Thursday, April 5, 2012

စစ်မြေပြင်မှပုံရိပ်များ (အပိုင်း ၅၇) မျိုးမြင့်ချို

0 comments

ဧပြီလ ၅ ရက် ၂၀၁၂ နေ့က အာရ်အက်ဖ်အေက ထုတ်လွှင့်ပြီးဖြစ်ပါတယ်။
            ကျနော်လည်း ချက်ခြင်းနောက်ပြန်လှည့်ပြီး ထိုင်နေလိုက်ရပါတယ်။ ဒီတော့မှ တယောက်က ကျနော့်ကို ခေါင်းစွပ် စွပ်ပြီးခေါ်သွားပြန်ပါတယ်။ ခေါင်းစွပ်ချွတ်လိုက်တော့မှ စားပွဲကုလားထိုင်တွေချခင်းထားတဲ့ အခန်းကျယ်ကြီးတခုထဲရောက်နေတာ သိလိုက်ရပါတယ်။ စားပွဲကြီးနောက်မှာတော့ အရာရှိဖြစ်မယ်ထင်ရတဲ့ လူတယောက်ထိုင်နေပြီး ဘေးမှာ လူ ၂ ယောက်လည်းရှိနေပါတယ်။ ကျနော့်ကိုထိုင်ခိုင်းပြီးတာနဲ့ ဘေးကတယောက်က “မင်းလားကွ“ ဆိုပြီး ဘာမပြောညာမပြောနဲ့ ရင်ဘတ်နဲ့ကျောကိုညှပ်ပြီး သုံးလေးချက်ဆက်တိုက်ထုထဲ့ချလိုက်ပါတယ်။ ကျနော်လည်း ရုတ်တရက်လန့်ဖြန့်ယောင်ရမ်းပြီး ခုံပေါ်ကကြုံးအထ ဘေးကတယောက်က နံစောင်းကိုလက်သီးနဲ့ထိုးအချ ကျနော်ဟန်ချက်ပျက်ပြီး သံမံတလင်းပေါ်ဘေးစောင်းကျသွားပါတယ်။ ခြေလွတ်လက်လွတ်ပါပဲ။ ဘာမှပြောချိန်မရလိုက်သေးခင်မှာပဲ နောက်တယောက်က “ဒီကောင်စစ်သားဟောင်းလုပ်နေပြီး တပ်မတော်ကိုပြန်သစ္စာဖေါက်တဲ့ကောင်၊ ယောင်္ကျားမဟုတ်တဲ့ကောင်၊ မေးတာကို သတ္တိရှိရှိနဲ့မှန်မှန်မဖြေတဲ့ကောင်“ အဲဒါတာတွေပြောပြီး ကြမ်းပေါ်လှိမ့်ကန်ပါတော့တယ်။ အရာရှိဖြစ်သူက “တော်တော့“ လို့ အမိန့်ပေးလိုက်တော့မှပဲ အကန်ရပ်ပြီး ကုလားထိုင်ပေါ်ပြန်တင်ပေးပါတယ်။
           
            အရာရှိဖြစ်သူက “မင်းကလည်းမင်းပဲ၊ မင်း ယောင်္ကျားမဟုတ်ဘူးလား၊ ယောင်္ကျားထဲမှာမှ စစ်သားမဟုတ်ဘူးလား၊ စစ်သားဆိုတာ လုပ်ရဲရင်ခံရဲရတယ်ကွ၊ မင်းမှန်မှန်ဖြေရင် ငါသူတို့ကို ဘာမှမလုပ်ခိုင်းဘူး၊ အေး..မင်းဘက်က ပုံမကျပန်းမကျလုပ်လာရင်တော့ ငါလည်း မတတ်နိုင်ဘူးဟေ့ကောင်၊ မင်း အခုနေမှန်မှန်မဖြေလည်း နောက်တော့ဖြေလာရမှာပဲ၊ ငါတို့ဆီမှာ ဖြေလာအောင်လုပ်တဲ့နည်းတွေ တပုံကြီးရှိတယ်၊ မင်းလိုကောင်မပြောနဲ့ မင်းတို့ဆရာကြီးတွေတောင် ငါတို့ရှေ့ရောက်ရင် အကုန်အန်ထုတ်ပြီး ပြောသွားရတာချည်းပဲ၊ မပြောလည်းမသာပေါ်မှာပဲ၊ အေး..တခုတော့ရှိတယ်၊ မင်းက တပ်ထွက်လည်းဖြစ်၊ ဒုက္ခိတလည်းဖြစ်ဆိုတော့ ငါတို့က ပိုတောင်မလုပ်ရက်ပါဘူး၊ မင်းဘက်ကသာ မှန်မှန်ကန်ကန်ဖြေ၊ ဟုတ်ပြီလား“ ဆိုပြီး ချော့မော့သလိုခြိမ်းခြောက်သလိုတွေ ပြောလာပြန်ပါတယ်။
           
            မေးတဲ့မေးခွန်းတွေကတော့ ရှေ့ကအဖွဲ့တွေမေးခဲ့ပြီးတဲ့ မေးခွန်းတွေဖြစ်သလို ကျနော့်အဖြေတွေဟာလည်း ရှေ့ကအတိုင်းတွေပါပဲ။ ထိန်ချန်စရာမရှိသလို၊ ထိန်ချန်ဖို့လည်းမလိုတဲ့ကိစ္စမှာ ကျနော်လုပ်ခဲ့တာအကုန် ပြောခဲ့ပြီးပြီဖြစ်ပါတယ်။ အဲဒါတွေအကုန်လုံးကိုလည်း သူတို့မှမဟုတ်ပါဘူး မြို့ကလေးကဘယ်သူမဆို သိပြီးသားကိစ္စတွေချည်းပါပဲ။ အရာရှိဖြစ်သူက “ကဲ..မင်းမပြောလည်း ငါတို့ပြောပြမယ်“ လို့ဆိုပြီး ကျနော့်ခေါင်းစွပ်ကိုချွတ်ပြီး ဖိုင်တခုကိုကြည့်ခိုင်းပါတယ်။ ဖိုင်ထဲမှာက မြို့ကလေးရဲ့အင်န်အယ်လ်ဒီလူကြီး/လူငယ်ဖွဲ့စည်းပုံ၊ အမည်နဲ့တာဝန်တွေ၊ အစည်းအဝေးမှတ်တမ်းတွေကို မိတ္တူကူးထားတာတွေချည်းပါပဲ။ ကျနော်လည်း ဒါတွေမြင်လိုက်ကတည်းက ဘယ်သူ့လက်ချက်ဖြစ်မယ်ဆိုတာတန်းသိလိုက်တဲ့အပြင်၊ လူထုသိခွင့်ရှိတဲ့ဟာတွေဖြစ်ပြီး လျှို့ဝှက်ချက်တွေလည်းမဟုတ်တော့ စိတ်ထဲမအံ့သြမိပါဘူး။
           
            အရာရှိလုပ်သူကတော့ အဲဒါတွေပြရင်းအောင်မြင်ကျေနပ်တဲ့လေသံနဲ့ “တွေ့ပြီမဟုတ်လား၊ ငါတို့အကုန်သိထားပြီးသားဆိုတာ၊ မင်းတို့ ကိုယ်မင်းတို့ သိတ်ပိယိလှပြီမထင်နဲ့ဟေ့ကောင်၊ ဗမာပြည်မှာ ငါတိုသိချင်တာမှန်သမျှအကုန် သိအောင်လုပ်လို့ရတယ်ကွ“လို့ပြောပါတယ်။ စိတ်ထဲက ကျနော်ရယ်ချင်ပေမယ့် မရယ်ရဲပါဘူး။ သူတို့ ဒါတွေရထားတာဟာလူငယ် တာဝန်ခံ(၃)ဆီကဆိုတာကိုလည်း တယောက်ကဗြောင်ကိုဖွင့်ပြောပါတယ်။ “ကျနော်အခု ခင်ဗျားတို့မေးလို့ဖြေလာခဲ့တာတွေလည်း ဒါတွေပဲမဟုတ်လား၊ ကျနော့်မှာ ဘာမှ လျှို့ဝှက်စရာလည်းမရှိပါဘူး၊ အင်န်အယ်လ်ဒီဟာ တရားဝင်ရပ်တည်နေတဲ့ပါတီပါ၊ ကျနော်လုပ်ခဲ့တာတွေလည်း အကုန်ပြောပြီးပြီပဲဗျာ၊ အဲဒါတွေလုပ်လို့အပြစ်ရှိတယ်ဆိုလည်း မတတ်နိုင်ဘူးဗျာ“ လို့ ကျနော်ပြန်ဖြေလိုက်တယ်ဆိုရင်ပဲ 
ဘေးက ၂ယောက်ဆီက လက်သီးတွေ၊ ဒူးတွေ၊ တံတောင်တွေ ဆက်တိုက်ဝင်ချလာတော့ပါပဲ။ မျက်နှာဖုံးချွတ်ထားတာဆိုတော့ ကြည့်ပြီးတချက်တလေကို ရှောင်လိုက်တိမ်းလိုက်နိုင်တာမှန်ပေမယ့် နောက်ဆုံးတော့ ကြမ်းပြင်ပေါ်ပြန်ပုံကျသွားပါတော့တယ်။
           
            “ထားခဲ့လိုက်ကွာ၊ ဒီကောင့်ကို၊ နောက်မှ“ဆိုပြီး ပြန်ထွက်သွားကြပါပြန်တယ်။ ကျနော်လည်း ခေါင်းစွပ်မရှိတော့ နေရထိုင်ရသက်သာသလိုလို၊ ဟိုဟိုဒီဒီ ကြည့်ခွင့်လေးလည်းရနေပါတယ်။ ပြူတင်းပေါက်ကနေတဆင့်ကြည့်လိုက်တော့ ကောင်းကင်ကြီး ကြည်လင်နေတာ၊ ဇူလိုင်လဖြစ်ပေမယ့် မိုးမရွာပဲ နေသာနေတာနဲ့ ငှက်အော်သံလေးတွေကို သတိထားမိပါတယ်။  ဓါတ်ကြိုးတွေမှာလည်း ပျံလွှားငှက်ကလေးတွေနားလို့၊ ခတ်လှမ်းလှမ်းမှာတော့ သံဆူးကြိုးခတ်ထားတဲ့ လုံးချင်းအိမ်သေးသေးလေးတွေနဲ့အဆောင်ကြီးတခု၊ သစ်ပင်ကြီးတချို့နဲ့ချုံပုတ်ကလေးတွေ၊ စစ်ရေးပြကွင်းလို့ထင်ရတဲ့ အလံတိုင်ထောင်ထားတဲ့ ကွင်းတခုကိုလည်းလှမ်းမြင်ရပါတယ်။ အဲဒါတွေကြည့်ရင်း ကျနော့်လက်ရှိတဒင်္ဂဘဝကိုတောင် မေ့လျော့သွားမိပါသေးတယ်။ နောက်တော့ ကျနေရှိန်ကြောင့်အခန်းကြီးထဲ ပူအိုက်လှောင်စပ်နေတာကိုသတိထားမိလိုက်ပြီး စိတ်က အခန်းထဲပြန်ရောက်လာပါတယ်။  စိတ်တွေပြန်မွန်းကျပ်သွားသလို လူတကိုယ်လုံးလည်းနာကျင်ပြီး ချွေးစေးတွေနဲ့ငြီးစီစီကြီး ဖြစ်နေပါတယ်။
           
            စားပွဲပေါ်မှာတော့ ရေအပြည့်နဲ့ခွက်တလုံး၊ ဆေးလိပ်မီးခြစ်နဲ့ မုန့်ပန်းကန်တချပ်လည်းရှိနေပါတယ်။ ရေမြင်တော့မှ ရေငတ်သလိုပိုဖြစ်လာပြီး ဆေးလိပ်လည်းသောက်ချင်လာပါတယ်။ ရေခွက်ကိုယူပြီး တချက်တည်းအကုန်မော့ချလိုက်တာ  ကျနော့်တသက်သောက်ခဲ့ဖူးသမျှ ရေတွေထဲမှာတော့ အရသာအရှိဆုံးလို့တောင် ပြောရမယ်ထင်ပါတယ်။ ပြီးတော့မှ ဆေးလိပ်တလိပ်ထုတ်ယူမီးညှိပြီး အရသာခံဖွာနေလိုက်ပါတယ်။ ခဏနေတော့ ဝုန်းကနဲတံခါးဖွင့်သံနဲ့အတူ လူတွေပြန်ဝင်ချလာပြန်ပါတယ်။ “ဟေ့ကောင်..ဘာလို့ ခေါင်းစွပ်ချွတ်ထားတာလဲ“ ဆိုတဲ့ အသံနဲ့အတူ “အောင်မာ မင်းကဆေးလိပ်တွေ ဘာတွေတောင်သောက်လို့၊ မင်းကို ဘယ်သူကသောက်ခိုင်းလို့တုန်း“ ဆိုတဲ့အသံပါတဆက်တည်း ထွက်ချလာပါတယ်။ ကျနော်လည်းယောင်ယမ်းပြီး သောက်လက်စဆေးလိပ်ကို ကြမ်းပြင်ပေါ်ပစ်ချလိုက်ပါတယ်။ ငါတော့ အမှားလုပ်မိပြီဆိုပြီး စိတ်ထဲလည်းထိတ်ကနဲဖြစ်သွားပြန်ပါတယ်။ တယောက်ကအနားကပ်လာပြီး “ဒီလောက်တောင် သောက်ချင်တဲ့ကောင်၊ ပါးစပ်ဟစမ်း“ ဆိုပြီး ပြောလည်းပြော ကျနော့်ပါးစပ်ကိုလည်း လက်တဘက်နဲ့အတင်းဆွဲဖြဲလိုက်ပါတယ်။ ဟသွားတဲ့ပါးစပ်ပေါက်ထဲကို သူ့လက်ထဲပါလာတဲ့ဘောလ်ပင်န်နဲ့ တအားဆောင့်ထိုးထည့်ပြီး ခတ်ကြမ်းကြမ်းမွှေချလိုက်ပါတယ်။ အာခေါင်၊ သွားတွေနဲ့ ဘောလ်ပင်န်အမာသားထိမိပြီး ကျနော့် ခန္ဓာကိုယ်တခုလုံးကျင်တက်သွားသလို ခံစားလိုက်ရပါတော့တယ်။

နောက်တပတ်ဆက်ပါဦးမယ်။
ကျနော်မျိုးမြင့်ပါခင်ဗျား။
မျိုးမြင့်။

0 comments:

Post a Comment