လူသာကင်းရဲ့အိပ်မက်မြို့၊ မစ္စစ္စပီနဲ့ Civil Rights Museum (မျိုးမြင့်ချို)
၂၀၁၂ ဖေဖေါ်ဝါရီလဆန်းပိုင်းတွင် မိတ်ဆက်အီးမေးလ်တစောင် ဝင်လာ၏။ စာတွင် သူ့ကိုယ်သူ Matthew Wilson ဟုမိတ်ဆက်ပြီး Gorge Soros Foundation(NY) မှ ဖြစ်ကြောင်း၊ အီးမေးလ်ပြန်စေ လိုကြောင်း၊ အဆင်ပြေရင် ဖုန်းပြောလိုကြောင်းလည်းပါ၏။ တဆက်တည်းဆိုသလိုပင် ကျနော့်မှတ်တမ်းကားထုတ်လုပ်သူထံမှ မေးလ်တစောင် ဝင်လာပြန်၏။ စာတွင် ကျနော့်မှတ်တမ်းကားကို OSI (Open Society Institution) ၏အစီအစဉ်ဖြင့် အမေရိကား၌တက္ကသိုလ်တက်နေကြသည့် မြန်မာကျောင်းသားများအား ပြသရန်စီစဉ်နေကြောင်း၊ အချိန်၊ နေရာနှင့်အသေးစိတ်ကို Matthew နှင့်ဆက်ဆွေးစေလိုကြောင်း၊ ဖြစ်နိုင်လျှင်လူကိုယ်တိုင်သွားဖို့ စီစဉ်စေလိုကြောင်းလည်းပါလာ၏။ ဤသို့ဖြင့် ကျနော်နှင့် Matthew ရေစက်ဆုံ၏။ နောက်တော့ အီးမေးလ်အပြန်အလှန်ပို့ဖြစ်၊ ပြောဖြစ်ဆိုဖြစ်ကြ၏။
သူတို့အစီအစဉ်က (အာရှအပိုဆောင်းထောက်ပံ့ကြေးပရိုဂရမ်သည် မြန်မာပြည်ပြင်ပ တန်းဝင်တက္ကသိုလ်အဆင့် ဘွဲ့ဒီဂရီတခုခုရရေးပရိုဂရမ်များတွင် ကျောင်းတက်ရန်အတွက် မြန်မာကျောင်းသားများအား အပိုဆောင်း ဘဏ္ဏာရေးအကူအညီ ထောက်ပံ့ဖြည့်ဆည်းရန်ဖြစ်သည်။ မူလက ယင်းအစီအစဉ်သည် ကောလိပ်(တက္ကသိုလ်) တက်ရင်းတန်းလန်း နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ကျောင်းနားလိုက်ရသည့် ပြည်တွင်းနှင့်ပြည်ပရောက် မြန်မာကျောင်းသားများ၏ လိုအပ်ချက်များဖြည့်ပေးရန် ရည်ရွယ်ခဲ့ရင်းဖြစ်သည်။ (မှတ်ချက်။ ၂၀၁၀ မတိုင်မီက ဤပရိုဂရမ်အား Supplementary Grant Program Burma- SGPB ဟုခေါ်ခဲ့သော်လည်း ယခုအခါ Supplementary Grant Program Asia-SGPA ဟုပြောင်း လိုက်ပါသည်) ဖြစ်၏။ (ထိုအစီအစဉ်အား စိတ်ဝင်စားသူများ အောက်ပါလင့်ခ်တွင် ဝင်ရောက်ပြီး အသေးစိတ်လေ့လာနိုင်ပါသည်) http://www.soros.org/initiatives/scholarship/focus_areas/supplementary_asia/guidelines
Matthew နှင့်ကျနော် သွားရေးလာရေး အသေးစိတ်အစီအစဉ်တွေဆွဲကြ၏။ ထိုအတောအတွင်း ဖို့ဝိန်းမြို့ဝန်းကျင်က အလယ်တန်းကျောင်းတကျောင်းနှင့် အထက်တန်းကျောင်းတကျောင်းက မြန်မာ့ယဉ်ကျေးမှုနှင့်မြန်မာပြည်အကြောင်းလေးတွေ လာပြောပေးပါဆိုသဖြင့် သွားဖြစ်ပြောဖြစ်လိုက်သေး၏။ ကျနော် ဒီရောက်ပြီးမှ ဒီကကျောင်းတွေမှာ သွားသွားပြောရသည်မှာ ၁၅ ကြိမ်ထက် မနည်းရှိပြီ။ ပြန်ရေးမည်ဆိုကာ စိတ်ထဲတေးထားသော်လည်း လက်တွေ့ချမရေးဖြစ်ခဲ့သေး။ သူတို့နှင့်သက်တူရွယ် တူမြန်မာပြည်က ကလေးတွေနှင့် ဒီက ကလေးတွေမှာ တူတာတွေရှိသလို မတူတာတွေလည်းမနည်းလှ။ သူ့ကျောင်းသူ့စာသူ့အထွာနှင့်၊ သူ့နှုန်းသူ့စံသူ့ပေတံနှင့် ကွက်တိကျမည်ဖြစ်သော်လည်း ကိုယ်နှင့်အံမကိုက်သေးတာတွေ၊ အံချော်နေတာတွေလည်းရှိတတ်၏။ ရမည်ရှာအပြစ်ဖွဲ့မည်ဆိုလျှင် လက်ညှိုးထိုးချင်စရာတွေလည်းရှိနေ၏။ အကောင်းမြင်စိတ်ကို တကူးတကန့်မွေးပြီးကြည့်မည်ဆိုလျှင် အကောင်းတွေချည်းဟု ပြောမိမည်ဖြစ်၏။ ကျနော့်လက်တွေ့ကား ထိုသို့မဟုတ်။ ဆိုးသည်ဟု မဆိုသာသော်လည်း ဘဝင်မကျစရာတွေ၊ ကိုယ့်အခံနှင့်အစပ်မတည့် တာတွေလည်း မြင်၏။ အဆိုးမြင်/အကောင်းမြင်ဆိုသည်မှာလည်း ဘက်သဘောနှင့်ဓါတ်အခံပေါ်တည်မည်ထင်၏။ ဘက်သဘောရှိနေသူတွင် သမာသမတ်ကျသည့်အတွေးနှင့်အမြင် အခိုင်ခန့်ရှိဖို့ မလွယ်ကူလှ။ ကျနော်က နေရာတကာတွင် ဘက်သဘောရှိသူဖြစ်၏။ ကျနော်နှင့်ဆန့်ကျင်ဘက်အမြင်ရှိသူတချို့က ကျနော့်အား အဆိုးမြင်ဝါဒီဟု ယိုးသည်လည်းရှိ၏။ ကျနော် စိတ်မဆိုး။ မဆိုးသည့်အပြင် ကျေးဇူးပါတင်သေး၏။ ကျနော့်အမြင်တွင် အဆိုးမြင်ဝါဒီများသာမရှိလျှင် လောကသည် ယခုလောက်ပြောင်းလဲ တိုးတက်ဖြစ်ထွန်းလာစရာ
အကြောင်းမရှိ။ မျက်မှောက်ပြုနေရသည့် လူ့အဖွဲ့အစည်း၊ လူမှုဝန်းကျင်၊ လူမှုဆက်ဆံရေး၊ အုပ်ချုပ်ရေးစနစ်၊ အသိပညာ၊ အတတ်ပညာ၊ တွေးခေါ်မြော်မြင်မှုနှင့်ဆင်ခြင်တုံတရား စသည်တို့အားအကောင်းတွေချည်း ဟုမြင်သူတွင် ထိုကိစ္စတို့အား ပြောင်းလဲရန်အားထုတ်နေစရာမလိုတော့။ အကုန်လုံးကိုအကောင်းဟု အသာတကြည်လက်ခံပြီး အလိုက်သင့်နေသွားရုံသာ။ မျက်မှောက်ပြုနေရသည့်အခြေအနေတို့သည် မကောင်းသေး၊ မပြည့်စုံသေး၊ ထို့ထက် ပိုကောင်းသည်များ ရှိသေး၏၊ ထိုအခြေအနေများ ဖြစ်ထွန်းပိုင်ဆိုင်လာဖို့ ဒီအတိုင်းရပ်နေလို့တော့မဖြစ်၊ အဟောင်းထဲက မကောင်းတာတွေကိုဖြိုချ၊ အသစ်နှင့်အစားထိုးမှ ပိုကောင်းမည့်လောကကိုရမည်ဆိုကာ ခေတ်ကိုပြောင်းခဲ့ကြသည့် နယ်ပယ်စုံက တော်လှန်စိတ်နှင့်လူမှုပြုပြင်ပြောင်းလဲရေးသမားတို့သည် ပစ္စုပ္ဗန်ကို အကောင်းချည်းသက်သက်ဟုမြင်ခဲ့ သူတွေ မဟုတ်ခဲ့ကြ။ ဒီက ကျောင်းသားတွေနှင့်ဆုံတိုင်း သူတို့ထဲမှာရော အကောင်းမြင်သမား ဘယ်နှယောက်ပါလို့ အဆိုးမြင်သမားဘယ်နှဦးပါကိုလည်း တွေးမိတတ်ပြန်၏။ ယခုလည်း အမေရိကားက တက္ကသိုလ်ကြီးတွေတွင်ပညာသင်နေကြသည့် မြန်မာပြည်သားကျောင်းသားတွေနှင့် ပထမဆုံးအကြိမ် တွေ့ခွင့်ဆုံခွင့်ရတော့မည်။ သူတို့ရော ဘယ်လိုရှိလေမလဲ။ သူတို့ ဘာတွေကို ပိုစိတ်ဝင်စားကြမလဲ။ သူတို့အမြင်တွေကရော ဘယ်ပုံမျိုးလဲ။ ဗမာပြည်ရဲ့ လက်ရှိအလှည့်အပြောင်းတွေအပေါ် သူတို့ဘယ်လိုမြင်ကြမလဲ။ သူတို့ဆီကနေ ငါ ဘာတွေသင်ယူရနိုင်မလဲ။ ငါ့ ဆီကရော သူတို့ဘာတွေများ သင်ယူကြမှာလဲ စသည့်အတွေးတို့ဖြင့် စိတ်လှုပ်ရှားနေမိသည်ကတော့ အမှန်ပင်ဖြစ်၏။

ဤသို့ဖြင့်သွားရမည့်ရက်ကလည်း ကပ်လာ၏။ အသေးစိတ်တွေပြောကြတော့မှ ဇနီးက မင်န်းဖစ်ကို သူလည်း မရောက်ဖူးသေး။ ရောက်ဖူးချင်သဖြင့် သူပါလိုက်မည်ဆို၏။ လမ်းတလျှောက်အချိန်ရလျှင် ကြားမြို့တွေဝင်ဦးမည်။ ထို့ကြောင့် လေယဉ်နှင့်မသွားပဲ ကားဖြင့်သွားမည်။ သူမောင်းမည်ဟုဆိုတော့ ကျနော်လည်းဝမ်းသာရ၏။ ကျနော်က လေယဉ်ဖြင့်ခရီးသွားရသည်ကို သိတ်မကြိုက်လှ။ လေယဉ်က နေပွင့်ပါမှအောက်ဖက်ကိုမြင်နိုင်ပြီး များသောအားဖြင့် တိမ်တွေမှတပါး အခြားကြည့်စရာလည်းမရှိ။ ပျင်းစရာငြီးငွေ့စရာ။ သို့ဖြင့် ကားနှင့်လာမည်ဟု ခရီးစဉ်ဆွဲ၏။ ကျနော်တို့ သွားရမည့်ပြည်နယ်က တင်န်နက်ဆီ(Tennessee)၊ မြို့က မင်မ်းဖစ် (Memphis)။ ကျနော်တို့မြို့ကလေး (Fort Wayne) မှဆိုလျှင် အဝေးပြေးလမ်းမကြီးအတိုင်း ၅၉၆ မိုင်အကွာ။ လမ်းတွင် အီလီနွိုင်း(Illinoise) မစ်ဇူရီ(Missouri) နှင့်အာကင်ဆော(Arkansas) ပြည်နယ်များကိုဖြတ်ရမည်။ ကံကောင်းသည်က အမေရိကား၏နံမည်ကျော် “မြစ်ကြီး မစ္စစ္စပီ“ကို အီလီနွိုင်းနှင့်မစ်ဇူရီနယ်ခြားတွင်တကြိမ်၊ အာကင်ဆောနှင့်တင်န်နက်ဆီ နယ်ခြားတွင်တကြိမ် ၂ကြိမ်ဖြတ်ရမည်။ ပြီးတော့ မင်မ်းဖစ်မြို့က “မြစ်ကြီးမစ္စစ္စပီ“၏ နံစောင်းတွင်မေးတင်ပြီး တည်ထားသည့်မြို့။ သည်တော့ မြစ်ကြီး မစ္စစ္စပီကို နဖူးတွေ့ဒူးတွေ့ တွေ့ရတော့မည်။ ဧရာဝတီသည် မြန်မာပြည်၏အသက်သွေးကြော။ ဧရာဝတီကို မြန်မာတို့ စာဖွဲ့လို့မဝ၊ အားမရ။ ဘယ်တော့မှလည်း မရိုးနိုင်မအီနိုင်။ ကိုခင်ဝမ်းနှင့်ထူးအိမ်သင်တို့၏ဧရာဝတီသည် ကျနော့် အကြားအာရုံထဲတိုးဝင်လာသလို မာ့ခ်တွိန်း၏ မစ္စစ္စပီသည်လည်း အမြင်ထဲတိုးဝင်လာတော့မည်။ တချိန်တုန်းက အမေရိကား၏ အသက်သွေးကြော။ သည်မြစ်တရိုး အညာအကြေဒေသတွေတလျှောက် မာ့ခ်တွိန်း စုံချီဆန်ချီ ရွက်တိုက်ခဲ့၏။ သည်မြစ်ကြီးမှ တွေးစရာနှင့်ရေးစရာတွေ သူ တပုံတမရခဲ့၏။ ခု မာ့ခ်တွိန်း၏မစ္စစ္စပီကို ကျနော် မျက်မှောက်မြင်ရတော့မည်။
နောက်ထပ် ပိုကံကောင်းသည့်တချက်ကား အာဖရိကန်အမေရိကန် လူမည်းအမျိုးသား၊ နိုင်ငံသားအခွင့်အရေး လှုပ်ရှားမှု (Civil Rights Movement) ၏ ပဲ့ကိုင်၊ အကြမ်းမဖက် လူထုနည်းဖြင့်တိုက်ပွဲဝင်ခဲ့သည့်သူရဲကောင်း Dr. Martin Luther King Jr. ၏ နောက်ဆုံးဝင်သက်ရှူပြီး ထွက်သက်ထုတ်ခဲ့သည့်မြို့။ သူ အလုပ်ကြံခံခဲ့သည့်တည်းခိုခန်းလေးကို အစိုးရကအပြီးဝယ်ကာ သူ့အမှတ်တရပြတိုက်လေးလုပ်ထားပြီး ထိုတည်းခိုခန်းနှင့်ကပ်လျှက်၌ နိုင်ငံသားအခွင့်အရေးအမျိုးသားပြတိုက် National Civil Rights Museum ရှိနေခြင်းနှင့် ထိုနေရာများသို့ သွားရောက်လေ့လာလည်ပတ်ရေးက ခရီးစဉ်တွင်ပါနေခြင်းဖြစ်၏။ ခရီးကသာမန်ဟုထင်ရသော်လည်း အမှန်က အလွန်ထူးခြား၏။ ထူးခြားမှုက အခြားမဟုတ်။ ယခင်နှစ်များက (OSI) ၏ ပညာသင်ကြားမှုထောက်ပံ့ရေးအစီအစဉ်ဖြင့် ကျောင်းသားကွန်ဖရင်န့်စ်များကို အမေရိကန်ပြည်ထောင်စုရှိ အခြားမြို့အခြားနေရာများတွင် ကျင်းပခဲ့သော်လည်း သည်နှစ် သည်နေရာ သည်မြို့ကိုမှရွေးပြီး ကျင်းပသည်မှာအဓိပ္ဗါယ်ရှိ၏။ လတ်တလောပြည်တွင်းမှအပြုအပြင်များ၊ အလှည့်အပြောင်းနှင့်
အလှုပ်အရမ်းများ၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ၏ ပွင့်လင်းလူ့အဖွဲ့အစည်းဆိုင်ရာ လှုံ့ဆော်စည်းရုံး လှုပ်ရှားဆောင်ရွက်နေမှုများ၊ (OSI) တည်ထောင်သူ ကုဋေကြွယ်သူဋ္ဌေးကြီး Gorge Soros ၂၀၁၁ ဒီဇင်ဘာ ၂၆ မှ ၂၀၁၂ ဇန်နဝါရီ ၃ ရက်အထိ မြန်မာပြည်သို့ သွားရောက်လည်ပတ်ခဲ့ပြီး အစိုးရတာဝန်ရှိသူများအပါအဝင် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံဆွေးနွေးခဲ့မှုများ၏အကျိုးဆက်အား ထင်ဟပ်ချက်ပင်ဖြစ်၏။

မျိုးမြင့်ချို ဧပြီ ၇ ရက် ၂၀၁၂(ဆက်ပါဦးမယ်)
0 comments:
Post a Comment