ဒေါ်ခင်ကြည်ပြောပြတဲ့
လူ (၅)ယောက်အကြောင်း (လှကွန့်) (အစပိုင်း ၃)
ဧပြီ
၂ဝ၁၂ မြန်မာသစ်မဂ္ဂဇင်းမှ
နောက်တယောက်က
နံမည်ကြီးခေါင်းဆောင်ကြီးတစ်ဦး ဝန်ကြီးချုပ်တစ်ဦးအဖြစ် လွတ်လပ်ရေးရခဲ့တဲ့၁၉၄၈ ကနေ
၁၉၆၂ အထိ ဆောင်ရွက်ခဲ့တဲ့ ဦးနုပါ။ နောက် ကွန်မြူနစ်တွေကို တောထဲမောင်းချလိုက်တာ၊ ဆက်တိုက်ဆိုသလို
ပြည်တွင်းစစ်ကြီး ကျယ်ပြန့်ကြီးမား လာတာ၊ ပြည်တွင်းစစ်ကို အကြောင်းပြပြီး ဗိုလ်နေဝင်းက
စစ်တပ်တိုးချဲ့တာ။ စစ်အုပ်စုကိုအားကောင်းအောင်လုပ်လာတဲ့အထိပဲ။ ၁၉၅၈ ခုနှစ်မှာ ဗိုလ်နေဝင်းကို
ဦးနုက နိုင်ငံတော်အာဏာလွှဲပြောင်းပေးအပ်ပြီး အိမ်စောင့်အစိုးအဖြစ်အုပ်ချုပ်စေတာ။
အဲ့ဒီမှာ
ပြည်တွင်းစစ်ရပ်စဲပြီး ငြိမ်းချမ်းရေးကိုတည်ဆောက်ဖို့၊ နှစ်ဖက်တန်းတူရည်တူဆွေးနွေး၊
သင်ပုန်းချေစတဲ့နည်းတွေ သုံးရမယ့်အစား တဖက် လက်နက်ကိုင်အင်အားစုတွေ လက်နက်ချအညံ့ခံဖို့ကိုသာ
တလျှာက်လုံးတောင်းဆိုခဲ့တာဖြစ်တယ်။ ဒီလိုလုပ်တာဟာ ဗိုလ်နေဝင်း စစ်တပ်နဲ့ ဆိုရှယ်လစ်ဒီမိုကရက်တွေအကြိုက်
လုပ်တာပဲ။ တကယ် ဒီလိုဖြစ်လာတာဟာ ဦးနုမှာတာဝန်ရှိတယ်။ ဦးနုဟာ သူတစ်ပါး ပြောတာကို ယုံလွယ်တယ်။
ဒါဟာ သူ့ရဲ့အားနည်းချက်ပဲ။ ဒီအားနည်းချက်ဟာ သူ့အတွက်အန္တရာယ်ဖြစ်လာတာပဲလေ။
နောက်တစ်ယောက်က
ဗိုလ်ချုပ်ကြီးနေဝင်း၊ မင်းကို နောက်တစ်ယောက်အကြောင်း ပြောပြဦးမယ်။ အဲ သူကလည်း ဒို့မြန်မာ့သမိုင်းမှာ
တစ်ခန်းတစ်ကဏ္ဍတော့ရှိသား။ ၁၉၆ဝ ခုနှစ် ရွေးကောက်ပွဲပြီးစမှာ “ကိုကြီးနု..ရွေးကောက်ပွဲမှာ
ခြိမ်းခြောက်မဲထည့်ခိုင်းထည့်ခိုင်းတဲ့ ကိစ္စတွေမှာ ကျွန်တော်နဲ့လုံးဝမသက်ဆိုင်ပါ။ ဗိုလ်အောင်ရွှေတို့အုပ်စု
လုပ်တာသာဖြစ်ပါတယ်။ ကိုကြီးနုသိတဲ့အတိုင်း လွတ်လွတ်လပ်လပ် မဲပေးကြဖို့ ရေဒီယိုကပြောခဲ့တာပါ”လို့
သတင်းပို့သတဲ့။ ဒါဟာလည်း ဗိုလ်နေဝင်းကို ဦးနုယုံကြည်စရာအချက်ပေါ့။ တနည်းအားဖြင့် ဗိုလ်နေဝင်းက
ဦးနုကိုအယုံသွင်းလိုက်တာ။ နောက်တနည်းပြောရရင် အစက သူ့ကို ဘုံမြှောက်ပေးခဲ့တဲ့ သူ့ကိုခေါင်းဆောင်အဖြစ်မွေးခဲ့တဲ့
ဆိုရှယ်လစ်စစ်ဗိုလ်အုပ်စုကို တန်ပြန်ထိုးနှက်ဖို့အင်အားစုလိုက်တာပဲ။
ဒါကိုလည်း
ဦးနုက ယုံပေးလိုက်တဲ့အခါ သူ့ကို ပခုန်းပေါ်ထမ်းတင်ပေးလိုက်တဲ့ ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ရွှေစတဲ့
ဆိုရှယ်လစ်စစ်ဗိုလ်တွေ ကို ဖြုတ်လိုက်တာကိုး။ ဒီလိုလုပ်လိုက်တာဟာ ဆိုရှယ်လစ်ခေါင်းဆောင်ကြီးတွေဖြစ်တဲ့ဦးကျော်ငြိမ်း
ဦးဘဆွေတို့သာမက ဆိုရှယ်လစ် စစ်ဗိုလ်အုပ်စုတစ်ခုလုံး အထိတ်တလန့်ဖြစ်ကြရသတဲ့။
ဒီမှာ
အလျဉ်းသင့်လို့ ဆိုရှယ်လစ်အုပ်စုဖြစ်လာမယ့်အုပ်စုနဲ့ ဗိုလ်နေဝင်း ဘယ်လိုပတ်သက်ခဲ့တယ်ဆိုတာ
မင်းတို့လူငယ်တွေသိအောင် ပြောပြမယ်။ ၁၉၄၂ ခု ဇူလိုင်လ ၂၇ ရက်နေ့မှာ ဘီအိုင်အေ(ဗမာ့လွတ်လပ်ရေးတပ်မတော်)ကိုဖျက်၊
ဘီဒီအေ(ဗမာ့ကာ ကွယ်ရေးတပ်မတော်) ကို ပြင်ဆင်ဖွဲ့စည်းခဲ့ကြတယ်။ အဲ့ဒီတုန်းက မင်းတို့ဗိုလ်ချုပ်က
ကာနယ်လ်(ဗိုလ်မှူးကြီး) စစ်သေနာပတိ၊ ဗိုလ်စကြ်ာ၊ ဗိုလ်လက်ျာတို့က(ဒုတိယ ဗိုလ်မှူးကြီး)
စစ်ဦးစီးမှူးတွေဖြစ်တယ်။ ဗိုလ်နေဝင်း၊ ဗိုလ်ဇေယျ၊ ဗိုလ်ရန်နိုင်တို့က ဗိုလ်မှူး(မေဂျာ)တွေဖြစ်တယ်။
ဒါပေမယ့် ဗိုလ်နေဝင်းဟာ စစ်ဦးစီးမှူးဗိုလ်လက်ျာ ပေးတဲ့အမိန့်နဲ့တာဝန်ကို ဘာမှမလုပ်ပဲ
တလျှောက်လုံးငြင်းဆန်ခဲ့တယ်။ ဗိုလ်ချုပ်အောင်ဆန်းပြီးရင် သူသာ ဒုတိယ အကြီးအကဲဖြစ်ရမယ်ဆိုတဲ့စိတ်နဲ့
ဆန့်ကျင်တာပဲ။
၁၉၄၃
ခုနှစ် သြဂုတ်လ ၁ ရက်၊ ဂျပန်က လွတ်လပ်ရေးပေးပြီး မြန်မာစစ်တပ်ပြန်ဖွဲ့တဲ့အခါ ဗိုလ်ချုပ်အေင်ဆန်းက
စစ်ဝန်ကြီး၊ ဗိုလ်နေဝင်းက ဗိုလ်မှူးကြီး စစ်ဦးစီးချုပ်(သေနာပတိ)ခန့်ထားခဲ့တယ်။ ဒီလိုခန့်တာဟာ
သူ့အရည်အချင်းကြောင့် မဟုတ်။ နှစ်ပါတီညီညွတ်ရေးကြောင့် ပေးတာပဲ။ သခင်ဗစိန်၊ သခင်ထွန်းအုပ်တို့က
ဗိုလ်နေဝင်းကိုသေနာပတိပေးဖို့ တောင်းဆိုတာကြောင့်ပဲ။ “ဗိုလ်အောင်ဆန်းအပါအဝင် ရဲဘော်သုံးကျိပ်က
ဘာမှအသုံးမကျဘူး၊ အလုပ်လည်းမလုပ်ဘူး”လို့ ဗိုလ်နေဝင်းခေါင်းဆောင်တဲ့ ဗိုလ်အောင်ကြီးတို့အုပ်စုကပြောပြီး
လူငယ်တွေကိုစည်းရုံးခဲ့ကြတယ်။
ဒီမှာ(သူတော်ချင်းချင်း
သတင်းလွေ့လွေ့ပေါင်းဖက်တွေ့)ဆိုတဲ့စကားအတိုင်း ဗိုလ်နေဝင်းနဲ့ဗိုလ်အောင်ကြီးစတဲ့ ဆိုရှယ်လစ်စစ်ဗိုလ်အုပ်စု
(အဲ့ဒီတုန်းက
ဗိုလ်အောင်ကြီးသည်ပင် ဗိုလ်ကြီးအဆင့်ပဲရှိသေးတယ်)ဟာ ဆရာမွေးချင်သူနဲ့ တပည့်မွေးချင်သူတွေဆုံမိကြတာကိုး။
ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ကြီး၊ ဗိုလ်အောင်ရွှေတို့က ဗိုလ်ချုပ်အောင်ဆန်း ဗိုလ်လက်ျာတို့ကို
အန်တုဖက်ပြိုင်ချင်ကြတယ်။ ဒါပေမယ့် ဒီလိုဖက်ပြိုင်နိုင်ဖို့က ဂုဏ်တူဒြပ်တူလိုတယ်လေ။
အနိမ့်ဆုံး အရည်အချင်းမမီရင်တောင် ရာထူးအဆင့်အတန်းတော့ရှိဖို့ လိုတယ်။
ဗိုလ်နေဝင်းကလည်း
ဗိုလ်လက်ျာ ဗိုလ်အောင်ဆန်းတို့ကိုတိုက်ဖို့ နောက်လိုက်နောက်ပါလိုတယ်။ ရှာတယ်။ ဒီမှာတင်
ဗိုလ်အောင်ကြီးအုပ်စုနဲ့ ဗိုလ်နေဝင်း တပည့်မွေးဆရာမွေးနဲ့စနစ်နဲ့ ပေါင်းဖက်မိကြတယ်။
ဗိုလ်နေဝင်းတို့ဟာ ဗိုလ်လက်ျာကိုသာမကတော့ပဲ ဗိုလ်ချုပ်အောင်ဆန်းကိုပါ ဝေဘန် တိုက်ခိုက်လာကြတာကလားကွဲ့။
မင်းတို့ဗိုလ်ချုပ်နဲ့ ကိုသန်းထွန်းတို့ကသိပေမယ့် ညီညွတ်ရေးပျက်မှာစိုးလို့ နှုတ်ပိတ်ရေငုံနေခဲ့
ကြတယ်။
ဒါပေမယ့်
တော်လှန်ရေးကြီးဖြစ်ဖို့ လအနည်းအလို (၁၉၄၅)ခုနှစ်လောက်ထဲမှာ အရေးမယူလို့မဖြစ်တဲ့အခြေအနေရောက်လာလို့
ဗိုလ်နေဝင်းကို စစ်သေနာပတိအဖြစ်ကနေ စစ်ဦးစီးချုပ်ရာထူးကို ချလိုက်တယ်။ ဒါဟာ ပထမအဆင့်ပဲ။
ဒုတိယအဆင့်က စစ်ဦးစီးချုပ် ဗိုလ်နေဝင်းကို ရိက္ခာထောက်ပံ့ရေးမှူးအထိ အရာချလိုက်တယ်။
ဒီလိုချရတဲ့အကြောင်းက (၁၉၄၃)ခု ဒီဇင်ဘာထဲမှာ အောင်လံစစ်သေနာပတိ ရုံးမှာ ဗိုလ်အောင်ကြီး
ဗိုလ်မောင်မောင်တို့က လာတွေ့ပြီး “စစ်ဝန်ကြီး ဗိုလ်ချုပ်အောင်ဆန်းက သူသွားရာနေရာတိုင်း
ဂျပန်အကြံပေး အရာရှိချုပ် ဗိုလ်ချုပ်ဆာဝါမိုတိုက တကောက်ကောက်လိုက်နေတယ်၊ ဗိုလ်ကြီး
ကဝါရှီမာကလည်း အလစ်မပေးဘူး။ ဒါ့ကြောင့် ငါ့ကိုယ်စား မင်းတို့ အစည်းအဝေးမှာ ဗိုလ်နေဝင်းကို
ခေါင်းဆောင်ခိုင်း၊ မင်းတို့အစည်းအဝေးက ဆုံးဖြတ်တဲ့အတိုင်း ဂျပန်တော်လှန်ရေးစမယ်” လို့
ပြောသတဲ့။
ဗိုလ်နေဝင်းကလည်း
သဘောတူပြီး သဘာပတိလုပ်သတဲ့။ အဲ့ဒီ အစည်းအဝေးက (၁၉၄၄)ခု ဇူလိုင်(၂၂)ရက်နေ့မှာ တော်လှန်ရေးစဖို့
ဆုံးဖြတ်ခဲ့တာဆိုကိုး။ အစည်းအဝေးတက်ခဲ့တဲ့ ဗိုလ်ရန်အောင်၊ သခင်သာညှင်းတို့က ရန်ကုန်မှာ
သခင်သန်းထွန်းနဲ့တွေ့ပြီး အစည်းအဝေး အကြောင်းပြောတော့ သခင်သန်းထွန်းအတော်အံ့သြပြီး
ဗိုလ်အောင်ဆန်းကို အကြောင်းကြားတာကိုး။ ဗိုလ်အောင်ဆန်းဟာ သိသိချင်း ဗိုလ်နေဝင်းကိုခေါ်ပြီး
“ခင်ဗျား သေနာပတိမလုပ်နဲ့တော့ စစ်ဦးစီးပဲလုပ်” ဆိုပြီး ရာထူးချလိုက်တယ်တဲ့။ ဖက်ဆစ်တော်လှန်ရေးပြီးစမှာ
တပ်ကထုတ်ဖို့အထိ ဆုံးဖြတ်ခဲ့တယ်။ သခင်သန်းထွန်းက ညီညွတ်ရေးပြိုကွဲလို့မဖြစ်ဘူးဆိုပြီး
အတင်းတားတာနဲ့ မထုတ်ဖြစ်ခဲ့ဘူးတဲ့။ ဗိုလ်နေဝင်းဟာ ဗိုလ်အောင်ဆန်းကိုပါ အန်တုလာတာတွေ၊
ပြိုင်လာတာတွေနဲ့ တခြားအကြောင်းတွေလည်း ရှိသေးသတဲ့။
(ဆက်ပြီး
တင်ပေးပါ့မယ်။ အကျအပေါက်လေးတွေ ပြန်စစ်နေလို့ပါ)
0 comments:
Post a Comment