စစ်မြေပြင်မှပုံရိပ်များ (အပိုင်း၆၀) မျိုးမြင့်ချို (ဧပြီ ၂၆ ရက် ၂၀၁၂ နေ့က အာရ်အက်ဖ်အေက ထုတ်လွှင့်ပြီးဖြစ်ပါတယ်)
ရေချိုးပြီး အခန်းထဲပြန်သွင်း၊ အပြင်ကသော့ခတ်၊ ကျနော်လည်း အထဲမှာ ထိုင်လိုက်လှဲလိုက်၊ လမ်းလျှောက်လိုက်၊ တချက်တချက် အပြင်ကိုငေးလိုက်၊ ထမင်းလာပေးတဲ့အခါစားလိုက်၊ မိုးချုပ်ရင်အိပ်လိုက်၊ မိုးလင်းရင်ထလိုက်နဲ့ ၂ ရက်တိတိ အချိန်တွေကုန်သွားပါတယ်။ အဲဒီရက်တွေမှာ ဘာစစ်ကြောရေးမှထပ်မလုပ်သလို၊ ဘာမှလည်းထပ် ပြီးမေးတာမြန်းတာလည်းမရှိတော့ ကျနော်လည်း နည်းနည်းစိတ်သက်သာရာရနေပါတယ်။ နောက်ပြီး ပါးစောင်နဲ့ခံတွင်းထဲကအနာတွေလည်းကျက်ကုန်သလို မျက်လုံးကလည်း ပြန်သက်သာနေပါပြီ။ ကျနော့်ကို ဆေးလိပ်ခိုးခိုးတိုက်တဲ့ တပ်ကြပ်တယောက်တော့ အဲဒီ ၂ ရက်လုံးလုံး ပျောက်နေပါတယ်။ ကျနော်လည်း ဘာရယ်တော့မဟုတ်ပေမယ့် သူ့ကိုတော့မျှော်နေမိခဲ့ပါတယ်။ သူလာရင်အနည်းဆုံး ဆေးလိပ်လေးတော့သောက်ရမယ်။ နောက်ပြီး စကားလေးတခွန်းစနှစ်ခွန်းစတော့ လူလိုသူလိုပြောခွင့် ကြားခွင့်လေးလည်းရမှာမဟုတ်လား။
ဒီလိုနဲ့ ၃ ရက်မြောက်တဲ့နေ့မနက်ခင်းမှာ တံခါးဖွင့်သံနဲ့အတူ သူပြန်ပေါ်လာပြန်ပါတယ်။ ခတ်နွေးနွေးစစ်မတ်ခွက်တခွက်ကို ကျနော့် လက်ထဲထိုးပေးရင်း မီးခြစ်နဲ့အတူ ဇင်ဇင်းစီးကရက် ၅ လိပ် လည်းပေးပါတယ်။ “ငါ ဒီနေ့တမနက်လုံး ဒီမှာရှိမယ်၊ အဲဒီမှာ လက်ဘက်ရည်၊ ဆေးလိပ်ကတော့ ငါမပြန်ခင်မှာအကုန်သောက်၊ ချန်မထားနဲ့၊ တလာစီလို့တွေ့သွားရင် မင်းရောငါပါ ကွိုင်တက်လိမ့်မယ်၊ မင်းအိမ်ကသိပြီလား မင်းဒီရောက်နေတယ်ဆိုတာကို၊ အခု မင်းရောက်နေတာ ရေကြည်အိုင်(ဗထလ)ပဲကွသိလား၊ ခဏနေရင် ဆေးမှူးကြီးရောင်းလှည့်လိမ့်မယ်၊ မင်း..နေတော့ကောင်းတယ်မဟုတ်လား” ဆိုပြီး စကားတွေဆက်တိုက်ပြောပါတယ်။ ကျနော်က “နေတော့ကောင်းပါတယ်ဗျာ၊ ကျောနဲ့ရင်ဘတ်တွေတော့ အောင့်နေတုန်းပဲ၊ ဒူးဂေါင်းမှာလည်း အနာတွေဖြစ်နေတယ်၊ ဒီလူတွေဗျာ ကျနော့်ကို မတရားသဖြင့် လုပ်ကြတာပဲ”လို့ပြန်ပြောတော့ သူက “လုပ်တာကတော့ လုပ်မှာပဲဟေ့ကောင်၊ မင်း အဲဒါတော့ သွားပြောမနေနဲ့၊ မင်းကလည်းမင်းပဲ၊ ကိုယ့်ဘာသာအေးအေးမှ မနေတာ၊ ငါလည်းမတတ်နိုင်ဘူး၊ ဆေးမှူးကြီးကတော့ သဘောကောင်းပါတယ်၊ မင်းပြောပြပေါ့ကွာ၊ ရုပ်ရှင်လေးဘာလေးနည်းနည်းရိုက်ပြီး အကိုက်အခဲပျောက်ဆေးလေး ဘာလေးတောင်းကြည့်ပေါ့၊ သူလာရင် ဆေးလိပ်နဲ့မီးခြစ်တော့ဖွက်ထားနော် ဟေ့ကောင်၊ ကဲ သွားမယ်၊ လိုတာရှိရင် ထုံးစံအတိုင်းတံခါးခေါက်လိုက်” လို့ပြောပြီး ပြန်ထွက်သွားပါတယ်။ သူပြောတာတွေမှာ “တလာစီတာလို့” ဆိုတဲ့စကားကို ဘာမှန်းမသိပေမယ့် ရှာဖွေရေးလုပ်တာလို့ပဲ အကြမ်းဖျဉ်းနားလည်လိုက်ပါတယ်။ “ရုပ်ရှင်လေးနည်းနည်းရိုက်လိုက်“ ဆိုတာကိုတော့ အဲဒီအချိန်တုန်းက ဘာမှန်းမသိခဲ့တာအမှန်ပါပဲ။
တအောင့်လောက်ကြာတော့ တံခါးပွင့်လာပြီး လက်မောင်းမှာဆေးတပ်တံဆိပ်နဲ့ အရာခံဗိုလ် တယောက်နဲ့အတူ တပ်ကြပ်တယောက်ဝင်ချလာပါတယ်။ တပ်ကြပ်ကသွေးတွေဘာတွေချိန်၊ နားကျပ်နဲ့ ဟိုထောက်ဒီထောက်လုပ်နေတုန်းမှာ ဆေးမှူးကြီးက ဘာဖြစ်သလဲလို့မေးတော့ ကျနော်က ဒူးဂေါင်းလှန်ပြ၊ ကျောနဲ့ရင်ဘတ်အောင့်နေတာတွေ ပြောပြပါတယ်။ ဒူးဂေါင်းနဲ့တံတောင်ဆစ်ကိုလည်းဆေးထည့် ပလာစတာကပ်ပေးသလို အကိုက်အခဲပျောက်ဆေးလည်းပေးပါတယ်။ စကားပိုတော့ တခွန်းမှ မပြောကြပါဘူး။ သူတို့ပေးတဲ့ဆေးကိုသောက် ပြီး ၅ မိနစ်လောက်ကြာတော့ အကိုက်အခဲအနာအကျင် အတော့်ကိုသက်သာသွားပါတယ်။ လက်ဘက်ရည်လေးသောက်လိုက်၊ ဆေးလိပ်လေးဖွာလိုက်၊ ဟိုတွေးဒီတွေး တွေးလိုက်နဲ့နေတုန်းမှာပဲ တံခါးပွင့်လာပြီး ကျနော့်မိတ်ဆွေကြီး ပေါ်လာပြန်ပါတယ်။ သုတ်သီးသုတ်ပြာပုံနဲ့ “ဟေ့ကောင် ဆေးလိပ်မီးခြစ်ပေး၊ မင်းကို လာထုတ်လိမ့်မယ်၊ သူတို့မေးတာ ကောင်းကောင်းဖြေ၊ ပြီးပြီနဲ့တူတာပဲ၊ တကယ်လို့ပြန်လွတ်လည်း ထပ်မလုပ်နဲ့တော့ကွာ” လို့ ပြောရင်း ပြန်ထွက်သွားပါတယ်။
ကျနော်လည်း သူပြောတဲ့ “ပြီးပြီနဲ့တူတာပဲ” ဆိုတာကို စစ်ကြောရေးပြီးပြီလို့တွက်ပြီး၊ “တကယ်လို့ ပြန်လွတ်လည်း”ဆိုတာကတော့ ကျနော့်ကို ဆက်ဖမ်းမထားတော့ပဲ ပြန်လွှတ်လိုက်တော့မှာလို့ထင်ပြီး အတော့်ကိုဝမ်းသာမိပါတယ်။ သူ့ကိုလည်း စိတ်ထဲကနေကျေးဇူးတင်နေမိခဲ့ပါတယ်။ နောက်တော့ သိတ်မကြာလိုက်ပါဘူး “နောက်လှည့်ထား” ဆိုတဲ့အသံနဲ့အတူ လူတယောက်ဝင်လာ၊ နောက်ကနေ ခေါင်းစွပ် စွပ်ချပြီး ကျနော့်ကို တနေရာခေါ်သွားပါတယ်။ အမှန်အတိုင်းပြောရရင် အဲဒီအချိန်မှာ ကျနော့်စိတ်တွေ ၂ ခွဖြစ်နေပါတယ်။ စစ်ကြောရေးပြီးသွားလို့ ပြန်လွှတ်ဖို့များဖြစ်နိုင်တယ်လို့တွေးမိသလို၊ ခေါင်းစွပ်စွပ်ပြီးခေါ်သွားတာဆိုတော့ စစ်ကြောရေးထပ်လုပ်မလို့လည်းဖြစ်နိုင်တယ်လို့ တွေးမိတာကြောင့်ပါပဲ။ လွှတ်မှာဆိုရင်တော့ ပျော်စရာဖြစ်ပြီး၊ စစ်ကြောရေးဆိုရင်တော့ အကြီးအကျယ်စိတ်ဆင်းရဲရတော့မှာပါလားလို့တွေးမိပြီး လန့်ဖျန့်သွားပါတယ်။
အခန်းတခုထဲရောက်တော့ ကုလားထိုင်မှာထိုင်ခိုင်းပါတယ်။ ခေါင်းစွပ်တန်းလန်းနဲ့ပါပဲ။ တယောက်က “မင်း တပ်ထဲနေတုန်းက အခင်ဆုံးသူငယ်ချင်းတွေနံမည် သိချင်တယ်ကွာ၊ ပြောစမ်းပါဦး” လို့မေးပါတယ်။ ကျနော်က သူ့ကို တပ်ထဲမှာ အခင်ဆုံးသူငယ်ချင်းရယ်လို့တော့ သတ်သတ်မှတ်မှတ် မရှိတဲ့ကြောင်း၊ လူပျိုလိုင်းမှာ အတူနေခဲ့သူတွေအားလုံးနဲ့တော့ခင်ကြောင်း ပြန်ပြောတဲ့အခါမှာ သူက “မဟုတ်ဘူးလေကွာ လူဆိုတာ ဘယ်မှာနေနေ အခင်ဆုံးသူငယ်ချင်း မိတ်ဆွေဆိုတာတော့ ရှိကြတာပဲလေကွာ၊ ပြောကွာ၊ အများကြီးမဟုတ်တောင် တယောက်နှစ်ယောက်လောက်ပေါ့၊ မင်းပြောလို့လည်း ဒီကောင်တွေကို ငါတို့ ဘာမှလုပ်မှာမဟုတ်ပါဘူး၊ သိချင်ရုံလောက်ပါ၊ မင်းစဉ်းစားပေါ့ကွာ၊ ဘာမဟုတ်တာလေးနဲ့ အသားအနာမခံချင်စမ်းပါနဲ့၊ ခုလည်း စစ်ကြောရေးက ပြီးတော့မှာပဲဟာ၊ ငါတို့လည်း ထပ်မလုပ်ချင်တော့ဘူး”ဆိုပြီးပြောပါတယ်။
ကျနော် တပ်ထဲနေခဲ့တဲ့တလျှောက်လုံးမှာ အားလုံးနဲ့အတတ်နိုင်ဆုံး အဆင်ပြေအောင်နေခဲ့တာမှန်ပေမယ့် အခင်ဆုံးသူငယ်ချင်းရယ်လို့ တယောက်မှမရှိခဲ့တာတော့ အမှန်ပါပဲ။ ဒါကို ဒီလူတွေဘယ်လိုမှ ကျေနပ်မယ့်ပုံမပေါ်တာနဲ့ နံမည်တခုနှစ်ခုတော့ပြောမှဖြစ်တော့မယ်လို့ ကျနော်တွေးမိလိုက်ပါတယ်။ ဒါနဲ့ ဘယ်သူ့နံမည်တွေပြောရင်ကောင်းမလဲလို့ အမြန်တွေးရပါတော့တယ်။ နောက်တော့ “ကိုခင်မောင်လတ်နဲ့ ကိုစိုးသိန်းပါ” လို့ ကျနော်ပြောချလိုက်ပါတယ်။ “အေး..ဟုတ်ပြီ၊ ဒီကောင်တွေက ဘာအဆင့်တွေလဲ၊ ကိုယ်ပိုင်နံပတ်တွေရောသိလား၊ ခု ဒီကောင်တွေ အဲဒီတပ်မှာပဲလား၊ မင်းနဲ့ အဆက်အသွယ်ရှိနေတုန်းလား” လို့ထပ်မေးပါတယ်။ ကျနော်က သူတို့ ကိုယ်ပိုင်နံပတ်တွေ မသိတဲ့အကြောင်း၊ နှစ်ယောက်စလုံး တပ်သားတွေဖြစ်တဲ့အကြောင်း၊ ခုလည်း အဲဒီတပ်မှာပဲရှိသေးလား မရှိတော့ဘူးလားဆိုတာလည်း မသိတော့ကြောင်းတွေ၊ ကျနော်တပ်ကထွက်လာပြီးကထဲက သူတို့နဲ့အဆက်အသွယ်မရှိတော့ကြောင်းတွေ ပြန်ဖြေလိုက်ပါတယ်။ သူတို့လည်း နည်းနည်းတော့ ကျေနပ်သွားပုံပါပဲ။ ဒါပေမယ့် ကျနော့်စိတ်ထဲမှာတော့ မတော်လို့ ဒီလူတွေ ဟိုတပ်ကိုများ ခုနေလှမ်းမေးလိုက်လို့ကတော့ ငါ့တော့သေမှာပဲလို့ တွေးမိလိုက်ပါသေးတယ်။ ဘာလို့လဲဆိုတော့ ခု ကျနော် သူတို့ကိုပြောလိုက်တဲ့ ၂ ယောက်စလုံးဟာ တပ်ထဲမှာရော လူ့လောကမှာပါ မရှိကြတော့ပါဘူး။ သူတို့ နှစ်ယောက်စလုံးဟာ ကျနော် တပ်ကမထွက်ခင်ကထဲကပဲ ရှေ့တန်းမှာ မိုင်းကြောင့်ဒဏ်ရာတွေရပြီး တိုက်ပွဲကျသွားခဲ့ကြသူတွေ ဖြစ်နေလို့ပါပဲ။ သူတို့ ကျေနပ်သွားတဲ့လေသံကိုကြားရတော့ ကျနော့်စိတ်ထဲ လန့်နေတာမှန်ပေမယ့် ခေါင်းစွပ်ထဲကနေ တယောက်ထဲကြိတ်ပြီးပြုံးလိုက်မိပါတော့တယ်။
နောက်တပတ်ဆက်ပါဦးမယ်။
ကျနော်မျိုးမြင့်ပါခင်ဗျား။
မျိုးမြင့်ချို
0 comments:
Post a Comment