆိုတာကလည်း ကမ္ဘာကျော်ပဲ။ ဒါပေမယ့် အမေရိကန်က ပိုဆိုးတယ်။ အမေရိကန်ဟာ နိုင်ငံတကာကို လက်နက်နဲ့ကျူးကျော်ဖျက်ဆီးခဲ့တာ မရေတွက်နိုင်လောက်အောင်များတယ်။ တရုတ်မှာ အဲသလို လက်နက်နဲ့ကျူးကျော်တဲ့လုပ်ရပ်မျိုး ဒီနေ့အထိ မရှိသေးဘူး။ ဒီနေရာမှာ တရုတ်က အမေရိကန်နဲ့စာရင်တော်သေးတယ်။ (ဒါပေမယ့် နောင်မှာ တရုတ်လည်း ဒါမျိုးရှိမလာလို့တော့ အာမမခံနိုင်။  နောင်မှာ တရုတ်စစ်ရေးအင်အားကြီးလာတဲ့အခါ ဘာဖြစ်လာမယ်ဆိုတာ ကြိုမပြောနိုင်။)
အပိုင်း ကို ဆက်ဖတ်ပါ။

1 comments:

  • April 10, 2012 at 10:57 AM

    ဒီပိုစ့်ကို ဖတ်ရတာ ဗိုလ်ချုပ် လန်ဒန် သွားတော့ နိုင်ငံရေးသမားတွေ ဝိုင်းပြောကြတဲ့ လေသံနဲ့ တူတယ်.. အမေရိကန် ဘာလုပ်လုပ် တရုတ်ဘာဖြစ်ဖြစ် လူတစ်ယောက် အိမ်ထဲမှာ ကြိုးတုတ်ခံထားရတယ် အိမ်ပြင်မှာ ကျားရဲ တွေ လွှတ်ထားတယ်... ငါ အိမ်ပြင် ထွက်ရင် ကျားကိုက် သေမှာပဲ ဒီတော့ ကြိုးချည်ထားတာ လွတ်အောင် ကြိုးစားလဲ အလကား ဆိုပြီး နေလို့ကတော့ အမြဲ ဒီအတိုင်း အချုပ်အနှောင်နဲ့ ဘဝ ဆုံးမှာပဲ.. အရင်ဆုံး ကြိုးက လွတ်အောင် ကြိုးစားပြီး ကျားရဲတွေကို ဘယ်လို ဖြတ်ကျော်မလဲ ဆိုတာ နောက်မှ ဆက်စဉ်းစားကြတာပေါ့.. နောက် စာရေးသူက တရုပ်ရဲ့ တိဘက်ကို ကျူးကျော်ထားတာ ဘုန်းကြီးတွေ ပြည်သူတွေကို အစုလိုက် အပြုံလိုက် သတ်ဖြတ် ညှင်းပန်းတာတွေ မေ့နေတာလား မသိတာလားတော့ မသိဘူး...

Post a Comment