Wednesday, September 19, 2018

တွေးဆပြင်ဆင်(မျိုးမြင့်ချို)

0 comments
တွေးဆပြင်ဆင်(မျိုးမြင့်ချို)
စစ်အုပ်စုနဲ့ စစ်တပိုင်းအစိုးရ အကျပ်အတည်းဖြစ်နေတာ အမှန်ပဲ။ နိုင်ငံရေး၊ စီးပွားရေး မကျေနပ်ချက်တွေ လူမှုရေးမညီမျှမှုတွေလည်း တင်းကြမ်းဖြစ်လာနေတယ်။ အခြေခံစားကုန်ဈေးတွေလည်း မိုးထိုးနေတယ်။ ရာဇဝတ်မှုတွေလည်း ထိန်းမနိုင်သိမ်းမရဖြစ်နေတယ်။ လူထုရဲ့ ငြီးငြူသံတွေလည်း ကျယ်လောင်လာတယ်။

မီဒီယာတွေကို တဘက်ကနှိပ်ကွပ်၊ တဘက်ကလည်း ရုပ်သေးသတင်းမီဒီယာကောင်စီဖွဲ့ မြဝတီရုပ်သံနဲ့ပင်းပြီး ဝါဒမှိုင်းတိုက်နေတယ်။ ပြည်တွင်းအနေအထား ကြိမ်မီးအုံးဖြစ်နေတယ်။ လူထုရဲ့သည်းခံနိုင်မှုက ဘယ်အထိရှိမလဲ၊ ဘယ်အချိန်မှာ ဘာအနီးကပ်အကြောင်းတွေ ဗြုန်းကနဲပေါ်လာပြီး တိုင်းပြည် ကဖြဲကရုန်းဖြစ်မလဲ စတာတွေ ဘယ်သူမှ တပ်အပ်သေချာမပြောနိုင် မခန့်မှန်းနိုင်ပေမယ့် အရိပ်အခြေလိုလိုတော့ မြင်နေရတယ်။

နိုင်ငံတကာအဝန်းအဝိုင်းထဲမှာလည်း လူတောမတိုးရဲ့တဲ့ဘဝ၊ မျက်နှာမပြရဲတဲ့အခြေ စိုက်နေတယ်။ ပြည်တွင်းကနေ ဘယ်လိုလိမ်လိမ်၊ ပြည်ပထွက်ပြီး ဘယ်လိုဖုံးဖုံး ကုန်းစရာမလိုပဲ အကုန်ပေါ်နေတယ်။

တပ်တွင်းက အောက်ခြေထုမှာလည်း အဆင်မပြေတာတွေ မကျနပ်တာတွေရှိနေတယ်။ ကန်အထုတ်ခံရတဲ့ စစ်ဗိုလ်ဟောင်းတွေလည်း လူစုစု စုစု လုပ်လာတာတွေ့ရတယ်။ ကြံ့ဖွံ့ကလည်း စစ်အာဏာသိမ်းရေး Hint ပေးသလိုလုပ်လာတယ်။ ကြားဖြတ်ရွေးကောက်ပွဲလည်း နီးပြီ။ ဒေါသထွက်နေတဲ့လူအုပ်ကြီးရဲ့ အစိပ်အပိုင်းတွေလည်း ဟိုတကွက်ဒီတကွက် ထွက်ထွက်ပြီး ဓါးရေးပြနေတယ်။

စစ်တပ် ထိပ်ပိုင်းက အကောင်တချို့ အပြောင်းအလဲရှိနိုင်တယ်။ သေနတ်ကိုယ်စီ ခါးထိုးထားတဲ့လူတွေမှာ အဲ့လိုအပြောင်းအလဲလုပ်မယ်ဆို အလွန်သတိထားရတယ်။ သေနတ်ကို တိုက်ရိုက်အမိန့်ပေးနိုင်သူ(တိုင်းမှူး၊ တပ်မမှူးတွေ)ကို မီးသေမှဖြစ်တယ်။

ခုထိတော့ သန်းရွှေသြဇာရှိနေတယ်။ သန်းရွှေအရှိန်နဲ့ မင်းအောင်လှိုင် တပ်ကို ကိုင်ထားနိုင်သေးတယ်။ တိုင်းမှူးတွေနဲ့ ထိပ်ပိုင်းစစ်ဘီလူးတွေကို ကိုယ့်လူအဖြစ် မွေးထားနိုင်သေးတယ်။ စစ်ခေါင်းဆောင်အပြောင်းအလဲဖြစ်တာကို မကျေနပ်လို့ တပ်တွင်းထကြွမှုတွေပေါ်ခဲ့တာ ဘယ်သမိုင်းမှာဖြစ်ဖြစ် အထင်အရှားရှိတယ်။

သူတို့အချင်းချင်း စားခွက်လု စောင်မန်ခုတ်တာနဲ့ လူထုဘက်ထွက်ရပ်ချင်လို့ ပုန်ကန်တာကတော့ သီးခြားစီဖြစ်တယ်။ ဗမာစစ်အာဏာရှင်တွေမှာ လူထုဘက်ကရပ်ချင်လို့ အလုံးအရင်းနဲ့ တပ်တွင်းပုန်ကန်မှု အစဉ်အလာမရှိဘူး။ တယောက်စ ၂ ယောက်စ ချွန်ပြီးထွက်လာရင်လည်း ရစရာမရှိအောင် နှိပ်ကွပ်သတ်ဖြတ် လက်စတုန်းပစ်တာပဲ။ လောလောဆယ်မှာတော့ တပ်ထဲက ကိုယ့်လူထွက်လာဖို့ လမ်းမမြင်မိသေးဘူး။

သူတို့ ဒီအကျဉ်းအကျပ်ကနေ ထွက်ပေါက်ရှာရမယ်။ ဒီလိုအခြေအနေမျိုးမှာ အုပ်စိုးသူဟာ ပစ်မှတ်ပြောင်းသွားအောင် သူ့ဆီလာတဲ့မြားဦး လည်သွားအောင်လုပ်တတ်တယ်။

အချိန်မရွေး ထမွှေးချင်မွှေးလို့ရအောင် မွေးထားတဲ့ ဘာသာရေးလူမျိုးရေး မီးစလည်း ဖန်တီးထားတယ်။ လက်သပ်မွေးထားတဲ့ အစွန်းရောက်အယူသီး ဘုန်းကြီးဆိုးတွေ၊ စွမ်းအားရှင်တွေ၊ လူဆိုးလူမိုက်အစုတွေလည်း ရှိနေတယ်။ လူထုကြားမှာ ထိတ်လန့်ခြောက်ခြားမှုတွေဖြစ်အောင် ပဋိပက္ခပေါင်းစုံ ဖန်တီးလာနိုင်တယ်။

သူ့စစ်ဗိုလ်တွေ ကိုယ့်စစ်ဗိုလ်ဖြစ်လာဖို့ မလွယ်ပေမယ့် ကိုယ့်ဘုန်းကြီးတွေ ကိုယ့်လူတွေ တပြည်လုံးအနှံ့လူထုတွေထဲမှာ ရှိနေတယ်။ အရေးဟယ်အကြောင်းရယ်ဆို တသံတည်းထွက်လာအောင် ခုကတည်းက စုစည်းထားနိုင်မှဖြစ်မယ်။

နယ်ပယ်အသီးက ဦးဆောင်ဦးရွက်ပြုနေသူတွေအနေနဲ့ လုံခြုံရေးသတိရှိကြဖို့၊ လုံခြုံရေးတာဝန်တွေယူဖို့နဲ့အတူ နိုင်ငံရေးတာဝန်တွေပါ(လိုအပ်ရင်) ယူဖို့ ပြင်ဆင်ထားနိုင်ရင်ကောင်းမှာပဲလို့တွေးပြီး အကြံပြုပါရစေ။
မျိုးမြင့်ချို(စက်တင်ဘာ ၁၉ ၊ ၂၀၁၈)

0 comments:

Post a Comment