Thursday, September 13, 2018

ဝေမာညွန့်ရေးတဲ့ စာစုလေးပါ

0 comments
ဘေးအိမ်က မြန်မာကားကြည့်နေသံကို သဲ့သဲ့ထက် ပိုကျယ်ကျယ်ကြားနေရတယ်။ ဇာတ်လမ်းထဲက ဝက်ဝက်ကွဲအော်ဟစ်သံတွေဟာ အနုအရွစကားပြောခြင်း၊ စနောက်ကျီစယ်ခြင်း၊ ပျော်ရွှင်ခြင်း၊ စိတ်တိုစိတ်ဆိုးခြင်း၊ ရန်တွေ့ခြင်း၊ ဒေါသထွက်ခြင်း၊ ကြေကွဲဝမ်းနည်းခြင်းဆိုတဲ့ ခံစားမှုအားလုံးကို ကိုယ်စားပြုပြီး ပေါ်ထွက်နေတယ်။ မယုံလို့ကိုမရတာပါ။ ဒီဇာတ်လမ်းတွေ၊ အဲဒီအရုပ်တွေ အသံတွေကို ခံစားမျောပါနေတဲ့လူအုပ်ကြီးဟာ သန်းချီပါတယ်။ သန်းကိုမှ နိုင်ငံတစ်ခုလုံးရဲ့ အများစုစာ ချီနေတာပါ။ ပြောလေ့ရှိတဲ့ မြန်မာပြည်အကြောင်း အချက်အလက်က ၇ဝ ရာနှုန်းသောပြည်သူတွေဟာ ကျေးလက်မှာနေထိုင်ကြပြီး ဆင်းရဲချို့တဲ့ကြပါတယ်။ လူပြိန်းတွက် တွက်ရင်တောင် စောစောက ဇာတ်လမ်းတွေ အရုပ်အသံတွေကို နှစ်သက်သူများဟာ ၇ဝ ရာနှုန်းထက်ကို ပိုနေပါပြီ။ 

အဝေးပြေးကားတွေပေါ်မှာ ဇာတ်ကား တစ်ကားပြီးတစ်ကားကြည့်ကြ လိုက်ငိုကြ လိုက်ရယ်ကြ။ အများစုထဲမှာ ငေါင်းစင်းစင်း တစ်ခေါင်းနှစ်ခေါင်းထက်ပိုပြီး ဘယ်နှစ်ယောက်များ မြင်ဖူးနိုင်ကြမလဲ။

နိုင်ငံတကာစင်မြင့်မှာ သိပ်မကြာခင်ကမှဂုဏ်ယူဝင့်ကြွားစွာ တွေ့ခဲ့ကြရတဲ့ နိုင်ငံ့ခေါင်းဆောင်ဟာ နှစ်နှစ်ဆိုတဲ့ကာလတိုလေး မျက်စိတမှိတ်စာအတွင်းမှာ စင်ပေါ်တင်ပြီး အစစ်အဆေးခံနေရတဲ့သူ တစ်ယောက်လို မြင်နေကြရပြီဖြစ်တယ်။ သူ့နိုင်ငံကလူတွေဟာ ကိုယ်တိုင် လက်ရဖမ်းမိလိုက်တဲ့ အပြစ်တစ်ခုခုလုပ်တယ်ယူဆရသူကို ၈၈ အရေးအခင်းတုန်းကလို နေရာမှာတင် ချက်ချင်းသတ်ဖြတ် ပစ်လိုက်ကြတာတွေ၊ မြို့လယ်ကောင်တွေမှာကို သေနတ်ပစ်နေ ဓားခုတ်နေကြတာတွေဟာ လစဉ်နီးပါးလောက် ကြားနေရပြီဖြစ်တယ်။

မေတ္တာတရားရှေ့ထားပါတယ်ဆိုတဲ့ ဗုဒ္ဓဘာသာအများစုနိုင်ငံ၊ လှူဒါန်းမှုမှာ အခုထိကမ္ဘာမှာ နံပါတ်တစ်စွဲပါတယ်ဆိုတဲ့ ဆင်းရဲတဲ့ဒီနိုင်ငံလေးမှာ လူတွေရှေ့က အသေခံချီတက်ပြီး နိုင်ငံပြောင်းလဲရေးလုပ်ခဲ့တဲ့ ဘုန်းတော်ကြီးတွေလည်း မျိုးချစ်ထမိန်စောင့်တပ်သားတွေ ဖြစ်လာနေပြီး မိစ္ဆာဝါဒီများကို တိုက်ထုတ်ကြဆိုပြီး ရဲရဲတောက်အော်နေကြတဲ့ သင်္ကန်းဝတ်တွေ ဖြစ်လာကြတယ်။

ကမ္ဘာကြီးဟာ ဒီနိုင်ငံလေးထဲက ရုတ်တရက်အပြောင်းအလဲတွေကို နားမလည်နိုင်စွာမေးခွန်းထုတ် အပြစ်တင် ဖိအားပေးလာတယ်။ နိုင်ငံလေးထဲကလူထုကြီးဟာ ကမ္ဘာကြီးရဲ့ရုတ်တရက်အပြောင်းအလဲကို နားမလည်နိုင်စွာမေးခွန်းထုတ် အပြစ်တင် ဆဲဆို ရန်တွေ့ေ ပါက်ကွဲလာကြတယ်။

ကမ္ဘာကြီးဟာ ဟိုးအရင်အနှစ်၂ ဝ ကျော်က ပေါ်လစီကိုပြန်သုံးပြီး နိုင်ငံငယ်လေးကို စီးပွားရေးပိတ်ပင်လိုက်တယ်။ အဲဒီက လူငယ်လေးတွေ သူတို့ဆီလာရောက်နေထိုင် အလုပ်လုပ်ခွင့် ပညာသင်ခွင့် စကားပြောခွင့်တွေကို လျှော့ချတားဆီးလိုက်တယ်။

ဇာတ်လမ်းတွေ ကြည့်ကောင်းနေဆဲလူအုပ်ကြီးကတော့ ဒါတွေ ဘာမှ မသိပါဘူး။ စောစောကအရာတွေအားလုံးဟာ ဟိုးအရင်ကတည်းက သူတို့ဆီ ရောက်မလာခဲ့သလိုပါပဲ။
သူတို့ဟာ ကြည့်လက်စဇာတ်လမ်းကို ဆက်ကြည့်ပြီး ပျော်ရွှင်ကြ ဝမ်းနည်းကြ ဒေါသထွက်ကြ မျှော်လင့်ကြ ပေါက်ကွဲကြ အမောပြေတော့ အိမ်တိုင်မွဲမွဲတွေပေါ်က ကိုယ်ပိုင်ဇာတ်လမ်းမွဲမွဲတွေဆီ ပြန်ရောက်သွားပြီး သူကြည့်လာခဲ့တဲ့ဇာတ်လမ်းထဲက အချို့သောအရာများကိုတုပပြီး ဆက်လက်နေထိုင်နေကြပါတယ်။
(ဒီနေရာက ယူပါတယ်https://www.facebook.com/waimar

0 comments:

Post a Comment