Monday, April 30, 2012

ပြည်တွင်းဖြစ် ပြည်တွင်းစစ် (မိုးဝေး)

0 comments

ပည်တွင်းဖြစ် ပြည်တွင်းစစ် (မိုးဝေး)
စစ်အစိုးရခေတ်ထဲ အတူတူဖြတ်ခဲ့ကြရင်း..
ခုတော့ ကျွန်တော်တို့ရောက်နေတာ
လမ်းဆုံလား၊ လမ်းခွဲလား
ကာကွယ်မှာလား၊ လေးစားမှာလား
ဝေဝါးနေတဲ့ စက်မှုဇုံကောင်းကင်ထက်မှာဝဲနေတဲ့
ကျွန်တော်တို့ရဲ့ လူလွှတ်စွန်ရောင်စုံများ

ဘယ်ခေတ်မှာရှင်သန်ခဲ့ကြသလဲ
ဘယ်မဂ္ဂဇင်းတွေမှာကဗျာရေးခဲ့ကြသလဲ
ရွေးကောက်ပွဲဘယ်နှခုကြုံခဲ့ကြသလဲ
တစ်ယောက်ယောက်က မေးလိုက်တယ်ဆိုပါစို့

အရက်ဆိုင်တွေ တအားပေါတာနဲ့ကြုံခဲ့တယ်
လယ်ကွက်တွေပေါ် ဆောက်ထားတဲ့အိမ်တွေထဲ ရောက်ခဲ့ကြဖူးတယ်
နှစ်ရာပေးရပြီး ဘာမှမထူးတဲ့ အထူးကားတွေထဲမှာလည်း ဆုံခဲ့ဖူးကြ
နှစ်ရာတန် ထီလက်မှတ်တွေကို သုံးလေးရာပေးခဲ့ကြရတယ်
ကွန်ကရစ်လမ်းတွေပေါ် မာအောင့်အောင့်လျှောက်ခဲ့ကြတယ်
နာမည်မျိုးစုံနဲ့စီးကရက်တွေ တအားသောက်ခဲ့ကြတယ်
နာမည်မျိုးစုံနဲ့စစ်ပွဲတွေ နွှဲနေကြတာမြင်ခဲ့ကြတယ်

ဒီတစ်ပွဲမှာ မင်း ဘယ်ကလောက်
ငါ ဘယ်ကလောက်
အဲဒါမျိုးတွေကြားမှာ တို့တစ်တွေလည်း လမ်းတွေလို
ပြည်တွင်းဖြစ်မဆလာတွေနဲ့ အလောင်းခံခဲ့ကြတယ်
အဲဒီလိုခေတ်ထဲ
လူငယ်တိုင်း မလေးရှားသွား အလုပ်လုပ်ခဲ့ကြရတယ်
ယိုးဒယားသွား ကျွန်ခံခဲ့ကြရတယ်
ဒီလိုနဲ့
လူတန်းစားဟာ မိုးပေါ်နဲ့အဝီစိဖြစ်ခဲ့ကြတယ်
ဒီလိုနဲ့
အထပ်မြင့်တွေကခုန်ချသူတွေ များများလာတယ်

အများပိုင်အဆောက်အအုံတွေက ပုဂ္ဂလိကပိုင်တွေဖြစ်ခဲ့တယ်
သို့သော်လည်း
ပုဂ္ဂလိကတွေဟာ တို့တစ်တွေတော့မဟုတ်ခဲ့ဘူး
တို့တစ်တွေဟာ လှိုင်သာယာ
တို့တစ်တွေဟာ ဒဂုံမြို့သစ်
တို့တစ်တွေဟာ ရွှေပြည်သာ
တို့တစ်တွေဟာ ယုဇန
အစွန်အဖျားမှာ အစမ်းသပ်ခံနေကြရင်း
တစ်နေ့နေ့ကျရင်
ဒီ့ထက်ပိုဝေးတဲ့နေရာ ရောက်ကြဦးမှာပဲ

ခုတော့ ခေတ်ကပြောင်းသွားပါပြီတဲ့
မနက်မိုးမလင်းခင် မြို့သစ်ကနေ မြို့ဟောင်းဆီ
အထူးကားတွေမှာ တိုးဝှေ့လိုက်ပါလာရင်း
ရရာ အလုပ်လုပ်ရ၊ ရရာ ထမင်းလုပ်အပုပ်ခံရ
တွေ့ကရာ လေဘေးထည်လေး ဝယ်
လက်မောင်းမှာ ချေရဲ့ပုံ
ရင်ဘတ်မှာ ဒေါ်စု
နှလုံးသားထဲမှာ ဗိုလ်ချုပ်အောင်ဆန်း
တို့တစ်တွေ မနားတမ်း မမောတမ်း


သြော် . .ခုတော့
ဗိုလ်ချုပ်ကို တို့ထက်ချစ်သူတွေ
ဒေါ်စုကို တို့ထက်လေးစားသူတွေ အသီးသီးပေါ်လာကြ
တို့မြို့သစ်လေးတွေကိုလည်း
တို့ထက်ချစ်သူတွေပေါ်မလာနိုင်ဘူးလို့
ဘယ်သူကရော အာမခံပြောနိုင်ကြမလဲ
တွေးရင်းတိုးရင်း တိုးရင်းတွေးရင်း
ဘတ်စ်ကားဟာ တံတားအဆင်း
ပြည်တွင်းစစ်ဆိုတဲ့မှတ်တိုင်လေးမှာ ရပ် ကျောက်ချနေပါရော
21.4.2012
http://lanolay.wordpress.com/2012/04/25/ပြည်တွင်းဖြစ်-ပြည်တွင်း/

0 comments:

Post a Comment