Wednesday, September 12, 2018

"စည်း" (လှဝင်းရေး- အရေးတော်ပုံဂျာနယ်မှ)

0 comments
"စည်း"
ဗမာပြည်နိုင်ငံရေးမှာ “စည်း” ဟာ အမြဲတမ်း အရေးပါတယ်။ စည်းရှင်းလင်းမှ အမြင်ရှင်းလင်းတယ်။ စည်းရှင်းလင်းမှ အခြေအနေတွေကို ရှင်းရှင်းလင်းလင်း ခွဲခြမ်းစိတ်ဖြာနိုင်တယ်။
စည်းမှာ အဓိက ရန်ငါစည်းပဲ။

ဗမာပြည်မှာ စစ်အုပ်စု၊ စစ်အစိုးရနဲ့၊ စစ်ဗျူကရိုစီယန္တရားဆိုတဲ့ စစ်အာဏာရှင်စနစ်ဟာအဓိဟာ အဓိက ရန်သူပဲ။ ဒီစစ်အာဏာရှင်စနစ်ကို သားစဉ်မြေးဆက်တည်တံ့ခိုင်မြဲအောင် ခံကတုတ်လုပ်ပေးထားတဲ့ ၂၀၀၈ အခြေခံဥပဒေဟာလည်း ရန်သူပဲ။
စည်းဟာ ဒီရန်သူနဲ့ အဖိနှိပ်ခံပြည်သူလူထုကြီးအကြား ရှင်းရှင်းလင်းလင်း တားထားတယ်။
၂၀၀၈ ခြေဥအောက်ဝင်တာ အဖိနှိပ်ခံပြည်သူ့ဘက်က စည်းကျော်ပြီး ဟိုဘက်ကူးလိုက်တာပဲ။ စည်းကျော်သွားတာပဲ။ ဒါပေမဲ့ စည်းကျော်တိုင်းလည်း မပြောသေးဘူး။ ဘာလို့လဲ ဆိုတော့ ၂၀၀၈ ခြေဥဖျက်သိမ်းရေး ရည်ရွယ်ချက် တစုံတရာ ရှိနေသေးသလားလို့။ အနည်းဆုံး ပြင်မယ်ဆိုတဲ့ ရည်ရွယ်ချက်ရှိသလားလို့။
ဒါပေမဲ့ မူသဘောတော့ ရှင်းပါတယ်။ ၂၀၀၈ ခြေဥအောက် ဝင်တာ၊ ဝင်ပြင်လုပ်တာ သဘောမတူဘူး။ မကြိုက်ဘူး။ ဒါပေမဲ့ မတိုက်သေးဘူး။ စောင့်ကြည့်နေမယ်။ အောင်မြင်မယ်တော့ မထင်ဘူး။ ရွေးကောက်ပွဲမဝင်ခင် အစောကြီးကတည်းက အဲဒီသဘောထား ပြောပြခဲ့တယ်။ နောက်တခု ပြောသေးတယ်။ လွှတ်တော်တွင်း လမ်းကြောင်းဟာ အဓိက လမ်းကြောင်းမဟုတ်ဘူးဆိုတာ။ ပြင်ပမှာ အဖိနှိပ်ခံပြည်သူတွေရဲ့ ပုံစံမျိုးစုံနဲ့တိုက်ပွဲလှုပ်ရှားမှုတွေ ရှိတယ်။ ပြည်သူနဲ့ပူးပေါင်းပါဆိုတာ အဖိနှိပ်ခံပြည်သူတွေနဲ့ ပူးပေါင်းပါလို့ပြောတာပဲ။ တိုက်ပွဲဝင် ပြည်သူတွေနဲ့ ပူးပေါင်းပါပြောတာပဲ။ တိုက်ပွဲဝင်ပြည်သူ့အရေးကို ဖိနှိပ်တယ်ဆိုရင် ဖိနှိပ်သလောက် မှားတာပဲ။ ပြည်သူ့အကျိုးစီးပွား ထိခိုက်ရင် ထောက်ပြသင့်တဲ့အချိန်။ ထောက်ပြမယ်။ ဝေဖန်သင့်တဲ့အချိန် ဝေဖန်မယ်။ ဒီသဘောထားလည်း ပြောခဲ့တယ်။ ပြည်သူ့ဘက် ပြန်လှည့်ခဲ့ပါ။လက်ကမ်းကြိုဆိုနေတယ်ဆိုတာလည်း ပြောခဲ့တာပဲ။
နောက်ထပ် ထပ်ပြောသေးတယ်။ ၂၀၀၈ ခြေဥအောက် စိတ်ရောကိုယ်ပါ ဝင်သလား။ ပြောချင်တာက ရန်သူနဲ့ စိတ်ရောကိုယ်ပါ ပူးပေါင်းသလား မပူးပေါင်းဘူးလား ဆိုတာ ကြည့်ပါတယ်။ ရန်သူနဲ့ ၂၀၀၈ ခြေဥကို စိတ်ရောကိုယ်ပါ အလုပ်အကျွေးပြုသလား မပြုဘူးလား။ ဒါကိုလည်း ကြည့်ပါတယ်။
စည်းဟိုဘက်ဝင်သွားပြီး ရန်သူကို နည်းနည်း အလုပ်အကျွေးပြုရင် နည်းနည်းမှား။ များများ အလုပ်အကျွေးပြုရင် များများမှား။ စိတ်ရောကိုယ်ပါ ရန်သူနဲ့တထပ်တည်းဆိုရင် အဲဒီအင်အားစုဟာ ရန်သူပဲ။ သူကို ရန်သူနဲ့တတန်းတည်းထားပြီး တိုက်ရတော့မယ်။
ဒီလိုလည်း ကြည့်မြင်လို့ရတယ်။ စည်းရဲ့ ဒီဘက်မှာကတော့ အဖိနှိပ်ခံပြည်သူလူထုပဲ။ စည်းဟိုဘက် ခြေကျွံသွားပြီး ဒီဘက်က ပြည်သူလူထုအပေါ် ဘယ်လိုသဘောထားသလဲ။ ပြည်သူလူထုအကျိုးစီးပွား ကြီးကြီးမားမားထိခိုက်လာရင်တော့ ဒါကိုကာကွယ်ရမှာပဲ။ တုံပြန်တိုက်ခိုက်ရမှာပဲ။
ထောက်ပြတာ၊ဝေဖန်တာ၊ပြင်းပြင်းထန်ထန်ဝေဖန်တာနဲ့တိုက်ခိုက်တာတို့ဟာ ပြည်သူ့အကျိုးစီးပွားကို ဘယ်သူက ဘယ်လောက်အတိုင်းအတာအထိ ထိခိုက်နစ်နာစေသလဲ၊ ဒုက္ခဘေးအန္တရာယ်ဖြစ်စေသလဲဆိုတဲ့အချက်အပေါ်မှာနဲ့ ရန်ငါစည်းအခြေအနေအပေါ် မူတည်ပြီး စဉ်းစားဆုံးဖြတ်ကြရတာပဲ။
ကျွန်တော်တို့မှာ ပြည်သူ့လူထုအကျိုးစီးပွားမှတပါး အခြားမရှိပြီ။ ။
(စည်းအကြောင်း အရင်ကလည်း မကြာခဏ ပြောခဲ့ပါတယ်။ အချိန်ကာလနဲ့အခြေအနေအလျောက် ထပ်ပြောတာလည်း လုပ်ကြရမှာပဲ။ ဒါကြောင့် အခြေအနေကို မပြတ်လေ့လာနေကြရတာ ဖြစ်တယ်။ လက်တွေ့ဖြစ်ရပ်က အမှန်တရားရှာရမှာ ဖြစ်တယ်။)
၆-၉- ၂၀၁၈

0 comments:

Post a Comment