Saturday, April 21, 2012

ငြိမ်းချမ်းရေးဆိုတိုင်းလည်း....(ဇော်မင်း)

0 comments

ငြိမ်းချမ်းရေးဆိုတိုင်းလည်း....(ဇော်မင်း)
ငြိမ်းချမ်းရေးတည်ဆောက်ဖို့ဆိုပြီး ပြောလာရင် အသိဉာဏ်မြင့်မားတဲ့ လူသားအားလုံးအနေနဲ့ ဘယ်သူမှမငြင်းပါဘူး။ ဒါကြောင့်မို့ အကြမ်းဖက်နေတာ လူသတ်နေတာ နှိပ်စက်နေတာတွေကို ဘယ်လိုအသွင်ယူပုံဖျက်ထားပါစေ ဘယ်သူမှလက်မခံပါဘူး။ ဒါပေမယ့် ငြိမ်းချမ်းရေးတည်ဆောက်ဖို့ဦးဆောင်ပြီး အလုပ်လုပ်တယ်ဆိုတာ လူတိုင်းလုပ်နိုင်တဲ့အလုပ်မျိုး မဟုတ်ဘူးဆိုတာလည်း သဘောပေါက်ကြဖို့လိုပါတယ်။
         ဗြိတိသျှလူမျိုး ဖွံ့ဖြိုးတိုးတက်ရေးဆရာတဦးဖြစ်တဲ့ ပါမောက္ခဒေးဗစ်ကီင်း David Keen က အခုလို ထောက်ပြ ထားတာရှိပါတယ်။ What kind of peace we are talking about? Peace for who? Whose term of peace?
        ဒါကို အနီးစပ်ဆုံး ပြန်ပြောရမယ်ဆိုရင်၊ ဘယ်လိုငြိမ်းချမ်းရေးမျိုးကို ကျနော်တို့ ပြောနေတာလဲ။ ဘယ်သူ့အတွက် ငြိမ်းချမ်းရေးလဲ။ ဘယ်သူ့အလိုကျ တည်ဆောက်မယ့်ငြိမ်းချမ်းရေးလဲဆိုတာကို 
အရင်ဆုံးသရုပ်ခွဲနိုင်ဖို့တော့လိုပါတယ်။ လက်ဝဲဖက်ကလိုချင်တဲ့ပုံစံမျိုးနဲ့ ငြိမ်းချမ်းရေးလား။ လက်ယာဘက်ကလိုချင်တဲ့ပုံစံ ငြိမ်းချမ်းရေးလား။ အာဏာရှင်ဖက်ကလိုချင်နေတဲ့ ငြိမ်းချမ်းရေးပုံစံလား။ စီးပွားရေးကော်ပိုရေးရှင်းကြီးတွေ၊ စီးပွားရေးကုမ္ပဏီတွေလိုချင်နေတဲ့ငြိမ်းချမ်းရေးပုံစံလား။ ဒါမှမဟုတ် တသီးပုဂ္ဂလ၊ လူတဦးစနှစ်ဦးစ ကာလတိုတခုအတွင်း နာမည်ကောင်းရဖို့ကျော်ကြားဖို့လုပ်တဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှုမျိုးလား။ ငြိမ်းချမ်းရေးတည်ဆောက်တာကိုအကြောင်းပြပြီး အချိန်ဆွဲချင်တာမျိုးလား။
ငြိမ်းချမ်းရေးလုပ်ငန်းကိုဗန်းတင်ပြီး ပရောဂျက်ငွေလိုချင်လို့လား။ လားပေါင်းများစွာ ရှိနေပါတယ်။ 
အကယ်၍ ကျနော်တို့ဟာ ငြိမ်းချမ်းရေးတည်ဆောက်မယ် အဲသည့်လုပ်ငန်းစဉ်မှာပါဝင်မယ်လို့ခံယူတယ် ဆိုပါက ဒါတွေကို ကြိုတင်နားလည်ဖို့လိုအပ်ပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် မြန်မာတပြည်လုံးအတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာခေါင်းဆောင်ဖို့ဦးရွက်ဖို့ဆိုတာ ကိုယ်နဲ့တန်၏ မတန်၏ အရင်ဆုံးနားလည်ဖို့ ပြောတာပါ။
          ကျနော်တို့နိုင်ငံဟာ လွတ်လပ်ရေးနဲ့အတူ ပြည်တွင်းစစ်ဖြစ်ခဲ့ပါတယ်။ အခုလည်း နေရာအတော်များများမှာ တိုက်ပွဲတွေဖြစ်နေဆဲပါ။ တိုက်ပွဲမဖြစ်တဲ့နေရာတွေမှာလည်း လယ်သိမ်းယာသိမ်း၊ နှိပ်စက်နေတာတွေ အများကြီးရှိနေပါသေးတယ်။ ပြည်တွင်းငြိမ်းချမ်းရေးအတွက် အကြိမ်ကြိမ်ကြိုးပမ်းခဲ့လို့ မြန်မာပြည်မှာ အသိအမှတ်ပြုခဲ့ရတဲ့လူပုဂ္ဂိုလ်တွေရှိခဲ့ပါတယ်။ ဥပမာအားဖြင့် မြင်သာအောင်ပြောရရင် ဆရာကြီး သခင်ကိုယ်တော်မှိုင်း၊ ဆရာကြီး ဒဂုန်တာရာ၊ ဆရာကြီး ရွှေဥဒေါင်း အစရှိတဲ့ လူပုဂ္ဂိုလ်တွေဖြစ်ပါတယ်။ တခြားသော လူပုဂ္ဂိုလ်များလည်းရှိပါသေးတယ်။ သူတို့တတွေဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ မပါဝင်ခင်ကထဲက သူတို့မှာပိုင်ဆိုင်ထားတဲ့ အလုပ်၊ ပညာ၊ သမိုင်းအစဉ်အလာ၊ သမာဓိနဲ့ ရိုးသားတဲ့နိုင်ငံရေးရပ်တည်ချက်တွေကြောင့်၊ ပါရမီတွေကြောင့် ဒီလိုလုပ်ငန်းစဉ်တွေထဲမှာ အများရဲ့တောင်းဆိုမှုကြောင့်ပါလာတာလို့ ပြောပါရစေ။ ဘယ်သူကမှ မေတ္တာရပ်ခံခြင်းမရှိ၊ တာဝန်ပေးခြင်းမရှိဘဲ ကိုယ့်ဟာကိုယ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ထဲကို ခုန်ဝင်လာတဲ့သူတွေမဟုတ်ပါဖူး။ အခုမြင်နေရတာက တချို့လူတွေဟာ ကိုယ့်ဟာကိုယ် ငြိမ်းချမ်းရေးအကျိုးတော်ဆောင်ခန့်ပြီး ငြိမ်းချမ်းရေးကိုတွင်တွင်ပြောနေတာ မြင်နေရပါတယ်။ အမြင်ဆိုးလှပါတယ်။
         သီရိလင်္ကာနိုင်ငံမှာ အစိုးရနဲ့တမီလ်တိုက်ဂါးသူပုန်တွေအကြားမှာ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ နိုင်ငံတကာက တတ်ကျွမ်းသူအတော်များများပါ ဝင်ရောက်ဆောက်ရွက်ပေးခဲ့ပါတယ်။ နော်ဝေနိုင်ငံဆိုရင် ဦးဆောင်တဲ့နေရာကနေ နှစ်ပေါင်းများစွာအလုပ်လုပ်ခဲ့ပါတယ်။ သီရိလင်္ကာအစိုးရကလည်း ငြိမ်းချမ်းရေး လိုချင်တယ်ဆိုတဲ့ပုံစံနဲ့ အဲသည့်လုပ်ငန်းတွေကိုလက်ခံခဲ့ပါတယ်။ ဒါပေမယ့် လက်တွေ့မှာ အချိန်ဆွဲဗျူဟာလို အသုံးချခြင်းပါ။ နောက်ဆုံးတော့ တမီလ်တိုက်ဂါးသူပုန်တွေကို စစ်ရေးနည်းနဲ့အပြုတ်တိုက်ပစ်ခဲ့တာ အားလုံးသိကြပါတယ်။ သီရိလင်္ကာကိစ္စမှာ နော်ဝေအစိုးရနဲ့ နော်ဝေငြိမ်းချမ်းရေးအကျိုးဆောင်တွေရဲ့ လုံးပမ်းမှုတွေမအောင်မြင်ခဲ့ပါ။ သည့်မတိုင်ခင် အတော်စောစောပိုင်းနှစ်များကလည်း အာရပ် အစ္စရေး ငြိမ်းချမ်းရေးအတွက် နော်ဝေပညာရှင်တွေ ကြိုးပမ်းခဲ့ဖူးပါတယ်။ သို့သော် နေရာများစွာမှာ ခုခံနေတဲ့ လောဘမျိုးစုံကြောင့် မအောင်မြင်ခဲ့ပါ။ အခုလည်း မီးရထားဝန်ကြီး ဦးအောင်မင်း နော်ဝေမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် အကူအညီတွေနည်းနာတွေတောင်းခံဖို့ ရောက်နေတယ်လို့သိရပါတယ်။ အာရပ် အစ္စရေးနဲ့ သီရိလင်္ကာတုံးကကိစ္စတွေမအောင်မြင်ခဲ့လို့ အခုမြန်မာကိစ္စမှာလည်း အောင်မြင်မှာမဟုတ်ပါဘူး လို့ အပြစ်တင်မစောလိုပါ။ သို့သော် စောင့်ကြည့်ဖို့တော့ လိုပါလိမ့်မယ်။
        ဒီလိုကာလမျိုး အချိန်မျိုးမှာ အင်္ဂလန်က ဦးဇင်းဦးဥတ္တရကဦးဆောင်ပြီး လန်ဒန်မှာသင်္ကြန်ပွဲလုပ်ရင်း သမ္မတဦးသိန်းစိန်ကို ငြိမ်းချမ်းရေးဆုပေးတယ်လို့ ကြားရပါတယ်။ အဲသည့်ပွဲကို မြန်မာသံအမတ်လည်း တက်ရောက်တယ်လို့သိရပါတယ်။ မြန်မာသံအမတ်တက်ရောက်တာ ပြဿနာလို့ ကျနော်က မမြင်ပါ။ အင်္ဂလန်ရောက် မြန်မာအသိုင်းအဝိုင်းနဲ့မြန်မာသံရုံးတို့ ဆက်ဆံရေးပြန်လည်ပွင့်လင်းလာတဲ့ကိစ္စလို့ လတ်တလောအားဖြင့် မြင်ပါတယ်။ သို့သော်လည်း ဦးဇင်းဦးဥတ္တရက ဘယ်သူ့ကိုကိုယ်စားပြုပြီး အဆိုပါ ငြိမ်းချမ်းရေးဆုကို ဦးသိန်းစိန်ကိုပေးအပ်တာလဲဆိုတာက စိတ်ဝင်စားစရာပါ။ ဦးဇင်းအဆိုအရ မြန်မာအသိုင်း အဝိုင်းနဲ့တိုင်ပင်ပြီးမှ ဒီကိစ္စကိုလုပ်တာပါလို့ ဆိုပါတယ်။
        သို့သော်လည်း လန်ဒန်အခြေစိုက် မြန်မာအသိုင်းအဝိုင်းအတွင်းက တက်ကြွလှုပ်ရှားသူအများစုရဲ့ အဆိုအရ ဒီလို ငြိမ်းချမ်းရေးဆုပေးဖို့ကိစ္စကို ဦးဇင်းအနေဖြင့် သူတို့ကိုတိုင်ပင်ခြင်းမရှိဟု ကြားသိရပါတယ်။ ဒီအချက်ဟာမှန်နေတယ်ဆိုရင် ဦးသိန်းစိန်ကို ငြိမ်းချမ်းရေးဆုပေးတာဟာ ဦးဇင်းတဦးထဲသဘောဆန္ဒနဲ့ လုပ်တာမျိုးဖြစ်နေတယ်လို့ ထောက်ပြလိုပါတယ်။ ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေကို ရွှေဝါရောင်တော်လှန် ရေးတုန်းက စစ်ဗိုလ်ချုပ်တွေ သတ်တာ၊ ဖမ်းတာ၊ နှိပ်စက်တာ၊ ထောင်ချခဲ့တာ လေးနှစ်နဲ့ခွန်နှစ်လပဲ ရှိပါသေးတယ်။ အဲသည့် ဗိုလ်ချုပ်တွေဟာ အခုအစိုးရသစ်မှာလည်း ပြန်ပါနေတာ ဦးဇင်းသတိမထားမိ လေသလား။ အဲသည့် လန်ဒန်သင်္ကြန်ပွဲကိုတက်ရောက်လာတဲ့ မြန်မာသံအမတ်ကို ဦးသိန်းစိန်အတွက် ငြိမ်းချမ်းရေးဆုပေးမယ့်အစား ဦးဇင်းအနေနဲ့ အကျဉ်းကျနေတဲ့သံဃာတော်များအပါအဝင် အခြားသော နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးဖို့ ပရိတ်သတ်ရှေ့မှာ ငြိမ်းချမ်းစွာတောင်းဆိုခဲ့တယ်ဆိုရင် ပိုပြီးလှ ပိုပြီး ကောင်းမယ်လို့ ထောက်ပြလိုပါတယ်။ ဗြိတိသျှနိုင်ငံကူးလတ်မှတ်ကိုင်ထားတဲ့ဦးဇင်းအနေနဲ့ မြန်မာပြည် ပြန်လည်ပတ်ဖို့ သံရုံးကနေဗီဇာလိုတာကြောင့် သမ္မတဦးသိန်းစိန်ကို ငြိမ်းချမ်းရေးဆုပေးတယ်လို့တော့ ကျနော့်တဦးထဲအနေဖြင့် မထင်ပါ။ စေတနာအမှားနဲ့ တပ်ဦးကျွံတယ်လို့သာ မြင်မိပါတယ်။
        နော်ဝေနိုင်ငံက နိုဗယ်ငြိမ်းချမ်းရေးကော်မတီဟာ တချိန်တုန်းက ပါလက်စတိုင်းပျောက်ကြားခေါင်းဆောင် ယာဆာအာရာဖတ်နဲ့ အစ္စရေးခေါင်းဆောင် ယစ်ဇတ်ရာဘင်တို့ကိုပူးတွဲပြီး နိုဗယ်ငြိမ်းချမ်းရေးဆု ပေးအပ် ခဲ့ပါတယ်။ နောက်မကြာခင်မှာပဲ ယစ်ဇတ်ရာဘင်ဟာ အစွန်းရောက်အစ္စရေးလူငယ်တဦးရဲ့လက်ချက်နဲ့ သေဆုံးခဲ့ရပါတယ်။ 
အာရပ်နဲ့အစ္စရေးလည်း အခုအထိ တဖက်နဲ့တဖက်သတ်ဖြတ်နေဆဲပါ။ ငြိမ်းချမ်းရေး တည်ဆောက်တယ်၊ အကောင်အထည်ဖော်တယ်ဆိုတာ စကားလုံးလှသလောက် ထင်ထားသလိုမလွယ်ဘူးဆိုတာ တင်ပြလိုရင်းဖြစ်ပါတယ်။ သီရိလင်္ကာမှာ တမီလ်တိုက်ဂါးသူပုန်တဖွဲ့ထဲ ရှိခဲ့တာပါ။ ဒါကို အစိုးရကလည်း အင်အားအလွန်အကျွံသုံးပြီး ချေမှုန်းနိုင်ခဲ့ပါတယ်။ နောက်ထပ် အဖွဲ့တွေမရှိပါ။ မြန်မာပြည်မှာက လက်နက်ကိုင် ဘယ်နှစ်ဖွဲ့ရှိသလဲဆိုတာရေတွက်ရင် လက်ဆယ်ချောင်းထက်ပိုနေပါသေးတယ်။ သံသယတွေကိုမဖြေဖျောက်နိုင်သမျှ၊ တဦးနဲ့တဦးယုံကြည်မှု လေးစားမှုတွေမရှိသမျှ အဖွဲ့တိုင်းဟာ သူ တို့ပိုင်ထားတဲ့၊ ကိုင်ထားတဲ့လက်နက်ကိုစွန့်လွှတ်မှာမဟုတ်ဖူးဆိုတာ သိဖို့လိုပါတယ်။ ဒါဟာ သာမန်လောဘထက်ပိုတဲ့ အခြေအနေပါ။
          လူသားတို့အတွက် ရေရှည်တည်တံ့ခိုင်မြဲမယ့် ငြိမ်းချမ်းရေးတည်ဆောက်မှုလုပ်ငန်းမျိုးကလွဲလို့ ရလိုမှုလောဘ တခုခုအပေါ်မှာအခြေခံထားပြီး တခြားသောပုံစံတခုခုနဲ့တည်ဆောက်လိုတဲ့ငြိမ်းချမ်းရေးဟာ အောင်မြင်မှာ မဟုတ်ပါကြောင်း။
ဇော်မင်း
၁၈ ရက်၊ ဧပြီလ၊ ၂ဝ၁၂ ခုနှစ်
(ယူတာကဒီနေရာကပါ) http://www.naytthit.net/?p=26503

0 comments:

Post a Comment