Tuesday, April 10, 2012

ဗမာပြည်ကို သိမ်းပိုက်ကြ Occupy Burma! အပိုင်း ၂

1 comments

ဗမာပြည်ကို သိမ်းပိုက်ကြ Occupy Burma! အပိုင်း
(ရေးတာက ဇော်ဝင်း)
(ယူတာက http://www.facebook.com/notes/zaw-win/ဗမာပြည်ကို-သိမ်းပိုက်ကြ-occupy-burma-အပိုင်း-၂/209868622454930?__adt=3&__att=iframe
(မှတ်ချက်။ ဇော်ဝင်းရဲ့ဖေ့စ်ဘွတ်ခ်စာမျက်နှာကတွေ့တယ်။ စိတ်ဝင်စားစရာမို့ဖတ်တယ်။ အကောက်အယူနဲ့ ထောက်ပြချက်တွေမှာ တချို့တူပြီး တချို့မှာ ကျနော်နဲ့ကွဲတယ်။ ဒါပေမယ့် တွေးဆနှိုင်းချင့်စရာတွေများတာမို့ သဘောကျတယ်။ ဒါနဲ့ သူ့ဆီ ခွင့်တောင် တောင်းမနေအားပဲ ယူတင်ဖြစ်တယ်။ တခြားသူတွေနဲ့မျှဝေကြတာဖြစ်လို့ သူ သဘောမတူနိုင်စရာရှိဘူးလို့လည်း မြင်တယ်။ ဖတ်ပြီး တွေးဆစရာတွေရမယ်လည်းထင်ပါတယ်။ လွတ်လွတ်လပ်လပ်ကွဲလွဲကြရတာ ကိစ္စကောင်းလို့မြင်ပါတယ်။ မျိုးမြင့်ချို)

ဒီမိုကရေစီဆိုတာ အရင်းရှင်စနစ်ကိုပြောတာမဟုတ်

ဒီတော့ ကျွန်တော်တို့ပြည်သူတွေ ဒီမိုကရေစီအစစ်အမှန်ကိုလိုချင်တယ်ဆိုရင် ကိုယ့်ဖာသာလုပ်ယူရမှာပဲ။ ပြည်ပကိုအားကိုးလို့မရသလို NLD တခုတည်းကို ပုံအပ်ထားလို့လည်းမဖြစ်တော့ဘူး။ ဗမာပြည်သူတွေအတွက် စစ်မှန်တဲ့ဒီမိုကရေစီကိုလိုချင်တယ်ဆိုရင် အလုပ်သမားလယ်သမားအရေးကို အကာအကွယ်ပေးဖို့သိပ်အရေးကြီးတယ်။ အလုပ်သမား၊ လယ်သမားကိုအကာအကွယ်မပေးဘဲနဲ့ ဒီမိုကရေစီမဖြစ်နိုင်ဘူး။ တိုင်းရင်းသားတွေနဲ့ အပစ်အခတ်မရပ်ဘဲ ဒီမိုကရေစီမဖြစ်နိုင်ဘူး။ ဒါဟာ ဗမာပြည်ရဲ့ဘဝပေးအခြေအနေပဲ။

ကျွန်တော်တို့လိုချင်တဲ့ဒီမိုကရေစီဆိုတာဟာ အလုပ်သမား၊ လယ်သမားတွေ အားလုံးခံစားခွင့်ရှိမယ့် ဒီမိုကရေစီဖြစ်ရမယ်။ တိုင်းရင်းသားတွေအားလုံးခံစားခွင့်ရှိမယ့်ဒီမိုကရေစီ ဖြစ်ရမယ်။ အလုပ်သမားတွေ၊ လယ်သမားတွေမပါတဲ့ ခရိုနီဒီိမိုကရေစီဆိုတာဟာ ဒီမိုကရေစီမမည်ဘူး။ ဒီမိုကရေစီဆိုတာဟာ အများပြည်သူရဲ့အကျိုးစီးပွားကို ကိုယ်စားပြုရလိမ့်မယ်။ အရင်းရှင်စနစ်ဟာ ဒီမိုကရေစီမဟုတ်ဘူး။ အရင်းရှင်ဒီမိုကရေစီဆိုတာဟာ ဒီမိုကရေစီမဟုတ်ဘူး။

ဒါပေမယ့် စစ်အာဏာရှင်နဲ့ NLD တို့လက်တွဲပူးပေါင်းပြီး စစ်တပ်စိုးမိုးတဲ့အရင်းရှင်အာဏာရှင်စနစ်သစ်ဆီ ဦးတည်သွားဖို့လိုလားနေသူ မျှော်မှန်းနေသူတွေလည်း အများအပြားရှိကြတယ်။ အခုဆိုရင်ပဲ ဒေါ်အောင်ဆန်းစုကြည် အာဏာရလာမယ်ထင်ပြီး ခရိုနီတွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို ကပ်လာတာတွေ့ရတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း အကပ်ခံတာကို မြင်နေရတယ်။ အင်္ဂလိပ်ခေတ်မှာ အင်္ဂလိပ်အလိုတော်ရိလုပ်သူတွေဟာ ဂျပန်ခေတ်ရောက်တော့ ဂျပန်ကိုပြေးကပ်ပြီး ဂျပန်စကားပြန်လုပ်တဲ့အလုပ်မျိုးကို အခုလည်း ငို့ဘသမားတွေ လုပ်လာကြတာမြင်လာရတယ်။ အရင်က အဘ၊ အဘနဲ့ မရှက်မကြောက်ဖားခဲ့သူတွေဟာ အခုလည်း အမ၊ အမနဲ့ မရှက်မကြောက်ထဘီနားဆွဲရမှာကို ဝန်မလေးကြဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ်ခြံစည်းရိုးကို ဘယ် ခရိုနီက ကာပေးလိုက်တယ်ဆိုတာမျိုး၊ ဒေါ်အောင်ဆန်းစုကြည်စည်းရုံးရေးဆင်းဖို့ လေယာဉ်စင်းလုံးငှားပေးတယ်ဆိုတာမျိုး၊ ဒေါ်အောင်ဆန်းစုကြည်ကို သိန်းဘယ်နှဆယ်တန် ထဘီလက်ဆောင်ပေးတယ်ဆိုတာမျိုးတွေကို ကြားလာရတယ်။ ကျွန်တော်သူဌေး မောင်ဘယ်သူဟာ အခုမှ မဟုတ်၊ ဘယ်တုန်းကတည်းက ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ပံ့ခဲ့ဖူးပါတယ်ဆိုတဲ့အပြောမျိုးတွေ ပြောလာကြသူတွေကိုလည်းကြားရရဲ့။ ဒါမျိုးတွေဟာ ဒေါ်စုနောက်အစိုးရဖြစ်လာရင် ခရိုနီလုပ်ချင်သူတွေရဲ့ ရင်းနှီးမြုပ်နှံမှုဆိုတာ စီးပွားရေးပညာတတ်ဖို့တောင်မလိုပါဘူး၊ ရန်ကုန်မှာ အိမ်ပွဲစား၊ ကားပွဲစားလောက်လုပ်ဖူးသူတွေတောင် နောကြေနေအောင်နားလည်ပါတယ်။

စစ်အစိုးရဘက်ကတော့ သူတို့ချည်းစားသောက်နေရာက၊ NLD ထိပ်သီးပုဂ္ဂိုလ်တွေနဲ့ NLD ခရိုနီသစ်တွေကိုပါ နည်းနည်းပါးပါးခွဲဝေမျှပြီးကျွေးလိုက်ရင် သူတို့ရဲ့အာဏာသစ်ဟာ နှစ်ပေါင်းငါးဆယ်တရာ ဆက်လက်တည်မြဲနိုင်မယ်လို့ မျှော်လင့်ထားကြပုံရပါတယ်။ NLD ဟာ စစ်အစိုးရဘက်ကလုပ်လာမယ့် အဲဒီအပေးအယူမျိုးကို သဘောတူ/မတူ၊ လက်ခံ/မခံဆိုတာကိုတော့ အချိန်နည်းနည်းယူပြီး ဆက်ပြီးစောင့်ကြည့်ရဖို့ ရှိပါတယ်။ ဒါပေမယ့် အဲသလို အလားအလာမျိုးဆီ ဦးတည်နေတဲ့ ရှေ့ပြေးအရိပ်လက္ခဏာတချို့ကိုတော့ ကျွန်တော်တို့ တွေ့မြင်နေရပါပြီ။ NLD ဟာ ဒီမိုကရေစီပါတီအဖြစ်ကနေ အခွင့်ထူးခံပါတီတခုဖြစ်သွားမသွားဆိုတာ ပြည်သူတွေရဲ့ဖိအား၊ ပြည်သူတွေရဲ့ ထိန်းကျောင်းမှုအပေါ်မှာလည်း အများကြီးမူတည်သလို၊ NLD မှာ နောက်မျိုးဆက်ခေါင်းဆောင်ကောင်း ထွက်လာ/မလာဆိုတဲ့အချက်ပေါ်လည်း မူတည်ပါတယ်။

ကျွန်တော်တို့လိုချင်တဲ့ဒီမိုကရေစီဆိုတာ ပြည်သူ့လက်ထဲမှာအာဏာရလာဖို့၊ လွတ်လပ်ခွင့်တွေရလာဖို့၊ ပြည်သူတွေ စားဝတ်နေရေးချောင်လည်ဖို့ ဖြစ်တယ်။

ကျွန်တော်တို့လိုချင်တဲ့ဒီမိုကရေစီဟာ နှောင်ကြိုးမဲ့အရင်းရှင်စနစ် unfettered capitalism မဟုတ်ဘူး။ အများပြည်သူကို လွတ်လွတ်လပ်လပ်ကြီး မတရားသွေးစုပ်ခိုင်းစေနိုင်တဲ့စနစ်ကို ကျွန်တော်တို့ လိုလားတာမဟုတ်ဘူး။ အဲသလို ဒီမိုကရေစီမျိုးထွန်းကားလာရင် စစ်အစိုးရနဲ့ပေါင်းတဲ့ခရိုနီကြီးတွေ၊ အတိုက်အခံNLD ကို ကပ်ဖားရပ်ဖားလုပ်နေတဲ့  ခရိုနီဟောင်း၊ ခရိုနီသစ်တွေလောက်ပဲအကျိုးရှိပြီး အများစုပြည်သူကြီးက လည်စင်းပေးရလိမ့်မယ်။

စစ်ကျွန်ဘဝမှ နင်းပြားဘဝသို့ သွားမည်လော
ကမ္ဘာမှာ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF ကမ္ဘာ့ဘဏ်  World Bank တို့ရဲ့ဆောင်ရွက်ချက်တွေကို လူထုကိုယ်စားပြုတဲ့သူတွေက ဆန့်ကျင်ဝေဖန်နေကြတယ်။ ဆီယယ်တဲလ်လှုပ်ရှားမှုအပါအဝင် Wold Bank, IMF, WTO တို့ကို ဆန့်ကျင်ကန့်ကွက်တဲ့ဆန္ဒပြပွဲတွေ၊ G8 G20 ကို ဆန့်ကျင်တဲ့ဆန္ဒပြပွဲတွေ၊ သိမ်းပိုက်ရေး (occupy) လှုပ်ရှားမှုတွေကိုကြည့်ပါ။ ကျွန်တော်တို့ဆီမှာတော့ အစိုးရကရော၊ အတိုက်အခံကပါ IMF နဲ့ World Bank တို့ဆီက အကူအညီရရေးကို အရူးအမူးတောင်းဆိုနေကြပါတယ်။ ဒီတော့ အကျိုးဆက်က ဘာတွေဖြစ်လာနိုင်ပါသလဲ။

တကယ်တော့ IMF World Bank ရဲ့ အကူအညီကို မယူရမဟုတ်။ ယူနိုင်ပါတယ်။ ဒါပေမယ့် မူရှိဖို့လိုတယ်။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ထားနိုင်ဖို့လိုတယ်။ ကိုယ့်နိုင်ငံကအလုပ်သမား၊ လယ်သမားတွေကို အကာအကွယ်ပေးဖို့လိုတယ်။ အကာအကွယ်ပေးတဲ့ဥပဒေတွေ ပြဌာန်းထားဖို့လိုပါတယ်။ ဘာ့ကြောင့် IMF World Bank ရောက်လာရင်၊ ပြည်ပရင်းနှီးမြုပ်နှံမှုတွေရောက်လာရင် အလုပ်သမား၊ လယ်သမားကို အကာအကွယ်ပေးဖို့ လိုသလဲဆိုတော့  IMF World Bank  ဟာ လယ်သမားနဲ့ အလုပ်သမားတွေ ဒုက္ခရောက်သွားစေနိုင်တဲ့ စီးပွားရေးမူဝါဒအပြောင်းအလဲတွေလုပ်ဖို့ရာ အစိုးရကိုအကြပ်ကိုင်တတ်လို့ပါ။ အဲသလို အကြပ်ကိုင်ခဲ့ဖူးတဲ့အစဉ်အလာတွေ ရှိခဲ့လို့ပါ။

IMF World Bank  ဟာ သူတို့ငွေကို ထုတ်ချေးတော့မယ်ဆိုရင် သက်ဆိုင်ရာနိုင်ငံရဲ့စီးပွားရေးကို သူတို့လိုသလို ပြောင်းခိုင်းတယ်။ သူတို့ကော်ပိုရေးရှင်းကြီးတွေရဲ့ပစ္စည်းတွေကို အဟန့်အတားမရှိ
ရောင်းချနိုင်အောင် စာချုပ်ချုပ်တယ်။ သူတို့ဝယ်ချင်တဲ့ပစ္စည်းကို အကန့်အသတ်မရှိဝယ်လို့ရအောင် စာချုပ်ချုပ်တယ်။ အဲဒီတိုင်းပြည်မှာ လုပ်ခဈေးချိုအောင်ဖန်တီးတယ်။ အလုပ်သမားအင်အား တိုးပွားလာအောင်လုပ်တယ်။ လယ်သမားတွေ အလုပ်သမားဖြစ်ကုန်အောင်လုပ်တယ်။ လယ်မြေတွေ ကုမ္ပဏီတွေလက်ထဲရောက်သွားအောင်လုပ်တယ်။ IMF World Bank ရောက်လာပြီးတဲ့နောက် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ လယ်သမားတွေ၊ အလုပ်သမားတွေအတိဒုက္ခရောက်သွားကြတဲ့နမူနာတွေ ရှေ့မှာအများကြီး။ ဘရာဇီး၊ အာဂျင်တီးနား၊ အီရတ်၊ ရဝမ်ဒါ၊ အင်ဒိုနီးရှားတို့မှာ Unholy Trinity လို့ ခေါ်တဲ့ IMF World Bank WTO (World Trade Organization ) တို့ တက်ညီလက်ညီပူးပေါင်းပြီး 
ဘယ်လို ဒုက္ခပေးခဲ့ကြတယ်ဆိုတာကို လေ့လာကြဖို့သင့်ပါတယ်။

IMF World Bank ဆိုတာဟာ ဒီမိုကရေစီမကျတဲ့အဖွဲ့အစည်းပါ။ ဥရောပနဲ့အမေရိကန်က ဗိုလ်ကျစိုးမိုးထားတဲ့အဖွဲ့အစည်း၊ ဒီမိုကရေစီနည်းနဲ့ တနိုင်ငံတမဲ မဲခွဲခွင့်မရှိတဲ့ အဖွဲ့အစည်း၊ လက်တဆုပ်စာနိုင်ငံတကာကော်ပိုရေးရှင်းကြီးတွေရဲ့အကျိုးစီးပွားကိုပဲကြည့်တဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။

ဒီတော့ ကျွန်တော်တို့ရဲ့ ဒီမိုကရေစီခေါင်းဆောင်ကြီးများဟာ အလုပ်သမားအရေး၊ လယ်သမားအရေးကို ဘယ်လောက်များ အကာအကွယ်ပေးကြပါသလဲ။

အခု နိုင်ငံတကာရင်းနှီးမြုပ်နှံမှုတွေဝင်လာဖို့ မျှော်လင့်နေကြတဲ့အချိန်မှာလည်း NLD လို ဒီမိုကရေစီ ရည်မှန်းချက်ထားရှိတဲ့ပါတီမျိုးကတောင် ရင်းနှီးမြုပ်နှံမယ့်သူတွေကိုအကာအကွယ်ပေးမယ့် ရင်းနှီးမြုပ်နှံမှုဥပဒေထားရှိပေးဖို့ကိုသာတောင်းဆိုပြီး၊ အလုပ်သမားအခွင့်အရေးကာကွယ်ပေးတဲ့ဥပဒေမျိုး ထားရှိဖို့တောင်းဆိုတာမျိုးမတွေ့ရဘူး။ တိုင်ယီ အလုပ်သမားအရေးလိုဟာမျိုးမှာလည်း ဘာတခုမှ ဝင်မပြော၊ ဝင်မပါဘဲ ကိုယ်နဲ့မဆိုင်သလို ရေငုံနှုတ်ပိတ်နေတာမျိုးကိုပဲ တွေ့ရတယ်။ တိုင်ယီအရေးဟာ အလုပ်သမားအရေးပါ။ ဗမာနိုင်ငံလိုနိုင်ငံမျိုးမှာ အလုပ်သမားပြဿနာ၊ လယ်သမားပြဿနာဆိုတာဟာ တနိုင်ငံလုံးပြည်သူတွေရဲ့အနာဂတ်နဲ့ဆိုင်တဲ့ ရှေ့ပြေးပြဿနာဖြစ်တယ်။ ကြိုတင်ပြသတဲ့ နိုင်ငံရေးအတိတ်နိမိတ်ဖြစ်တယ်။ ဒါဟာ အသေးအဖွဲပြဿနာမဟုတ်ဘူးဆိုတာကို ဗမာ့နိုင်ငံရေးမှာ ခြေမြှောက်လက်မြှောက်လောက် ပါဖူးသူတောင်သိကြပါတယ်။

မကြာခင်က လယ်ယာမြေဥပဒေပြဌာန်းသွားခဲ့တယ်။ တောင်သူလယ်သမားတွေက မကွေးစစ္စရံညီလာခံ၊ ဟင်္သာတသပြုအိုင်ညီလာခံတွေလုပ်ပြီး အကြိမ်ကြိမ်ကန့်ကွက်ခဲ့တဲ့ကြားက ပြဌာန်းသွားခဲ့တဲ့ဥပဒေပါ။ ကျွန်တော်တို့ကို ပြည်သူကရွေးကောက်ထားတာပါလို့ မရှက်မကြောက်အကြိမ်ကြိမ်ဗြောင်ညာရဲကြတဲ့ ၂၀၁၀ မဲခိုး ကြံ့ဖွတ်အမတ်တွေဟာ အဲဒီ လယ်သမားတွေရဲ့အသံကို တချက်မှအရေးမလုပ်ခဲ့ကြဘူး။ တတိယအကြိမ်ပြုလုပ်မယ့် ကြို့ပင်ကောက်ညီလာခံကိုတောင် အာဏာသုံးပြီးတားခဲ့တယ်။ ဒီကိစ္စကိုလည်း ကျွန်တော်တို့ရဲ့ ဒီမိုကရေစီခေါင်းဆောင်ကြီးတွေ နှာစေးခဲ့ပြန်တယ်။ သမ္မတကြီးစိတ်ဆိုးမှာ 
ကြောက်ကြပြန်သလားမပြောတတ်၊ လယ်သမားအရေးကို လျစ်လျူရှုခဲ့တယ်။

ဒီလိုနည်းနဲ့ ကိုယ့်လယ်မြေကိုယ်ပိုင်ခွင့်မရှိတဲ့ လယ်ယာမြေဥပဒေ၊ ကြိုက်တဲ့သီးနှံ စိုက်ပျိုးခွင့်မရှိတဲ့ လယ်ယာမြေဥပဒေ၊ စီမံကိန်းသီးနှံစိုက်ရဦးမယ့်လယ်ယာမြေဥပဒေ၊ စစ်တပ်နဲ့အစိုးရက လယ်သိမ်းပိုင်ခွင့်ရှိတဲ့လယ်ယာမြေဥပဒေဟာ လယ်သမားတွေကန့်ကွက်တဲ့ကြားထဲက အတည်ဖြစ်သွားခဲ့ပြန်တယ်။ လယ်သမားတွေကန့်ကွက်တဲ့ကြားက ပြည်သူ့လွှတ်တော်က အတည်ပြုသတဲ့။ ဒါလား.. ပြည်သူ့လွှတ်တော်။  ဒီလိုနာမည်မျိုးကို မရှက်မကြောက် မှည့်မှ မှည့်ရဲကြပလေ။

စစ်အစိုးရကတော့ အလုပ်သမား၊ လယ်သမားတွေထိခိုက်မယ့်ကိစ္စမျိုးကို  IMF World Bank က ပြင်ခိုင်း လုပ်ခိုင်းရင်လုပ်မှာပဲ။ တသက်လုံး အလုပ်သမားအကျိုး၊ လယ်သမားအကျိုးမကြည့်ခဲ့တဲ့စစ်အစိုးရဟာ အခုအချိန်ကျမှ ဘာမှ အကာအကွယ်ပေးနေမှာမဟုတ်ဘူးဆိုတာ သိပ်သေချာတယ်။ သူတို့က IMF World Bank ကိုသိပ်လိုလားတာကိုး။  ဘာ့ကြောင့်သိပ်လိုလားသလဲဆိုတော့ အစိုးရနဲ့သူတို့ရဲ့ ပုလင်းတူဗူးဆို့ခရိုနီတွေအတွက် သိပ်အကျိုးရှိမယ့်အချက်ဖြစ်လို့။ နိုင်ငံတကာကော်ပိုရေးရှင်းကြီးတွေရဲ့ အကျိုးကိုကြည့်တဲ့ IMF World Bank ရဲ့မူဟာ ဗမာခရိုနီတွေရဲ့အကြိုက်နဲ့ ကွက်တိဖြစ်နေလို့ပဲ။ IMF World Bank ရောက်လာပြီးနောက်မှာ ဒေသခံခရိုနီတွေ ကမ္ဘာကျော်ဘီလျံနာ၊ မီလျံနာကြီးတွေဖြစ်သွား ကြတဲ့ အစဉ်အလာဟောင်းတွေကိုလည်း သူတို့သိကြပြီးသား။ IMF World Bank တို့ရောက်လာပြီး နောက်မှာ ပြည်တွင်းကခရိုနီတွေနဲ့ ပြည်ပကနိုင်ငံပေါင်းစုံကော်ပိုရေးရှင်းကြီးတွေ အတူတကွ ချမ်းသာသထက်ချမ်းသာသွားကြတာကလည်း ထုံးစံပဲ။ ဒါတွေကို သူတို့သိပြီးသား။ တကယ်တန်း ဒုက္ခရောက်ကြမယ့်သူတွေကတော့ အလုပ်သမား၊ လယ်သမားအပါအဝင်ဖြစ်တဲ့ လူများစုပြည်သူကြီးပါ။ ၉၉% ပါ။ လယ်သမားတွေလယ်မြေတွေဆုံးရှုံးပြီး လက်ခစားအလုပ်သမားတွေဖြစ်ကုန်ကြတာကိုပဲ အလုပ်အကိုင်ရှာဖွေပေးနိုင်တယ်လို့ သူတို့ အမြဲ ကြွားဝါကြပါတယ်။ လုပ်ခဈေးချိုလို့ အလုပ်သမားတွေပေါပေါရှိတဲ့နေရာကိုစက်ရုံတွေရောက်လာပြီး ညှဉ်းပမ်းခိုင်းစေကြတာကိုပဲ၊ အလုပ်အကိုင်အခွင့်အလမ်းတွေ တိုးတက်အောင်လုပ်ပေးနိုင်ခဲ့တယ်လို့ အမြဲကြွေးကြော်ပါတယ်။ တကယ်တန်းမှာ အလုပ်သမားတွေဟာ အလုပ်ပိုလုပ်လာရတာပဲရှိတယ်။ ဘဝက ဘာမှ တိုးတက် မလာကြဘူး။ အလုပ်ပဲ ပိုရလာတယ်၊ ဝင်ငွေ ပိုရမလာဘူး။ သက်ဆိုင်ရာနိုင်ငံတွေမှာ အလုပ်သမားတွေကို ခုခံကာကွယ်ပေးထားတဲ့ဥပဒေတွေ အလုံအလောက်မရှိရင် အလုပ်သမားတွေဟာ စက်ရုံအလုပ်ရုံတွေထဲမှာ ကျွန်စုပ်တဲ့သရက်စေ့ဘဝ ရောက်သွားကြတာချည့်ပဲ။ နီးနီးနားနား အင်ဒိုနီးရှားကိုပဲ ကြည့်ပါ။

အခုကျွန်တော်တို့ကို စစ်အစိုးရကတွန်းပို့နေတဲ့လမ်းကြောင်းက စစ်ကျွန်ဘဝကနေ နင်းပြားဘဝကိုတွန်းပို့နေတဲ့ လမ်းကြောင်းဖြစ်ပါတယ်။ စစ်အာဏာရှင်တစုတည်းက ဗိုလ်ကျကျွန်ပြုနေရာက စစ်အာဏာရှင်အပါအဝင်၊ ပြည်တွင်းပြည်ပ ဧရာမအရင်းရှင်ကြီးတွေက ဝိုင်းဝန်းကျွန်ပြုနိုင်မယ့်စနစ်ဆီ ဦးတည်နေတာပါ။ အဲဒီလမ်းကြောင်းပေါ်ကို သူတို့ ချောချောမောမောရောက်ဖို့အတွက် အမေရိကန်ရဲ့ အကူအညီနဲ့ NLD ရဲ့ အကူအညီကိုရယူဖို့ သူတို့ကိုးစားနေကြတာပါ။ အမေရိကန်နဲ့ NLD ပါမှသာ ပြည်သူကိုလှည့်စားလို့ရနိုင်မှာမို့ သူတို့အကူအညီကို လိုလားနေတာဖြစ်ပါတယ်။ သူတို့ဖာသာသူတို့ ပြောင်းနေပါတယ်ပြောတာကို ပြည်သူကဘယ်တော့မှ မယုံ၊ ဘယ်တော့မှ လက်မခံဘူး။ အခု NLD က အစိုးရပြောင်းပါပြီပြောတော့ တော်တော်များများလက်ခံလာတယ်။ တော်တော်များများ ဇဝေဇဝါဖြစ်လာ တယ်။ အချင်းချင်း အငြင်းအခုန်တွေဖြစ်ကုန်တယ်။ ဒါ့ကြောင့် အစိုးရဟာ NLD ရဲ့ အကူအညီ လိုအပ်တာဖြစ်ပါတယ်။ အမေရိကန်ရဲ့အကူအညီကိုလည်း သူတို့လိုအပ်တယ်။ အမေရိကန်ရဲ့အကူအညီ မပါဘဲ သူတို့ ဒီ့ထက်ချမ်းသာဖို့မဖြစ်နိုင်ဘူး။ အမေရိကန်ရဲ့အကူအညီမပါဘဲ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ မလာနိုင်ဘူး။ ဒါ့ကြောင့် အမေရိကန်ရဲ့အကူအညီကို သူတို့လိုအပ်တာဖြစ်ပါတယ်။

အခု အမေရိကန်က စိတ်ပါလက်ပါနဲ့ကူညီနေတာ တွေ့ရတယ်။ သူ့ရည်ရွယ်ချက်နဲ့ သူပါ။ NLD ကတော့ စိတ်မပါ့တပါနဲ့ကူညီနေတာကို ကျွန်တော်တို့တွေ့နေရပါတယ်။ သူ့အခက်အခဲနဲ့ သူပါ။ စိတ်ပါသည်ဖြစ်စေ၊ စိတ်မပါသည်ဖြစ်စေ အမေရိကန်နဲ့ NLD ဟာ စစ်အစိုးရရဲ့ ပါရမီဖြည့်ဖက်တွေဖြစ်လာပါတယ်။

အခုချိန်မှာ အမေရိကန်ဟာ NLD နဲ့ ဗမာပြည်သူတွေရဲ့ ဒီမိုကရေစီရေးထက် သူတို့ရင်းနှီးမြုပ်နှံဖို့ 
သူတို့ နောက်ကျ မကျန်ဖို့ကိုသာ စိတ်စောနေပုံရပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲအကြိုကာလမှာ ဒေါ်အောင်ဆန်းစုကြည်က သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပါတယ်။ ရွေးကောက်ပွဲမတိုင်ခင်ကြိုလုပ်ခဲ့ တယ်ဆိုတာ သတိချပ်ဖို့လိုပါတယ်။ အဲဒီ သတင်းစာရှင်းလင်းပွဲမှာ ကြားဖြတ်ရွေးကောက်ပွဲဟာမတရားဘူး လို့ ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့ပါတယ်။ ဒါဟာ အနောက်နိုင်ငံတွေအနေနဲ့ ဒဏ်ခတ်ပိတ်ဆို့တာတွေကို မလျော့ပါနဲ့ဦးလို့ သတင်းစကားပေးပို့တာပါ။ ဒါ့အပြင် ဒဏ်ခတ်ပိတ်ဆို့တဲ့သူတွေအနေနဲ့ သူတို့ပိတ်ဆို့တဲ့ရည်ရွယ်ချက်ကိုရပြီလားဆိုတာစဉ်းစားပြီးမှ ပိတ်ဆို့တာကိုဖွင့်ပါ လို့လည်း ပြောရေးဆိုခွင့်ရှိပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက အတန်တန်သတိပေးပါတယ်။ ဒါပေမယ့် အမေရိကန် 
ဘာလုပ်ခဲ့သလဲ။ စစ်အစိုးရအငမ်းမရလိုချင်နေတဲ့ ဘဏ္ဍာရေးဆိုင်ရာကန့်သတ်ချက်တွေကိုဖွင့်ပေးပြီး ပြည်ပရင်းနှီးမြုပ်နှံမှုတွေဝင်လို့ရအောင် တံခါးဖွင့်ပေးလိုက်တာပဲမဟုတ်လား။ စစ်အစိုးရဘက်က သိပ်အူမြူးသွားသလောက်၊ ဒေါ်အောင်ဆန်းစုကြည်ဘက်ကတော့ အောင့်သက်သက်နဲ့ အခံရခက်မယ့်ပုံပါပဲ။

စစ်အစိုးရအတွက်တော့ ဒေါ်အောင်ဆန်းစုကြည်ကို နေရာလေးဆယ်ကျော်ပေးရကျိုးနပ်လှပါပေရဲ့။ ပေးရတာ သိပ်ကိုတန်လှပါပေရဲ့။ ဒေါ်အောင်ဆန်းစုကြည်ကိုထုတ်ပြီးအသုံးချရတာဟာ ဒေါ်အောင်ဆန်းစုကြည်ကို အိမ်ထဲမှာချုပ်ထားရတာထက် အများကြီးပိုအကျိုးရှိတယ်ဆိုတာကို အသိနောက်ကျလေခြင်းလို့ စစ်အစိုးရမှာတက်တခေါက်ခေါက်ဖြစ် ကောင်းဖြစ်နေမှာပါ။ ကုန်ခဲ့တဲ့နှစ်တွေကို နှမျောကောင်းနှမျောနေမှာပါ။

NLD ကို ဘယ်လို သဘောထားရမလဲ

ကျွန်တော်တို့ ပြည်သူတွေဟာ NLD ကို ထောက်ခံကြတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံကြတယ်။ မကြုံစဖူးကြီးမားတဲ့အင်အားနဲ့ ထောက်ခံကြပါတယ်။ အဲသလိုထောက်ခံကြတာဟာ စစ်အာဏာရှင်စနစ်ကို စက်ဆုပ်ရွံရှာလို့သာဖြစ်တယ်။ NLD ဟာ စစ်အာဏာရှင်စနစ်ကိုဖြိုချပေးနိုင်မယ်လို့ မျှော်လင့်နေကြသေး လို့သာဖြစ်တယ်။ ဒါပေမယ့် NLD ကို ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရကအသုံးချပြီး သူ့လိုဘပြည့်အောင်ဖြည့်ဖို့ကြိုးစားရင် ကျွန်တော်တို့ဟာ NLD ကိုထောက်ခံရင်းနဲ့ စစ်အစိုးရလိုဘဖည့်ပေးတဲ့ အဖြည့်ခံဘဝရောက်သွားနိုင်တာကိုတော့ သတိထားကြရလိမ့်မယ်။ ဒေါ်အောင်ဆန်းစုကြည်က စစ်အစိုးရရဲ့ပါရမီဖြည့်ဖက်ဆိုရင် ကျွန်တော်တို့လည်း ဘုမသိ ဘမသိ ကူညီပါရမီဖြည့်ရာရောက်တော့မယ်။ ကျွန်ဝယ်ရာမှာ ကျွန်တော်တို့ အဆစ်ပါကြလိမ့်မယ်။

ကျွန်တော်တို့မှာ ရွေးစရာလမ်းနှစ်လမ်းရှိတယ်။ NLD ကို ဒီမိုကရေစီအသွင်သဏ္ဍန် စစ်စစ်မှန်မှန်ပြန်ဖြစ်လာအောင် ကြိုးစားကြမလား။ ဒါမှမဟုတ် NLD ကို စွန့်ခွာကြမလားဆိုတဲ့ လမ်းနှစ်လမ်းဖြစ်ပါတယ်။ NLD အနေနဲ့ ၂၀၀၈ အခြေခံဥပဒေကိုပြင်ဆင်မယ်ဆိုတဲ့ဆုံးဖြတ်ချက်ကို မပြင်သေးသမျှ၊ NLD ကို လူထုက ထောက်ခံနေသေးသမျှမှာ ကျွန်တော်တို့ဟာ သည်းခံပြီးလက်တွဲရဦးမယ် ထင်ပါတယ်။ ၂၀၀၈ အခြေခံဥပဒေကိုမပြင်တော့ဘူးလို့ NLD က ပြောလာတဲ့အခါ၊ ဒါမှမဟုတ် မပြင်နိုင်တော့ဘူးလို့ လူထုကယူဆလာတဲ့အချိန်မှာတော့ NLD ကို ကျွန်တော်တို့ စွန့်ခွာကောင်း စွန့်ခွာရပါလိမ့်မယ်။

ဒီနေရာမှာ ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့စကားနှစ်ခွန်းကို သတိထားသင့်ပါတယ်။ ရွေးကောက်ပွဲ မဲဆွယ်မိန့်ခွန်းမှာပြောတဲ့ စစ်သားတမတ်သားလွှတ်တော်ထဲမှာရှိနေတာဟာ ဒီမိုကရေစီမကျဘူးဆိုတာနဲ့၊ စစ်တပ်ကို နိုင်ငံရေးကဖယ်ထုတ်ဖို့ သူ မပြောဘူးဆိုတဲ့စကားဖြစ်ပါတယ်။ ဒီစကားနှစ်ခွန်းဟာ ရှေ့နောက်မညီပါဘူး။ မရှင်းလင်းပါဘူး။ ဒီမိုကရေစီနဲ့မကိုက်ညီတဲ့ တပ်မတော်သား ၂၅ % ကို  လွှတ်တော်ထဲကထွက်ခွာပေးဖို့ရာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ရဲရဲရင့်ရင့်ပြတ်ပြတ်သားသား မပြောရဲတာထင်ရှားပါတယ်။ ဒေါ်အောင်ဆန်းစုကြည် စကားဝဲလာတယ်။ မပီကလာပီကလာ ဖြစ်လာပါတယ်။ ရပ်တည်ချက်မပြတ်သားလို့ အပြောအဆိုမပြတ်သားတာဖြစ်ပါတယ်။ ဒီမိုကရေစီ နဲ့မကိုက်ညီသော်ငြားလည်း စစ်တပ်ကိုမဖယ်ရှားပါဘူးလို့ သူ့အနေနဲ့ဆိုလိုသလားဆိုတာလည်း စဉ်းစားစရာဖြစ်ပါတယ်။ စစ်တပ် ၂၅ % ကို ဖယ်ရှားဖို့တောင်မပြောရဲတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရဲ့လက်ညှိုးထောင်ခေါင်းငြိမ့် NLD ကို ကျွန်တော်တို့ ဘယ်လောက်ဆက်အားကိုးလို့ရမလဲဆိုတာလဲ စဉ်းစားစရာ….

တကယ်လို့ တပ်မတော်သား ၂၅ % ကို ဖယ်ထုတ်ဖို့မကြိုးစားဘူးဆိုရင် အခြေခံဥပဒေပြင်မယ်ဆိုတာ ဘာပြင်မှာပါလဲ။ ဒါ့အပြင် တပ်မတော်သားတွေနဲ့ကြံ့ဖွတ်တွေကို ဒေါ်အောင်ဆန်းစုကြည်ကစည်းရုံးပြီး လွှတ်တော်ထဲမှာအင်အားတိုးချဲ့သွားဦးမယ်လို့လည်း ဆိုပါတယ်။ တပ်မတော်ကြီးစိုးတဲ့ စစ်အာဏာရှင်အခြေခံဥပဒေကိုပြင်ဖို့အတွက် တပ်မတော်သားတွေနဲ့ကြံ့ဖွတ်တွေကို ဘယ်လိုစည်းရုံးမှာပါလဲ။ ဘယ်နှယောက်စည်းရုံးလို့ရမှာပါလဲ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်နေပါသလား။ ဒါမှမဟုတ် ပြည်သူတွေကိုမျှော်လင့်ချက်မှားတွေ ပေးနေပါသလား။ ဒါမှ မဟုတ်တခြားလည်း ဘာမှ မလုပ်တတ်တော့လို့ အလုပ်မဖြစ်မှန်းသိပေမယ့် သိသိနဲ့ရှေ့ဆက်တိုးနေတာ လား။ ဒီအဖြေကိုသိဖို့ရာ ကျွန်တော်တို့ မျက်ခြေမပြတ်စောင့်ကြည့်ရပါလိမ့်မယ်။

ဗမာပြည်ကို သိမ်းပိုက်ကြ

ကျွန်တော်တို့နိုင်ငံဟာ အစွန်းရောက်အရင်းရှင်စနစ်ဆီဦးတည်မယ့်အရိပ်အယောင်တွေမြင်နေရချိန်မှာ နိုင်ငံတကာမှာတော့ အရင်းရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ ကျယ်ပြန့်လာတယ်။

IMF World Bank WTO ( World Trade Organization ) တို့နဲ့ ကမ္ဘာမှာ ရာနှုန်းတောင်မရှိတဲ့ နိုင်ငံပေါင်းစုံ ကော်ပိုရေးရှင်းကြီးတို့ပူးပေါင်းပြီး လူများစုကမ္ဘာ့လူထုကြီးကို အမြတ်ထုတ်သွေးစုပ်တာကိုမခံနိုင်ကြတော့လို့ ကမ္ဘာပေါ်မှာ ၉၉ ရာနှုန်း သို့မဟုတ် Occupy ဆိုတဲ့ လှုပ်ရှားမှုတွေ အနှံ့အပြားပေါ်လာတယ်။

ဒီနေ့ Occupy လှုပ်ရှားမှုတွေဟာ ၁၉၉၉ ခုနှစ်တုန်းက ဆီယယ်တဲလ်မှာဖြစ်ခဲ့တဲ့ ဂလိုဘယ်လိုက်ဇေးရှင်း ဆန့်ကျင်လှုပ်ရှားမှု (antiglobalization ) ကမ္ဘာလုံးဆိုင်ရာတရားမျှတရေးလှုပ်ရှားမှု ( global justice movement) ရဲ့ အဆက်လို့ဆိုရင် ဆိုနိုင်တဲ့လှုပ်ရှားမှုဖြစ်ပါတယ်။ ဆီယယ်တဲလ်လှုပ်ရှားမှုဟာ IMF World Bank WTO ( World Trade Organization ) တို့ရဲ့ တကမ္ဘာလုံးမှာမတရားလုပ်နေတာတွေကို ကန့်ကွက်တဲ့လှုပ်ရှားမှုကြီးပါ။

အခု Occupy လှုပ်ရှားမှုတွေကတော့ ဒီ့ထက်ပိုကြီး ဒီ့ထက်ပိုလေးနက်ပါတယ်။ အနောက်ကမ္ဘာမှာ စီးပွားပျက်ကပ်ဆိုက်တော့ ကော်ပိုရေးရှင်းကြီးတွေ၊ ကမ္ဘာ့ထိပ်သီးလက်တဆုပ်စာတွေကို အစိုးရတွေက အကာအကွယ်ပေးကြတယ်။ သူတို့အတွက် ငွေကြေးအမြောက်အများစိုက်ထုတ် ပံ့ပိုးပေးကြတယ်။ အဲဒီလို ပံ့ပိုးပေးနိုင်ဖို့အတွက် အများပြည်သူတွေအတွက်သုံးတဲ့ အသုံးစရိတ်တွေကိုဖြတ်တောက်ကြတယ်။ အများပြည်သူအတွက်အသုံးစရိတ်ဆိုတာဟာ နို့စို့ကလေးတွေအတွက် ထောက်ပံ့ကြေး၊ သက်ကြီးရွယ်အိုတွေအတွက် ထောက်ပံ့ကြေး၊ ပင်စင်ငွေတွေက အစ၊ အများပြည်သူအတွက် ကျန်းမာရေးထောက်ပံ့စရိတ်၊ လူမှုဖူလုံရေးအတွက်ပေးတဲ့ငွေ ဆိုတာမျိုးတွေ အားလုံးဖြစ်ပါတယ်။

ဒီတော့ ရာနှုန်းအကျိုးအတွက် မတရားလုပ်နေတဲ့လုပ်ရပ်တွေကိုတားမြစ်ဟန့်တားဖို့ သိမ်းပိုက်ရေးလှုပ်ရှားမှုတွေဟာ တကမ္ဘာလုံးပြန့်နှံ့လာတာဖြစ်ပါတယ်။ ကျယ်ကျယ်ပြန့်ပြန့်လှုပ်ရှားတဲ့ ပထမဆုံးသိမ်းပိုက်ရေးလှုပ်ရှားမှုက Occupy Wallstreet ဝေါလမ်းမကိုသိမ်းပိုက်ကြဆိုတဲ့ လှုပ်ရှားမှုဖြစ်ပါတယ်။ ၂၀၁၁ ခု စက်တင်ဘာလ ၁၇ ရက် နေ့မှာ စဖြစ်ခဲ့ပါတယ်။ အခုအထိ နိုင်ငံပေါင်း ၈၂ နိုင်ငံက မြိုကြီးပေါင်းမှာ ၉၅ မြို့မှာ သိမ်းပိုက်ရေးလှုပ်ရှားမှုတွေဖြစ်ခဲ့၊ တချို့ဖြစ်နေဆဲ ဖြစ်ပါတယ်။ ငါတို့ဟာ ၉၉ ရာနှုန်း  We are 99 % ဆိုတာဟာ သူတို့ရဲ့ကြွေးကြော်သံဖြစ်ပါတယ်။

အာရပ်နွေဦးလှုပ်ရှားမှုတွေဟာလည်း သိမ်းပိုက်ရေးလှုပ်ရှားမှုတွေကို ပိုမိုတက်ကြွအားကောင်းလာစေခဲ့တယ်။ ၂၀၁၂ ခုနှစ်ထဲမှာတော့ IOPS International Organization for a Participatory Society ကို ဖွဲ့စည်းခဲ့ပါတယ်။ အခုချိန်အထိ မြင်တွေ့နေရတာက သူတို့လှုပ်ရှားမှုတွေ ကို နိုင်ငံနယ်နမိတ်စည်းကန့်သတ်ချက်ကိုကျော်လွန်ဆောင်ရွက်နိုင် လာတဲ့အချက်နဲ့ သူတို့လှုပ်ရှားမှုတွေဟာ ပါတီတခု အဖွဲ့အစည်းတခု တည်းကဦးဆောင်နေတာမဟုတ်ဘဲ၊ လူများစု ဆင်းရဲသားလူထုကြီးရဲ့ လှုပ်ရှားမှုဖြစ်နေတာကိုတွေ့ရတဲ့ အချက်ပါပဲ။

သူတို့ရဲ့လှုပ်ရှားမှုတွေဟာ ခေါင်းဆောင်တဦးတယောက်ကို ဒါမှမဟုတ် တချို့ကို ဗဟိုပြုလှုပ်ရှားတာမျိုး မဟုတ်တာကိုလည်း အတိတ်ကလှုပ်ရှားမှုတွေနဲ့ မတူတဲ့ထူးခြားချက်တရပ်အဖြစ်တွေ့ရပါတယ်။ သူတို့လှုပ်ရှားမှုတွေနဲ့တွဲပြီး နာမည်ကျော်ခေါင်းဆောင်ကြီး ဘယ်သူဘယ်ဝါဆိုပြီး ထွက်ပေါ်လာတာမျိုး အခုထိ မတွေ့ရသေးဘူး။ ခေါင်းဆောင်ရဲ့နောက်မှာ အားလုံးစုဝေးလိုက်ပါတာမျိုးမဟုတ်ဘဲ၊ ခေါင်းဆောင် ကြည်ညိုကိုးကွယ်မှုနဲ့လှုပ်ရှားကြတာမဟုတ်ဘဲ၊ ကိုယ့်အစုနဲ့ကိုယ်၊ ကိုယ့်အသိနဲ့ကိုယ် လှုပ်ရှားကြတာမျိုးကို တွေ့ရတယ်။ ဒီလှုပ်ရှားမှုတွေဟာ ကျွန်တော်တို့ လေ့လာသင့်တဲ့လှုပ်ရှားမှုတွေဖြစ်ပါတယ်။

ကျွန်တော်တို့ပြည်သူတွေ၊ အလုပ်သမားတွေ၊ လယ်သမားတွေ၊ ကျောင်းသားတွေ၊ သံဃာတွေ၊ ဝန်ထမ်းတွေကရော ဗမာပြည်ကိုသိမ်းပိုက်ကြဖို့ မသင့်ပေဘူးလား။ ကျွန်တော်တို့တတွေ ကိုယ့်အားကိုယ်ကိုးကြဖို့ မသင့်ပေဘူးလား။ ဗမာပြည်ဟာ တကယ်တော့ ကျွန်တော်တို့တိုင်းပြည်ပဲ မဟုတ်လား။ ဗမာပြည်ကိုသိမ်းပိုက်ရေးအတွေးအခေါ်ကလည်း ကျွန်တော်တို့အတွက် သိပ်မစိမ်းလှပါဘူး။ ဒို့ဗမာသီချင်းမှာကတည်းက ဒါဒို့ပြေ၊ ဒါဒို့မြေ၊ ဒါငါတို့ပြေ လို့ ကြွေးကြော်ခဲ့ကြတယ်မဟုတ်လား။

ဒါ့ကြောင့် အလုပ်သမားတွေ၊ လယ်သမားတွေ၊ ကျောင်းသားတွေ သံဃာတွေ ခေတ်နဲ့အမီလိုက်ကြရအောင်ပါ။ ဆီပူဒယ်အိုးထဲကနေ မီးပုံထဲကိုခုန်မချကြပါနဲ့။ % အတွက် ဒီမိုကရေစီကို ကျွန်တော်တို့မလို၊ ၉၉% အတွက် ဒီမိုကရေစီကို ကျွန်တော်တို့လိုပါတယ်။ အလုပ်သမား၊ လယ်သမား၊ ဝန်ထမ်း၊ ကျောင်းသားနဲ့သံဃာတွေဟာ ၉၉% ပါ။ ဘယ်နိုင်ငံခြားကိုမှ မမှီခိုဘဲ၊ ဘယ်သူ့ကိုမှအားမကိုးဘဲ ကိုယ့်အားကိုကိုးပြီး ဗမာပြည်ကိုသိမ်းပိုက်ကြပါစို့။

ဇော်ဝင်း
၈၈ ကျောင်းသားဟောင်း
ဧပြီ ၁၀ ရက်။ ၂၀၁၂ခု။

1 comments:

  • April 10, 2012 at 11:10 AM

    ကိုယ့်နိုင်ငံ မဟုတ်တဲ့ ဘယ်နိုင်ငံကိုမှ ယုံလို့ မရတာ ဟုတ်ပါတယ် ဒါပေမယ့် တရုတ်ထက်စာရင် ကျန်တဲ့ အမေရိကန် တို့ ဥရောပတို့ ကတော့ လူသိရင် ရှက်တတ်ကြ နောက်ပြန်ဆုတ်ပေး တတ်ကြပါတယ် တရုတ်ကတော့ အရှက်မရှိပါ ဒီတော့ တရုတ်ထက် အနောက် နိုင်ငံတွေ ဝင်တာ ပြည်သူတွေ ပိုသက်သာမယ် ထင်ပါတယ်.. နောက် ကျွန်တော်တို့ အင်အားတွေ ဖြုန်းတီးပစ်ခဲ့တာတွေ များပါပြီ ဒီတော့ အခုအချိန်မှာ အဓိက ပန်းတိုင်ကို သွားဖို့ရာ ကိစ္စသေးသေးလေးတွေကို ခဏမျိုသိပ်ထားရမှာပဲ ဒါကြောင့် အန်တီစုဟာ လယ်သမား အလုပ်သမား ကိစ္စတွေ ဘာမှ ဝင်မပြောပဲ လွတ်တော်ထဲ အရင်ရောက်အောင်သာ လုပ်နေတာလို့ ယုံကြည်ပါတယ် ဒီကိစ္စတွေဟာ ကျွဲကူးရေပါ ဆိုသလိုပါပဲ ဂေါင်ကို ထိဖို့ အရေးကြီး တယ်လို့ မြင်မိပါတယ်ဗျာ..

Post a Comment