Friday, April 13, 2012

စစ်မြေပြင်မှပုံရိပ်များ(အပိုင်း၅၈) (မျိုးမြင့်ချို)

0 comments

စစ်မြေပြင်မှပုံရိပ်များ(အပိုင်း၅၈) (မျိုးမြင့်ချို) ဧပြီ ၁၂ ရက် ၂၀၁၂ နေ့က အာရ်အက်ဖ်အေကနေ ထုတ်လွှင့်ပြီးဖြစ်ပါတယ်။
ဘောလ်ပင်န်နဲ့ဆောင့်ထိုးလိုက်တဲ့ဒဏ်ကြောင့် ခံတွင်းနဲ့အာခေါင်တွေ ပေါက်ပြဲပြီး သွေးစိမ့်ထွက်လာသလို လူလည်းလန့်ဖြန့်ပြီးကတုန်ကယင် ဖြစ်သွားပါတယ်။ ဘာကိုမှအငဲ့အညှာမရှိ ထင်ရာအလုပ်ခံရတော့မှာ ပါလားလို့တွေးမိတော့  အားကိုးရာမဲ့သူလိုဖြစ်ပြီး ကြောက်စိတ်တွေ စဝင်လာပါတော့တယ်။ ကျနော်ဘာမှ ပြန်မပြောနိုင်သေးခင်မှာပဲ ရေတခွက်ထိုးပေးပြီး ပလုပ်ကျင်းခိုင်းပါတယ်။ ရေဝင်သွားကာမှ ပါးစပ်ကစပ်ဖျင်းဖျင်းနဲ့ပိုနာသလိုတောင်ဖြစ်လာပါတယ်။ ကုလားထိုင်နောက်မှီနဲ့လက်ကိုတွဲ၊ လက်ထိတ်နောက်ပြန်ခတ်၊ ခါးကနေအထက်ကိုလည်းကုလားထိုင်နဲ့တွဲပြီး သားရေပြားလို့ထင်ရတဲ့ကြိုးတခုနဲ့ တင်းနေအောင်ဆွဲချည်တုတ်လိုက်ပြန်တော့ ခန္ဓာကိုယ်တခုလုံး လှုပ်လို့ရှားလို့မလွယ်တော့ပါဘူး။ ချည်နေတုတ်နေရင်းကနေ သူတို့မေးတာအမှန်အတိုင်းဖြေဖို့နဲ့ သူတို့နဲ့ပူးပေါင်းဆောင်ရွက်ဖို့ ပြောကြပြန်ပါတယ်။
            ခုချိန်ထိ ကျနော်ဖြေသမျှထဲမှာ မမှန်တာဘာတခုမှမပါခဲ့ဘူးဆိုတာ သူတို့သိနေတာပါပဲ။ 
သူတို့နဲ့ပူးပေါင်းဆောင်ရွက်ဖို့ဆိုတာကိုတော့ ဘာကိုဆိုလိုမှန်း ကျနော်တကယ့်ကိုပဲနားမလည်ခဲ့ပါဘူး။ ကျနော်တွေးနေတုန်း အခန်းတခန်းလုံးမှောင်အတိကျသွားပါတယ်။ နောက် ခဏနေတော့ တခန်းလုံးပြန်လင်းထွက်သွားတယ် ထင်လိုက်ရပြန်ရော။  အမှန်က မီးမောင်းကြီးတခုနဲ့ ကျနော့်မျက်နှာကို တည့်တည့်ချိန်ထိုးပြီး ခလုပ်တွေဖွင့်လိုက်တာပါ။ စစချင်းတော့ မီးအားကသိပ်ပြင်းတယ်လို့မထင်ရပါဘူး။ မျက်နှာပေါ်ခပ်နွေးနွေးလေးဖြစ်နေပြီး အလင်းအားကတော့ အတော်များနေသလိုပါပဲ။ မီးရောင်ကိုကြည့်ဖို့မပြောနဲ့ မျက်စေ့နှစ်လုံးစလုံး ဇွတ်မှိတ်ထားတာတောင် မီးရောင်တွေမြင်နေရတာလိုလို မီးရောင်အကွင်းလိုက်ကြီးတွေ မျက်စေ့ထဲဝင်လာနေတာလိုလိုကြီး ဖြစ်နေပါတယ်။ အပြာရောင်လိုလို အနီရောင်လိုလိုအစက်အပြောက်ကြီးတွေလည်း မျက်စေ့ထဲမှာပြေးနေသလိုပဲ။ မျက်စေ့ကြာကြာမှိတ်ထားပြန်တော့လည်း မျက်လုံးကညောင်းပြီး အောင့်လာပါတယ်။ မျက်လုံးညောင်းလို့ပြန်ဖွင့်လိုက်ပြန်တော့လည်း မီးတန်းကြီးကစူးကနဲမျက်စေ့ထဲကိုထိုးဝင်လာပြန်ရော။  ဒါနဲ့ မျက်လုံးဖွင့်လိုက်ပိတ်လိုက်၊ မျက်တောင်ခတ်လိုက်တွေ ဖြစ်နေပါတယ်။
            စစချင်းတော့ မီးရောင်စူးတာလောက်ပဲ သတိထားမိပေမယ့် တဖြည်းဖြည်းနဲ့မီးပြင်းအားက ပိုပိုပူလာနေသလိုပါပဲ။ မျက်နှာကလည်း ပူသထက်ပူပူလာပြီး မျက်နှာအရေပြားတွေများဖေါင်းကြွပြီး ရေကြည်ဖုကြီးတွေထလာနေသလိုမျိုး ခံစားလာရပါတယ်။ တခါ အဲဒီ အရေကြည်ဖုကြီးတွေပေါက်ထွက်ပြီး မျက်နှာပေါ်စီးကျလာတာလိုလို၊ မျက်နှာအရေပြားတွေ အလွှားလိုက်အလွှားလိုက်ကွာကျနေတာ လိုလိုတွေဖြစ်လာပါတယ်။ တအင်းအင်းတအားအားနဲ့ ကျနော့်ပါးစပ်ကနေ အော်သံမျိုးစုံထွက်နေတာလည်း သိနေပါတယ်။ မီးရောင်စူးတာကတမျိုး၊ မီးပူတာကတမျိုးနဲ့ ကျနော့်တကိုယ်လုံးချွေးတွေပြန်လာပါတယ်။ ခေါင်းတွေလည်းကိုက်ခဲလာတာလိုလို ခေါင်းပေါ်မှာပိဿလေးကြီးတွေနဲ့ဖိထားတာလိုလိုတွေဖြစ်လာပါတယ်။ ဇက်လည်း ခိုင်သလိုကြီးဖြစ်နေပါတော့တယ်။
အဆိုးဆုံးကတော့ ဘယ်ဘက်မျက်လုံးပါပဲ။ အဲဒီတဘက်က ဒဏ်ရာရတုန်းက မိုင်းစတွေဝင်ပြီး ၂ကြိမ်တိုင်တိုင် ပြန်ခွဲစိတ်ထားရတာပါ။ သာမန်နေ့ခင်းအလင်းထဲထွက်ရင်တောင် အလင်းစူးလို့အောင့်အောင့်နေတတ်တာပါ။ ခုဟာက လူကိုမလှုပ်နိုင်အောင်ချည်ပြီး အပူအလင်းအားပြင်းတဲ့ မီးမောင်းကြီးနဲ့ထိုးခံထားရတာဆိုတော့ ဘယ်မျက်လုံးက အောင့်လိုက်ပုံများတော့မပြောပါနဲ့တော့။ မျက်လုံးအလုံးလိုက်ကြီး အပြင်ကိုကျွတ်ထွက်သွားပြီလားလို့တောင် စိတ်ထဲဖြစ်မိပါတယ်။  ပါးစောင်နဲ့အာခေါင်တွေကလည်း မခံနိုင်အောင်ကိုနာလာပြန်ပါတယ်။ ရေငတ်ပြီးလည်ချောင်းတခုလုံး ကွဲသွားပြီလားတောင် ထင်နေရတာပါ။ ပါးစပ်ဟလိုက်ပြန်တော့လည်း အပူတခုခုနဲ့ထိုးလိုက်တာလိုမျိုးကြီး ဖြစ်သွားပြန်ပါတယ်။ အမှန်က အပူနဲ့ထိုးတာတော့ ဟုတ်ပုံမရပါဘူး။ ခံတွင်းထဲက လတ်လတ်ဆတ်ဆတ် အနာတွေအပေါ် မီးရောင်သွားထိလို့ ပူကနဲဖြစ်သွားတာပဲနေမှာပါ။ ကျနော့်ပါးစပ်ကဝူးဝူးဝါးဝါးနဲ့ တခုခုတွေအော်နေတာ၊ အသံတွေထွက်နေတာကို ကျနော်ပြန်ကြားနေရပါတယ်။ ဘေးကလည်း ရယ်သံတွေလိုလို စကားသံတွေလိုလိုကလည်း နားထဲမှာအကျယ်ကြီးကြားနေရပါတယ်။ ခုချိန်ထိ မီးသာထိုးထားပေမယ့် ဘာမှတော့ကျနော့်ကို မမေးကြမမြန်းကြသေးပါဘူး။
            နောက်ဆုံး သတိလစ်သလိုဖြစ်ပြီးမေ့မသွားခင် ကျနော်မှတ်မိလိုက်တာကတော့ ”ဟေ့ကောင်ပြော..ပြော”ဆိုတာနဲ့ ”ပိတ်လိုက်တော့”ဆိုတာပဲဖြစ်ပါတယ်။ နောက်တော့ ကျနော် အိပ်ရာကနိုးလာသလို ပြန်နိုးလာပါပြန်တယ်။ ခုံပေါ်မှာလက်ထိပ်နဲ့ကြိုးတုတ်ရက်သားတော့ မဟုတ်ပါဘူး။ ကြမ်းပြင်ပေါ်မှာလဲနေတာပါ။ ကျနော့်တကိုယ်လုံးလည်း အေးစက်ပြီးတုန်နေအောင်ကို ချမ်းနေပါတယ်။ ဖျားနေတာလိုလိုနဲ့ ခါးလည်းအတော့်ကိုနာနေပါပြီ။ မျက်လုံးတွေကတော့ဖွင့်သာထားတယ် 
ဘာမှမမြင်ရပါဘူး။ ဘယ်နေရာကြည့်လိုက်ကြည့်လိုက် အပြာကွက်၊ အနီကွက်ကြီးတွေပဲမြင်ရပါတယ်။ ဘယ်မျက်လုံးကတော့ အထိတောင်မခံနိုင်တော့ပါဘူး။ ဂျိုင်းထောက်များတွေ့မလားလို့ဆိုပြီး 
လက်နဲ့ဟိုစမ်းဒီစမ်း စမ်းကြည့်တော့ လူ့ခြေထောက်တခုကို သွားစမ်းမိပါတယ်။ ဒီတော့မှ အဲဒီခြေထောက်နေရာကအသံထွက်လာပြီး ”ဟေ့ကောင်..ဘယ့်နှယ်လဲ နေသာထိုင်သာရှိသွားပြီလား” လို့မေးသံကြားပါတယ်။ ပြန်ဖြေမလို့ ကျနော့်ပါးစပ်လှုပ်လိုက်တယ်ဆိုရင်ပဲ နှုတ်ခမ်းတခုလုံး ဖြတ်ဖြတ်ဖြတ်ဖြတ်နဲ့ကွဲထွက်ကုန်သလိုပဲ ခံစားလိုက်ရပါတယ်။ ဒါနဲ့ ပါးစပ်ပြန်စေ့ပြီး ဘာမှပြန်မပြောတော့ပါဘူး။
            ခုံပေါ်ပြန်တင်လိုက်တော့ဆိုတဲ့အသံနဲ့အတူ ကျနော် ကုလားထိုင်တလုံးပေါ်ပြန်ရောက်လာပြန် ပါတယ်။ လူက ကုလားထိုင်ပေါ်မှာသာ ထိုင်နေတာပါ။ ငြိမ်အောင်၊ ဟန်ချက်မြဲအောင်၊ 
ဘေးကိုပြုတ်ကျမသွားအောင် မနည်းလုပ်နေရပါတယ်။ အသံတွေနဲ့အရိပ်တွေလိုလိုသာ မြင်နေကြားနေရပြီး လူလုံးတော့မကွဲပါဘူး။ အမှန်အတိုင်းပြောရရင် ကျနော်အတော့ကိုကြောက်နေပါပြီ။ ဘာမှလည်း အားကိုးစရာမရှိသလို ဘယ်သူ့တောင်းပန်ပြီး ဘယ်လိုအသနားခံရမှန်းလည်း မသိတော့ပါဘူး။ ကြောက်တာရော၊ နာတာရော၊ အားငယ်စိတ်ရော၊ ဒေါသထွက်တာရော၊ ဝမ်းနည်းတာရော၊ နာကျည်းတာရော၊ အကုန်လုံးရောပြီး ငိုချင်သလိုတွေဖြစ်လာပါတယ်။ အမေ့ကိုလည်း အရမ်းကိုသတိရမိနေပါတယ်။ စိတ်ထဲမှာ အဲသလိုတွေဖြစ်နေတုန်းမှာပဲ မျက်လုံးတွေကမျက်ရည်တွေ ဘယ်လိုမှတားမရအောင်စီးစီးကျလာပြီး ရှိုက်ကြီးတငင် ငိုချမိလိုက်ပါတော့တယ်။ ပါးစပ်ကနေလည်း ”ကျနော်ခင်ဗျားတို့ကို ဘာများ ညာလို့လဲဗျာ၊ မေးတာအကုန် အမှန်အတိုင်းဖြေနေရက်သားနဲ့ဗျာ၊ ကျနော် ဒုက္ခိတပါဗျာ၊ ခင်ဗျားတို့ အဲသလောက်ကြီးတော့ မနှိပ်စက်ပါနဲ့”ဆိုတာတွေ ထပ်တလဲလဲပြောရင်း ကုလားထိုင်ရှေ့မှာစားပွဲရှိမယ်အထင်နဲ့ မျက်နှာကိုအဲဒီအပေါ် တအားမှောက်ချလိုက်တော့မှ လူလည်းရှေ့ကိုအားလွန်ပြီး မှောက်ရက်သားကျသွားပါတော့တယ်။ တကယ်က ရှေ့မှာ ဘာစားပွဲမှရှိမနေတာကို ကျနော်မှ ကြိုမမြင်ရထားတာကိုး။
နောက်တပတ်ဆက်ပါဦးမယ်။
ကျနော်မျိုးမြင့်ပါခင်ဗျား
မျိုးမြင့်။

0 comments:

Post a Comment