ဒေါ်ခင်ကြည်ပြောပြတဲ့
လူ (၅)ယောက်အကြောင်း(လှကွန့်)
ဧပြီ
၂ဝ၁၂ မြန်မာသစ်မဂ္ဂဇင်းမှ
(ကျနော်
ဒီဆောင်းပါးကို စာရိုက်ပြီး ပြန်တင်မယ်တင်မယ်နဲ့ မလုပ်ဖြစ်ပါ။ ဇက်နည်းနည်းနာနေတာလည်း
ပါပါတယ်။ မနက်ကတော့ ငြိမ်းချမ်းအောင် စတေးတပ်စ်အောက်မှာ ရေးထားတဲ့ကွန်မန့်တွေတွေ့ပြီး
မဖတ်ရသေးသူတွေ မနည်းပါလားလို့သိလိုက်ရပြီး ဖတ်မိရင် အကျိုးများကြမယ်တွေးမိကာ ခုတော့
စရိုက် စတင်ပါပြီ။ အားလုံး ၉ မျက်နှာပါ။ ရှယ်ယာလုပ်လို့ ရပါတယ်။ လုပ်လည်း လုပ်ကြစေချင်ပါတယ်။
စိတ်ရှည်ရှည်ဖတ်ရင် သူ့ရေးဟန် သူ့အဖွဲ့အနွဲ့ထဲမှာ မြှုတ်ထားတာတွေက ဖော်ထုတ်လို့ရမယ်ထင်ပါတယ်)
(မျိုးမြင့်ချို) မေ ၃၁ ၂ဝ၁၃
ဘဝဆိုတာ
အချိုးအကွေ့ပေါင်းများစွာ ဖြတ်သန်းမှုပေါင်းများစွာ ရုန်းကန်လှုပ်ရှားမှုပေါင်းများစွာကို
ရင်ဆိုင်ကျော်လွှားရတာကို ဆိုလိုတယ်လို့ နားလည်သဘောပေါက်တယ်။ သာမန်လူတွေက ဖြစ်စဉ်ပေါင်းများစွာရှိခဲ့သလို
ဂုဏ်ထူးဝိသေသထူရှိတဲ့သူတွေထဲက အနမတဂ္ဂများစွာထဲက များစွာဟာလည်း သူ့နည်းသူ့ဟန်၊ သူ့ဝန်းကျင်နဲ့သူ၊
တွေ့ထိကြ၊ ရင်ဆိုင်ကြ၊ တိုက်ခိုက်ကြနဲ့ ဘဝကိုတည်တန့်အောင် ကြိုးပမ်းနေကြတာပါ။
ဒီလို
ကြိုးပမ်းရင်းကြိုးပမ်းရင်းနဲ့ တဖြည်းဖြည်းလက်ပန်းကျလာတတ်ကြစမြဲပါ။ သန်တုန်းမြန်တုန်း
သွက်လက်တုန်းမှာ အတ္တမာန်မာန တရားတွေနဲ့ရောပြွမ်းတဲ့အထင်၊ အမြင်၊ အတွေးတွေနဲ့ ဟန်တလုံးမာန်တလုံး
မောက်မာတတ်ကြပေမယ့် ပတ်ဝန်းကျင်အဝန်းအဝိုင်း၊ အိုမင်း ရင့်ယော်မှု၊ ကျန်းမာရေးချို့တဲ့မှု၊
အယူအဆအတွေးအခေါ်ဖေါက်ပြန်မှုတွေက ရေရှည်မှာ လက်ပမ်းကျသလိုမျိုးဖြစ်တတ်တာကို သတိသမ္ပဇဉ်
တရားနဲ့ရှေးရှူသွားဖို့ လိုမယ်ထင်တယ်။
ဒီအခါမှာ
အခါအခွင့်သင့်လို့ ဖြစ်စဉ်နှစ်ခုကို ယှဉ်တွဲဖော်ပြလိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့
သမိုင်းမှာဖြစ်ရပ်မှန်ဆိုတာ အတော်နည်း ပါတယ်။ ဆရာကြီး တော်လ်စတွိုင်းစကားနဲ့ပြောရရင်
သမိုင်းဖြစ်ရပ်မှန်ဆိုတာ မရှိသလောက်နည်းပါတယ်။ သမိုင်းကိုရေးကြ ပြောကြတဲ့ နေရာမှာ သူ့ဘက်ကိုယ့်ဘက်
တနည်းမဟုတ်တနည်းနဲ့ ဘက်လိုက်နေကြတာပဲ။ ပြီးခဲ့တဲ့ ပြင်သစ်-ရုရှားစစ်ပွဲမှာ ပြင်သစ်ကလည်း
ပြင်သစ် ဘက်ကမှန်ကြောင်း၊ နပိုလီယံရဲ့တန်ခိုးပါဝါ အာဏာတော်ကြောင့် ပြင်သစ်နိုင်ငံတော်ကြီး
ဖွံ့ဖြိုးတိုးတက်စည်ပင်အောင် ဘယ်နည်းဘယ်ပုံ ကြိုးပမ်းအားထုတ်ကြရကြောင်း ပြင်သစ်သမိုင်းဆရာတွေက
ရေးကြတာပဲ။ ရုရှားကလည်း ရုရှားတွေရဲ့စစ်ဟာ ခုခံစစ်ဖြစ်တယ်၊ ရုရှားပြည်သူ တွေကို ကာကွယ်ဖို့ဖြစ်တယ်၊
ကျူးကျော်စစ်ကို ခုခံစစ်နဲ့တွန်းလှန်တာဖြစ်တယ် စတဲ့အရေးအသားမျိုးတွေနဲ့ ကိုယ့်ဘက်ကိုယ်ယက်ရေးခဲ့ကြ
တာပဲ။
ဒါ့ကြောင့်
သမိုင်းဆိုတာဟာ ဘက်လိုက်မှုရှိနေတယ်လို့ ဆိုခဲ့တာပေါ့။ တကယ်တော့ သမိုင်းမှန်ဆိုတာဟာ
မြေရှင်ပဒေသရာဇ်တွေ၊ ဓနရှင်တွေ၊ အရင်းရှင်တွေ၊ နယ်ချဲ့သမားတွေ၊ ဖက်ဆစ်တွေအတွက် ရှေ့နေလိုက်ပေးနေတဲ့
လျှောက်လဲချက်မဟုတ်ပါဘူး။ တကယ့် ဆင်းရဲသား ကျေးတော်မျိုးကျွန်တော်မျိုးတို့ရဲ့ စနစ်တခုအတွင်း၊
စစ်တခုအတွင်း၊ ခေတ်တခုအတွင်းက ခါးသီးတဲ့အတွေအကြုံကို ထင်ဟပ် ပေးတဲ့ မီးမောင်းထိုးပေးလိုက်တဲ့
ပြကွက်တခုလို့ဆိုချင်ပါတယ်။
နောက်တခုက
သမိုင်းခေတ်တခုအတွင်း နိုင်ငံရေးအရ၊ စစ်ရေးအရအောင်နိုင်သူ ရှူံးနိမ့်သူဆိုတာ ရှိတတ်စမြဲပါ။
ဒီလိုလူတွေဟာလည်း သမိုင်းဇာတ်ရုပ်တွေထဲက အဓိကဇာတ်ကောင်တွေ
ဇာတ်ရုပ်တွေပါ။ တကယ်တော့ သူတို့ဟာ စင်တင်ဇာတ်ကောင်တွေ ဇာတ်ရုပ်တွေနဲ့ စရိုက်ဓလေ့ကိုဖော်ကျူးခဲ့တဲ့
ဇာတ်ရုပ်တွေမဟုတ်ပါဘူး။ သူတို့ကိုယ်တိုင် ကပြခဲ့ကြတဲ့ တကယ့်ဘဝထဲက ဇာတ်ရုပ်တွေဖြစ်ပါတယ်။
ဒီဇာတ်ရုပ်တွေထဲက
သမိုင်းဇာတ်ဆောင်တချို့ကို ရေးပြချင်ပါတယ်။ သူတို့ဟာ သမိုင်းပြကွက်တစ်ကွက်မှာ အဓိကဇာတ်ဆောင်အဖြစ်
ကပြခဲ့ကြသူတွေပါ။
အဓိပတိကြီး
ဒေါက်တာဘမော်(လှကွန့်)
၁၉၄၂
ခုနှစ်မှ ၁၉၄၅ ခုနှစ်အတွင်း ဂျပန်ခေတ်လို့ဆိုကြပါစို့။
တစ်သွေး
တစ်သံ တစ်မိန့်…တဲ့။
ဒါဟာ
အဓိပတိကြီးရဲ့ကြွေးကြော်သံပါ။ ကမ္ဘာမှာလည်းအာဏာရှင် ဗမာမှာလည်းအာဏာရှင်လို့ သီချင်းတောင်ရေးစပ်ဂုဏ်ပြုရတဲ့
အာဏာရှင်။
ဒီ
အာဏာရှင်ကြီးအကြောင်း ပြောတော့မယ်ဆိုရင် ကောင်းတာတွေရှိသလို မကောင်းတာတွေလည်းရှိပါတယ်။
ဒါပေမယ့် သူ့ခေတ်သူ့အခါ သူ့နေရာမှာ ကိုယ်ရောက်နေရင် ဘာလုပ်မလဲ။ ဒါဟာ စဉ်းစားစရာပါ။
ထားတော့..ကောင်းတာပဲဖြစ်ဖြစ် ဆိုးတာပဲဖြစ်ဖြစ် အမှုကိစ္စဖြစ် လေတော့ ကောင်းရင်လည်း သမိုင်းမှာ
နံမည်ကောင်းနဲ့ရှင်သန်နေမှာပါ။ ဆိုးနေတယ်ဆိုရင်လည်း သမိုင်းမှာ နံမည်ဆိုးနဲ့ကျော်ကြားလာမှာပါ။
ဒါဟာ သူ့ကိစ္စ၊ သူပါဝင်ကပြခဲ့ရတဲ့ ဇာတ်ဝင်ခန်းထဲကပေးလိုက်မယ့် သင်ခန်းစာလို့ပဲဆိုရမလား။
ထားတော့…ဂျပန်ခေတ်ကာလအချိန်မျိုး၊ အဓိပတိကြီးရဲ့ဖြစ်စဉ်အတွင်းမှာ သာမန်လူသားတယောက်အဖို့
ဒီလိုအိမ်မျိုးအထဲ ရောက်ဖို့မပြောနဲ့ အိမ်ရှေ့က မယောင်မလည်
ကြည့်မိရင်တောင်
အဖမ်းခံရနိုင်တဲ့အနေအထားလေ။ အိမ်ဝင်းထဲဝင်ဖို့ဆိုတာ ဝေလာဝေး။။ ဒါပေမယ့် ကာလက ကြာခဲ့ပြီ။
ဂျပန်ဖက်ဆစ်တွေ လက်နက်ချခဲ့ပြီးပြီ။ နယ်ချဲ့တွေလည်း ကာယကံမြောက် မြန်မာ့မြေပေါ်မှာမရှိတော့။
မြန်မာတစ်နိုင်ငံလုံး လွတ်လပ်ရေးရခဲ့ပြီ။ ကြာတောင် ကြာလှပေါ။ အဓိပတိကြီးလည်း သလွန်ညောင်စောင်းထက်မှာ
မလဲလျောင်းနိုင်တော့။ တစ်သွေး တစ်သံ တစ်မိန့်ဆိုတာတွေလည်း ဘယ်ဆီ ရောက်ကုန်မှန်းမသိ။
အာဏာမရှိတော့၊ ပါဝါမရှိတော့၊ သူ့နေရာမှာ ဗိုလ်ချုပ်ကြီးနေဝင်း ရောက်နေပြီ။ ဗိုလ်ချုပ်ကြီးနေဝင်းနဲ့
အဓိပတိကြီးကြား မှာ အစိုးရအဖွဲ့ (၄)ဖွဲ့ခြားခဲ့ပြီ။ အစိုးရအဖွဲ့တွေဖြစ်တဲ့ ဖဆပလ၊ သန့်ရှင်း၊
အိမ်စောင့်၊ ပထစ စတဲ့ အစိုးရအဖွဲ့တွေ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ပြိုပျက်ခဲ့ပြီ။ အခု တော်လှန်ရေးကောင်စီအစိုးရ၊
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရကို ဗိုလ်ချုပ်ကြီးနေဝင်းက တည်ထောင်ဖွဲ့စည်းအုပ်ချုပ်နေပြီ။
ဂျပန်ခေတ်အဓိပတိကြီးကား ဇရာရဲ့ဖိစီးမှုကို ခံနေရရှာပါပြီ။
၁၉၆၉
ခုနှစ်ဦးပိုင်းလောက်က ထင်ပါတယ်။ စာရေးသူရယ်၊ ဆရာဦးညိုမြရယ်၊ အိုးဝေဓါတ်ပုံသတင်းထောက်
ကိုကျော်ဆန်းရယ် သုံးယောက်သား အဓိပတိကြီးနေထိုင်ရာ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်ကို သတင်းမေးသွားကြပါတယ်။
အဓိပတိကြီး နေထိုင်မကောင်း ဖြစ်တယ်ကြားလို့ပါ။ အငှားကားလေးပေါ်က ကျနော်တို့ဆင်းပြီး
ကုန်းပေါ်ကို မော်ကြည့်လိုက်တဲ့အခါ သစ်ပင်တချို့ အုပ်အုပ်မိုမိုးရှိနေတာ တွေ့ရပါတယ်။
တက္ကသိုလ်ရိပ်သာလမ်းက အဓိပတိကြီးအိမ်ဟာ အဲ့ဒီတောင်ကုန်းလေးပေါ်မှာပါ။ တောင်ကုန်းပေါ်ကအိမ်ကို
သွားတဲ့လမ်းဟာ အတက်လမ်းဖြစ်ပါတယ်။ ဟိုတုန်းကတော့ ကွန်ကရစ်လမ်းဖြစ်ဟန်တူပါတယ်။ အခုတော့
အုတ်ကျိုးအုပ်ပဲ့၊ ကွန်ကရစ်အကျိုးအပဲ့၊ ဂဝံကျောက်အချို့နဲ့ အုတ်ခဲကျိုး အချို့ကြားထဲမှာ
မြက်တွေက တောထနေပါတယ်။ မသွားလာတာကြာလို့ထင်ရဲ့ မြက်တွေက မင်းမူနေတာ ကလား။
ဂိတ်တံခါးလေးကလည်း
ပိုင်ရှင်နဲ့အတူ အိုမင်းရင့်ယော်နေပြီကော။ ကြာမြင့်လှပြီဖြစ်တော့ အဖြူရောင်ဆေးသားက
မပီပြင်တော့။ နေဒဏ် မိုးဒဏ် ဘယ်လောက်ခံထားရပြီလဲ မခန့်မှန်းတတ်။ အတော်တော့ကြာပြီထင်ရဲ့။
ညိုညစ်ညစ်သစ်သားရောင်က ပြောက်တိပြောက်ကြား ဆေးဖြူရောင်အောက်က လွတ်မြောက်လိုလွတ်မြောက်ငြား
ကုန်းရုန်းထနေလေသည်။ တံခါးလေးက ခနော်နီခနော်နဲ့ ပြုတ်ကျလုလုတဲတဲ။ ပြင်ဆင်မယ့်သူကို
စောင့်နေပုံရတယ်။ မဟတဟ တံခါးလေးကို အသာ မဖွင့်ပြီး မြက်တွေအောထနေတဲ့ လမ်းကလေးအတိုင်း
ကုန်းပေါ် တက်သွားတဲ့အခါ တစ်ထပ်တိုက်ကလေးတစ်လုံး၊ အိမ်ရှေ့မှာ ကားလေးတစ်စီး၊ ဖို့ဒ်လား၊
အော်စတင်လား၊ ဟမ်းဘားလားမသိ။ ဘီးတွေက ပြားလို့ လေမရှိ။ ဆေးရောင်က အနက်ကလေးလို့ထင်ရပေမယ့်
ကားတစ်စီးလုံး ဘောနက်ပေါ်၊ အမိုးပေါ်၊ ဘေးဘီဝဲယာအားလုံးမှာ ငှက်ချေးတွေ ဖုန်တွေ သစ်ရွက်ခြောက်တွေနဲ့
ခြယ်သထားလေတော့ နဂိုဆေးရောင်ကိုပင် ကွဲကွဲပြားပြားမခွဲခြားနိုင်။ အနက်ရောင်လို့တော့
မှန်းဆမိပါတယ်။ ပိုင်ရှင်ကိုယ်တိုင်က မစီးဖြစ်တာကြာလှရော့မယ်။
အိမ်ရှေ့
အတော်ကြာကြာအသံပြုလိုက်တော့ မိန်းကလေးတစ်ဦးထွက်လာပါတယ်။ “ဘယ်သူနဲ့တွေ့ချင်လို့ပါလဲရှင်”တဲ့။
မွန်မွန်ရည်ရည်ပါ။ “အဓိပတိကြီးနဲ့တွေ့ချင်လို့ပါ” “ရှင်..” “သြော်..ဒေါက်တာဦးဘမော်နဲ့
တွေ့ချင်လို့ပါ” “ဘဘကြီး အိပ်ယာထဲမှာ မှိန်းနေပါတယ်” “ဒါဖြင့် ဆရာမ ဒေါ်တင်ဇာမော်နဲ့
တွေ့ချင်ပါတယ်” “ခဏစောင့်ပါ..”ဆိုပြီး အထဲပြန်ဝင်သွားတယ်။ အတော်လေးကြာတော့မှ ဒေါ်တင်ဇာမော်နိုင်ထွက်လာ
ပါတယ်။ အဲ့ဒီတော့မှ ကျနော်တို့အိမ်ထဲရောက်ပြီး ဒေါက်တာကြီး(အဓိပတိကြီး)ရဲ့ ကျန်းမာရေးအခြေအနေကို
မေးမြန်းရင်း ပဋိသန္ဓာရစကား တွေ ပြောဖြစ်ခဲ့ကြတယ်။ ဒီမှာ သိခဲ့ရတာက အဓိပတိကြီးဟာ ဇရာရဲ့ဖိစီးမှုအပြင်
တခြားဝေဒနာတချို့ပါ ခံစားနေရတယ်ဆိုတာပါပဲ။
အဲ့ဒီမှာ
စိတ်အစွဲအလမ်း အသိအမှတ်ပြုမိတာက အနန္တသူရိယအမတ်ကြီးရေးခဲ့တဲ့ သူတည်းတစ်ယောက် ကောင်းဖို့ရောက်မူ
ဆိုတဲ့ကဗျာပါပဲ။ (ရွှေအိမ်နန်းနှင့် ကြငှန်းလည်းစံ၊ မတ်ပေါင်းရံလျှက်၊ ပျော်စံရိပ်ငြိမ်၊
စည်းစိမ်မကွာ၊ မင်းချမ်းသာကား၊ သမုဒ္ဒရာရေမျက်နှာထက် ခဏတက် သည့်၊ ရေပွက်ပမာ တစ်သက်လျာတည်း)
0 comments:
Post a Comment