Sunday, September 2, 2018

ကြွက် မြွေနှင့်ဧရာဝတီကိစ္စ(အပြင်လူရဲ့ဘားမားရုဒ်နံပတ် ၉)

0 comments
အပြင်လူရဲ့ဘားမားရုဒ်မှ နံပတ် ၉ အပုဒ်ပါခင်ဗျ။
ကြွက် မြွေနှင့်ဧရာဝတီကိစ္စ

ကြွက်ကင် လတ်လတ်ဆတ်ဆတ်သည် မွှေးပြီး အလွန်လည်းအရသာရှိကာ စားကောင်း၏။ အထူးသဖြင့် အညာမြေပဲခင်းထဲက ကြွက်ကြီး များသည် အောက်ပြည်စပါးခင်းထဲက လယ်ကြွက်များထက် ပိုပြီးဆူဖြိုးသည်ဟု ဆိုရမည်ထင်သည်။ ထနောင်းရိပ်အောက်က ထန်းဖိုဦးနှင့် မြည်းဖူးသည့်ကြွက်ကင်က အာရုံထဲစူးနေဆဲ။ လယ်တဲလေးက ထမင်းကြမ်းခဲနှင့် ခြောက်စပ်ကြွက်ကြော် လွေးခဲ့ဖူးသည်လည်း လွမ်းစရာ ကောင်းနေဆဲ။ စပါးခင်းရင့်မှည့်ရိတ်သိမ်းချိန်သည် လယ်ကြွက်တို့ပွဲတော်ချိန်ဟုဆိုရမည်။ လယ်ကြွက်က စပါးကို စားရုံသက်သက်မက ဖျက်လို ဖျက်ဆီးလုပ်သလို သိုမှီးလည်းထားပြန်သေး၏။ လယ်ကြွက်တို့က လည်၏။ အဝစားပြီးအားမရသေး။ ကြွက်ကျီများတွင် ရိက္ခာလှောင်၏။ တူးကြည့်လျှင် အနှံပြည့်အဆန်အောင် စပါးခက်များချည်းသာတွေ့ရမည်။
လယ်သမားတို့ကလည်း ဟင်းစားအတွက် ကြွက်တူးရင်း ကိုယ့်စပါးကိုယ်ပြန်ယူကြ၏။ လယ်တွင် ကြွက်နှင့်ဖါးအပြင် အခြားဝေနေယျ တွေလည်း နေ၏။ ကြွက်နှင့်ဖါးကား မြွေ၏ အာဟာရ။ ကြွက်က စပါးကိုစား၏။ မြွေနှင့်လူက ကြွက်ကိုစား၏။ လယ်တွင် ကြွက်သည် လူနှင့်မြွေ၏အစားခံ သက်သက်။ ထို့ ကြောင့် ကြွက်ဦးရေသိတ်မတက်။ စပါးလည်း သိတ်မပျက်။ မြွေကား ကြွက်လောက် လူအစားမခံရသေးသဖြင့် မြွေဦးရေတက်လာ၏။ မြွေကိုက်ခံရသည့် လယ်သမားအရေအတွက်လည်း တက်လာ၏။ မြွေအန္တရာယ် ကာကွယ်ရေး တောစီးဖိနပ်လည်း အလုံအလောက် မရှိ၊ မြွေဆိပ်ဖြေဆေးလည်း ပေါပေါများများမသုံးနိုင်သည့်ဗမာပြည်တွင် တနှစ်တနှစ် ပိုးထိပြီးသေရသည့်လယ်သမား များများလာ၏။
ဤတွင် မြွေနှိမ်နင်းရေးများလည်း လုပ်ရပြန်၏။ အစကတော့ မြွေတွေ့ရင်သတ်နှင့် စခဲ့ပြီး နောက်တော့ ရှာသတ် သတ်ရ၏။ ထိုအဆင့်လောက်အထိ ဘာပြဿနာမှမပေါ်သေး။ မြွေဆိုးတို့ ကြမ္မာမဆိုးသေး။ မြန်မာပြည်တွင် မြွေသားစားသူ ဘယ်လောက်ရှိသလဲတော့ မသိ။ စားတော့ စားကြ၏။ စားသည့်နေရာတွင်လည်း အဆိပ်မရှိသည့်လင်းမြွေလို မြွေပတုတ်လိုမြွေမျိုးသာ စားလေ့ရှိကြ၏။ နောက်တော့ ဘယ်သူက စသည် မပြောတတ်။ မြွေတကာ့မြွေတွင် မြွေပွေးသား စားအကောင်းဆုံးဆိုပြီးဖြစ်လာ၏။ ဤတွင် မြွေဆိုးတို့ ကြမ္မာငင်တော့၏။ စားသူများသည့်အလျှောက် ဝယ်လိုအားရှိလာပြီး ကြက်သားထက်ပင် ဈေးကောင်းလာတော့၏။ မူလက ကြွက်ရန်ကို လူနှင့်အတူ ကူတိုက်ရာက တစတစအင်အားကြီးထွားလာပြီး ရန်မူတာများတော့ တိုက်ဖော်တိုက်ဘက်အဖြစ်မှ ရန်ဘက်ဖြစ်ခဲ့ရသည့်မြွေသည် ယခုတော့ လူ၏အစားခံအဖြစ် မျိုးကန်းရမည့်အခြေသို့ ဆိုက်တော့၏။
ထွန်ရေးငင်ချိန်မှ တလင်းသိမ်းချိန်တိုင်မကတော့ အချိန်ရှိသမျှ မြွေမုဆိုးတို့ တောတိုးကာမြွေလည်ကြ၏။ မြွေပွေးဆိုလျှင် တွေ့ရာသဂိင်္ျုင်း ဓါးမဆိုင်းတွေဖြစ်လာ၏။ မြွေပွေးအပေါဆုံးနှင့် အစားအခံရဆုံးနယ်များတွင် မင်းလှမိုးညိုလည်း ပါမည်ထင်၏။ ကျနော်မိုးညိုကို ရောက်သည့်နှစ်က လယ်တွေ ကြွက်ဖျက်လိုဆိုကာ လယ်သမားတို့ညည်းသံ ကြားရ၏။ ကျနော်က ကြွက်နှိမ်နင်းရေး မလုပ်ဘူးလားဟု မေးကြည့်တော့ မလုပ်ပဲနေမလား၊ လုပ်လည်း လုပ်လုပ်ပဲရှိတာလေ၊ ဒီကောင်တွေက လူမနိုင် နိုင်လောက်အောင်ကို ပေါက်အားကောင်းပြီး အပွားလည်း တယ်မြန်တာ၊ အရင်က မြွေပေါသေးတော့ နည်းနည်းတော်သေးတာပေါ့။ အခုဟာက မြွေကလည်း မရှိတော့သလောက်ဆိုတော့ ဒီကောင်တွေ ပြန်ခေါင်းထောင်လာတာပဲ ဟုဆို၏။ သို့ဖြင့် ကြွက်ဖျက်စပါးခင်းတွေ များလာ၏။ နောက်တော့ စပါးခင်းကနေ ကိုင်းတွေ ကျွန်းတွေ တောင်ယာတွေအထိ ကြွက်တို့ နယ်ချဲ့လာကြ၏။ လူ့ စားနပ်ရိက္ခာတို့ကို လုယူဖျက်ဆီးကြ၏။ ရောဂါဘယတို့ သယ်ဆောင် လာကြ၏။ ဤတွင် ကြွက်စစ်ဆင်ရေးတွေ လုပ်ရပြန်၏။
သဘာဝတရားကြီးတွင် ဟန်ချက်ရှိ၏။ လူ၊ ကြွက်နှင့်မြွေတို့တွင်လည်း သဘာဝတရား၏ဟန်ချက်ရှိ၏။ ထိုဟန်ချက် တနေရာရာမှ စပျက်လျှင် တစုံလုံးပျက်ကာ အဆိုးသံသရာလည်ကြ၏။ ထို့ ကြောင့် သဘာဝတရား၏ဟန်ချက်သည် မဖျက်စကောင်း။ မဖျက်အပ်ဟုဆိုကာ သဘာဝ ဝါဒီတို့ ကမ္ဘာတဝှမ်းလှုံ့ဆော်မှုတွေလုပ်ရင်း ရှေ့ထွက်လာကြခြင်းဖြစ်၏။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားများကလည်း သဘာဝဟန်ချက် ဖျက်သူသည် လောကဖျက်သူမည်၏ဆိုကာ ဖျက်လာလျှင်ဘဝင်မခွေ့ ကြ။
တလောကဖြစ်ခဲ့သည့် မက္ကဆီကိုပင်လယ်ကွေ့  ရေနံတူးစင်ပိုက်ပေါက်ကာ ရေနေသတ္တဝါတွေသေရုံမက ဝန်းကျင်သဘာဝကြီးပါထိခိုက်ပြီး နိုင်ငံရေးကိစ္စအထိရောက်ခဲ့၏။ ရေနံသည် ခေတ်လူ့ဘောင်၏ လိုအပ်ချက်ဖြစ်၏။ ရေနံလိုချင်လျှင် ကမ္ဘာမြေ၏ရင်ဝကို မဖေါက်ပဲမရ။ ဓာတ်သတ္ထုလိုလျှင် ကမ္ဘာမြေ့ရင်ကို မခွဲလို့မရ။ ရေအားလျှပ်စစ်လိုလျှင် ချောင်းမြစ်တို့မနာမကျင်ပဲမရ။ ဒါဆို ပေါက်ပေါက်ပြဲပြဲ၊ နာနာကျင်ကျင် ဖေါက်စရာရှိဖေါက် ခွဲစရာရှိခွဲမှာပဲဆိုကာ ဆင်ကန်းတောတိုးတော့မဖြစ်။ ချင့်ချိန်ရမည်။
အချုပ်အခြာပိုင်နက်ကမြေသည် နိုင်ငံသားတို့၏ အမိမြေဖြစ်၏။ မြေကမ္ဘာသည် လူသားတိုင်း၏ အမိမြေဖြစ်၏။ အမိမြေဖျက်ဆီးခံရလျှင် ရင်နာဖွယ်ဖြစ်ရ၏။ လူသားဆန်သည့်လူသည် ဘယ်အမိမြေကိုမှ နာကျင်အောင် ရင်နာအောင်မလုပ်အပ်။ လူ့ဘောင်ကောင်းကျိုးနှင့် လိုအပ်ချက်အတွက် ကမ္ဘာမြေကိုမဖြစ်မနေ နာကျင်အောင်လုပ်မှ ရတော့မည်ဆိုလျှင်လည်း အတတ်နိုင်ဆုံး အနာအကျင်သက်သာအောင် သက်သက်ညှာညှာလုပ်ရမည်ဖြစ်၏။ ဒါက ကမ္ဘာမြေကိစ္စ။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာကိစ္စ။
နောက်တခုက အမွေကိစ္စနှင့်လူကိစ္စ။ လူတို့ ထိန်းသိမ်းစောင့်ရှောက်အပ်သည့်အရာများတွင် ယဉ်ကျေးမှုပါသလို လူ့ ယဉ်ကျေးမှုသမိုင်းနှင့် နွယ်သည့် အရာများလည်းပါ၏။ လူ့သမိုင်း၏ အရိုင်းဆန်သည့်အဖြစ်အနေမှ ယဉ်ကျေးရာအရုံဦးတို့သည် လွင်ပြင်ကျယ်မြေနိမ့်မြစ်ဝှမ်း များတွင် လာဖူးကြ ပွင့်ကြဝေခဲ့ကြရ၏။ ယူဖရေးတီးစ်နှင့်တိုက်ဂရစ်၊ နိုင်းလ်မြစ်နှင့်ဂင်္ဂါ၊ မြစ်ဝါနှင့်ဧရာဝတီတို့သည် လူသား၏သမိုင်း၊ လူသား၏ ယဉ်ကျေးမှု ဆိုင်ရာအမွေအနှစ်။ ယဉ်ကျေးပြီး၊ ယဉ်ကျေးမှုကို ထိန်းရကောင်းမှန်းသိသူသည် ယဉ်ကျေးမှုအမွေအနှစ်နှင့် ယင်း၏တန်ဖိုးကို သေချာနားလည်၏။ ထိုသို့ နားလည်မှလည်း ထိုသူအား လူယဉ်ကျေးဟုဆိုအပ်၏။
ယဉ်ကျေးသူသည် အမွေအနှစ်ကိုချစ်၏။ မိမိချစ်ရာအမွေအနှစ်ကို မည်သူမျှ မစွန့်လွှတ်ချင်။ မိမိချစ်သည့်အမွေအနှစ်တွင် ဘိုးစဉ်ဘောင်ဆက် ဓားမဦးချ ထွန်ယက်စိုက်ပျိုးခဲ့သည့်မြေ၊ ချက်မြုတ်ရာနှင့်ခေါင်းချရာလည်းပါ၏။ လိုအပ်ချက်အတွက် ယဉ်ကျေးမှုနှင့်အမွေအနှစ်ကိုဖျက်ခြင်း၊ အဓမ္မစွန့်လွှတ်ခိုင်းခြင်းကား မလုပ်အပ်မလုပ်ထိုက်သည့်ကိစ္စဖြစ်၏။ ထိုအရာတို့အား ထိခိုက်ပျက်စီးစေလိုစိတ်သည် လောကဖျက်တတ်သူတို့၏ အတွေးမှလာသည့် အကုသိုလ်စိတ်သာဖြစ်၏။
နောက်တခု အခွင့်အရေးကိစ္စ။ လူသည်မမွေးခင်ကပင် အုပ်ချုပ်မည့်သူရှိနေပြီးသားဆိုသည်မှာ မှန်သော်လည်း လူသားတိုင်းတွင် မွေးရာပါအခွင့်အရေးတန်းတူရှိ၏။ ထိုအခွင့်အရေးသည် သူတပါးပေးမှရသည့်ကိစ္စမဟုတ်။ ရအောင်လုပ်ပြီး ယူရသည့်ကိစ္စဖြစ်၏။ ထို့ အတူ လူချင်းအတူတူ လူတယောက်က အခြားတယောက်၏အခွင့်အရေးကိုချိုးဖေါက်ခွင့် ဘယ်သူ့တွင်မှ မရှိ။ ချိုးဖေါက်လာလျှင် တိုက်လှန်ပိုင်ခွင့်လည်းရှိ၏။ တိုက်လှန်ရာတွင်လည်း ကြိုက်သည့်နည်းသုံးခွင့်ရှိ၏။ ကြိုက်သည့်နည်း သုံးခြင်းအတွက် ဘယ်သူ့ဘယ်သူမှ အပြစ်ဖို့နေစရာမလို။ မိမိတို့၏ မွေးရာပါအခွင့်အရေးဖြစ်သည့် ဓားမဦးချမြေ၊ ချက်မြုတ်ရာနှင့်ခေါင်းချရာမြေတွင် လွတ်လပ်စွာအခြေချ နေထိုင်ခွင့် လူတိုင်းတွင်ရှိ၏။ လူသည် လူပီသစွာ လူ့ဂုဏ်သိက္ခာနှင့်အညီနေနိုင်ရန် လူ့အခွင့်အရေး ရှိကိုရှိရမည်။ ထိုအခွင့်ကိုထိပါးသူအား တိုက်လှန်ခြင်းသည်တရား၏။ မျှတ၏။ မတရားသဖြင့်တောင်းဆိုမှုမဟုတ်။ အဓမ္မမှု မဟုတ်။
ယခု ဧရာဝတီကို လိုအပ်ချက်ဟုဆိုကာ အညှာအတာမဖက် ရက်စက်ကြတော့မည်။ အမိမြေကို၊ ကမ္ဘာမြေကို နာကျင်စေကြတော့မည်။ သဘာဝတရားနှင့် သဘာဝတရား၏ဟန်ချက်ကို ဖျက်ကြတော့မည်။ ယဉ်ကျေးမှုကို၊ ယဉ်ကျေးမှုအမွေအနှစ်ကို ဖျက်ကြတော့မည်။ လူသားကို၊ လူသား၏မွေးရာပါအခွင့်အရေးကို ထပ်ပြန်တလဲလဲချိုးဖေါက်ကြဦးတော့မည်။ လောက၊ မြေကမ္ဘာ၊ ယဉ်ကျေးမှုအမွေ၊ လူ့တန်ဖိုးဂုဏ်သိက္ခာကို ရစရာမရှိအောင်ဖျက်ကြတော့မည်။
ကြွက်နှင့်မြွေ၏သဘာဝဟန်ချက်ကို ဖျက်မိသဖြင့် လူ့ အကျိုးစီးပွားပျက်ရ၏။ သဘာဝ၏ဒဏ်ခတ်ခြင်းခံရ၏။ ထိုဒဏ်ကို ဖျက်သူလောက်သာ ကွက်ခံရသည်မဟုတ် မဖျက်သူလည်း ဝင်ခံရ၏။ ဖျက်သူတို့ဖျက်ခြင်းကြောင့် မဖျက်သူများလည်း ပျက်ကြရပြန်၏။ သူတို့ဖျက်သည့်ဒဏ်ကို ကိုယ်ပါရောခံ ဝင်ခံပေးရတော့မည်။ ဆိတ်ဆိတ်မနေခြင်းဖြင့် ထိုဒဏ်ကိုကာကွယ်နိုင်၏။ ထို့ ကြောင့် လောကကို၊ သဘာဝတရားကို၊ ယဉ်ကျေးမှုကို၊ လူ့ တန်ဖိုးနှင့်ဂုဏ်သိက္ခာကို ဖျက်လိုဖျက်ဆီးပြုသူများအား ရောက်သည့်နေရာမှ ရသည့်နည်းဖြင့်တိုက်လှန်ခြင်းသည် လောကကို၊ သဘာဝ တရားကို၊ ယဉ်ကျေးမှုကို၊ လူ့တန်ဖိုးနှင့်ဂုဏ်သိက္ခာကို ကာကွယ်ခြင်းသာဖြစ်ရ၏။
(မျိုးမြင့်ချို)စက်တင်ဘာ ၁၄၊ ၂ဝ၁၁

0 comments:

Post a Comment