ကျနော်ကြီးရင် ဘာ မဖြစ်ချင်နှင့်ပတ်သက်သည်များ
ကျနော် ငယ်ငယ်က ဖြစ်ချင်တာတွေအလွန်များသည်။
ရေခဲချောင်းသည်၊ ကားဒရိုက်ဘာ၊ မျက်လှည့်ဆရာ၊ ဗေဒင်ဆရာ၊ ရုပ်ရှင်မင်းသား၊ ခြင်္သေ့ထိန်း၊
မီးသတ်သမား၊ ကောင်းဘွိုင်နှင့် အခြားထွေလီကာလီများ။
ထိုဖြစ်ချင်တာတွေထဲမှတချို့ကို ငယ်ဘဝမှာ ခဏတဖြုတ် ဖြစ်ခဲ့ဖူးတာရှိသည်။ လုံးလုံးမဖြစ်ခဲ့တာတွေလည်း
ရှိသည်။ သို့သော် ဘယ်နေရာမှာမှတော့ ပေါက်ပေါက်မြောက်မြောက် မဟုတ်။ ကျနော်မှတ်မိသလောက်ပြောရလျှင်
“သားသားကြီးရင် ဘာလုပ်မယ်”ဟု ဘယ်သူ့မှ ကျနော့်ကို မမေးဖူးသလို၊ ကျနော်ကလည်း မဖြေဖူးဘူးဟုထင်ပါသည်။
မေးလာခဲ့လျှင်လည်း ကျနော် ဘာပြန်ဖြေရမှန်း သိမည်မထင်ပါ။ ဘာ့ကြောင့်ဆိုတော့ ကျနော့်တွင်
ငယ်ဘဝဖြစ်ချင်သည်များသာရှိပြီး ကြီးလျှင်ဖြစ်ချင်သည်များကို မသိသောကြောင့် (သို့မဟုတ်)
မရှိသောကြောင့်ဟု ထင်ပါသည်။
သူငယ်ချင်းတချို့က သူတို့ကြီးရင် စစ်ဗိုလ်၊
ဆရာဝန်၊ အင်္ဂျင်နီယာ၊ ကျောင်းဆရာဖြစ်ချင်သည်ဟုပြောသည်ကို ကြားဖူးပါသည်။ “ဘာကြောင့် ဖြစ်ချင်ရတာလဲ”ဟု
ဆက်မေးသူနည်းသလို မေးလို့ဖြေပြန်လျှင်လည်း သင်ထားသည့်အတိုင်းတွေပဲ ဖြစ်နေသည်။ ဖြေသူတွေကိုယ်တိုင်က
“ဘာ့ကြောင့်ဖြစ်ချင်သည်”ကို မသိလို့နေမှာဟု ကျနော်က ထင်သည်။
စစ်ဗိုလ်ဖြစ်ချင်တယ်ဟုဖြေသည့်သူငယ်ချင်း မူးယစ်ဆေးဝါးအလွန်အကျွံသုံးပြီး
ကိစ္စချောသွားပါသည်။ အင်္ဂျင်နီယာဖြစ်ချင်သည့် သူငယ်ချင်းမှာ လက်ဘက်ရည်ဆိုင် ဖွင့်နေပါသည်။
ဆရာဝန်ဖြစ်ချင်သည့်သူငယ်ချင်းကား စစ်ဗိုလ်ဖြစ်ပြီး တိုက်ပွဲကျသွားပါသည်။ ကျောင်းဆရာဖြစ်ချင်သည့်
သူငယ်ချင်းက ကျောင်းဆရာဖြစ်ပြီးရိုးရိုးအေးအေး၊ ဆေးလိပ်ကအစ၊ အသောက်အစားလောင်းကစား၊
မိန်းမမှု ဘာတစ်ခုမှလည်း မပွေရပါပဲ ငယ်ငယ်ရွယ်ရွယ်နှင့် လေဖြတ်ပြီးအနိစ္စရောက်သွားပါသည်။
မသေခင်မှာ စိတ်ကျရောဂါ အကြီးအကျယ် ဖြစ်ခဲ့ပါသည်။
တခြားသူငယ်ချင်းများ သူတို့ဖြစ်ချင်တာတွေဖြစ်ကြသလား
မဖြစ်ကြသလားတော့ ကျနော်အသေအချာမသိပါ။ “ကြီးရင်ဘာလုပ်မယ်”ကို “ဘာမှ မလုပ်ဖူး”ဟု ပြန်ဖြေခဲ့သည့်
ထူးထူးခြားခြားသူငယ်ချင်းတယောက်မှာမူ နံမည်မကျော့်တကျော် အနုပညာသမားဖြစ်နေ၏။ ဦးသုခ၏
“ဘဝသံသရာ”သီချင်းကို တခါတခါ သတိရပါသည်။
ကျနော်ငယ်ငယ်က ရပ်ကွက်ထဲ ဂလိုင်လှုပ်ပြီးဝင်လာသည့်
ရေခဲချောင်းသည်အသံကြားလျှင် အလွန်ပျော်ပါသည်။ ရေခဲချောင်းသည် သည် ကလေးများအတွက် ပျော်ရွှင်မှုကိုဆောင်ကျဉ်းလာသူဟုတွက်ပြီး
ရေခဲချောင်းသည် ဖြစ်ချင်ခဲ့ပါသည်။ ခရီးသည်တွေကိုတင်၊ ကွမ်းလေး တမြုံ့မြုံ့၊ လည်ပင်းတဘက်လေးနှင့်
ချွေးသုတ်ကာသုတ်ကာ မောင်းနေသည့် ကားဆရာကြီးသည် အလွန်စတိုင်ကျသည်ဟုထင်ပြီး ဒရိုက်ဗာလည်း
ဖြစ်ချင်ခဲ့ပါသည်။ လူတွေကို ငေါက်သည့်ကားစပယ်ရာကို ဒရိုက်ဘာကြီးက ဟောက်လို့ရတာကို အလွန်သဘောကျပါသည်။
ပိုက်ဆံယူပြီးသူများ စိတ်ချမ်းသာအောင် ဗေဒင်နှင့်မျက်လှည့်ဆရာများသာ လုပ်နိုင်သည်ဟုထင်ကာ
ဗေဒင်နှင့်မျက်လှည့်ဆရာလည်း ဖြစ်ချင်ခဲ့သည်။ ကျောင်းစာမတတ်လည်း ဆရာအခေါ်ခံရသည်ကို သဘောကျမိတာလည်းပါသည်။
ဘယ်နေရာသွားသွား လူတွေက ဝိုင်းကြည့်ပြီး ကိုယ့်အမည်အခေါ်ခံရတာကောင်းသည်မှတ်ပြီး ရုပ်ရှင်မင်းသားလည်း
ဖြစ်ချင်ခဲ့သည်။ လူတိုင်းကြောက်ရသည့် ခြင်္သေ့ကြီးတွေ ကျားကြီးတွေကို ကြာပွတ်တရွှမ်းရွှမ်းဖြင့်ခိုင်းသည့်
ဆပ်ကပ် ခြင်္သေ့ထိန်းကြီးလည်း ဖြစ်ချင်ခဲ့သည်။ ရေတဝေါဝေါပန်းထွက်နေသည့် ပိုက်ကြီးနှင့်
တဝုန်းဝုန်းလောင်နေသည့်မီးတောက်ကြီးများကို ငြှိမ်းရသည်မှာ အရသာဟုထင်ပြီး မီးသတ်သမားလည်း
ဖြစ်ချင်ခဲ့သည်။ ခါးမှာ သေနတ်တို့လို့တွဲလောင်းချိတ်၊ ဆေးပြင်းလိပ်ကြီးခဲ၊ ဦးထုတ်တစောင်း
ဆောင်း၊ ထီမထင်မျက်နှာပေးဖြင့် မြင်းကြီးစီးကာ လူဆိုးတွေနှင့် တဒိုင်းဒိုင်းသေနတ်ပစ်ရလျှင်
လူတွေအားကျလိမ့်မည်ထင်ပြီး ကောင်းဘွိုင်လည်း ဖြစ်ချင်သည်။ တခြားထွေလီကာလီ ဖြစ်ချင်တာတွေလည်း
ရှိပါသေးသည်။
ထိုအရာအားလုံးသည် “ငယ်ဘဝမှာသာ ဖြစ်ချင်သည်”များ
ဖြစ်ပါသည်။ ကြီးလာလျှင် ထိုအရာတွေ ဖြစ်ချင်မဖြစ်ချင်ကိုမူ ငယ်ငယ်က မသိခဲ့ပါ။ ကြီးရင်ဘာဖြစ်ချင်ကိုသာ
မသိသော်လည်း ကြီးရင်မဖြစ်ချင်တွေကတော့ ကျနော့်တွင် အသေအချာရှိပါသည်။ ကြီးရင် ဘာဖြစ်ချင်လဲဟုသာ
မေးတတ်ကြသော်လည်း ကြီးရင်ဘာမဖြစ်ချင်ဘူးလဲဟုမေးခဲ့လျှင်
ပြန်ဖြေရန်အသင့်ရှိပါလျှက် ဘယ်သူကမှ တခုတ်တရမမေးဖူးကြောင်း အတိအကျပြောနိုင်ပါသည်။ ဘယ်သူမှ
မမေးဖူးဘူးတာ လုံးဝသေချာပါသည်။ လူကြီးများသည် ကလေးများအား ထိုသို့မေးရကောင်းမှန်းမသိလို့ဖြစ်မည်
ထင်ပါသည်။
ကျနော် မဖြစ်ချင်တာက များများစားစား မဟုတ်ပါ။
၂ ခုတည်းဖြစ်ပါသည်။ ကျနော်ကြီးလျှင် ရဲ(ပုလိပ်) မဖြစ်ချင်ပါ၊ ဆရာဝန် မဖြစ်ချင်ပါ။ မူလတန်းဖတ်စာအုပ်ထဲက
“ရဲသားကြီးကကိုလှရွှေ လူဆိုးဖမ်းဖို့စောင့်ရှောက်ပေ”ကို သရုပ်ဖော်ရာတွင် မျက်နှာအောက်ချပြီး
ရှက်ရွံ့သိမ်ငယ် နေဟန် ကလေးလေးတယောက်အား ပုလိပ်ကြီးတယောက်က
အင်္ကျီဂုတ်ပိုးမှဆုပ်ကိုင်ပြီး လက်ထိပ်တန်းလန်းဖြင့် ဖမ်းဆီးသွားပုံကို တွေ့ကတည်းက ကျနော်
ပုလိပ်မဖြစ်ချင်တော့ပါ။ ပုံထဲက ပုလိပ်သည် ကလေးတွေကိုဖမ်းသည်။ ထို့ကြောင့် ပုလိပ်သည်မကောင်း။
မကောင်းသဖြင့် မဖြစ်ချင်။
ငယ်ငယ်က သင်္ကြန်ရေကစားရင်း ခြေထောက်တွင် ပုလင်းကွဲရှသည်။
ဟက်တက်ကြီး ကွဲထွက်သွားသည်။ ဆေးခန်းရောက်တော့ ဆရာဝန်က ထုံဆေးမပေးပဲ ဒီအတိုင်းအစိမ်းချုပ်သည်။
နာလိုက်သည့်ဖြစ်ခြင်း။ ပုလင်းကွဲရှတာထက် ပိုနာသည်။ မနာအောင်လုပ်ရမည့် ဆရာဝန်သည် လူတွေကို
ပိုနာအောင်လုပ်သည်။ ထို့ကြောင့် ဆရာဝန်သည် မကောင်း။ မကောင်းသဖြင့် မဖြစ်ချင်။ ထိုအရာ
၂ ခုသည် ကျနော် ငယ်ငယ်ကလည်းမဖြစ်ချင်သလို ကြီးလာလျှင်လည်းမဖြစ်ချင်သည်အရာများ ဖြစ်ပါသည်။
ယခု ကြီးပါပြီ။ ဤ ၂ ခုလုံးမဖြစ်ပါ။ မဖြစ်သည့်အတွက်
ကိုယ့်ကိုယ်ကိုကြိတ်ပြီး ကျေးဇူးတင်ရပါသေးသည်။ ကျနော့်ကို တချို့က လူစုံဟု ပြောသည်။
ကျနော် “ဘဝနည်းနည်းစုံသူသာ”ဖြစ်သည်။ ကျောင်းပြေး၊ အိမ်ပြေး၊ ပြည်ပြေး ဖြစ်ဖူးသည်။ စစ်ပြေးတော့မဖြစ်ခဲ့။
စစ်သားနှင့် နိုင်ငံရေးအကျဉ်းသားဖြစ်ဖူးသည်။ ရာဇဝတ်သားတော့ မဖြစ်ခဲ့။ အိုးမဲ့အိမ်မဲ၊
တိုင်းမဲ့ပြည်မဲ့ ဖြစ်ဖူးသည်။ ယုံကြည်ချက်မဲ့၊ အဘိဓမ္မာမဲ့တော့ မဖြစ်ခဲ့။
ဖြစ်ဖူးတာတွေ အထိုက်အလျှောကရှိလာတော့မှ “ကဲ
ခုရော ပြောပါဦးမဖြစ်ချင်တာတွေ”ဆိုကာ ကိုယ့်ကိုယ်ကို ပြန်မေးမိသည်။ သည်တော့မှ မဖြစ်ချင်တာ(၂)ခု
ထပ်တိုးလာတာ တွေ့ရပါသည်။ တခုက နိုင်ငံရေးသမား၊ နောက်တခုက မီဒီယာသမား။
နိုင်ငံရေးဆိုသည် အာဏာလိုအပ်၍သာ လုပ်ရခြင်းဖြစ်သည်။
မလိုအပ်လျှင် လုပ်နေစရာဘာအကြောင်းမှ မရှိပါ။ လိုချင်သည့်စနစ်ကို ထူထောင်ဖို့ လုပ်ပိုင်ခွင့်ရှိရပါမည်။
လုပ်ပိုင်ခွင့်ဆိုသည်မှာ အာဏာဖြစ်သည်။ အာဏာကိစ္စမှန်လျှင် စိတ်ကူးသိတ်ယဉ်နေလို့မရပါ။
လက်တွေ့ကျကျ ရှင်းကြရပါသည်။ ရှင်းမှ ရပါသည်။ ရှင်းရာတွင် အနုနည်းနှင့်အကြမ်းနည်းပဲ
ကွာပါသည်။ ထိုသို့ ရှင်းရပြီဆိုလျှင် သူငယ်ချင်း၊ မိတ်ဆွေ၊ လုပ်ဖော် ကိုင်ဘက်မရှိတော့။
ကာလပေါ် စကားနှင့်ဆိုသော် ဘာမှ အထာထားလို့မရ။ ဆိုတော့ ရန်သူက မိတ်ဆွေဖြစ်မဖြစ် တပ်အပ်မပြောနိုင်သော်လည်း
မိတ်ဆွေတွေရန်သူဖြစ်ကုန်ကြတာ ဒက်ထိဖြစ်သည်။
မိတ်ဆွေတချို့ကို ထောင်ထဲထည့်တန် ထည့်။ တောထဲမောင်းပို့တန် ပို့။ မျက်နှာလွှဲတန်
လွှဲတွေ လုပ်ရတော့မည်။ အနည်းဆုံး အပုတ်တော့ ချရတော့မည်။ ကျနော်က ထိုကိစ္စတွေ မလုပ်ချင်။
ထို့ကြောင့် နိုင်ငံရေးသမားမဖြစ်ချင်။ ဖြစ်လည်း မဖြစ်ခဲ့။
တခုခုဆို ကျနော်က ဘက်လိုက်ချင်သည်။ လူသည် ဘက်မလိုက်လို့မရ၊
ဘက်လိုက်သည့်သတ္တဝါဖြစ်သည်ဟု မှတ်ယူ၏။ လောကသည် ဘက်ရှိသည့်နေရာ ဖြစ်ပါသည်။ ဘက်မလိုက်ဆိုသူများလည်း
မလိုက်သည့်ဘက်တခုခု ထူထောင်ပြီးမှ ထိုဘက်တွင် အတူစုနေကြရသည်။ ဘက်လိုက်သည့်အတွက် လူကို၊
လောကကို အပြစ်ဆိုစရာမရှိပါ။ လူ့သဘော လောကသဘောဖြစ်ပါသည်။ ဘယ်ဘက်ကိုလိုက်မလဲ ဆိုသည်က
လူ၏ရွေးချယ်ခွင့်ဖြစ်သည်။ ကြိုက်သည့်ဘက်ကိုလိုက်ပြီး မကြိုက်သည့်ဘက်ကိုဆန့်ကျင်ခြင်းသည်
လူ၏ မွေးရာပါ လွတ်လပ်ခွင့်ဖြစ်ပါသည်။ ထိုသို့ရှိနေသည့်ကြားက မီဒီယာဆိုတာ ဘက်မလိုက်ဆိုပြီးပြောနေသံများကြားရပါသည်။
သူ့တရားနှင့်သူ့စကား သူ့တို့အတွက်တော့ မှန်ကောင်းမှန်၊ ခိုင်လုံကောင်း ခိုင်လုံပါလိမ့်မည်။
ကျနော်က ဘက်မလိုက်ရဘူးဟုပြောပြီး ဘက်လိုက်ပေးနေကြရသည့် သူတို့အဖြစ်ကို ဘဝင်မခွေ့။ ကျနော်က
လိုက်ဖို့လိုလို့လိုက်တာဟု ဗြောင်ပြောပြီးကဏ္ဍကောစတိုက်တတ်သူ။ ထို့ကြောင့် ဘက်မလိုက်ရဆိုသည့်မီဒီယာသည်
ကျနော့်အတွက် မကောင်း၊ မကောင်းသဖြင့် မကြိုက်၊ မကြိုက်သဖြင့် မီဒီယာသမားမဖြစ်ချင်။
ဖြစ်လည်း မဖြစ်ခဲ့။
ခုတော့ ကျနော်လည်းကြီးပြီ။ ဘဝတွင်ဖြစ်ချင်တာသိဖို့ထက်
မဖြစ်ချင်တာသိဖို့က ပိုအရေးကြီးမှန်းလည်း သိလာပါပြီ။ ကျနော့်တွင် ယခု “သမီးကြီးရင်
ဘာမဖြစ်ချင်ဘူးလဲ”ဟု မေးကြည့်ရမည့် တူမလေးတယောက်ရှိလာပါပြီ။ ကျနော် သူ့ကို “သမီးကြီးရင်
ဘာဖြစ်ချင်လဲ”ဟု မေးမည် မဟုတ်ပါ။ ဖြစ်ချင်တာထက် ဖြစ်သင့်တာကိုဦးစားပေးရမယ်တို့ နှလုံးသားထက်
ဦးနှောက်ကိုအလေးပေးရမယ်တို့ ဘာတို့ညာတို့တွေနှင့် တူမလေးကို ခေါင်းမစားစေချင်။ သူ့ဘာသာသူ
ချင့်ချိန်တတ်သည့်အရွယ်တွင် ကိုယ်ဘာဖြစ်ချင်နှင့် ဘာမဖြစ်ချင်ကိုသိပြီး ဖြစ်ချင်တာကိုလုပ်
မဖြစ်ချင်တာကိုမလုပ်ပဲနေလျှင်တော်လှပြီ။ ခု ကျနော့်စိတ်ထဲ သူ့အဖြေကို သိချင်နေပါသည်။
သူ စာဖတ်ခြင်း၌ပျော်မွေ့တတ်ရန်တော့ ကျနော် တတ်နိုင်သလောက်လုပ်ပေးပါမည်။
(မျိုးမြင့်ချို )ဒီဇင်ဘာ၊ ၂၁ ရက် ၂ဝ၁၁
0 comments:
Post a Comment