ထစ်ကနဲရှိ
သူ့ထက်ပါ အပြိုင်အဆိုင်စတိတ်မင်န့်ထုတ်တတ်ကြတဲ့ နိုင်ငံရေးပါတီတွေ၊
အဖွဲ့အစည်းတွေ ကိုဝလုံးတို့ ကိုကျော်စိုးဦးတို့အရေးကြတော့
လက်တွန့်နေကြသလား လက်လျှိုနေကြသလားမပြောတတ်ပါ။ ခုချိန်ထိတော့
တုတ်တုတ်တောင်မလှုပ်ကြတာ သတိထားမိပါတယ်။
ဒီအမှုဟာ ပြည်တွင်းသတင်းထောက်တွေ ပြည်တွင်းကိစ္စတွေ ရေးသားဖော်ပြလို့ တရားမဲ့အရေးယူတာမျိုးနဲ့ ထပ်တူတွေးလို့မရပါ။ ဒါ့အပြင် ကချင်ပြည်နယ်ဘက်မှာလည်း အလားတူနီးပါ စစ်တပ်က ကျူးလွန်တာတွေရှိပေမယ့် ခုလောက် ကျယ်ကျယ်ပြန့်ပြန့်ဖြစ်သွားခဲ့တာ မရှိပါ။ ဘာလို့ ဒီလောက် အရေးတယူဖြစ်နေကြရသလဲ ဆိုတဲ့အဖြေကတော့ ရိုဟင်ဂျာကိစ္စနဲ့အဆက်အစပ်ဖြစ်လို့ပါ။ အဲ့ဒီအကြောင်းက အဓိကအချက်ဖြစ်ပါတယ်။ ပြည်တွင်းသတင်းမီဒီယာတွေနဲ့အမှုတွေမှာ ပြည်ပသတင်းထောက်တွေ ခုလောက် ထက်ထက်သန်သန်သန် ပါလာတာ ဒီတခါဘဲရှိပါတယ်။
ပိုပြီး လေးနက်အောင်ဖြစ်သွားစေတာက အမေရိကန်သံအမတ်ကြီး ကိုယ်တိုင် စီရင်ချက်ချတာကို သွားနားထောင်ခဲ့တာပါဘဲ။ ဒါဟာ သံတမန်ကျင့်ဝတ်နဲ့ ညီလားမညီလားတော့ တပ်အပ်သေချာမပြောနိုင်ပါ။ မညီဘူးဆိုဦးတောင်မှ စစ်အုပ်စုရော စစ်တပိုင်းအစိုးရကပါ ကန့်ကွက်ဝံ့မယ် မထင်ပါ။
ဒီအမှုကိစ္စကို အရင်ဆုံးအသံထွက်တာက ဥရောပသမဂ္ဂဖြစ်ပါတယ်။ အဲ့ဒီအချိန်က အမေရိကန်က ခတ်လျှိုလျှိုလေးနေခဲ့တာပါ။ ရိုဟင်ဂျာကိစ္စက နိုင်ငံတကာအစ်ရှူးဖြစ်လာပြီး ICC တွေဘာတွေ ဖြစ်လာတော့မှ အမေရိကန်ဘက်က လှုပ်လှုပ်ရှားရှားဖြစ်လာတာပါ။ ဒါပေမယ့် ဘာဘဲပြောပြော ဒီအမှုကိုအမေရိကန်အစိုးအနေနဲ့ အလေးအနက်ထားတယ်ဆိုတာကတော့ ပေါ်လွင်ပါတယ်။
စစ်တပိုင်းအစိုးရနဲ့ စစ်အုပ်စုအတွက်လည်း ဒီအမှုဟာ ပဒိုင်းသီးပါ။ ခု ထောင်ချလိုက်တယ်။ ဘာဆက်လုပ်မလဲ။ သတင်းထောက်တွေရဲ့ ရှေ့နေတွေကတော့ သူတို့တတ်နိုင်တဲ့ ဥပဒေလမ်းကြောင်းအတိုင်း အယူခံတင်တာတို့ဘာတို့ လုပ်ကြမှာပါ။ မိသားစုဝင်တွေကလည်း ဟိုလူ့အသနားခံစာတွင် ဒီလူ့အသနားခံစာပို့တွေ လုပ်ကြမှာပါဘဲ။ အဖွဲ့အစည်းတွေ လူပုဂ္ဂိုလ်တွေကလည်း ဆန္ဒပြတာတွေ တောင်းဆိုတာတွေလုပ်မှာပါဘဲ။ လုပ်လည်း လုပ်ကြရမှာပါဘဲ။
ခက်နေတာက ဖမ်းတာလည်းသူ၊ တရားစွဲတာလည်းသူ၊ တရားလိုလည်းသူ၊ စီရင်ချက်ချတာလည်းသူဖြစ်နေတဲ့ စစ်တပိုင်းအစိုးနဲ့စစ်အုပ်စုကို အယူခံတင်တာ ထုချေလွှာတင်တာ အသနားခံစာတင်တာတွေဟာ ဘယ်အတိုင်းအတာအထိ အကျိုးရှိမလဲဆိုတာပါဘဲ။ ဆန္ဒပြတာတွေ တောင်းဆိုတာတွေလည်း ရှင်းရှင်းလင်းလင်း သဲသဲကွဲကွဲမရှိပါ။ ဘယ်သူ့ကိုပြတာလဲ၊ ဘယ်သူ့ဆီမှာတောင်းဆိုနေတာလဲကို ပြတ်ပြတ်ထင်ထင် ပြောရမယ်မြင်ပါတယ်။
စစ်တပိုင်းအစိုးနဲ့စစ်အုပ်စုရင်ဆိုင်ရမယ့် နိုင်ငံတကာဖိအားတွေ အရေးယူမှုတွေကလည်း မလွဲမသွေ ရောက်လာဦးမယ်ထင်ပါတယ်။ ခုဘဲ ဥရောပသမဂ္ဂက စာထုတ်လာပါပြီ။ ရိုဟင်ဂျာအရေး ဆွေးနွေးကြတုန်းက ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကလည်း ဒီကိစ္စကို မှတ်မှတ်ရရ ထည့်ပြောသွားတာရှိပါတယ်။ ဒီဘက်မှာလည်း အဲ့ဒီကိစ္စ ကိုင်တွယ်ဆောင်ရွက်ဖို့ ဆိုင်ရာနိုင်ငံရေးသမားတွေကို လွှတ်တော်တွေပါလီမန်တွေထဲဝင် ချဉ်းကပ်ပြီး လော်ဘီလုပ်တာတွေ စလာတော့မယ်တွေးပါတယ်။
နိုင်ငံတကာသတင်းအဖွဲ့အစည်းတွေ အေဂျင်စီတွေ Rights Organizations တွေကလည်း ငြိမ်နေမှာမဟုတ်ပါ။ သက်ဆိုင်ရာ သူတို့အစိုးရတွေဆီ တောင်းဆိုလာကြပါလိမ့်မယ်။ ပြည်တွင်းသတင်းထောက်တွေဆိုပေမယ့် သူတို့လုပ်နေတာက ရိုက်တာသတင်းဌာနနဲ့ပါ။ နိုင်ငံတကာအဝှမ်း လက်တန်ရှည်တဲ့ သတင်းမီဒီယာကြီးတခုပါ။
ခု ဒီအမှုက ပြည်တွင်းကိစ္စသက်သက်ထက် ပိုလာပါပြီ။ နိုင်ငံတကာအစ်ရှူးလို့ပြောမရသေးရင်တောင်မှ နိုင်ငံတကာက အာရုံစိုက်နေတဲ့အမှုလို့ပြောရင် ရပါတယ်။ ဒေါ်စုစစ်တပိုင်းအစိုးရ တက်လာပြီးနောက်ပိုင်းမှာ အမေရိကန်နဲ့လည်း အဆင်သိတ်မပြေ တရုတ်နဲ့လည်း အစေးသိပ်မကပ်ဖြစ်လာတာ သတိထားမိပါတယ်။ ခုလည်း တရုတ်က ရိုဟင်ဂျာကိစ္စ ယူအင်န်က ကိုင်တွယ်ဆောင်ရွက်လာရင် သူ့အနေနဲ့ ပိတ်ပင်တားဆီးတာတွေမလုပ်ဘူးလို့ လေသံပစ်လာပါတယ်။ သူ နောက်ဆုတ်ရင် လုံခြုံရေးကောင်စီမှာ ရုရှားလည်း လက်လျှိုမယ်ထင်ရပါတယ်။ စစ်အုပ်စုအတွက်ကတော့ ၂ နိုင်ငံလုံးနဲ့ ဆက်ဆံနေရတာမှန်ပေမယ့် ရုရှားထက် တရုတ်ကို ပိုအားကိုးရတာပါ။ တရုတ်က တုံဏှိဘောလုပ်ပေးမယ်ဆို ရုရှားလည်း နှာစေးပေးလောက်မယ် ထင်ရပါတယ်။
စစ်တပိုင်းအစိုးရက သတင်းသမား ၂ ဦးကိစ္စကို ဘယ်လိုကိုင်တွယ်မယ်ဆိုတာက စိတ်ဝင်စားစရာကောင်းသလို စစ်တပိုင်းအစိုးရအဖို့ နိုင်ငံရေးအရ မှတ် အတင် ခံနိုင်မခံနိုင်ကို စမ်းသပ်မယ့်ပွဲပါ။ သမ္မတမှာ (ကာနယ်လ်ချစ်ကောင်းကို သမ္မတမန်းဝင်းမောင်ပေးသလို) လူပုဂ္ဂိုလ်အရ လွတ်ငြိမ်းခွင့်ပေးလို့ရတဲ့ ပါဝါ ရှိမရှိ ကျနော် မလေ့လာဖူးလို့မသိပါ။ ပေးခွင့်ရှိတယ်ဆိုဦးတောင် အရုပ်သမ္မတမှာ ပေးဝံတဲ့သတ္တိရှိပါ့မလား။ စစ်တပ်လည်းကြောက်ရ ဒေါ်စုလည်းလန့်ရတဲ့သမ္မတ ဒီလောက်စွန့်စားရဲပါ့မလား။ ဒေါ်စုက ဒီ ၂ ယောက်ကို သစ္စာဖေါက်တွေလို့ပြောတဲ့ အကြောင်း ဘီလ်ရစ်ချပ်ဆင်ပြောထားတာ ရှိပါတယ်။ တလျှောက်လုံးလည်း ဒေါ်စုက စစ်တပ်အတွက် ပါးစပ်အငှားလိုက်ပြီး စစ်အုပ်စုဘက်က အပြတ်ရပ်တည်ခဲ့တာပါ။ ဒီလူတွေကို ဆန့်ကျင်ခဲ့တာပါ။
နောက်တချက်က အယူခံနဲ့လွှတ်ပေးနိုင်မလား။ အထက်ရုံးပြင်ဆင်ချက်နဲ့ရော လွှတ်ပေးနိုင်မလား။ ဗဟိုအထိရောက်သွားလို့ ဗဟိုကရော လွှတ်ပေးနိုင်မလား။ ဥပဒေရေးရာကိစ္စတွေ သိတ်နားမလည်တော့မပြောတတ်ပါ။ မေးဘဲမေးတတ်ရုံ တတ်နိုင်ပါတယ်။
ကျနော့်အမြင်မှာတော့ ဘာနဲ့ဘယ်လို လွှတ်သည်ဖြစ်စေ မလွှတ်သည်ဖြစ်စေ ဒီကိစ္စက မီဒီယာလွတ်လပ်ခွင့်ပိတ်ပင်တာတာ ဟန့်တားတာ ခြိမ်းခြောက်တာလောက်၊ တရားဥပဒေစိုးမိုးရေး ပျက်ပြားတာလောက်၊ တရားမျှတမှုကင်းမဲ့တာလောက်၊ တရားစီရင်ရေးမဏ္ဍိုင် တိမ်းစောင်းတာလောက်လို့ပြောရင် မရနိုင်ပါ။
ဒီကိစ္စဟာ နိုင်ငံရေးပါ။ နိုင်ငံရေးမှုပါ။ နိုင်ငံရေးမှာမှ စစ်အုပ်စု စစ်တပိုင်းအစိုးရနဲ့ အဖိနှိပ်ခံတွေဘက်ကရပ်တည်တဲ့ သတင်းသမားတွေကြားက နိုင်ငံရေးပဋိပက္ခပါ။ တနည်းပြောရရင် ဖိနှိပ်သူနဲ့အဖိနှိပ်ခံကြားက ပြဿနာပါ။ ဥပဒေကြောင်းအရလည်းလုပ်ကိုင်၊ လူထုနည်းအရလည်း ဆန္ဒပြတောင်းဆို၊ နိုင်ငံရေးအရလည်း ရပ်ခံချက်အပြည့်နဲ့ ဆန့်ကျင်နိုင်မှဖြစ်မှာပါ။ ဒါမှ နောင်ကို ဒီလိုအမှုအခင်းတွေ ပပျောက်သွားမှာပါ။ ဒါတွေက ကျနော့်အမြင်အတွေးပါ။
မျိုးမြင့်ချို စက်တင်ဘာ ၄၊ ၂ဝ၁၈

0 comments:
Post a Comment