Sunday, April 22, 2012

ကျနော် ရေဒီယိုသတင်းထောက် (ဒုတိယပိုင်း) (ကိုညို)

0 comments

ကျနော် ရေဒီယိုသတင်းထောက် (ဒုတိယပိုင်း) (ကိုညို)
(ဆောင်းပါးရှင်သည် ၀ါရှင်တန်အခြေစိုက် လွတ်လပ်သောအာရှအသံ (RFA) မြန်မာပိုင်းဌာနတွင် ၁၄ နှစ်ကြာ သတင်းထောက်၊ အကြီးတန်း သတင်းထောက်အဖြစ်လုပ်ဆောင်ခဲ့ပြီး ယခုအခါစိတ်ယဉ်ကျေးမှု မှတ်စုများ” အမည်ဖြင့် အပတ်စဉ်ဆောင်းပါးများကို ပြင်ပဆောင်းပါးရှင် အဖြစ်လည်းကောင်း ယနေ့မြန်မာသတင်းဌာန (Burma Today) အယ်ဒီတာအဖြစ်လည်းကောင်း ဆောင်ရွက်နေပါသည်။)
         ဖြစ်ပေါ်ပြောင်းလဲမှုတွေက သိပ်မြန်ဆန်တယ်။ နည်းနည်းလောက် သတင်းမီဒီယာနဲ့မျက်ခြေပြတ်ရင် အချိန်ပေးပြီး ပြန်ဖတ်ရှုလေ့လာ၊ လက်လှမ်းမှီတဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ဆက်သွယ်၊ ဆွေးနွေးတန်ဆွေးနွေး၊ မေးတန်မေးရတာ ကျနော်တို့ မီဒီယာသမားတွေရဲ့သဘာဝ။
၂၀၁၂ ဟာ မြန်မာပြည်ရဲ့ အလှည့်အပြောင်း၊ အကူးအပြောင်းတွေနဲ့ နှစ်လို့ပြောရမယ်။ အထူးသဖြင့် မီဒီယာလောကမှာ ထင်ရှားတဲ့အရွှေ့လေးတွေ မြင်ရတယ်။ ဂျာနယ်မဂ္ဂဇင်းတွေရဲ့ စာမျက်နှာတွေမှာ ဟိုးတချိန်ကစိတ်ကူးလို့မရနိုင်တဲ့နိုင်ငံရေးသတင်းတွေ၊ သတင်းဓာတ်ပုံတွေ၊ အပြောင်းအလဲဖြစ်ဘို့အတွက် တော်လှန်ရေးအသွင်နဲ့လှုပ်ရှားနေတဲ့ လူထုခေါင်းဆောင်နဲ့ ကျောင်းသားခေါင်းဆောင်တွေရဲ့ပုံရိပ်တွေကို ဒီနှစ်ထဲမှာ မြင်ရတာကတော့ တိုးတက်လာတယ်လို့ တချိ့ကသုံးသပ်ကြတယ်။ အစိုးရရဲ့အပြောင်းအလဲတွေ ကို လူတချို့က အကောင်းမြင်တွေနဲ့ကြိုဆိုကြတယ်။
ကျနော်ကတော့ဒါတွေဟာ နဂိုကတည်းက သဘာဝကျကျတည်ရှိရမဲ့အရာတွေမို့ သိပ်ပြီးလည်း အဆန်းတကျယ်လို့မမြင်ပေမယ့် အရှိတရားအတိုင်းတော့ မြင်ထားပါတယ်။ ကိုယ်လက်ထဲက ငွေတကျပ်ကို လုယူပြီးမှ ငါးပြားလောက်ပြန်ပေးလိုက်၊ မပေးဘဲနေလိုက်၊ ပြီးတော့မှ တမတ်စေ့လေးထုတ်ပြလိုက်လုပ် နေတာကို သိပ်လည်းဝမ်းသာပြမနေချင်ဘူး။ ကိုယ်အမှန်တကယ်ရထိုက်တဲ့ အခွင့်အရေးမှန်ကို ပြန်ရသေး တာမှ မဟုတ်ဘဲ။
လွန်ခဲ့တဲ့ ဇန်န၀ါရီလကုန်ပိုင်းက ရန်ကုန် အင်းယားလိပ်ဟော်တယ်မှာ Media Dovelopment in Democratic Society ဆိုပြီး မြန်မာပြည်တွင်းနဲ့ပြည်ပမီဒီယာ(အနည်းစု) တို့ ရက်ကြာ အလုပ်ရုံဆွေးနွေးပွဲ တခု လုပ်ခဲ့တယ်ကြားတယ်။ မီဒီယာသမားတွေအားလုံးစိတ်ဝင်စားတာက မြန်မာ့အနာဂတ်မီဒီယာမှာ လွတ်လပ်မလား၊ ချုပ်နှောင်မလားဆိုတာပါဘဲ။ စာပေစီစစ်ရေးညွှန်မှုးဦးတင့်ဆွေက မီဒီယာဥပဒေဆိုတဲ့ စာတမ်းတခုတင်သွင်းသွားတယ်။ မီဒီယာသမားတွေအနာဂတ်မို့ လူတိုင်းစိတ်ဝင်စားတယ်။ စာတမ်းမှာ မြန်မာ့ပုံနှိပ်လုပ်ငန်း အဆင့်ဆင့်ပြောင်းလဲလာပုံတွေ အကျဉ်းလောက်ရေးပြပြီး၊ ပုံနှိပ်ဥပဒေနဲ့ ပတ်သက်တဲ့ အခန်း(၁၀) ခန်းရဲ့ခေါင်းစဉ်တွေ ဖော်ထားတယ်။ ဘာအကြောင်းအရာတွေဆိုတာ မဖော်ပြဘူး။ တမနက်ထဲ လာသွားပြီး၊ ဆွေးနွေးခန်းတွေမှာ သူလည်းမတက်လို့ မီဒီယာသမားတွေ အဲဒီကိစ္စ မယ်မယ်ရရ မဆွေးနွေးနိုင် ဘူး။ ကိုယ့်အနာဂတ် ဖြူမလား၊ မဲမလားတောင်သိခွင့်မရလိုက်ပါဘူး။ အဲဒီဥပဒေကြမ်းကို လွှတ်တော်မှာ ထပ်ဆွေးနွေးမယ်။ အဲဒီက ဆုံးဖြတ်မယ်တဲ့။
သေချာတာတခုကတော့ အသစ်တည်ဆောက်မယ့် မြန်မာပြည်မီဒီယာအဆောက်အအုံရဲ့ ပဏ္ဍက်ကိုတော့ ယိုင်ရွှဲ့ရွှဲ့ကြီးစိုက်ပြီး အစချီလိုက်ပြီဆိုတာပဲ။ ရှင်းပါတယ်။ စကတည်းက လွတ်လပ်မှုကို အခြေခံပြီးမစဉ်းစားဘဲ၊ ထိမ်းချုပ်မှုကို အစပြုစဉ်းစားနေလို့ပါ။ ဖြစ်သင့်တာက ဥပဒေတခုပြုဘို့ မီဒီယာသမားတွေအားလုံးကို ချပြသင့်တယ်။ အပြန်အလှန်ဆွေးနွေးပြီး အတည်ပြုချက်ရယူသင့်တယ်။
နောက်တခါ မတ်လ ၁၉ ရက်နဲ့ ၂၀ ရက်မှာ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ယူနက်စကိုတို့ ပေါင်းပြီးမြန်မာပြည်မီဒီယာဖွံ့ဖြိုးရေးကွန်ဖရင့်” ဆိုပြီး ရန်ကုန်၊ ချာထရီရမ် ဟော်တယ်မှာ ထပ်လုပ်ပါတယ်။ အတွင်း အပြင် မီဒီယာသမားတချို့ ထပ်ပါလာတယ်။ ဒါတောင် ပြည်တွင်းသတင်းလောကနဲ့ သတင်းထောက်အခွင့် အရေးအတွက် တစိုက်မတ်မတ်အော်နေတဲ့ ပြည်ပမီဒီယာအဖွဲ့အစည်းတွေဖြစ်တဲ့နယ်စည်းမခြားသတင်း ထောက်များအဖွဲ့” (RSF)နဲ့မြန်မာသတင်းသမဂ္ဂ”(BMA) တို့ကို ဗီဇာထုတ်မပေးဘူး။ ဒီဆွေးနွေးပွဲကနေ ပုံနှိပ်မီဒီယာဥပဒေကို ဒုတိယမူကြမ်းရေးဆွဲပြီး ဒီနှစ်အတွင်းထုတ်မယ်ဆိုတာလောက်ကလွဲလို့ အဲဒီ မီဒီယာ မူကြမ်းဥပဒေဟာ ကျားလား၊ နွားလားကွဲကွဲပြားပြားမသိရဘူး။ ပြည်ပမီဒီယာသမားတွေလည်း ပြန်ကြားရေး ၀န်ကြီးနဲ့ညွှန်မှုးတွေနဲ့ တွေ့ကြ၊ ဗျူးကြနဲ့ ပျော်ပျော်ပါးပါးကြီးဖြစ်သွားတာဘဲ ကြားရတယ်။ မြန်မာ့မီဒီယာ အနာဂတ်ကို ခြိမ်းခြောက်နေမယ့်ထောင်ခြောက်ဆိုတာကို ဆွေးနွေးပွဲတက်ခဲ့တဲ့ ပြည်တွင်းပြည်ပမီဒီယာ သမားတွေရိပ်မိပေမယ့် ဆန့်ကျင်ဘို့ဝန်လေးနေပါတယ်။
ဒါကြောင့် ၀ါရင့်သတင်းစာဆရာကြီး လူထုဦးစိန်ဝင်းက ကိုယ့်လည်ပင်းကို စွပ်မဲ့ကြိုးကွင်းကို ၀င်ပြီးကျစ်ပေးတာဖြစ်တယ်။ မိမိအခွင့်အရေးကိုမျှော်ကိုးနေတဲ့ ခေတ်ပျက်မီယာသမားတွေဖြစ်တယ်လို့ အလဲဗင်းနယူးစ်ဂျာနယ်ကနေ ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့တာပါ။ ပြီးတော့
အခု မီဒီယာဥပဒေတွေ လုပ်တာဟာ အခြေခံဥပဒေကို ဆန့်ကျင်ရာလည်း ကျတယ်။ အခြေခံဥပဒေကပေးထားတဲ့အခွင့်အရေးကို တခြားဘယ်သူကမှ ပိတ်ပင်တားဆီးလို့ မရဘူး။ အခြေခံဥပဒေဟာ တိုင်းပြည်မှာအာဏာအရှိဆုံ ဖြစ်တယ်။ အခြေခံဥပဒေကို မလေးစားမလိုက်နာရင် နိုင်ငံသားတွေရဲ့အခွင့်အရေးကို ချိုးဖောက်ရန်ကြံစည်မှုနဲ့ တရားစွဲလို့ရတယ်
လို့ပါ ဆရာလူထုဦးစိန်ဝင်းက သတိပေးပြောဆိုသွားတာ ဖတ်ရပါတယ်။ ဆရာကြီး လူထုဦးစိန်ဝင်းပြောတာ က ရှင်းတယ်။
မီဒီယာဖွံ့ဖြိုးတိုးတက်စေချင်တယ်၊ စတုတ္ထမဏ္ဍိုင်ကြံ့ခိုင်စေချင်တယ်ဆိုရင် မီဒီယာဖွံဖြိုးဘို့လုပ်ကိုင်နိုင်တဲ့အခြေအနေ ဖန်တီးပေးဘို့ဘဲဖြစ်တယ်။ မီဒီယာတွေကို ထပ်ပြီး ချုပ်ကိုင်စရာမလိုဘူး
ဟုတ်တယ်။ သတင်းလောကဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံတိုင်းကိုကြည့်၊ ဘာမီဒီယာ ဥပဒေမှမရှိဘူး။ မီဒီယာမှာ ချုပ်ကိုင်ရမယ့်ဥပဒေမလိုဘူး၊ လိုက်နာရမယ့်ကျင့်ဝတ်တွေဘဲ လိုတယ်။ အဲဒီ စာနယ်ဇင်းကျင့်ဝတ်တွေက မီဒီယာဥပဒေဘဲ။ ကျင့်ဝတ်ဆိုတာ သီလပဲ။ သတင်းသီလ မစောင့်ထိမ်းရင် အဲဒီသတင်းကို လူတွေလေးစားမှာမဟုတ်။ ရေရှည်ခံမှာမဟုတ်။ ကျင့်ဝတ်ဆိုတာ မြင်သာ၊ သိသာအောင် ပြဌာန်းထားတဲ့ကျင့်ဝတ်ရှိသလို၊ ကိုယ့်စိတ်စေတနာ၊ အသိ၊ ရင့်ကျက်မှုနဲ့ ရိုးသားမှုအပေါ် အခြေခံပြီး ကိုယ့်ဖာသာပိုင်းဖြတ်ဆင်ခြင်တဲ့ မမြင်ရတဲ့ကျင့်ဝတ်ဆိုတာ လည်းရှိတယ်။
မကြာသေးခင်က ပထမဆုံးအကြိမ်အဖြစ် မီဒီယာသမားတွေအပေါ် ဆုချီးမြှင့်အားပေးတာမျိုး၊ စာပေဆင်ဆာအဖွဲ့ဖျက်သိမ်းမယ်လို့ ကတိပြုလာတာဟာ မီဒီယာလောကဖွံ့ဖြိုးဘို့ ခြေလှမ်းတွေပဲဖြစ်ပါတယ်။ မြန်မာ့မီဒီယာလောကကို ကမ္ဘာက လေးစားအသိအမှတ်ပြုဘို့ မီဒီယာနဲ့ပတ်သက်တဲ့ ဘယ်လို ဥပဒေမျိုးတွေမှ ထပ်ပြီးမလိုအပ်တော့ပါဘူး။ ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းမှာ ဥပဒေစည်းကမ်းတွေ များများမလိုပါဘူး။ အိမ်တအိမ်မှာစည်းကမ်းများရင် အဲဒီမိသားစုရဲ့ ဗရမ်းဗတာအနေအထားတွေကို ဖော်ပြသလိုပဲ ဥပဒေတွေများတာ နိုင်ငံအတွက်အရုပ်ဆိုးပါတယ်။ လက်ရှိအနေအထားမှာတောင် အစိုးရအကြည်ညိုပျက်စေမှု၊ အသရေဖျက်မှု၊ ဆူပူအောင်လှုံ့ဆော်မှုဆိုတာတွေနဲ့ မီဒီယာသမား၊ နိုင်ငံရေးသမားတွေကို အရေးယူနေတာရှိနေသေးသလို အီလက်ထရောနစ်အက်ဥပဒေဆိုတာနဲ့တောင် မဆီမဆိုင် ထောင်ချ တာတွေရှိပါတယ်။
()
ကျနော်ကိုယ်တိုင် အနှစ် ၂၀ လောက် အိန္ဒိယမှာနေထိုင်လှုပ်ရှားခဲ့စဉ်တွေ့ကြုံရတာတချို့ ပြောချင် ပါတယ်။ (၁၀) နှစ်လောက်တော့ ကြာပြီ။ မှတ်မိကြမယ်ထင်တယ်။ ၂၀၀၁ ခုနှစ် နယူးယောက်က ကုန်သွယ်မျှော်စင်ညီနောင်ကြီးကို ခရီးသည်တင်လေယာဉ်ကြီး () စီး ပြန်ပေးဆွဲပြီး အသေခံဖောက်ခွဲပစ်လိုက်ကြတာ။
ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်တလွှား အခြေစိုက်လှုပ်ရှားနေတဲ့ အိုစမာဘင်လာဒင်ရဲ့ အယ်လ်ခိုင်အ်ဒါးလ်အဖွဲ့လက်ချက်လို့ ကြေငြာခဲ့တယ်။ ဒီကိစ္စ ကမ္ဘာ့လူသားတွေ ကြေကွဲတယ်၊ အမေရိကန် ယမ်းပုံမီးပွားကျတယ်။ နိုင်ငံတကာအကြမ်းဖက်အဖွဲ့တွေ နှိမ်နင်းရေးကို အမေရိကန်ဦးဆောင်ပြီးလုပ်ဘို့ ဆော်သြတယ်။ ဆင်သွားတော့ လမ်းဖြစ်တာပေါ့။ အထူးသဖြင့် တောင်အာရှနိုင်ငံတွေက အစ္စလမ်မစ် အကြမ်းဖက်တွေအရေးဟာ သက်ဆိုင်ရာနိုင်ငံတွေသာမက ထိပ်သီးအရင်းရှင်နိုင်ငံတွေရဲ့ဦးနှောက်ကို ကိုက်တယ်။
ဒီတော့ အိန္ဒိယနဲ့ပါကစ္စတန်၊ ဘင်္ဂလားဒေ့ခ်ျနဲ့သီရိလင်္ကာကအစိုးရကို တော်လှန်တိုက်ခိုက်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ နိဂုံးရဲ့အစဖြစ်လာတယ်။ ကျွန်ဝယ်ရာအဆစ်ပါဆိုသလို ထိုင်း-မြန်မာနယ်စပ် အခြေစိုက် မြန်မာတိုင်းရင်းသားလက်နက်ကိုင်သူပုန်တွေနဲ့  ကျောင်းသားတပ်ရင်း (ABSDF) လည်း နိုင်ငံတကာအထောက်ပံ့တချို့ ရပ်ဆိုင်းသွားတယ်။ နိုင်ငံရေးပဋိပက္ခတွေ၊ လက်နက်ကိုင်အံတုမှုတွေကို ရင်ဆိုင်နေရတဲ့အစိုးရတွေကတော့ အမေရိကန်ဦးဆောင်တဲ့အကြမ်းဖက်တိုက်ဖျက်ရေးအစီအစဉ်ကို ကိုယ့်အကျိုးစီးပွားတွေတွက်ကိန်းတွေနဲ့ လက်ခုပ်လက်ဝါးတီးပေးတယ်။ ပြီးတော့ အကြမ်းဖက်နှိမ်နင်းရေးကို အကြောင်းပြုပြီး လုံခြုံရေးစီမံကိန်းတွေ၊ ဥပဒေမူကြမ်းတွေ ထုတ်လာတယ်။
ကမ္ဘာ့အကြီးဆုံးဒီမိုကရေစီနာမည်ခံထားတဲ့ အိန္ဒိယကလည်း လုံခြုံရေးကို ပိုပြီးဂရုစိုက်လာတဲ့ သဘောထားတွေပြသလာတယ်။ ပြည်ထဲရေးဝန်ကြီးဌာနကနေအဆိုတင်ပြီး လုံခြုံရေးအကြောင်းပြချက်နဲ့ မီဒီယာအက်ဥပဒေမူကြမ်းတခု ထုတ်လာပါတယ်။ သတင်းမီဒီယာတွေက အကြမ်းဖက်နှိမ်နင်းရေးကို ဆောင်ရွက်နေတဲ့လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ရမယ်တဲ့။ အဲဒီဥပဒေအရ၊ လိုအပ်ရင် လုံခြုံရေးအရ မီဒီယာသမားတွေကိုလည်း စစ်ဆေးနိုင်တယ်။
ဒီတော့ ဘယ်ပြောကောင်းမလဲ၊ မီဒီယာသမားတွေ အုပ်အော်သောင်းနင်း ဖြစ်ကုန်တာပေါ့။ သတင်းစာတွေ၊ ရေဒီယို၊ TVတွေ ဂျာနယ်တွေကနေ ၀ိုင်းဝန်းကန့်ကွက်ကြတယ်။ ဒါတင် ဘယ်ကမလဲ နိုင်ငံတ၀ှမ်း မီဒီယာအဖွဲ့အစည်းတွေ၊ မီဒီယာသမားတွေစုစည်းပြီး အစိုးရကို ကန့်ကွက်ဆန္ဒပြတော့တာဘဲ။ ရက်၊ ရက် ဆက်တိုက်ပြတာ။ အဲဒီ မီဒီယာအက်ကို ကန့်ကွက်တဲ့ပွဲက လ၊ လောက်ကြာတယ်။
ကျနော်လည်း မိတ်ဆွေမီဒီယာတချို့ဖိတ်လို့ ဆန္ဒပြပွဲတွေ၊ သတင်းစာရှင်းပွဲတွေမှာ သွားလေ့လာ ခဲ့တယ်။ အိန္ဒိယသတင်းသမားတွေပြောတာက ရှင်းတယ်။ ဒီမီဒီယာအက်ဟာ သတင်းသမားတွေလည်ပင်း ကြိုးကွင်းစွပ်ပြီးသချိုံင်းကုန်းပို့မယ့် နတ်ဆိုးဖြစ်တယ်တဲ့။ သတင်းသမားတွေသာမက ပြည်သူတွေရဲ့ အခြေခံလူ့အခွင့်အရေးဖြစ်တဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုဝေဖန်မှုတွေပါ ကန့်သတ်လာမယ့်ဥပဒေတဲ့။ ဒါက ရှင်းတယ်။ တကယ်လို့ အဲဒီမီဒီယာလောကြီးပေါ်ပေါက်လာရင် သူပုန်သူကန်ရှိတဲ့ပြည်နယ်တွေက သတင်းသမားတွေမချောင်ဘူး။ (ကိုယ်တိုင်အဖမ်းခံရ၊ စစ်ဆေးမေးမြန်းခံရတာကို နောက်ပိုင်းမှာပြောပါ့မယ်) ဥပမာ အာသံပြည်နယ်(Assam) မှာ ဆိုပါတော့။ ပြည်နယ်လွတ်မြောက်ရေးနဲ့ခွဲထွက်ရေးသူပုန် လက်နက်ကိုင်အဖွဲ့တွေရှိကြတယ်။ ဒေသတွင်းအခြေစိုက်သတင်းထောက်က အဲဒီက သူပုန်ခေါင်းဆောင်တို့ ပြောခွင့်ရတို့နဲ့ အင်တာဗျူးပြီး သတင်းစာ၊ ဂျာနယ်၊ TV မှာ ထည့်လိုက်တယ် ဆိုပါစို့။ ဒီသတင်းနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ ရဲ၊ ထောက်လှမ်းရေး၊ စစ်တပ်ဘက်ကနေ အဲဒီသတင်းဌာန (သို့မဟုတ်) သတင်းထောက်ကို ခေါ်ယူမေးမြန်း၊ စစ်ဆေးခွင့်ရှိတယ်။ ဒီတော့ အစိုးရလက်နက်ကိုင်တွေက မိမိဆက်သွယ်ထားသူ သူပုန်ခေါင်းဆောင် ဘယ်မှာလဲ၊ အဲဒီအဖွဲ့ ဘယ်မှာအခြေစိုက်လဲ၊ မြို့ပေါ်နဲ့၊ ဌာနဆိုင်ရာက သူတို့အဖွဲ့ဝင်တွေ ဘယ်သူတွေလဲဆိုပြီး သတင်းထောက်အခွင့်အရေးကိုတောင် စွက်ဖက်ချိုးဖောက်လာမယ့်အန္တရာယ်လေ။ ဒီတော့ သတင်းထောက်တွေက ဘယ်ခေါင်းငုံ့ခံမလဲ။ သူတို့စောင့်ထိမ်းရတဲ့ အခြေခံကျင့်ဝတ်တခုကိုက မိမိရဲ့သတင်းအရင်းအမြစ်နဲ့ လူပုဂ္ဂိုလ်ရဲ့အသက်အန္တရာယ် (သို့မဟုတ်) ဂုဏ်သိက္ခာကို ထိပါးမယ် (ဒါမှမဟုတ်) သက်ဆိုင်သူပုဂ္ဂိုလ်ရဲ့ ခွင့်ပြုချက်မရရင် သူ့ရဲ့နာမည်၊ အဖွဲ့အစည်းအပြင် လိုအပ်တဲ့စောင့်ထိမ်းရမယ့်အရာတွေ အားလုံးကို လျှို့ဝှက်ထားရမယ်ဆိုတာ သတင်းသမားတိုင်းသိပါတယ်။
ဒီလို စောင့်ထိမ်းတာဟာ တဖက်သားရဲ့ဂုဏ်သိက္ခာသာမက၊ မိမိရဲ့ဂုဏ်သိက္ခာလည်း ဖြစ်တယ်။ အဲဒီတော့ သတင်းသမားတွေရဲ့အခြေခံကျင့်ဝတ်ကိုတောင် ရိုက်ချိုးဖျက်ဆီးမယ့်မီဒီယာဥပဒေကို လက်မခံနိုင်တာဘဲ။ ဒီတော့ ခပ်တိုတိုပြောရရင် အဲဒီအိန္ဒိယအစိုးရကြံစည်တဲ့ မီဒီယာလောမူကြမ်းကြီးဟာ သတင်းသမားတွေရဲ့တညီတညွတ်တည်းကန့်ကွက်မှုလှိုင်းထဲ အမှိုက်လိုမျောကျသွားတယ်။ ဒါကြောင့် ဒီကနေ့အထိ အိန္ဒိယနိုင်ငံဟာ မီဒီယာလွတ်လပ်မှုမှာ အဆင့်အတန်းရှိရှိ ဂုဏ်သိက္ခာရှိရှိ ဖြစ်နေတာပါ။

()
တခါတုံးက ကျနော်နဲ့ နယူးဒေလီအခြေစိုက်မြန်မာသံရုံးက စစ်ထောက်လှမ်းရေး အရာရှိတယောက်နဲ့ ခင်မင်ရင်းနှီးခွင့်ရခဲ့တယ်။ ကျနော်ကလည်း သူ့ကို သံအမတ်ကြီး (ဒါမှမဟုတ်) စစ်သံမှုးနဲ့ တယ်လီဖုံးအင်တာဗျူးလုပ်ဘို့ အကူအညီတောင်းတာတွေ၊ မြန်မာပြည်နဲ့ သံရုံးဆိုင်ရာ၊ သံတမန်ဆိုင်ရာ သတင်းတွေ သူ့ကိုမေးမြန်းတာ၊ အတည်ပြုတာတွေလုပ်တယ်။ သူကလည်း သူလုပ်ပေးနိုင်တဲ့ဘောင်ထဲ ကနေ ကျနော့်ကို ဒီမိုကရေစီအင်အားစုတွေ ဒီနေ့ဆန္ဒပြဘို့အစီအစဉ်ရှိသလား၊ ဘယ်မှာပြမှာလဲ၊ အတည်ပြု မေးမြန်းတာတွေရှိတယ်။ ဒီထက်လည်း ကျနော့်ကို ပိုမေးတာမျိုး မရှိခဲ့ဘူး။
အဲ..တနေ့တော့ ကျနော့်ကို ဖုံးဆက်လာတယ်။ ဒေလီအခြေစိုက် ဒီမိုကရေစီအရေးလှုပ်ရှားတဲ့ အဖွဲ့အစည်းတွေရဲ့နေရပ်လိပ်စာကို မေးတယ်။ ကျနော်က အဲဒါ ကျနော် သတိမထားမိဘူး။ ကျနော်က အိမ်နေရာတွေဘဲသိတာလို့ ရိုးရိုးသားသားဘဲဖြေလိုက်တယ်။ သူလည်း ကူညီပါအုံးပေါ့။ ဘာမှ မဖြစ်စေရပါဘူး။ သိချင်တာတခုထဲပါလို့ ပြောပြီး ပြီးသွားတယ်။ ကျနော်က တကယ်လည်း လူတကာရဲ့နေအိမ်လိပ်စာတွေ၊ နံပါတ်တွေ သတိထားကြည့်နေတာမဟုတ်ဘူး။ နေရာ၊ လမ်း၊ အမှတ်အသားတွေနဲ့ဘဲ သိနေတာ။ ဒါပေမယ့် သူမေးတဲ့ထဲက (NCGUB) အဝေးရောက် မြန်မာညွန့်ပေါင်းအစိုးရအမတ်တွေ၊ ၀န်ကြီးတွေရဲ့ နေအိမ်နံပါတ်တွေ၊ တချို့ ရုံးလိပ်စာတွေတော့ သိပါတယ်။ သူတို့ကိုယ်တိုင် ကြေငြာချက်တွေထုတ်ရင်၊ သတင်းစာလည်းရှင်းပွဲတွေ၊ တွေ့ဆုံအစည်းအဝေးတွေလုပ်ရင် လိပ်စာဖော်ပြပြီး မီဒီယာတွေကိုလည်းဖိတ်လေ့ရှိတယ်။ သိတာပေါ့။ ကျနော့်ရဲ့သတင်းသမားကျင့်ဝတ်ကြောင့် တမင်မပြောဘဲနေတာ။ သူတို့ သိချင်ရင် လွယ်ပါတယ်။ တခြား ပိုက်ဆံပေးခိုင်းပြီး မေးရင်ရတယ်။
ဒီမိုလှုပ်ရှားသူတွေသတင်းကို သံရုံးကိုပို့နေတဲ့ တိုင်းရင်းသားဒုက္ခသည်တချို့ရှိနေတာ ကျနော်လည်းသိတာဘဲ။ ဒါပေမယ့် ကိုယ်တော်က ကျနော့်ကိုဘဲ မကြာမကြာဖုံးဆက်ပြီး တပူပူတစာစာမေးနေတော့ စိတ်က အချဉ်ပေါက်လာပြီ။
ဒါနဲ့ဘဲဆောရီးဗျာ၊ ခင်ဗျား သတင်းပေးနဲ့ သတင်းထောက် မှားနေပြီထင်တယ်။ ကျနော်က သတင်းထောက်ဗျ။ သတင်းပေးမဟုတ်ဘူးလို့ ဗြောင်ပဲ ပြောချလိုက်တယ်။ ဒါနဲ့ဘဲ အဲဒီမြန်မာသံရုံးက စစ်ထောက်လှမ်းရေးနဲ့ ကျနော် ဆက်ဆံရေးကျဲသွားတယ်။ ကျနော့်ဘက်ကလည်း သံရုံးသတင်းတွေရရင် အတည်ပြုရ ခက်သွားတယ်။ ဆုံးရှုံးမှုတချို့တော့ ရှိတယ်။ အချိန်ပေးတည်ဆောက်ထားတဲ့ ကိုယ့်ရဲ့ သတင်း အရင်းအမြစ်အတွက်လည်း နှမြောမိပါတယ်။ ဒါပေမယ့် သတင်းထောက်တယောက်ရဲ့ကျင့်ဝတ်သီလကို စောင့်ထိမ်းနိုင်လို့ ကိုယ့်ဘာသာ လိပ်ပြာသန့်ပြီး၊ မိမိကိုယ်ကို ယုံကြည်မှုလည်း ရှိတယ်။ ဒါပါဘဲ။
ဆရာကြီး လူထုဦးစိန်ဝင်းပြောသလို သတင်းထောက်တွေမှာ မီဒီယာဥပဒေတွေမလိုအပ်တဲ့ သတင်းသမားကျင့်ဝတ်တွေရှိတယ်။ ဒါတွေကို လိုက်နာကျင့်သုံးနိုင်အောင် ဖွံ့ဖြိုးနိုင်အောင်လုပ်ပေးဘို့ဘဲ လိုတယ်။ ဒါကြောင့် သတင်းသမားတွေဟာ အကြောက်အရွံ့ကင်းရမယ်။ မမှန်မကန်ဘူးလို့ထင်ရင် ပြောရဲ ဆိုရဲရမယ်။ ကိုယ့်ရဲ့အခွင့်အရေးကို မျော်ကိုးပြီး၊ မဟုတ်မတရားမှန်း၊ ကိုယ့်ရဲ့လူ့အဖွဲ့အစည်းဘေးကျမယ့် အန္တရာယ်မှန်းသိရက် ခေါင်းငုံ့ခံနေမယ်ဆိုရင် မတရားမှုတွေ၊ လူလူချင်း တန်ဘိုးမထားမှု၊ မလေးစားမှုတွေကို ခေါင်းထောင်လာအောင် ကြိုဆိုနေတာနဲ့တူတယ်။
ကျနော်အပါအ၀င် ပြည်ပသတင်းဌာနတချို့က သတင်းထောက်တွေက သတင်းထောက်တွေအပေါ် ဗိုလ်ကျမှု၊ ဖိနှိပ်မှုတွေကြောင့် မတရားဘူး၊ မမှန်ကန်ဘူးဆိုတာကို ကိုယ့်အထက် အယ်ဒီတာတွေ၊ လူကြီးတွေ ကို ပြန်လှန်ပြောမိလိုက်လို့ ဘေးလွင့်စဉ်သွားတာတွေလည်း ရှိနေပါတယ်။ မတရားတာကိုမတရားဘူးပြောလို့ အခွင့်အရေးမပေးဘူးဆိုလည်း နေပလေ့စေ။
တလောတုံးက The Voice သတင်းဌာနကို သတ္တုတွင်းဝန်ကြီးဌာနက လဘ်ပေးလဘ်ယူကိစ္စ မမှန်မကန်သတင်းရေးတယ်ဆိုပြီး တရားစွဲတယ်။ ဒီသတင်းဟာ ဒီမိုကရေစီအသွင်ကူးပြောင်းမယ့် မြန်မာ ပြည်အတွက် ဂုဏ်သိက္ခာကျစရာ ဖြစ်ရပါတယ်။ အညွန့်တလူလူတက်ချင်တဲ့ မြန်မာ့မီဒီယာလောကကိုလည်း ချိုးဖဲ့ခြိမ်းခြောက်သလိုပါဘဲ။ ဒီလုပ်ရပ်ကြောင့် မီးစတဖက်၊ ရေမှုတ်တဖက်အစိုးရလို့ ဝေဖန်လာတဲ့အထိဖြစ် လာပါတယ်။
တရားရုံးက သတင်းထောက်နာမည်ဖော်ခိုင်းတယ်။ The Voice အယ်ဒီတာက စာနယ်ဇင်းကျင့် ၀တ်အရ ပြောခွင့်မရှိဘူးလို့ငြင်းတယ်။ အဲဒီလို သတ္တိပြောင်တဲ့အယ်ဒီတာတွေ၊ သတင်းထောက်တွေကို ကျနော်တို့လက်ခုပ်တီးပေးတာ၊ အားပေးတာဟာ စတုထ္ထမဏ္ဍိုင်ဖွံ့ဖြိုးအောင် လမ်းဖွင့်ပေးတာဖြစ်တယ်။ တိုင်းပြည်ရဲ့စတုတ္ထမဏ္ဍိုင်တခုလုံးကို ကန့်သတ်ချုပ်ချယ်ဘို့ပြင်ဆင်နေတာဟာ ဒီမိုကရေစီအနာဂတ်ခရီးကို အနှောက်အယှက်ပေးရာလည်း ရောက်ပါတယ်။
ဒီကနေ့ ဦးဆောင်နေတဲ့အစိုးရ၀န်ကြီးတွေဟာ တချိန်က အမိန့်တွေ၊ ဥပဒေတွေကြားထဲမှာဘဲ ယဉ်ပါးခဲ့တဲ့ စစ်ဘိုချုပ်တွေဖြစ်တာမို့ လွတ်လပ်မှုရဲ့အနှစ်သာရအပေါ် လေးလေးနက်နက် သဘောမပေါက်သူ တွေလို့ နားလည်ရမလိုဖြစ်နေပါတယ်။
ကျနော်တို့အားလုံး နောင်မျိုးဆက်တွေအတွက် သန့်သန့်ရှင်းရှင်းနဲ့ ကောင်းမွန်လှပတဲ့ အမွေတွေဘဲ ပေးသင့်တယ်။ မီဒီယာကို ကိုယ်ကျိုးရှာလက်နက်လို အသုံးပြုနေတာ၊ လက်ကိုင်တုတ်လို အသုံးပြုချင်တာကို အခုကတည်းက ပြတ်ပြတ်သားသားဆန့်ကျင်သင့်တယ်။ မီဒီယာသမားအချင်းချင်း မရိုးမသားတွေနဲ့ ခွက်စောင်းခုတ်ပြီးရှုတ်ပွနေတဲ့ ဒီကနေ့ ပြည်တွင်းပြည်ပမီဒီယာလောကထဲကနေ မီဒီယာသမား မျိုးစေ့ ကောင်းတွေ မွေးထုတ်နိုင်ဘို့တော့ ခက်လိမ့်မယ်။ ဒါပေမယ့် ခက်ခက်ခဲခဲ ပျိုးရမှာဘဲ။
ဘယ်လောကမှာမဆို တကိုယ်ကောင်း၊ အတ္တသမားတွေ ရှိတတ်တာဘဲလေ။ ကိုယ်တိုင်က မစင် ကြယ်ဘဲ သန့်ရှင်းတဲ့သတင်းလောကကို မရနိုင်ဘူး၊ ကိုယ်တိုင်က လူ့ကျင့်ဝတ်၊ သတင်းသမားကျင့်ဝတ်၊ အယ်ဒီတာကျင့်ဝတ်တွေ လျော့ရဲနေပြီး ဂုဏ်သိက္ခာရှိတဲ့မီဒီယာတခုကို မတည်ဆောက်နိုင်ပါဘူး။
ကိုညို။

0 comments:

Post a Comment