Sunday, September 9, 2018

စစ်အာဏာဆိုတာ မေတ္တနဲ့ချေချွတ်မရဘူး(မျိုးမြင့်ချိ)

0 comments
ဆုတွေပြန်သိမ်းနေတာမှာ အဓိပ္ပါယ်ရှိတယ်။ နိုင်ငံတကာမှာ ကိုယ့်သြဇာအရှိန်အဝါ ကျလာတယ်၊ ကိုယ့်နိုင်ငံရေး ကျလာတယ်၊ ကိုယ့်ရပ်တည်ချက် ပျက်လာတယ်၊ ကိုယ့်ဂုဏ်သိက္ခာ ယွင်းလာတယ်၊ နိုင်ငံတကာရဲ့ထောက်ခံမှုကျဆင်းလာတယ် ဆိုတာတွေရဲ့ တိုက်ရိုက်ဖော်ပြချက်ဖြစ်တယ်။ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လုပ်နေသူတွေအဖို့ မျက်နှာပျက်စရာ မျက်နှာပူစရာဖြစ်တယ်။

ဒီဆုတွေဟာ ပြည်သူ့ဘက်ရပ်တည်တုန်းက ပြည်သူနဲ့အတူရှိတုန်းက ပေးခဲ့တဲ့ဆုတွေဖြစ်တယ်။ သြဇာတက် စန်းထနေချိန်ကဖြစ်တယ်။ ရပ်တည်ချက်မှန်လို့ လျှမ်းလျှမ်းတောက်နေချိန်ကဖြစ်တယ်။ ခု စစ်အုပ်စုနဲ့အတူရပ်လိုက်တဲ့အခါ၊ ခြေလှမ်းပျက်သွားတဲ့အခါ၊ ဘက်ရွေ့သွားတဲ့အခါဖြစ်လို့ ဆုတွေပြန်သိမ်းကြတာဖြစ်တယ်။

နိုင်ငံရေးမှာ စန်းဘယ်လောက်ရှိရှိ ရပ်တည်ချက်မှားရင်၊ မူမဲ့ရင် နိုင်ငံရေးသေတာဘဲ။ ဘယ်မိတ်ဆွေကမှ လာသတ်တာမဟုတ်ဘူး။ မိတ်ဆွေဟာ နိုင်ငံရေးသားသတ်သမား သင်းကွပ်သမားမဟုတ်ဘူး။ မိတ်ဘက်မဟုတ်သူ ဒါမှမဟုတ် ရန်ဘက်ဖြစ်သူကသတ်မှ ကိုယ့်နိုင်ငံရေးသေတာ။ ဗုံးဗုံးလဲတာ။ ခုလည်း ပူးအသတ်ခံနေရပြီ။ ကျဉ်းထဲကျပ်ထဲရောက်နေပြီ။

ဆုတွေပြန်သိမ်းလို့ "ပေးတုန်းက နင်တို့ကို ဘယ်သူပေးခိုင်းလို့လဲ၊ နင်တို့ဟာနင်တို့ပေးပြီး"...လို့ ကလေးကလားစကားတွေ ပြောတာထက်၊ ကိုယ့်ခေါင်းဆောင် ဘာမှားနေလဲကို ပြန်သုံးသပ်ပြီး ထောက်ပြဝေဘန်တာတွေ လုပ်ရမယ်။ ဒါကလည်း လုပ်နိုင်လောက်တဲ့ အရည်အချင်းနဲ့လုပ်ရဲတဲ့ သတ္တိရှိမှရမယ်။ ပါတီဝင်ဆိုလည်း ပါတီတွင်းဒီမိုကရေစီ(ရှိတယ်ဆိုရင်)သုံးပြီး ကျိုးကြောင်းမှန်မှန်ကန်ကန်နဲ့ တင်ပြဝံ့ရမယ်။ ပါတီတွင်း ဒီမိုကရေစီမရှိရင် ရှိလာအောင်ကြံဆရမယ်။ ဒီမိုကရေစီပါတီလို့ အမည်ခံထားတာမဟုတ်လား။

ခေါင်းဆောင်ဘာလုပ်လုပ် ထောက်ခံမယ်ဆိုတဲ့ မျက်စေ့မှိတ်ယုံကြည်မှုဟာ တိုင်းပြည်အတွက် အန္တရာယ်သိတ်များတယ်။ ပုဂ္ဂိုလ်ရေးကိုးကွယ်မှု ဖြစ်တယ်။ ခေါင်းဆောင်မှားရင် အကုန်လိုက်မှားမယ်။ သံဃာစင်ပါမှောက်မယ်။ ခေါင်းဆောင်ဖြစ်သူ မူမဲ့တိုင်း၊ ရပ်တည်ချက်ပျက်တိုင်း၊ ခြေလှမ်းမှားတိုင်း ကိုယ်လိုက်မပျက် မမဲ့ မမှားရုံတင်မက ခေါင်းဆောင်ကို ပြန်တည့်မတ်ပေးရဲရမယ်။
ဒါကိုမှ အရေးယူတယ်ဆို မှတ်တမ်းတင်ခိုင်းပြီး အရေးယူရဲရဲသာခံပါ။ မြေပေါ်မှတ်ပုံတင်ပါတီမှာ ပါတီဝင်အဖြစ်က ထုတ်ရုံအပြင် ဘာမှ လုပ်မရဘူး။

ခင်ဗျားကိုယ်ကျိုးစီးပွားအတွက် လုပ်နေတာမဟုတ်ဘူးဆိုရင်၊ လစ်ဘရယ်လ်ဒီမိုကရေစီ တနည်းပြောရရင် တဆင့်ခံဒီမိုကရေစီကို တကယ်ယုံတယ်ဆိုရင် မှတ်ပုံတင် လစ်ဘရယ်လ်ပါတီတွေမှ တပုံကြီး။ ကြိုက်တဲ့ပါတီ ခေါင်းကောက်ရွေးပြီး ဝင်လိုက်ရုံပဲ။ ကိုယ်ယုံတဲ့ လစ်ဘရယ်လ် ဒီမိုကရေစီကို အခြားပါတီတွေနဲ့လည်း လုပ်လို့ရတယ်။ လစ်ဘရယ်လ် ဒီမိုကရေစီမှာ ပါတီပြောင်းတိုင်း သာယာစီးသူ ခြံခုန်သူလို့ပြောလို့မရဘူး။

ခေါင်းဆောင်ကလည်း ရှေ့နောက်မညီတဲ့ ကြောင်းကျိုးမဆီလျော်တဲ့ ဆင်ခြေတွေပေးပြီး ပေါက်တဲ့နဖူး မထူးတော့ဘူးဇာတ်လမ်း မခင်းအပ်ဘူး။ ဘက်မှားရပ်လိုက်လို့ နာချင်းနာရင် ခေါင်းဆောင် မနာဘူး၊ ပါတီမနာဘူး။ ပြည်သူနာတာ၊ ပြည်နာတာ။ ခုတောင် ဘယ်လောက်နာနေပြီလဲ။ သန်းကောင်ထက် နက်တဲ့ညဥ့်ရှိဦးမလား။

ပါတီတို့၊ ခေါင်းဆောင်တို့ဆိုတာ တိုက်ပွဲထဲက ထွက်တာ။ မိုးပေါ်က ကျလာတာမဟုတ်ဘူး။ သူမရှိတော့ရင်ဆိုတာမျိုး မတွေးကောင်းဘူး။ လောကမှာ မရှိမဖြစ်တဲ့လူလို့ထင်ကြသူတွေ မရှိတော့ဘူး။ သေကုန်ကြပြီ။ လောကဟာ သူတို့မရှိခင်ကလည်း ရှိခဲ့တယ်။ သူတို့ မရှိတော့ရင်လည်း ရှိနေမယ်။ ခေါင်းဆောင်မှုအမှားနောက် သိသိကြီးနဲ့လိုက်ရင်း လူအကောင်လိုက်ကြီးရှိရှိနဲ့ နိုင်ငံရေးမရှိတဲ့ဘဝ မရှိကြစေချင်ဘူး။

ဒီအခြေအနေကြီးဖြစ်နေမှန်းသိသိနဲ့ ပြည်သူတွေ မနာမယ့်နည်းနဲ့၊ ပြည်သူတွေ မနာမယ့်နည်းနဲ့လို့ ကိုယ့်အကြောက်ကိုဖုံးဖို့၊ စစ်အုပ်စုအကြိုက် လိုက်ဖို့၊ လူထုအတွေးအခေါ်လမ်းကြောင်းပြောင်းသွားဖို့၊ လမ်းလွှဲဖို့၊ ရန်သူဖျောက်ပေးဖို့လုပ်ရင်း ကိုယ်ပါ ဂျောက်ထဲဆင်းနေတာကို သတိပြုမိဖို့လိုပြီ။ ကိုယ်ရှိန်သတ်ပြီး ပြန်ပြင်မယ်ဆို ဆွဲတင်မယ့်ပြည်သူတွေ ရှိသေးတယ်။

စစ်အာဏာရှင်ဆိုတာ မေတ္တာနဲ့ ချေချွတ်လို့မရဘူး။
မျိုးမြင့်ချို(စက်တင်ဘာ ၉၊ ၂ဝ၁၈)

0 comments:

Post a Comment