Monday, September 3, 2018

ဒေါသထွက်နေသောလူအုပ်ကြီး၏အစိပ်အပိုင်းများ(မျိုးမြင့်ချို)

0 comments
(ဒေါသထွက်နေသောလူအုပ်ကြီး၏အစိပ်အပိုင်းများ)
ခုတလော ရန်ကုန် မန္တလေးအပါအဝင် မြို့ကြီး မြို့ငယ်များတွင် ခိုးဆိုးလုယက်မှု၊ ဓားခုတ် ဓားထိုးမှုတွေ စိပ်သထက် စိပ်လာနေသည်ကို သတိထားမိ၏။ ရာဇဝတ်မှုတွေ ထူပြောလာ၏။ ဓားလွတ်ကိုင်လုယက်မှု ကျူးလွန်သူတွေကြည့်တော့လည်း အသက် ၂ဝ နှင့် အစိပ် ၃ဝ ကြား လူရွယ်တွေများ၏။ ယင်းတို့၏ ဥပဓိရုပ်၊ ဆံပင်အပါအဝင် ဝတ်စားဆင်ယင်မှုတို့မှာလည်း မိုက်တိမိုက်ကန်းပုံတွေဖြစ်နေ၏။ ထိုးထိုး ထောင်ထောင်လေးတွေ ဖြစ်ကြ၏။ ပြီးတော့ လူရိုက်လူသတ် ဓားခုတ်ဓားထိုး အုပ်စုဖွဲ့သောင်းကြမ်းမှုတို့တွင် လက်ယဉ်နေသူများ၊ ထမင်းစား ရေသောက်ဖြစ်နေသူများဟု ခန့်မှန်း၍ရ၏။ ဥပဒေအရတားမြစ်ထားသည့် အရွယ်အစားထက်ကြီးသည့် တုတ် ဓား လက်နက်များကို တရားဝင်သဘော ကိုယ်နှင့်မကွာ ဆောင်ထားကြသည်များလည်း တွေ့ရ၏။အရပ်သူအရပ်သားကို မဆိုထားနှင့် ရဲအပါအဝင် မည်သည့်အာဏာပိုင်ကိုမှ ထီမထင်ဟန် မမှုဟန် လည်းတွေ့ရ၏။ သူတို့တွင် ကြောက်စရာလူ မရှိသည့်အလားပင်။ အားကိုး တခုခုရှိနေသည့်အလားပင်။

ခုတလော စိတ်ကြွဆေးပြား ဖမ်းဆီးရမိဆိုသည့် သတင်းများက ပလူပျံနေအောင်ဖြစ်နေ၏။ လက်ဝယ် ဆေးပြားအနည်းတွေ့ရှိသည်မှ ကားစင်းလုံးတိုက်အထိဖြစ်၏။ နံမည်ကြီး ခရိုနီများနှင့်အဆက်အစပ်ရှိသည်ဟု ယူဆရသောအမှုများလည်း ရှိ၏။ အထည်ကြီးလက်ကြီး ဖမ်းမိသည့်အခါတိုင်း ပိုင်ရှင်မဲ့များဖြစ်ကုန်၏။ ဖမ်းမိသည့်ပမာဏပင် ဤမျှ ရှိသည်ဆိုလျှင် ဖမ်းမမိသည့်ဆေးများ မည်မျှအထိရှိနိုင်မည်နည်း ကလည်း တွေးစရာဖြစ်လာ၏။ အဖမ်းခံရသည့်သုံးစွဲသူများလည်း မနည်းမနော။ အနုပညာနယ်မှ ထင်ရှားသူများလည်းပါ၏။ အဖမ်းမခံ ရသည့်သုံးစွဲသူများ မည်မျှရှိနိုင်မည်နည်းကလည်း ဆင်ခြင်စရာဖြစ်နေ၏။ ထို စိတ်ကြွဆေးဝါးများသုံးစွဲပြီးလျှင် လူသည် လူစိတ်ပျောက် သိစိတ်ယွင်းကာ ထင်ရာမြင်ရာတွေကို အနေအနားမရှိ လုပ်တတ်သည်ဟု ကြားဖူး၏။ ကိုယ့်ဘာသာ ဘာလုပ်လို့လုပ်နေမှန်းမသိ လုပ်နေသည့်သဘောပင်။

တိုင်းပြည်သည် စစ်အုပ်စု၏ဂုတ်သွေးစုပ်မှု ကိုယ်ကျိုးရှာမှုများကြောင့် ဖွတ်ကြောပြစုဖြစ်နေသည်မှာလည်း လူတိုင်းအသိပင်။ တိုင်းပြည် ဆင်းရဲခြင်းဆိုသည်မှာ လူတွေမွဲတေနေခြင်းကိုဆို၏။ လူတွေ လူတန်းမစေ့ခြင်းဖြစ်၏။ စစ်ဗိုလ်ကြီးငယ်များကား သုံး၍မကုန် ဖြုန်း၍မခမ်း စည်းစိမ် ယစ်ချင်တိုင်းယစ်နေကြသည်ကို လူတိုင်း မြင်နေသိနေ၏။ ဥစ္စာလည်း ပိုင်ထား၏။ အာဏာလည်းကိုင်ထား၏။ လူထုရွေးချယ် တင်မြှောက်ထားသည့် အစိုးရဆိုသည်မှာလည်း အမည်ခံသက်သက်။ အာဏာလက်ဝေခံသက်သက် ဖြစ်နေ၏။ စစ်အုပ်စု အလိုကျ ကပြ အသုံးတော်ခံနေရသည့်ဘဝ ရောက်နေ၏။ စေသည့်ကျွန် ထွန်သည့်နွားပမာပင်။ ဘာ ဖွံ့ဖြိုးတိုးတက်မှုကိုမှ မယ်မယ်ရရမလုပ်နိုင်သလို လုပ်မရအောင်လည်း အဆို့အပိတ်တွေ အဟန့်အတားတွေများ၏။ ဤတွင် တိုင်းပြည်စီးပွားရေးချွတ်ခြုံကျ၊ ကုန်ဈေးနှုန်းတွေတက်၊ အလုပ် လက်မဲ့တွေများကာ လူတွေ ဆင်းရဲတွင်းနက်နက်လာ၏။

လူသည် ဆင်းရဲ ငတ်မွတ်လာလျှင် ခိုးဝံ့သူခိုး၏။ လုဝံ့သူ လု၏။ ဓားမြတိုက်ဝံ့သူ တိုက်၏။ ခြေကောင်းလက်ကောင်းကြီးနှင့် ဘယ်သူမှ ငုတ်တုတ် အငတ်မခံနိုင်ကြ။ ထမင်းငတ်လို့ ခိုး ဆိုးလုယက်တာကို နားလည်ပင်နားလည်ငြားလည်း ထိုကိစ္စသည် ရာဇဝတ်မှုကျူးလွန် ခြင်းသာဖြစ်၏။ ယခု လုယက်သတ်ဖြတ်နေသူများထဲတွင် ထမင်းငတ်သူများ ပါနိုင်သည်ကို မငြင်းပါ။ ထို့အတူ ဆေးကြောင်ပြီး သောက်စား မူးယစ်ပြီး ရမ်းကားနေကြခြင်းသက်သက်ဟု ပြောသည်ကိုလည်း အပြည့်အဝ သဘောတူစရာမရှိပါ။ ပြဿနာ၏လက်သည်တဦးမှာ ဆင်းရဲမွဲတေခြင်း ဖြစ်၏။ စိတ်ကြရူးသွပ်ဆေးဝါးများမှာ မင်းကြီးတာကထွက်တွေဖြစ်၏။သို့သော် ပြဿနာသည် ဆင်းရဲခြင်းနှင့် စိတ်ကြွဆေးပေါင်းမိရုံ သက်သက်ကြောင့် မဟုတ်ဟုပြော၍ရ၏။

ခိုးဆိုးလုယက် ဓားခုတ်ဓားထိုးဓားခုတ်မှု ကျူးလွန်သူများအား ဖမ်းမိမိခြင်း အရက်သေစာ မူးယစ်ဆေးဝါးသုံးစွဲထားမထား ဆီးစစ်သွေးစစ် လုပ်ကြည့်သလား မကြည့်သလားတော့ မပြောတတ်။ ပါးစပ်က အရက်နံ့ထွက်နေ၊ လူက ကယိမ်းကယိုင်ဖြစ်နေတာကိုထောက်ပြီး မူးယစ်ရမ်းကားသူဟု အလွယ်သတ်မှတ်လို့ရသော်လည်း စိတ်ကြွဆေးမှာ အနံ့လည်းမထွက် လူလည်း မယိုင်ဟုဆို၏။ သို့ဆိုလျှင် အရက် မူးယစ်ဆေးဝါး သုံးစွဲထားသည်ဟုယူဆရလျှင် ဖမ်းမိသူအား ဖမ်းမိမိခြင်း ဆီးစစ်သွေးစစ်တာတွေ လုပ်ရမည်ဖြစ်၏။ ယင်းအမှုကျူးလွန်သူတို့၏ မျက်နှာအမူအယာမှ မှန်းဆကြည့်လျှင် ဆေးစွဲနေတာလိုလို ဆေးကြောင်နေတာလိုလို အရိပ်အခြေတွေ ပုံတွေမြင်နေရ၏။ တချို့လည်း အမှန်တကယ်ပင် စိတ်ကြွဆေးများ သုံးစွဲထားသည်ဟုဆို၏။

ထို့ကြောင် သာမန်လူအများနှင့် စစ်အုပ်စုအလိုတော်ရိများက ထို ကျူးလွန်သူတွေသည် ဆေးသမားတွေ အရက်သမားတွေ၊ ဆေးကြောင် အရက်မူးပြီး ခိုးဆိုးလုယက်နေကြတာဟု မြင်ကြ ပြောကြ၏။ သာမန်လူတွေက တကယ့်နောက်ကွယ်က အတိမ်အနက်ကို ဆဝါးနိုင်ခြင်း အားနည်းသဖြင့် သာမန်တွေးပြီး သာမန်ပြောလိုက်ခြင်းမို့ နားလည်ပေးလို့ရ၏။ စစ်အလိုတော်ရိတွေ စစ်ဝါဒဖြန့်ချိရေးသမားတွေပြောတာ ကြတော့ မကောင်းသည့်စေတနာနှင့် ကောက်ကျစ်ယုတ်ညံ့သည့် လှည့်ဖျားမှုပါ၏။ နိုင်ငံရေးသဘောပါ၏။ လုပ်ကြံမှုပါ၏။ ဤနေရာတွင် သာမန်လူများ အမြင်ကို ပြောလိုသည်မဟုတ်ဆိုသော်လည်း သာမန်လူတို့အား နောက်ကွယ်ကစနက်များကို သိမြင် နားလည်အောင် တတ်နိုင်သူတိုင်းက တတ်နိုင်သမျှ တတ်နိုင်သည့်ဘက်မှ ဖွင့်ချပြ၊ မျက်နှာဖုံးခွာချပြကြဖို့ လိုမည်ဟုထင်၏။

ယခု အုပ်စုဖွဲ့ရိုက်နှက် သတ်ဖြတ်လုယက်နေသူများမှာ သိန်းစိန်လက်ထက်က တရားဝင်အကြမ်းဖက်ခွင့်လိုင်စင်ရ “ဒေါသထွက်နေသော လူအုပ်ကြီး”၏ အစိပ်အပိုင်းများဖြစ်ဖို့ရှိ၏။ စစ်အုပ်စုက အကာအကွယ်ပေးထားသည့် လူဆိုးလူမိုက်များဖြစ်နိုင်၏။ ဤသည်ကို အကြောင်းမဲ့ ပြောခြင်းမဟုတ်ပါ။ အရပ်ထဲကလူတွေက ဝိုင်းဝန်းဖမ်းလာပြီး ရဲစခန်းသွားအပ်၏။ ရဲကလွှတ်ပေးလိုက်ရ၏။ အထက်အမိန့်မပါဘဲ စခန်းမှူး လောက် ရဲအုပ်လောက်လူသည် ဤမျှ ရဲရဲတင်းတင်းမလုပ်ဝံ့ပါ။ ယခင်က ဒေါသထွက်နေသောလူအုပ်ကြီး လုယက်ဖျက်ဆီးနေသည်ကို ရဲက လုံခြုံရေးယူပေးခဲ့ရသည်မှာ မျက်မြင်ဖြစ်၏။ တချိန်က စစ်အုပ်စုအကျိုးကိုသယ်ပိုးခဲ့သော “ဒေါသထွက်နေသည့်လူအုပ်ကြီး၏ အစိပ် အပိုင်းများ” ကို ယခု ပြန်ငဲ့ညှာနေခြင်းဖြစ်၏။ ရည်ရွယ်ချက်ရှိရှိ တမင်လွှတ်ပေးထားခြင်းဖြစ်၏။ လိုသည့်အချိန် လူပြန်စုရလွယ်အောင် တပ်လှန့်ထားခြင်းဖြစ်၏။ သွေးဆူခိုင်းထားခြင်းဖြစ်၏။

လစ်လပ်အမတ်နေရာ ရွေးကောက်ပွဲလည်း နီးလာပြီဖြစ်၏။ ၂ဝ၂ဝ တွင် အထွေထွေရွေးကောက်ပွဲလည်းရှိ၏။ ဒေါ်စုကလည်း မဲဆွယ်သည့် သဘော လူလုံးထွက်ထွက်ပြနေ၏။ နှုတ်မှလည်း သူ့ပါတီမဲပေးရန်ပြော၏။ လူကိုမကြည့်နဲ့ ပါတီကိုကြည့်ဆောင်ပုဒ်ကို ဖုန်သုတ်ပြီး ပြန်တင် လာ၏။ လူမျိုးစု(တိုင်းရင်းသား) နယ်မြေများတွင် အရင်ကလောက် NLD အပေါ် တိမ်းညွှတ်မှု မရှိတော့တာ မြင်နေရ၏။ ဒီကြားထဲ အစိုးရ အနေနှင့် မစွမ်းဆောင်နိုင်မှုတွေကြောင့်၊ စစ်အုပ်စုကို အကာအကွယ်ပေးလွန်း၊ အလျှော့ပေးလွန်းတာတွေကြောင့်၊ ပါတီတွင်းအရှုပ်အရှင်း တွေကြောင့် လူထု၏ ကိုးစားယုံကြည်မှု ပွန်းလာ၏။ ပါတီဝင်ထုကြားမှာလည်း စည်းရုံးရေးစည်းလုံးရေးပါ တတိတိကျလာ၏။ မသင့်မမြတ် တွေဖြစ်လာ၏။

ထိုအချိန်တွင် စစ်တပ်ပါတီက လှုပ်လှုပ်ရှားရှား အတော်လုပ်နေ၏။ NLD ကို ဗြောင်ကျကျ ထိုးနှက်တိုက်ခိုက်နေ၏။ စစ်တပ်ကလည်း မမှန် ဝါဒဖြန့်မှုတွေ တွင်တွင်လုပ်နေ၏။ သိန်းစိန်လက်ထက်ကထက် ပို၍ ကုန်ဈေးနှုန်းကြီးမြင့်လာခြင်း၊ ငွေတန်ဖိုးကျသွားခြင်း၊ အလုပ်လက်မဲ့ ပေါလာခြင်း စသည်များမှာ NLD အစိုးရညံ့လို့ဖြစ်သည်ဟု ဝါဒဖြန့်၏။ မှိုင်းတိုက်၏။ NLD နှင့် လူထုကို လှည့်တိုက်ပေး၏။ စစ်တပ်နှင့် စစ်တပ်ပါတီ ဟန်ချက်ညီညီ အပေးအယူမျှမျှ ကစားနေ၏။ ၂ဝ၂ဝ ရွေးကောက်ပွဲကို စစ်တပ်ပါတီက အားခဲထား၏။ နိုင်လျှင်လည်းနိုင်ရမည်၊ ရှူံးလျှင်လည်းနိုင်ရမည်ဟု မကြွေးကြော်သေးတာ တခုပဲရှိ၏။ အတိတ်က တည်မြဲဖဆပလ ဆိုရှယ်ဖက်ဆစ်များနှင့်စစ်အုပ်စု ပင်းပြီး လုပ်ခဲ့သည့် ရွေးကောက်ပွဲကို ပြန်သတိချပ်ကြဖို့ လိုမည်ထင်၏။ မတရားမှုတွေ ဘက်လိုက်မှုတွေတင်းကြမ်းနှင့် လူသတ်ပွဲတွေအထိ ဆိုက်ခဲ့၏။ ယခုလည်း ထိုအဖြစ်မျိုး တကြော့မပြန်ဟု မည်သူ အာမခံဝံ့မည်နည်း။ ပြန်နိုင်စရာ အရိပ်အငွေ့များလည်း ရှိနေ၏။ စစ်အုပ်စုလည်း အအုပ်အစီးမပျက်ရှိနေ၏။

ယခု ခိုးဆိုးလုယက် သတ်ဖြတ်သောင်းကြမ်းနေသည့် “ဒေါသထွက်နေသောလူအုပ်ကြီး၏အစိပ်အပိုင်းများ”သည် ဆေးကြောင်ကြောင် မကြောင်ကြောင်၊ အရက်မူးမူး မမူးမူး လူသတ်ရန် လက်ယဉ်နေသည့် လက်မရွံ့များဖြစ်၏။ ငွေစလေးအနည်းပေး၊ တရားဝင်လုယက်ခွင့် ပေးလိုက်ရုံနှင့်ရသည့် ပြည်ဖျက်အင်အားစုဝင်တွေဖြစ်၏။ စစ်အုပ်စု၏ လက်ပါးစေများဖြစ်ကြ၏။ လိုလျှင် အချိန်မရွေး ထမွှေးနိုင်သော ဘာသာရေး လူမျိုးရေးမီးလည်း ဖန်တီးထားပြီးသားဖြစ်၏။ တိုင်းပြည်မငြိမ်မသက်ဖြစ်အောင် တမဟုတ်ခြင်းဖန်တီးနိုင်ရန် မွေးထားသည့် အကြမ်းဖက်အင်အားစုလည်း အရံသင့်ရှိနေ၏။ သတိရှိကြစေချင်၏။

ချုပ်ရသော် လုယက်သတ်ဖြတ်မှုများ၏ လက်သည်မှာ ဆေး၊ အရက်၊ ဆင်းရဲမွဲတေမှုနှင့် စစ်အုပ်စု၏နိုင်ငံရေးရည်မှန်းချက်တို့ဖြစ်၏။
မျိုးမြင့်ချို(စက်တင်ဘာ ၃။ ၂ဝ၁၈)

0 comments:

Post a Comment