(မိုးပေါ်ထောင်ဖေါက်တာပါ) မျိုးမြင့်ချို
စိတ်ချပါ။ ICC လည်း မတင်ပါ။ R2P လည်း ဝေလာဝေးပါ။ အမျိုးသားညီညွတ်ရေးနဲ့ရင်ဆိုင်မယ်တို့ သောက်ဂရုစိုက်စရာမလိုဘူးတို့ ပြောစရာမလိုပါ။ ကိုယ် မယဉ်ကျေးကြောင်း လူသိသွားတာပဲ အဖတ်တင်မှာပါ။ ဟိုက ဘာမှ လုပ်မှာမဟုတ်ပါ။ မကောင်းတတ်လို့ ထွက် ဟန့်တဲ့သဘောပါ။ ပြဿနာက ကမ္ဘာချီသွားလို့ မျက်နှာပျက်ကြေး တောင်းတာလောက်ပါ။ စီးပွားရေးပိတ်ဆို့မှုလည်း လုပ်စရာမရှိပါ။ လုပ်လည်း ဘာအကျိုးမှမရှိကြောင်း၊ ပိတ်ဆို့လိုက်လို့ အပြောင်းအလဲဖြစ်သွားမှာမဟုတ်မှန်း ဘဝပေးအသိအရ သူတို့သိပါတယ်။ နိုင်ငံရေးသဘောအရ ထိခိုက်ပွန်းရှသွားတာမျိုးတော့ ဖြစ်မှာပါ။ ဆင်းရဲတဲ့ပြည်က အခြေခံလူတန်းစားတွေရဲ့ ထမင်းလုပ်ကို ပုတ်ချသလိုဖြစ်ရင် အာဏာရှင်ကဝါဒဖြန့်ရ လွယ်ပါတယ်။ အထည်ချုပ်သမလေးတွေ အလုပ်ပြုတ်တာ ထုတ်ထုတ်ပြမှာပါ။ စစ်ခေါင်းဆောင်တချို့ကို လူမြင်ကောင်းအောင် နည်းနည်းပါးပါး ကျပ်ကျပ်ပေးတာတော့ ရှိမှာပါ။
တိုင်းပြည်တိုင်းဟာ တို့နိုင်ငံက ပထဝီနိုင်ငံရေးအရ အရေးပါတယ်တို့၊ နိုင်ငံရေးပထဝီအရ အရာရောက်တယ်တို့ ပြောကြစမြဲပါ။ အဆန်းမဟုတ်ပါ။ ဒီပထဝီနိုင်ရေး/နိုင်ငံရေးပထဝီတွေပြပြီး တပ်ကြီးတွေနဲ့လည်း ဝင်ချမလာပါ။ ၈၈ တုန်းက ရေတပ်သင်္ဘောကြီး မယောင်မလည်လာလုပ်ပြီး ပြန်သွားပါတယ်။ နာဂစ်တုန်းက ရေတပ်သင်္ဘောတွေ အကူအညီပေးမယ့်မျက်နှာ လာပြပေမယ့် လက်မခံနိုင်ပါဆိုတော့ ကျောက်နှုတ်ပြီး တပ်ခေါက်သွားပါတယ်။
ဒီခေတ်မှာ နိုင်ငံကြီးတွေဆိုတာ ကိုယ်ကျိုးစီးပွားနဲ့ယှဉ်ပြီး သူတို့ချင်း စေ့စပ်သွားကြတာပါ။ ကြားက ငထွားတွေပဲ ခါးရော ရင်ရော နာကြရတာပါ။ ကုလသမဂ္ဂတို့ လုံခြုံရေးကောင်စီတို့မှာ ဗီတိုအာဏာပေးထားတာ အလကားမဟုတ်ပါ။ တတိယအကြိမ် ကမ္ဘာနဲ့ချီလုယက်ပွဲကြီးတခု ဖြစ်မလာစေဖို့ပါ။ နိုင်ငံဘုစုခရုလေးအရေးထက် သူတို့အရေးကို သူတို့ဘာသာ ဆုံးဖြတ်နေကြတာပါ။
စစ်ဗိုလ်တွေ လတ်လျားလတ်လျားနဲ့ အပြင်ထွက် ခြေရှည်ရင် ဆွဲစေ့လိုက်ဖို့လည်း လောလောဆယ်အထိ မမြင်မိပါ။။ ထွက်စရာရှိ ထွက်ပါ။ သတင်းမီဒီယာတွေ နိုင်ငံရေးသမားတွေနဲ့တော့ တိုးမိတိုက်မိမှာပါ။ ရင်ဆိုင်ရမှာပါ။ မေးခွန်းတွေနဲ့ ပစ်ခတ်ကြမှာပါ။ ဒါလည်း ပြေပြေပြစ်ပြစ်နဲ့ ချောဆီထိုးတတ်ရင် ပြေပြေပျောက်ပျောက်ဖြစ်သွားမှာပါ။ ခုတောင် စစ်တပ်ကိုယ်စား ဒေါ်စုကနေ ဗီယက်နမ်မှာ ဒီ့ထက်ကောင်းမယ့်နည်းတွေနဲ့ ဖြေရှင်းခဲ့ရကောင်းသား..လို့ လေသံပြောင်းသွားတာ တွေ့ရမှာပါ။ RFA နဲ့ပြောတာမှာလည်း ပြန်ဝန်ဟောင်းရဲထွဋ်က ရိုဟင်ဂျာကို ရိုဟင်ဂျာလို့ခေါ်ဖို့ပြောတာ အလကားမဟုတ်ပါ။ နိုင်ငံသားဖြစ်ခွင့်ကို ၈၂ လူဝင်မှုဥပဒေနဲ့ ဆန်တုတ်(ဇလုပ်)တိုက်ပြီးပေးဖို့ပြောတာကတော့ ရှေ့လူတွေနဲ့ ထူးမခြားနားပါ။ သန်းရွှေနဲ့တူလာပြီဆိုတဲ့စကားကတော့ သန်းရွှေသဘောမပါရင် ရဲထွဋ်မပြောဝံ့ပါ။ သန်းရွှေကို နံမည်တပ်ပြီး ထိတာမပြောနဲ့ ရိပ်ဖမ်းသံဖမ်း ပြောတဲ့ စစ်ဗိုလ်ဟောင်း/သစ်တွေ ခြေထောက်ကိုင်မတတ် တောင်းပန်ခဲ့ရတာ အမြင်သာကြီးပါ။ ဗီယက်နမ်ပွဲကလေသံအပြောင်းနဲ့ ရဲထွဋ်ရဲ့အလှည့်ဟာ ရိုဟင်ဂျာတို့ကြမ္မာကို မပြောင်းနိုင်တဲ့ ပျားရည်နဲ့ဝမ်းချမှုတာပါ။ အချိတ်အဆက်မိမိ ထွက်ကစားကြတာပါ။
စစ်ခေါင်းဆောင်တချို့ လူအပြောင်းအလဲလေးလောက် လုပ်ပြလိုက်ရင် ကိစ္စပြီးမှာပါ။ ကျေနပ်ကြမှာပါ။ ဒီစစ်တပ် ပြိုကွဲသွားမှာကို စစ်အုပ်စုထက်တောင် သူတို့က ပိုကြောက်ပါတယ်။ လူပြောင်းကစားပေမယ့် ဗမာ့နိုင်ငံရေးမှာ စစ်တပ်တခုတည်းကိုင်ကစားရင် မဟန်မှန်းသိလို့၊ လူထုဆန့်ကျင်ရေးဖြစ်သွားမှာသိလို့ ဒေါ်စုနဲ့ ဂဟေဆက်ခိုင်းထားတာပါ။ ဒီဂဟေဆက် အပျက်မခံနိုင်တာက စစ်တပ်ရော ဒေါ်စုရော သူတို့ရော ၃ ဘက်လုံး ဖြစ်ပါတယ်။ ပြည်တွင်းမှာ စစ်တပ်နဲ့ဒေါ်စု ၂ ပွင့်ကတော့ ပူးသထက်ပူးနေတာ မြင်သာမှာပါ။ ဒီ့ထက် ပိုပူးရင် စစ်တပ်နဲ့ စီးစီးထွေးထွေးရှိသွားမယ်လို့ ဒေါ်စုကတွက်သလားမပြောတတ်ပါ။ ဒါ့ကြောင့် အသည်းအသန် ကာနေကွယ်နေသလားလည်း တွေးစရာပါ။ စစ်တပ်ကတော့ ရန်သူကို ဘယ်တော့မှ မိတ်ဆွေဖြစ်အောင်မလုပ်ပါ။ သူ့ဘက်က ရန်ငါစည်းပြတ်ပါတယ်။
ဗမာပြည်သေရေးရှင်ရေးဖြစ်လို့ စစ်တပ်နဲ့ယှဉ်ရွေးရမယ်ဆို စစ်တပ်ကိုပဲ သူတို့ ရွေးမှာပါ။ မသေမရှင် ဆန့်ငင်ဆန့်ငင်ဖြစ်နေတုန်းက သမိုင်းနောက်ခံတွေ ပြန်ကြည့်ပါ။ သူတို့ ဘယ်သူ့ကို ရွေးခဲ့တယ်ဆိုတာ ထင်ရှားပါတယ်။
စစ်အုပ်စုရော သူတို့ပါ ရိုဟင်ဂျာပြဿနာကို လိပ်ခဲတည်းလည်းထားပြီး လိုတဲ့အချိန်ကောက်ကိုင်ဖို့ ကြိုးရှည်ရှည်နဲ့ လှန်ထားမှာပါ။ ပြဿနာကို မြွေမသေတုတ်မကျိုးနည်းနဲ့ ရှင်းနိုင်ဖို့ ခြေလှမ်းပြင်နေတာကို မြင်သာမှာပါ။ ရိုဟင်ဂျာကိစ္စတခုတည်း ကောက်ကိုင်ပြရင် မျက်နှာမလှမစိုးလို့ တခြားလူမျိုးစုအရေးတွေပါ ကျွဲကူးရေပါ အထည့်ပြတာပါ။ ရိုဟင်ဂျာပြဿနာကို ဗမာပြည် ဒီမိုကရေစီရေးပြောင်းလဲမှုနဲ့ သူတို့ ဆက်စပ်မထားပါ။
ဘင်္ဂလားဒေ့ရှ်ကတော့ ဝန်ထုံ့ဝန်ပိုရော ဝန်ထုပ်ဝန်ပိုးရော ပိနေဦးမှာပါ။ မစို့မပို့အထောက်အပံ့လေးတွေနဲ့ ရိုဟင်ဂျာတွေ မသေရုံတမယ် ရှင်နေကြရမယ့်ကာလ ဘယ်လောက်ကြာမယ် မမှန်းနိုင်သေးပါ။ သူတို့အနာဂတ်ကို သူတပါးက ဘယ်အချိန် ဘယ်လို ဆုံးဖြတ်လိုက်မလဲ တထိတ်ထိတ်နဲ့ ရင်မနေရဦးမှာပါ။
ရိုဟင်ဂျာအရေးဆောင်ရွက်နေသူတွေ ICC တို့ R2P တို့တွေနဲ့ မစားရဝခမန်း လေလုံးထွားပြီး ပိုတဲ့စကားနဲ့ ခြောက်လုံးတွေ သင်္ကြန်အမြောက်တွေနဲ့ မီးရှူးမီးပန်းဖေါက်တာတွေ ရပ်ပါ။ အရည်မရအဖတ်မရနဲ့ လူစောက်မြင်ကပ်တာပဲ အဖတ်တင်မှာပါ။
ပြည်တွင်းကပြဿနာကို ပြည်တွင်းကပဲရှင်းရပါတယ်။ ပြည်ပနေသူတွေကတော့ မြင်တာပြောလို့ပဲရပါတယ်။
အကြံဉာဏ်ပြုလို့ပဲရပါတယ်။ ယူတာမယူတာကတော့ ကာယကံရှင်တွေကိစ္စပါ။
နိုင်ငံရေးသဘောအရကြည့်ရင် ကိစ္စတိုင်းဟာ နိုင်ငံရေးပါ။ နိုင်ငံရေးတိုင်းမှာ ဘက်သဘောရှိပါတယ်။ ဘက်သဘောအရကြည့်ပြီးပဲ တရားမျှတတယ် မမျှတဘူးပြောကြတာပါ။ တရားမျှတမှုကိုလိုချင်ရင် ဘက်လိုက်ရပါတယ်။
စက်တင်ဘာ ၁၈၊ ၂ဝ၁၈

0 comments:
Post a Comment