Saturday, April 21, 2012

ကျနော် ရေဒီယိုသတင်းထောက် (ပထမပိုင်း) (ကိုညို)

0 comments

ကျနော် ရေဒီယိုသတင်းထောက် (ပထမပိုင်း) (ကိုညို)
(ဆောင်းပါးရှင်သည် ၀ါရှင်တန်အခြေစိုက် လွတ်လပ်သော အာရှအသံ (RFA) မြန်မာပိုင်းဌာနတွင် ၁၄ နှစ်ကြာ သတင်းထောက်၊ အကြီးတန်းသတင်းထောက်အဖြစ်လုပ်ဆောင်ခဲ့ပြီး ယခုအခါစိတ်ယဉ်ကျေးမှုမှတ်စုများ”အမည်ဖြင့် အပတ်စဉ်ဆောင်းပါးများကို ပြင်ပဆောင်းပါးရှင်အဖြစ်လည်းကောင်း ယနေ့မြန်မာသတင်းဌာန (Burma Today) အယ်ဒီတာအဖြစ်လည်းကောင်း ဆောင်ရွက်နေပါသည်။)
၂၀၁၂ နှစ်သစ်ကူး မတိုင်ခင် ရက်အလို အာအက်အေ (လွတ်လပ်သော အာရှအသံ) မြန်မာပိုင်းဌာန ဌာနမှုးအန်တီငြိမ်း (ဒေါ်ငြိမ်းရွှေ) ထံကနေ ၂၀၁၂ အတွက် သတင်းထောက်ကန်ထရိုက် သဘောတူညီချက် ရပ်ဆိုင်းလိုက်တဲ့စာကို လက်ခံရခဲ့တယ်။ ဒါနဲ့ဘဲ အာအက်ဖ်အေရေဒီယို မြန်မာပိုင်း အစီအစဉ်သတင်းထောက်အဖြစ် (၁၄) နှစ်လောက် လုပ်ခဲ့တဲ့ ရေဒီယိုသတင်းထောက်အလုပ်ကနေ ကျနော် အနားရသွားပါတယ်။ ကိုယ်က သတင်းထောက်အလုပ် မလုပ်ချင်တာမဟုတ်ဘူး။ ဖြစ်နိုင်ရင် တသက်လုံး လုပ်ချင်တာ။ သတင်းထောက်ဘ၀ကို ခုံမင်တယ်။
 အားလုံးသိတဲ့အတိုင်း ဒီကနေ့ကမ္ဘာပေါ်မှာ ရေဒီယိုတွေဆိုတာက မီဒီယံဝေ့ဖ်တို့၊ အက်ဖ်အမ်တို့ဘဲ တွင်တွင်ကျယ်ကျယ်ဖြစ်နေတာ၊ (ဆိုင်မှာရောင်းတဲ့ ရေဒီယိုတွေတောင် လှိုင်းတို SW တွေမပါတော့ဘူး) FM တို့ MW မီဒီယံဝေ့၀်တို့ လောက်ဘဲရှိတာ။ ကျနော်တို့ အိမ်နီးချင်း အိန္ဒိယနိုင်ငံမှာတောင် ဆိုက်ကားသမား၊ လမ်းဘေးကွမ်းယာ၊ လ္ဘက်ရည်ဆိုင်တွေအစ ရေဒီယို အက်ဖ်အမ်လိုင်းတွေ တနေကုန်ဖွင့်ကြတာ။ သတင်း၊ သီချင်းဖြော်ဖြေရေး အစီအစဉ်တွေ၊ အားကစားပြိုင်ပွဲ LIVE အသံတွေ၊ အင်တာဗျူးတွေ၊ တခြားဗဟုသုတနဲ့ ကျမ္မာရေး၊ လူမှုရေးပညာပေးအစီအစဉ်တွေကို အက်ဖ်အမ်၊ မီဒီယံဝေ့ဖ်ရေဒီယိုလိုင်းတွေကနေ အားပေးနေ ကြတာပါ။
 ဒီလို ကာလချည်းမှာ ကျနော်တို့နိုင်ငံက သတင်းမှန်ကြားချင်လို့ ပြည်ပအသံလွှင့်ဌာနတွေကိုဘဲ နားဆင်နေရတုံး။ မြန်မာပြည်မှာ ၁၉၆၂ ခုကနေ သတင်းစာ၊ ရေဒီယိုဆိုတာ ပြည်သူပိုင်၊ ပြည်သူ့အသံ မဟုတ်တော့ဘဲ၊ အာဏာရှင်တွေအလိုကျဖြစ်ပေါ်ခဲ့ပြီး သတင်းမှန်၊ ဖြစ်ရပ်မှန်၊ ပြည်သူ့အကျိုးစီးပွားအမှန်ကို ရာစုနှစ်ဝက်လောက်(ဒီကနေ့အထိဘဲ ဆိုပါစို့)ပစ်ပယ်ခံထားရတာကိုး။ ဒီတော့ မြန်မာပြည်သူတွေဟာ သတင်းစာနဲ့၊ ရေဒီယိုတွေရဲ့တန်ဘိုးအမှန်နဲ့တန်ခိုးစွမ်းအားတွေကိုသတိမမူမိတော့ဘဲ နှစ်အတော်ကြာ မေ့လျော့နေခဲ့တယ်။
အာဏာရှင်တွေရဲ့ဝါဒဖြန့် လှိုင်းမူးနေခဲ့တယ်။ ကျနော်တို့ခေတ်လို့ဆိုရမယ့် ၁၉၈၈ မှာ တက္ကသိုလ် ကျောင်းသားတွေ ပုန်ကန်ထကြွလာပြီး လူထုဒီမိုကရေစီအရေးတော်ပုန်ကြီး ပေါ်လာတဲ့ကာလရောက်တော့ မှ၊ မြန်မာပြည်ကြီး နိုးထလာခဲ့တယ်။
ရေဒီယိုတန်ခိုးနဲ့ အကျိုးထူးစေမည်
          ၁၉၈၈ နောက်ပိုင်းမှာ  ပြည်ပအသံလွှင့်ဌာနတွေဖြစ်တဲ့ ဘီဘီစီ၊ ဗွီအိုအေ၊ အောလ်အင်ဒီးယားနဲ့ ကျနော်တို့တတွေ လေလှိုင်းမဟာမိတ်တွေ ဖြစ်ခဲ့တယ်။
 အဲဒီ ရေဒီယိုသတင်းတွေ တရက်နားမထောင်ရရင် ဗမာပြည်သတင်းလောကနဲ့ တရက် အဆက် ပြတ်သလိုခံစားရတယ်။ ရေဒီယိုသတင်းတွေ ပေါ်ပြူလာဖြစ်လာတယ်။ ပြည်ပရေဒီယိုနားမထောင်ရင် ခေတ်မမီသလိုဖြစ်လာတယ်။ နောက်ပိုင်း ဒီမိုကရက်တစ်မြန်မာ့အသံ(DVB - နော်ဝေး ၁၉၉၂)နဲ့ လွတ်လပ်သောအာရှအသံ(အမေရိကန်၊ ၀ါရှင်တန်ဒီစီ - ၁၉၉၆)တို့ပေါ်လာတော့ မြန်မာပြည်သတင်းလောက မှာ ရေဒီယိုတခေတ်ဆန်းခဲ့တယ်။
ပြည်သူတွေ ရေဒီယိုတန်ခိုးနဲ့အကျိုးထူးလာတယ်။ ပြည်ပရေဒီယိုတွေကလည်း အပြိုင်အဆိုင်နဲ့ သူ့ထက်သာအောင် သောတရှင်တွေအတွက် အစီအစဉ်ကောင်းကောင်းတွေ တွေးတောကြံဆအားထုတ် ကျိုးပမ်းကြတယ်။  သတင်းသာမက၊ သတင်းဆောင်းပါးတွေ၊ ဗဟုသုတတွေ၊ ကျန်းမာရေး၊ နိုင်ငံရေး၊ ပညာ ရေး၊ နိုင်ငံတကာရေးရာ၊ အင်္ဂလိပ်စာပို့ချမှု၊ ရသတွေ၊ ကဗျာတွေ၊ ဖြေဖျော်တင်ဆက်မှုနဲ့ စိတ်အပမ်းဖြေစရာ ကဏ္ဍအမျိုးမျိုးကို ဖွယ်ဖွယ်ရာရာတင်ဆက်လာကြတယ်။
 ပြည်တွင်းမှာတောင် ရေဒီယိုတွေ ဈေးကောင်းလာတယ်။ တရုတ် လှိုင်းတိုရေဒီယိုတွေ ဈေးကွက်ထဲ ဒလကြမ်းဝင်လာတယ်။ ရေဒီယိုဈေးတွေ တက်လာတယ်။ အစောပိုင်းက ရေဒီယိုသတင်းဌာနတွေမှာ နိုင်ငံခြားသတင်းဌာနတွေက သတင်းတွေ(အေပီ၊ အေအက်ဖ်ပီ၊ ရိုက်တာ - စသဖြင့်)ကို ကောက်နှုတ်ဖော်ပြရာက နောက်ပိုင်းတော့ ကိုယ်ပိုင်သတင်းထောက်တွေခန့်ပြီး ဒေသန္တရဆိုင်ရာသတင်းတွေ အချိန်မီထုတ်လွှင့်နိုင်ခဲ့တယ်။
 ၁၉၈၈ နောက်ပိုင်း မြန်မာပြည်သားတွေကလည်း၊ အိမ်နီချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေခ်ျနဲ့  နယ်စပ်ဒေသတွေအပြင်၊ ဂျပန်၊ အမေရိကား၊ အင်္ဂလန်၊ စင်္ကာပူ၊ မလေးရှားတွေအထိ ခရီးပေါက်နေထိုင်နေတော့ ကျနော်တို့ ရေဒီယိုတွေလည်း ကမ္ဘာလှည့်ကုန်ပါတော့တယ်။
ရေဒီယိုရဲ့ကျေးဇူး ကြီးလှပါတယ်။ မြန်မာပြည်နိုင်ငံရေးမှာ ရေဒီယိုကြောင့်နိုးထခဲ့တာတွေ အများကြီးပါ။ ပြည်တွင်းသတင်းလောကသာမက၊ ပွင့်လင်းပြီးလွတ်လပ်တဲ့ လူ့အဖွဲ့အစည်းတခုပေါ်လာဘို့ ရေဒီယိုရဲ့အခန်းကဏ္ဍဟာ အတော်ကြီးရှိခဲ့ပါတယ်။ ဒါကို ဘယ်သူမှ ငြင်းလို့မရပါ။
ပြည်သူတွေက သတင်းထောက်
          အဲဒီလို ရေဒီယိုလောကရှင်သန်စေဘို့၊ ပြည်တွင်း/ပြည်ပ သတင်းစာနယ်ဇင်း၊ မီဒီယာတွေသာမက၊ လူထုသတင်းထောက်တွေ၊ နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးပါတီတွေနဲ့ သတင်းပေးတွေ၊ ပြည်တွင်း၊ ပြည်ပ လူမှုအဖွဲ့အစည်းတွေ၊ နိုင်ငံရေးအဖွဲ့အစည်း၊ တော်လှန်ရေးအဖွဲ့အစည်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ အမျိုးသမီးအဖွဲ့တွေ၊ နယ်စပ်စီးပွားရေးသမားတွေ၊ သတင်းပေးတွေနဲ့ အခြားအခြားသော ရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ်တွေရဲ့အားပေးကူညီ အထောက်အပံ့တွေကလည်း တတပ်တအားပါဘဲ။ ပြည်ပရေဒီယိုတွေ အခုလို ရှင်သန်တန်ခိုးထွားရတာ သတင်းမှန်ကိုချစ်ကြတဲ့  မြန်မာပြည်သူတွေရဲ့အထောက်အပံ့တွေ အများကြီးပါတယ်ဆိုတာ သတိပြုမိကြဘို့လိုပါတယ်။ တနည်းပြောရရင်  နှစ်ကာလအတန်ကြာအောင် အမိုက်အမှောင်တွေအုပ်မိုးနေသလို တန်ခိုးထွားနေတဲ့အာဏာရှင်စနစ်ကြီးကိုမလိုလားတဲ့ မြန်မာပြည်သူတွေရဲ့တာဝန်သိမှု၊ နိုးကြားမှုတွေကနေ အားပေးပံ့ပိုးမှုဟာ ပြည်ရေဒီယိုတွေရဲ့အသံတွေကို ပိုမို ကျယ်လောင်လာစေတာပါဘဲ။ ကျနော်တို့ ပြည်ပသတင်းထောက်တွေလည်း ထို့နည်းတူပါလို့ ပြောရမှာပါဘဲ။
         ရေဒီယို သတင်းထောက်အလုပ်ဟာ မလွယ်ပါဘူး။ ပြည်ပကနေသတင်းလိုက်ရတာ လွယ်တဲ့အလုပ်မှမဟုတ်တာ။ ကိုယ့်ကို အထဲကမကူရင် သတင်းမရနိုင်ဘူး။ ဒီကြားထဲ သက်သေပြအသံတွေ၊ အင်တာဗျူးတွေလည်း ပါရသေးတယ်။ စစ်ဘီလူးတွေ အဆိပ်တက်နေတဲ့ကာလချည်းမို့ သတင်းပေးရဲသူက ခတ်ရှားရှား။ 
         ကိုယ်က တော်လို့မဟုတ်ဘူး အထဲက သတင်းပေးသူကသတ္တိရှိလို့၊ ကူညီလိုစိတ် ပြင်းပျလို့၊ အမှန်တရားကို လူသိစေချင်စိတ်၊ အာဏာရှင်စနစ်ကိုမနှစ်မြို့စိတ်တွေကအခြေခံပြီးသတင်းပေးလို့ ကျနော်တို့ သတင်းထောက်တွေ ရှင်သန်နေတယ်ဆိုတာ ပြည်ပသတင်းသမားတွေ သိကြမှာပါ။ ဒါကြောင့် ကိုယ့်ကိုကိုယ် ငါသတင်းထောက်ကွလို့ တလွဲမာန်မာနတက်နေရင် သတင်းထောက်ဝါနုသေးလို့ ဖြစ်ချင်ဖြစ်မယ်၊ အမှန်ကို မမြင်သေးဘဲ အ၀ိဇ္ဖာလွှမ်းနေတာမျိုး ဖြစ်ချင်ဖြစ်မယ်။ ဘာလို့လည်းဆိုတော့ ကျနော်ကိုယ်တိုင် ကိုယ်ဖော်ထုတ်ခဲ့တဲ့သတင်းတွေကြောင့် အများရဲ့အားပေးချီးမြှင့်ခံရတဲ့အခါ ကိုယ့်ကိုယ်ကို သိပ်ပြီး ကျေနပ်သွားခဲ့ဘူးတယ်။ အောက်ခြေလည်း လွတ်သွားဘူးတယ်။
         သတင်းထောက်တော်တော်များများ အဲလိုကာလတခုကို ဖြတ်သန်းရမှာပါ။ သိပ် ခါးသီးပါတယ်။ ကိုယ့်ရဲ့ပကတိအနေအထားကို ကိုယ်က မမြင်နိုင်သေးတဲ့ ကာလပါ။ အဲလို အရှက်တရားတွေနဲ့ မရင့်ကျက်မှုတွေကိုကျော်ဖြတ်လာပြီးနောက်ပိုင်းမှာ အတွေ့အကြုံတွေ၊ သင်ခန်းစာတွေရလာ၊ ပကတိသဘောအမှန်တွေသိလာတော့မှ ကိုယ်က သတင်းထောက်ဖြစ်လာတာပါ။
         အစောပိုင်းကာလက သတင်းထောက်မဟုတ်သေးဘူး၊ သတင်းပို့/ သတင်းပေးအဆင့်ဘဲ ဖြစ်ပါတယ်။ ကိုယ်ကိုတိုင်က သတင်းတခုထွက်လာရင် သေချာဆက်သွယ်၊ ထောက်လှမ်း၊ စိစစ်ဝေဖန်ပိုင်းခြားပြီးမှ အဖက်ဖက်ကပြည့်စုံအောင် ချည်းကပ်မေးမြန်းရပါတယ်။ တဦးတဘက်ထဲရဲ့အမြင်ချည်းမဟုတ်ဘဲ ကျန် တဘက်ကအမြင်တွေပါ ချည်းကပ်ရယူရတာမို့ တကယ့်တကယ်ပြည့်စုံခိုင်လုံတဲ့သတင်းတပုဒ် ဖြစ်လာတာမို့ မြန်မာပြည်ပြင်ပကနေ ရေဒီယိုသတင်းထောက်လုပ်ရတာ လွယ်တာမဟုတ်ဘူးလို့ ကျနော် ပြောခဲ့တာပါ။
         ကိုယ်တိုင်အထဲမှာ၊ မြင်တွေ့ရ၊ သိမှတ်ရ၊ လေ့လာခွင့်ရလို့ကတော့ တမျိုးပေါ့လေ။ ဘယ်လိုဘဲဖြစ်စေ မပြည့်စုံမှုတွေ၊ လိုအပ်ချက်တွေအများကြီးနဲ့ဘဲ မုဆိုးစိုင်သင်ရင်း ကျနော်တို့တတွေ ရေဒီယိုသတင်းထောက်တွေ ဖြစ်လာကြတယ်။ မြန်မာပြည်ရဲ့ဆယ်စုနှစ် ခုကြာ ရေဒီယိုခေတ်ကြီးတခုကို ဖြတ်သန်းလာခဲ့ကြတယ်။ သောတရှင်ပြည်သူတွေရဲ့ အားပေးမြှောက်စားပြီး လက်ခံအသိအမှတ်ပြုမှုကို ရခဲ့ကြတယ်။
         ဒါကိုကျနော်တို့ ၀မ်းသာကြတယ်။ ဂုဏ်ယူကြပါတယ်။  သတင်းထောက်အလုပ်ကနေ ကိုယ့်ဘ၀ကို ပြောင်းလဲပေးလိုက်တဲ့အရာတွေ အများကြီး။ သိသိသာသာတွေရော၊ မသိမသာတွေရော၊ ရုပ်ပိုင်းဘ၀ရော၊ စိတ်ပိုင်းဘ၀ရော။ သတင်းသမားကောင်းတယောက်ဖြစ်ဘို့ မခက်သလို၊ လွယ်တာမှ မဟုတ်တာ။ ကုန်ကုန်ပြောရရင် တည်ကြည်တဲ့သတင်းထောက်တယောက်ဖြစ်ဘို့ ကျင့်သုံးရတဲ့ကျင့်ဝတ်နဲ့သီလဟာ သူတော်စဉ်ရဟန်းတပါးလို ခံယူကျင့်သုံးနိုင်မှ ဖြစ်တာပါ။
         သတင်းထောက်ဘ၀ကနေ ရိုးသားမှု၊ ဖြောင့်မတ်မှန်ကန်မှုတွေ၊ တဖက်သားအပေါ် နားလည်ပေးမှုတွေ၊ စိတ်စေတနာအားကောင်းပြီး လောကလူ့ဘောင်ငြိမ်းချမ်းရေးအတွက် ပံ့ပိုးပေးချင်တဲ့တွန်းအားဆန္ဒတွေ ပေါ်လာတတ်ပါတယ်။ သတင်းသမားသက်တမ်းရင့်လေ၊ ပိုမို ရင့်ကျက်တည်ငြိမ်လေဘဲ။ သတင်းထောက်ဘ၀ ဟာ ကိုယ့်အပေါ် ကျေးဇူးကြီးခဲ့တယ်။
         အဲလိုဖြစ်လာဘို့ သတင်းမှန်လိုလားတဲ့ပြည်သူတွေမရှိရင် ကျနော်တို့ သတင်းထောက် မဖြစ်ဘူး။ ပြည်သူ့သတင်းပေးတွေ မရှိရင်၊ ရေဒီယိုမှာ သတင်းမရှိဘူး။
အိုင်ဒီယာကော်ပီ
         ဒါကြောင့် အနှစ် ၂၀ ကျော်အတွင်း ကိုယ်တွေ့ကြုံခဲ့၊ ဖြတ်သန်းခဲ့တဲ့ဘ၀ သာမက၊ သတင်းထောက်လုပ်ခဲ့တဲ့ ဆယ်စုနှစ်ကျော်ကာလတွေက မှတ်မှတ်ရရရှိတာလေးတွေကို စာရေးချင်တဲ့စိတ်က ပေါ်လာတယ်။
         သတင်းလောကနဲ့ နိုင်ငံရေးလောက က မိတ်ဆွေတွေကလည်း တွန်းတယ်။ အိန္ဒိယမှာ ၁၀ နှစ်ကျော် သတင်းထောက်လုပ်ခဲ့စဉ် ကိုယ့်အတွေ့အကြုံတွေ ရေးချင်၊ ပြောချင်စရာတွေအများကြီးပါ။ မြန်မာအာဏာပိုင်တွေသာမက၊ အိန္ဒိယအာဏာပိုင်တွေရဲ့နယ်နှင်မောင်းထုတ်မှု၊ သူလျှိုဆိုပြီးဖမ်းဆီးမှု၊ နယ်စပ်ခရီးက အသက်အန္တရာယ်တွေ၊ ပြည်တွင်းခိုးဝင်ခဲ့တဲ့ အတွေ့အကြုံတွေ၊ စစ်တပ်လုံခြုံရေးနဲ့ ပက်ပင်းတွေ့ခဲ့ရပုံတွေ၊ စစ်အစိုးရသံအရာရှိနဲ့ဝန်ထမ်းတွေကိုတွေ့ဆုံရတာတွေ ကျနော်အတွက် ပြန်ပြောချင်စရာတွေဘဲ။
         ဒါပေမယ့် ကိုယ့်အတွေ့အကြုံတွေချည်း မရေးချင်ဘူး၊ ကိုယ့်လိုဘဲ အတွေ့အကြုံများသူတွေ၊ ကိုယ့်ထက် ၀ါရင့်သူတွေ၊ ကိုယ်နဲ့ခေတ်ပြိုင် ရေဒီယိုသတင်းထောက်တွေ လုပ်ဖော်ကိုင်ဘက်တွေရဲ့အကြောင်းတွေပါ ရေးချင်စိတ်ရှိနေတယ်။ သူများအတွေ့အကြုံတွေ ရေးချင်တယ်ဆိုတာကလည်း သတင်းထောက်လုပ်ခါစက စာအုပ်တအုပ်ဖတ်ပြီး၊ အားကျတာနဲ့ အဲဒီ အိုင်ဒီယာကိုကော်ပီလုပ်ချင်တာပါ။
         မန္တလေးက နာမည်ကျော် စာရေးဆရာ၊ လူထုသတင်းစာတိုက်ထူထောင်ခဲ့တဲ့ဆရာကြီး လူထုဦးလှ က ကျနော်သတင်းထောက်ဆိုပြီး ၁၉၀၆ ခု ၀ိုင်အမ်ဘီအေအသင်းတွေ စပေါ်လာပြီးနောက် အမျိုးသားရေး၊ နိုင်ငံရေးနောက်ခံအားကောင်းကောင်းနဲ့ထွက်ပေါ်လာတဲ့ သူရိယသတင်းစာ(၁၉၁၁ စတင်) မြန်မာ့အလင်းသတင်းစာ(၁၉၁၄ စတင်) ပညာ့အလင်းသတင်းစာ(၁၉၁၈) တွေက အယ်ဒီတာတွေ၊ သတင်းထောက်တွေဖြစ်ကြတဲ့ သူရိယ ဦးထွန်းဖေ၊ မြန်မာ့အလင်း ဦးမောင်မောင်ခင်၊ သူရိယ ဦးအမ်ဘိုးချိန်၊ ကျိုက်လတ် သူရိယသတင်းထောက် ကိုသုခ၊ မြန်မာ့အလင်း ဦးလှထွန်းဖြူ၊ သူရိယ ဦးဘသန်းနဲ့ အေပီအိုင်နဲ့ ရိုက်တာသတင်းထောက် မစ္စတာချက်တာဂျီတို့နဲ့ တွေ့ဆုံမေးမြန်း(အင်တာဗျူး) ပြီး သူတို့ခေတ် သတင်းထောက်ဘဝဖြတ်သန်းမှုအတွေ့အကြုံတွေကို ၁၉၇၁ ခုလောက်က စာအုပ်ထုတ်ခဲ့တယ်။ သိတ်ဖတ်ကောင်းပြီး အဘိုးတန်တဲ့ အတိတ်ခေတ်သတင်းထောက် အတွေ့အကြုံတွေပါဘဲ။ အဲဒီ စာအုပ်ကို လွန်ခဲ့တဲ့ ၁၀ နှစ် အိန္ဒိယ-မြန်မာနယ်စပ်မှာနေတုန်းက ဖတ်ခဲ့ရတယ်။ အဲဒီထဲကလို ဒီကနေ့ ရေဒီယိုဂျာနယ်လစ်တွေကိုလည်း ဗျူးချင်တာပါ။ ဒါနဲ့ ဒီဆောင်းပါးကို ရေးဖြစ်သွားတယ်။
လူထုဦးလှ အိုင်ဒီယာကို ကော်ပီလုပ်လိုက်တာလေ။ကျနော် ရေဒီယိုသတင်းထောက် ဆိုပြီး။
ကိုညို
(ဇန်န၀ါရီ ၁၁၊၂၀၁၁)
(ယူတာကဒီနေရာကပါ) http://www.kaungkin.com/index.php?option=com_content&view=article&id=692:2012-01-12-00-53-24&catid=35:2009-04-17-01-29-53&Itemid=61

0 comments:

Post a Comment